Sunday, September 18, 2011

အတ္တဥခွံ

By Cloud Cuckoo Land · Last edited 7 hours ago · 
 
အတ္တဆိုတာ “အရွေ့” တစ်မျိုးဖြစ်တယ်။
ဒါနဲ့ ပတ်သက်လို့ ကျွန်တော် ကိုယ်တိုင် တွေ့ကြုံတဲ့ ဖြစ်ရပ်လေး ပြောပြပါရစေ။ ဒီဖြစ်ရပ်ကြောင့် ကျွန်တော်ရဲ့ အတ္တစိတ်ကို ကျွန်တော် ပြန်ကြည့်တတ်တဲ့ အလေ့အကျင့် ရလာခဲ့တယ်။ ဒီဖြစ်ရပ်ကြောင့် ကျွန်တော့် ရင်ထဲက အတ္တစိတ် ဆိုတဲ့ “အကောင်” ဥခွံထဲက ပေါက်ထွက်လာတာ သတိပြုမိ တတ်လာတယ်။
လွန်ခဲ့တဲ့ ငါးနှစ်လောက် တုန်းကပေါ့။ နယ်မြို့လေး တစ်မြို့ကို ကျွန်တော် စာသွားသင် ဖြစ်တယ်။ အိမ်တစ်အိမ် မီးလောင်တာကို အစအဆုံး ကျွန်တော် မြင်တွေ့ခွင့် ရခဲ့တယ်။ အဲဒီ ဖြစ်ရပ်ကို စာဖွဲ့ ပြပါရစေ။


အဲဒီ အိမ်ဟာ မြို့ရဲ့ အချက်အချာကျတဲ့ နေရာမှာ ရှိတယ်။ မြေကွက်လပ် ကလည်း အကျယ်ကြီးပဲ။ တိုက်အိမ် ဆောက်ထားတာလည်း မကြာသေးဘူး။ ဒီမြို့မှာတော့ အဲဒီ တိုက်အိမ်က အသားနားဆုံးပဲ။ အိမ်ပိုင်ရှင်မှာ သားသုံးယောက်နဲ့ သမီးတစ်ယောက် ရှိတယ်။ သားအကြီးဆုံးက အဲဒီ အိမ်မှာပဲ ကျူရှင် ဖွင့်ထားတယ်။ ဓာတုဗေဒ ဘာသာရပ် အနီးကပ် ပို့ချပေးဖို့ ကျွန်တော့်ကို ဖိတ်ကြားလို့ ကျွန်တော် ရောက်သွားခဲ့တယ်။ ကျွန်တော်ရောက်တဲ့ နေ့မှာပဲ အိမ်ပိုင်ရှင် အဖေကြီးက မန္တလေးမြို့ကို ဈေးဝယ် ထွက်သွားတယ်။
သူတို့နေတဲ့ အိမ်ဟာ မြို့လယ်ဈေးနဲ့ မလှမ်းမကမ်းမှာ ရှိတော့ သောက်ရေသန့် ကုမ္မဏီ တစ်ခုက အဲဒီအိမ်ကို ဝယ်ချင်တယ်။ ပေါက်ဈေးထက် နှစ်ဆ ပေးတယ်။ အိမ်ပိုင်ရှင် အဖေကြီးက မရောင်းဘူး။ သားတွေက ရောင်းချင်တယ်။ သူ့အဖေက ခရီးမထွက်ခင်မှာ ပြောသွားတယ်။ ဒီအိမ်နဲ့မြေကို ပေါက်ဈေးထက် သုံးဆရရင် ရောင်းမယ်တဲ့။
ကျွန်တော်က အဲဒီမြို့မှာ သုံးညအိပ်ပြီး စာသင်ဖို့ ပြင်ဆင်လာတယ်။ ကျွန်တော်ရောက်ပြီး နှစ်ရက် အကြာမှာ အဲဒီ အိမ်ကြီး မီးလောင်တော့တယ်။ ဖြစ်ချင်တော့ အိမ်ပိုင်ရှင် အဖေကြီးက မန္တလေးက ခရီးရောက်မဆိုက် ပြန်လာတဲ့ အချိန် ဖြစ်နေတယ်။
နယ်မြို့လေး ဆိုတော့ မီးလောင်တဲ့ အခါ ရရာ ရေပုံးတွေနဲ့ ပက်ကြတယ်။ မီးကို ငြိမ်းသတ်ဖို့ ကြိုးစားကြတယ်။ အိမ်ပိုင်ရှင် အဖေကြီးလည်း ပျာယာကို ခတ်လို့။ ကျွန်တော်လည်း တွေ့တဲ့ ရေပုံးတစ်ပုံးကို ဆွဲပြီး မီးလောင်နေတဲ့ အိမ်ကြီးကို ရေနဲ့ ငြိမ်းသတ် ပေးခဲ့ရတယ်။ ရေတွေလည်း ရွှဲလို့၊ ရွံ့တွေလည်း ပေပွလို့ပေါ့။
“ငါ့အိမ် မီးလောင်နေပြီ။ ငြိမ်းကြပါဟ၊ လုပ်ကြလေ။ ဘာလို့ ငါ့အိမ် မီးလောင်တာကို ဝိုင်းကြည့် နေကြတာတုန်း”
အဲဒီ အချိန်မှာ ကျွန်တော် တွေးမိတယ်။ ဒီအိမ်ကိုသာ သူခရီးမထွက်ခင်က ရောင်းသွားခဲ့ရင် ဒီလို သောကမျိုး၊ ဒုက္ခမျိုး ဖြစ်မှာ မဟုတ်ဘူး။ အခုတော့ သူ့အိမ်ကြီး မီးလောင်နေတာ သူ့ကို လောင်နေသလိုပဲလို့ ကျွန်တော် ခံစား နေမိတယ်။ အဲဒီ အချိန်မှာ သားအကြီးက သူ့အဖေနားကို ကပ်လာတယ်။
“အဖေ…. စိတ်မပူနဲ့ အဖေ။ ဒီအိမ်ကို ပေါက်ဈေးထက် သုံးဆပေးမယ်လို့ မနေ့ကပဲ ကျွန်တော် အရောင်းအဝယ် စာချုပ် ချုပ်ထားပြီးပြီ အဖေရ။ အဖေစိတ်ကို အေးအေးထားပါ။ ဒါ အဖေ့အိမ် မဟုတ်တော့ဘူး”
ချက်ချင်း ဆိုသလိုပဲ။ ဒီလူကြီးရဲ့ မျက်နှာမှာ သောကတွေ ပျောက်သွားတာ တွေ့လိုက်ရတယ်။ ရင်ထဲမှာ ပူလောင်မှုတွေ ငြိမ်းသွားတာ တွေ့ရတယ်။ မီးလောင်တာကို ဝိုင်းကြည့်နေတဲ့ လူတွေထဲက လူတစ်ယောက်လိုပဲ သူ့မျက်နှာဟာ ချက်ချင်း ဖြစ်သွားတယ်။ ငါ့အိမ်ကို မီးလောင်နေတာ မဟုတ်ဘူးလို့ ခံစားချက် ချက်ချင်း ဖြစ်သွားတယ်။
အဲဒီ အချိန်မှာ ဒုတိယသားက သူ့အဖေကို ဝင်ပြောတယ်။
“အဖေရေ… အရောင်းအဝယ် စာချုပ်သာ ချုပ်ထားတာ။ စရန် ကလည်း နည်းနည်းလေးပဲ ပေးထားသေးတာ။ မဝယ်တော့ဘူး ဆိုရင် ဘယ်လို လုပ်မလဲ။ ကျွန်တော့် အထင်တော့ စရံ အဆုံးခံမယ် ထင်တယ်”
သားအလတ်ရဲ့ စကားကိုလည်း ကြားရော အဲဒီ အဖေကြီးဟာ ချက်ချင်းပဲ ပျာယာ ခတ်သွားပြန်တယ်။ ငါ့အိမ်ကို မီးလောင်နေတယ်လို့ ခံစား သွားရပြန်တယ်။
“လုပ်ကြပါဟ… ငြိမ်းကြပါဟ။ ဘာလို့ ဝိုင်းကြည့် နေကြတာလဲ။ ကူညီကြပါဦး။ ငါ့အိမ်ကြီး မီးလောင်နေပြီ။ ဝိုင်းကြပါ။ ပက်ကြပါ”
အဲဒီ အချိန်မှာ တတိယသားက အဝေးကနေပြီး သူ့အဖေဆီကို ပြေးလာတယ်။ ပြီးတော့ သူ့အဖေကို ဒီလို ပြောတယ်။
“အဖေရေ… အဲဒီ ကုမ္မဏီက မန်နေဂျာနဲ့ သားနဲ့က သူငယ်ချင်း။ အခု လေးတင် အဲဒီ မန်နေဂျာနဲ့ တွေ့ခဲ့ပြီ။ သူ့ရဲ့ “ဘော့စ်” ဆီကို ဖုန်းဆက်တယ်တဲ့ သူ့ရဲ့ “ဘော့စ်” က ပြန်ပြောတယ်။ အိမ်မီးလောင်တာ မြေ မီးလောင်တာ မဟုတ်ဘူး။ ဝယ်မယ်လို့ ဆုံးဖြတ်ထားတဲ့ ကိစ္စ။ ဝယ်မယ်တဲ့။ အဲဒီ မြေပေါ်မှာ အဆောက်အအုံ အသစ် ပြန်ဆောက်မယ်လို့ ပြောတယ် အဖေ”
“မင်းဟာက သေချာရဲ့လားကွ”
“သေချာပါတယ် အဖေရ၊ သား အခုလေးတင် မန်နေဂျာနဲ့ စကား ပြောလာတာ။ သားရှေ့မှာတင် သူဖုန်းဆက်ပြီး မေးတာ။ အဖေ စိတ်အေးအေး ထားပါဗျာ”
အဲဒီ အချိန်မှာ အိမ်ကြီးက မီး တော်တော် ကျွမ်းနေပါပြီ။ အိမ်နောက်ပိုင်း တစ်ပိုင်းလုံး မရှိတော့ဘူး။ ဘာပစ္စည်းမှလည်း မသယ် ဖြစ်ကြဘူး။ သားငယ်ရဲ့ စကားကိုလည်း ကြားရော သူ့အဖေဟာ မျက်ရည်တွေကို သုတ်လိုက်တယ်။ ပုဆိုးကို ပြင်ဝတ် လိုက်တယ်။ မြေကြီးပေါ်ကို ထိုင်ချ လိုက်တယ်။ သူများအိမ် မီးလောင်နေသလို အကြည့်မျိုးနဲ့ အေးဆေး သက်သာစွာပဲ သက်ပြင်း ချလိုက်ပါတယ်။
“တော်ပါသေးရဲ့။ ဒီလို…. ကတိတည်တဲ့ သူနဲ့ တွေ့ရတာ အဖေတော့ ကံကောင်းတာပဲ”
မီးလောင်နေတဲ့ အိမ်ကြီးကို သားအဖတွေ ထိုင်ပြီး ကြည့်နေကြတယ်။
ကိုယ့်အိမ် မဟုတ်ဘူးဆိုတဲ့ အသိကြောင့် ရင်ထဲမှာ အေးသွားတယ်။ လူတွေကလည်း ဘာမှ မတတ်နိုင်တော့ မီး သူ့ဘာသာသူ ငြိမ်းမယ့် အချိန်ကိုပဲ စောင့်ကြည့်နေသလို ဖြစ်နေတယ်။ ဒီလိုနဲ့ အိမ်ကြီးဟာ ပြာပုံ ဖြစ်ခါနီးနေပြီ။ အဲဒီ အချိန်မှာ အငယ်ဆုံး သမီးက ငိုပြီးတော့ သူတို့ ရှိရာကို ပြေးလာတယ်။
“အဖေရေ… ဒီအိမ်ကြီးကို ဝယ်လက်က စရန် အဆုံးခံမယ်တဲ့”
သားအငယ်က ဝင်ပြောတယ်။
“နင်ကလည်း မဟုတ်တာ။ ငါ အခုလေးတင် မန်နေဂျာနဲ့ တွေ့ခဲ့တာ သူ့ရဲ့ ဘော့စ်က မြေကို မီးလောင်တာ မဟုတ်ဘူးတဲ့။ ပေးထားတဲ့ ကတိအတိုင်း ဝယ်မယ်တဲ့။ ငါနားနဲ့ ဆတ်ဆတ် ကြားခဲ့ရတာ”
အဲဒီ အချိန်မှာ သူတို့ အဖေဟာ သွေးတိုးသလိုလို ဖြစ်လာတယ်။ မောသလိုလို ဖြစ်လာတယ်။
“အငယ်မ နင်ဘာတွေ လာပြောနေတာလဲ၊ အဖေ့ကို သေချာ ရှင်းပြစမ်း။ ငါသေလိမ့်မယ်။ အကြီးကောင်က တစ်မျိုး၊ အလတ်ကောင်က တစ်မျိုး၊ အငယ်ကောင်က တစ်မျိုး၊ နင်က တစ်မျိုးနဲ့”
“ဟုတ်တယ် အဖေရ၊ သမီးရှေ့မှာ မန်နေဂျာဆီက ဖုန်းထပ်လာတယ်။ ဒီတစ်ခါ ဖုန်းဆက်တာ ကတော့ ဘော့စ်ရဲ့ မိန်းမက ဆက်တာတဲ့။ ဒီလို မီးလောင်မှတော့ ဘယ်လိုလုပ်ပြီး “လာဘ်” ရှိမှာလဲတဲ့။ ဒီလို အတိတ်နမိတ် မကောင်းတဲ့ မြေကို မဝယ်ရဘူးတဲ့။ စရန်ကို အဆုံးခံမယ်တဲ့ အဖေရ”
သမီး စကားလည်း ဆုံးရော…. အဲဒီ အဖေကြီးက သတိမေ့ သွားပါတော့တယ်။
————————-
အတ္တစိတ်ဟာ ကြောက်စရာ ကောင်းလိုက်တာ။
မီးလောင်တဲ့ ဖြစ်ရပ်က အတူတူပဲ။
ငါ့အိမ်ဆိုတဲ့ စိတ်ပူးကပ်နေချိန်မှာ အတ္တဟာ ဥခွံထဲက ဖောက်ထွက် လာပါတော့တယ်။
ငါ့အိမ် မဟုတ်တော့ဘူး ဆိုတဲ့ အသိစိတ် ဖြစ်သွားချိန်မှာ အတ္တဟာ ဥခွံထဲမှာ ငုပ်လျှိုးပြီး နေပြန်တယ်။
ကျွန်တော် စိတ်ထဲမှာ အဲဒီ ဖြစ်ရပ်ကို ကြည့်ပြီး အတ္တစိတ်ရဲ့ ရွေ့လျားမှုတွေကို အတိုင်းသား မြင်တွေ့လိုက်ရတယ်။
ငါ့ဟာ…. ငါ့ဥစ္စာ… ငါ့ပစ္စည်း… ငါ့မြေ… ငါ့သား… ငါ့မယား…
ငါ.. ငါ… ငါ.. ဆိုတဲ့ အတ္တစိတ်ဟာ ကျွန်တော်တို့ကို သံသရာ တစ်လျှောက်လုံး ဒုက္ခပေးနေတာ။ ပူလောင်မှုတွေ ပေးနေတာကို အတိုင်းသား မြင်လိုက် ရပါတော့တယ်။
အတ္တစိတ် ဆိုတဲ့ “အကောင်” ဥခွံထဲက ပေါက်ထွက် လာတာကို သတိနဲ့ ဉာဏ်နဲ့ ကြည့်ကြရအောင်ဗျာ။

posted by ဦးဘုန်း(ဓာတု၊မန္တလေး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...