Saturday, September 10, 2011

တရားခံ < ဓားစာခံ

by Kyawmoe Aung on Sunday, September 11, 2011 at 10:16am
 
၁၀နှစ် တိုင်ခဲ့ပြီ…။

လွန်ခဲ့သောဆယ်နှစ် ၂၀၀၁ခုနှစ် စက်တင်ဘာလ ၉ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ မျှော်စင်ညီနောင် World Trade Center Twin Tower အဆောက်အဦကြီးကို လေယာဉ်ဖြင့် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည်။ အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးခဲ့ရသည်။ လူတကာတို့၏ အသည်းကို ကိုင်လှုပ်စေခဲ့သည့် လူမဆန်လွန်းသော အောက်တန်းကြလှသည့် ရက်စက်ကြမ်ကြုတ်မှုကြီး။ သမိုင်းတစ်ကွေ့ပြောင်းရွှေ့စေခဲ့သည့် သွေးစွန်းသည့် နေ့ရက်တစ်ရက် ဒီနေ့ ၁၀နှစ်ပြည့်ပြီ။


ဘယ်လိုသူက ကျူးလွန်သည်ဖြစ်စေ ဤသို့သော လူမဆန်သည့်လုပ်ရပ်မျိုးကို လူသားမှန်လျင် ဆန့်ကျင်ကြရပေမည်။ “ဤ ၉/၁၁ ၏လက်သည် တရားခံ အစစ်အမှန် ဘယ်သူလဲ” ဟူသည့် မေးခွန်နှင့်စပ်လျဉ်း၍ နိုင်ငံတကာမှာပင် လက်ရှိအချိန်ထိ အငြင်းပွားလျက်ရှိသည်။ သတင်းမီဒီယာ အများစု ဖော်ပြကြသည်ကတော့ မကြာသေးခင်ကမှ အသေဖမ်းဆီးရရှိသွားခဲ့ပြီဆိုသည့် အိုစာမာဘင်လာဒင် ဆိုသူနှင့် အလ်ကိုင်ဒါ အမည်ရှိ အစ္စလာမ်အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှု။ [စဉ်းစားကြည့်လျင် အတော် အံ့အားသင့်ဖွယ်ရာ အသုံးအနှုန်းဖြစ်သည်။ အာရဗ်အကြမ်းဖက်အဖွဲ့မဟုတ်၊ ပါလက်စတိုင်း အကြမ်းဖက်အဖွဲ့မဟုတ်၊ ဘာသာတရားတစ်ခု၏ အမည်နှင့် တွဲဖက်ခံထားရသောအမည် အစ္စလာမ်အကြမ်းဖက်အဖွဲ့တဲ့။ ဟိရိုရှီးမားကို အမေရိကန်က ဗုံးခွဲခဲ့ခြင်းအတွက် ခရစ်ယာန်အကြမ်းဖက်အဖွဲ့ဟုမသမုတ်၊ အစ္စရေးနိုင်ငံပေါ်ပေါက်ရေးအတွက် အစွမ်းကုန် ထိုးစစ်ဆင်ခဲ့ကြသောသူတို့အားလည်း ဂျုးအကြမ်းဖက်အဖွဲ့ဟု မသတ်မှတ်၊ တကယ်တမ်းတော့ လူမဆန်သည့် အကြမ်းဖက်မှု ကျုးလွန်သူ လူမျိုးတိုင်းဘာသာဝင်တိုင်းမှာ အနည်းနှင့်အများ ရှိကြသည်သာ။ သို့သော် ခရစ်ယာန်အကြမ်းဖက်အဖွဲ့၊ ဂျုးအကြမ်းဖက်အဖွဲ့၊ ဟိန္ဒူ အကြမ်းဖက်အဖွဲ့၊ ဗုဒ္ဒဘာသာအကြမ်းဖက်အဖွဲ့ စသည့်အခေါ်အဝေါ်တော့ ဘယ်တုန်းကမှ မသုံးကြ။ထူးတော့ထူးဆန်းသည်။(မှတ်ချက်… အခြားဘာသာဝင်များအပေါ် ဘာသာရေးစော်ကားမှု လုံးဝ လုံးဝ မဟုတ်ပါ။ အခေါ်အဝေါ် ခွဲခြားခံရမှုကို တင်ပြခြင်းမျှသာ ဖြစ်ပါသည်။)]  နောက်တစ်ဖက်ကလည်း ဤတိုက်ခိုက်မှုကို အခြား လျှို့ဝှက်အဖွဲ့အစည်းတစ်ခုမှ ကျုးလွန်ခဲ့ပြီး အစ္စလာမ်အကြမ်းဖက်အဖွဲ့မှ ကျူးလွန်သည်ဟုယူမှတ်ကြစေရန် အကွက်ကျကျ လုပ်ကြံခဲ့ခြင်းဟု အထောက်အထားများစွာဖြင့် တင်ပြကြသည်။ ထွေထွေထူးထူး လိုက်ရှာနေစရာမလို youtube တွင် 9/11 နှင့်ပတ်သက်ပြီး ရှာကြည့်လျင်ပင် ဤ ရှုထောင့်နှစ်ခုစလုံးမှ တင်ပြထားသော video file များစွာ တွေ့ရလိမ့်မည်။ အများစုကတော့ ထိုဒုတိယအယူအဆကို ကြားပင် ကြားဖူးလိမ့်မည်မထင်။

ကျွန်တော် ပိုစိတ်ဝင်စားသည်က ဤ ၉/၁၁ ၏ တရားခံဘယ်သူလဲ ဆိုသည်ထက် ဤ ၉/၁၁ ၏ဓားစာခံများအကြောင်း ဖြစ်သည်။  တိုက်ခိုက်ခံရစဉ် ကွယ်လွန်သေဆုံးသွားကြသူများအား ဓားစာခံများအဖြစ် မြင်ကြရပါမည်။မှန်ပါသည်။ သို့သော် သူတို့သာမက ကျွန်တော်တို့လည်း ဓားစာခံများဖြစ်လျက် ကျန်နေခဲ့ရသည်ဆိုပါက လက်ခံပါမည်လား။

နီးစပ်ရာဖြစ်ရပ် တစ်ခုအား ဥပမာအနေနှင့် တင်ပြလိုပါသည်။ ၂၀၀၉ခုနှစ် အောက်တိုဘာ (သို့) နိုဝင်ဘာလက မန္တလေးမြို့ ဗထူးအားကစားကွင်းတွင် ရတနာပုံအသင်းနှင့် ရန်ကုန်အသင်းတို့ ဘောလုံးကစားကြသည်။ ကျွန်တော် သွားမကြည့်ပါ။ ညဖက်တွင် သူငယ်ချင်းများနှင့်ဆုံရာ သူတို့က ဒိုင်ဘက်မှ တရားမျှတမှုမရှိသော၊ ဘက်လိုက်သောပွဲ၊ တစ်ဖက်စောင်းနင်းဆန်သောပွဲဟု ဆိုကြသည်။ ပွဲပြီးသွားတော့ ဆူပူရုန်းရင်းဆန်ခတ်မှု အနည်းငယ် ဖြစ်သွားကြောင်းလည်း ကြားရသည်။ ဒီအထိလည်း ထိုဘောလုံးပွဲနှင့် ကျွန်တော် တစ်စုံတစ်ရာ မသက်ဆိုင်သေး။

နောက်ရက်များတွင် ထွက်ပေါ်လာသည့် ဂျာနယ် အချို့ပါ သတင်းတွေတွင် ကျွန်တော်တို့နှင့် လုံးဝမဆိုင်ဟု မဆိုနိုင်တော့သည့် ကိစ္စရပ်များ ပါလာပါပြီ။ ရန်ကုန်အသင်းမှဘောလုံးသမားများ အပြန်လမ်းတွင် ခဲနှင့် လိုက်ထုသည့် သတင်း။ ဒါကလည်း အမှန်တကယ် ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်။ မဟုတ်ကြောင်း သူတို့ဖက်မှ တစ်စုံတစ်ရာ ကာကွယ်ပြောဆိုရန် မလိုအပ်သည့်ကိစ္စ။ ကိုယ့်စိတ်ကိုကိုယ် မထိမ်းနိုင်သည့် ဆိုးသွမ်းလူငယ်တစ်စု၏ ပုဂ္ဂိုလ်ရေး အာဂါတကို အခြေခံသည့် မိုက်မဲမှုသက်သက်။ ပွဲစဉ်တစ်လျောက် မသမာမှု ရှိခဲ့သည် ဆိုစေဦး လူ့ဘောင်အဖွဲ့အစည်းက လက်သင့်မခံနိုင်သည့်၊ လျော်ကန်သည့် တုန့်ပြန်ဖြေရှင်းနည်း မဟုတ်သည်ကတော့အမှန်ပင်။

သို့သော် ထိုရက်ပိုင်းဂျာနယ်များပါ မှတ်ချက်များကတော့ ကျွန်တော့်အတွက် အတော် စိတ်စနိုးစနောင့်ဖြစ်စေခဲ့သည်။ မန္တလေးသားများ ဤကဲ့သို့ ရိုင်းစိုင်းကြပါက မန္တလေးတွင် ဘောလုံးပွဲ ဆက်လက်ကျင်းပသင့်မကျင်းပသင့် စဉ်းစားကြရဦးမည် ဆိုသည်အထိ မန္တလေးသားမှန်သမျှကို သိမ်းကြုံးရေးသားသည့် သတင်းများ မဖတ်ချင်မှအဆုံးပင်။ သေချာစဉ်းစားကြည့်ပါလေ။ ထိုသို့ ခဲနှင့်ထုခဲ့သည့် လူငယ်တစ်ချို့သည် ကျွန်တော်တို့ မန္တလေးသားမန္တလေးသူ မည်မျှကို ကိုယ်စားပြုခဲ့ပါသလဲ။ မည်သည့် မန္တလေးသားမန္တလေးသူကကော ဒီဖြစ်ရပ်အတွက် ထောက်ခံခဲ့ကြပါသလဲ။ မည်သည့် မန္တလေးသားမန္တလေးသူကကော ဒီဖြစ်ရပ်အတွက် နောက်ကွယ်မှ ကူညီ ပံ့ပိုးခဲ့ကြပါသလဲ။ အများစုနှင့် တစ်စုံတစ်ရာ မသက်ဆိုင်သည့် ကိစ္စရပ်တွင် မဆီမဆိုင် ရောရောင်ကာ ၀ါးလုံးသိမ်းရေးသားခံရသည့်အတွက် ကျွန်တော်တို့ မန္တလေးသားမန္တလေးသူတွေ ထိခိုက်ရသည်ကတော့ အမှန်ပင်။

ထိုနည်းတူစွာပါပင်။ အစ္စလာမ့်ဆုံးမ သြ၀ါဒအရ မည်သည့် သက်ရှိတစ်ဦးကိုမျှ အကြောင်းမဲ့သတ်ခွင့်မရှိကြောင်း၊ စစ်မြေပြင်မှာပင်လျင် စစ်ပွဲနှင့်မသက်ဆိုင်သည့် မိန်းမ၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် အရပ်သားများ ထိခိုက်မှု မရှိစေရန် ကာကွယ်ပေးရမည်ဖြစ်ကြောင်း၊ သက်ရှိတစ်ဦးအား အကြောင်းမဲ့သေကြေစေခြင်းသည် လူသားထုတစ်ရပ်လုံးအား သတ်ဖြတ်ခြင်းနှင့် တူညီကြောင်း ရှင်းလင်းပြတ်သားစွာ သွန်သင်ထားပြီးဖြစ်သည်။ ဤအကြမ်းဖက်တိုက်ခိုက်မှုသည် အစ္စလာမ့်ဆုံးမ သြ၀ါဒနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သည့် လုပ်ရပ်ဖြစ်သည့်အတွက် ကမ္ဘာ့ မွတ်စလင်မ်အဖွဲ့အစည်းကြီးများအပါအ၀င် အများစုသော မွတ်စလင်မ်ထုကြီးက တစ်ခဲနက် ရှုတ်ချ ဆန့်ကျင်ခဲ့သည်။ အစ္စလာမ်ဘာသာဝင်တစ်ချို့က ကျူးလွန်ခဲ့သည် ဖြစ်ပါစေဦး၊ အစ္စလာမ်ဘာသာနှင့် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ် အများစုကို လုံးဝ ကိုယ်စားပြုခြင်း မရှိပါ။ ၂၁ရာစု ခေတ်သစ် တူရကီနိုင်ငံ၏ ဘာသာရေးခေါင်းဆောင် M. Fathullah Gullen ဆိုခဲ့သည့်အတိုင်း A Muslim cannot be a terrorist, and a terrorist cannot be a Muslim မွတ်စလင်မ် မှန်လျင်  အကြမ်းဖက်သမား မဟုတ်၊ အကြမ်းဖက်ဆိုလျင်လည်း မွတ်စလင်မ် မဟုတ်ပါ။ သို့သော် ကျွန်တော်တို့၏ အဓိက အားနည်းချက်က မီဒီယာစာနယ်ဇင်း ကျောထောက်နောက်ခံ ခိုင်မာမှု မရှိခြင်းပင်။ ကျွန်တော်တို့၏ သတင်းမှန်၊ ခံယူချက်မှန်၊ အခြေအနေမှန်ကို အများသိအောင် စနစ်တစ်ကျ ကဏ္ဍပေါင်းစုံမှ မတင်ပြနိုင်ခဲ့ကြ။ ဤအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် တစ်ခုလုံးသည် ဒင်္ဂါးပြားတစ်ပြား ဆိုပါက ခေါင်းအခြမ်းကိုသာ မြင်ခွင့်ရထားသည့် ကမ္ဘာသူကမ္ဘာသားတို့အား ကျန် ပန်းအခြမ်းကိုလည်း မြင်သာအောင် မပြနိုင်ခဲ့ကြ။

          ဒီအတွက် နောက်ဆက်တွဲကို ကျွန်တော်တို့ ယခု ရင်ဆိုင်နေကြရပါပြီ။ ဘယ်သွားသွား၊ ဘာလုပ်လုပ် သံသယမျက်စိဖြင့် အကြည့်ခံနေကြရသည်။ မွတ်စလင်မ် ဖြစ်ရသည်ကပင် ပြစ်မှု ကျူးလွန် နေဘိသကဲ့သို့ ဖြစ်နေရသည်။ နိုင်ငံရေးအလို့ငှါ အသုံးချလိုသူတို့ စက်ကွင်းအတွင်းသက်ဆင်းရကာ သားကောင် ဖြစ်နေကြရသည်။ ( Shoot on Sight, My Name is Khan စသည့် ရုပ်ရှင်ကားများ လက်လှမ်းမီက ကြည့်ကြည့်ပါ။) The most misunderstood religion in the world is Islam. အစ္စလာမ်သည် ကမ္ဘာပေါ်တွင် အထင်အမြင်လွဲမှားမှု အခံရဆုံးသာသနာဖြစ်နေသည်။ မွတ်စလင်မ်ဟူသောအမည်ကြားရသည်နှင့် သတိနှင့်ဆက်ဆံစရာ သတ္တ၀ါအဖြစ် ရှုမြင်ခံနေကြရသည်။

          အင်္ဂလန်နိုင်ငံမှ Cat Stevens အမည်ဖြင့် တစ်ခေတ်တစ်ချိန်ကဂီတလောက၏ ဘုရင်တစ်ဆူဖြစ်ခဲ့ပြီး နောင်တွင် အစ္စလာမ့် အေးရိပ်ဆာယာအောက်သို့ဝင်ရောက်လာကာ Yusuf Islam ဟု အမည်ပြောင်းခဲ့သူ ပြောခဲ့ဖူးသည့် ဥပမာကလည်း ထိရောက်ပေါ်လွင်လှသည်။ လူတစ်ယောက် ကားတက်မောင်းရာမှ ယာဉ်တိုက်မှုဖြစ်လျင် ကားဆိုတာ မကောင်းပါဘူးဟု ဆိုရမည်လော၊ ကားမောင်းတဲ့သူတွေ မကောင်းပါဘူးဟု ဆိုရမည်လော၊ မမောင်းတတ်ဘဲ စည်းမရှိကမ်းမရှိ ကြမ်းကြမ်းတမ်းတမ်းမောင်းသည့် သက်ဆိုင်သူ ယာဉ်မောင်းပိုသာ ခွဲ၍ အပြစ်တင်မည်လော။

          မည်သို့သော အကြမ်းဖက်တိုက်ခိုက်မှုကိုမဆို ပြင်းထန်စွာ ဆန့်ကျင်ပါသည်။ တစ်ချိန်တည်းမှာပင် အကြမ်းဖက်တိုက်ခိုက်မှုကို တန်ပြန်တိုက်စစ်ဆင်ခြင်း war on terror (သို့)  anti-terrorist movement အမည်ခံ အကြမ်းဖက်မှုပုံစံနောက်တစ်မျိုးကိုလည်း ပြင်းထန်စွာ ရှုတ်ချပါသည်။ သို့သော် တစ်ဖက်မှစဉ်းစားကြည့်ကြစေချင်သည်က အကြမ်းဖက်တိုက်ခိုက်မှုများ၏ နောက်ကွယ်အကြောင်းအရင်း ရင်းမြစ်များကို သိနားလည်ရန် ကြိုးစားကြည့်ကြရန် လိုအပ်မှုရှိမရှိကို ဖြစ်သည်။ အထက်တွင် ပြောခဲ့သော ဘောလုံးပွဲဥပမာကိုပင် ဆက်ပြောပါဦးမည်။ ထိုလူငယ်တစ်ချို့ ခဲနှင့် လိုက်ပေါက်ခဲ့သည့်အကြောင်းရင်းက ဘာကြောင့်လဲ။ ငြင်းမရသည့် အချက်က ထိုပွဲစဉ်တွင် အကဲဖြတ်ဒိုင်အနေဖြင့် (ရိုးသားစွာမှားယွင်းခဲ့ခြင်းလား၊ မတော်တစ်ဆသက်သက်လားတော့ သေချာ မဆိုနိုင်သော်လည်း) တစ်ဖက်စောင်းနင်းဆန်သည့် ဘက်လိုက်မှုကြောင့် တရားမျှတသော ကစားပွဲ မဖြစ်ခဲ့သည်ကတော့ အမှန်။ ဒီအတွက် ပွဲအပြီးတွင် ထိုကွင်းလယ် ဒိုင်လူကြီး ဒဏ်ငွေနှင့် နောက်ကျင်းပသည့်ပွဲတွင်ပါဝင်ခွင့်ပိတ်ပင်သည့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။

ထိုနည်းတူစွာပင် အကြမ်းဖက်တိုက်ခိုက်မှုများ၏ နောက်ကွယ်အကြောင်းအရင်း ရင်းမြစ်များကို လေ့လာကြည့်လျင် ဆင်းရဲမွဲတေမှု၊ စီးပွားရေးကျွန်ခံရမှု၊ လျစ်လျူရှုခံရမှု၊ တရားမျှတခြင်းမရှိမှု၊ ပညာရေးနိမ့်ပါးမှု၊ ဖိနှိပ်ချုပ်ချယ်ခံရမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှု၊ တစ်ဖက်စောင်းနင်း အနိုင်ကျင့်ခံနေရမှု၊ မုန်းတီးနာကျည်းမှု၊ ခံယူချက်တယူသန်မှု၊ လူမျိုးရေးအစွန်းရောက်မှု၊ ၀ါဒမှိုင်း တိုက်သွင်းခံရမှု၊ ဘာသာရေး၊နိုင်ငံရေးအယူသည်းမှု…… စသည့် အကြောင်းရင်း များစွာ ရှိနေသေးသည် ဆိုပါက အကြမ်းဖက်တိုက်ခိုက်မှုများကို အမြစ်ပြတ် ချေမှုန်းနိုင်မည်မဟုတ်။ အကြမ်းဖက်တိုက်ခိုက်မှုများအား ရှုတ်ချပြောဆိုနေရုံသက်သက်မျှနှင့်လည်း ပပြောက်သွားလိမ့်မည်မဟုတ်။

ကျွန်တော်တို့အားလုံး အကြမ်းဖက်မှုမျိုးစုံအား လူသားဆန်မှုဖြင့်လည်းကောင်း၊ဆူပူထကြွ သောင်းကျန်းမှုများအား ကြောင်းကျိုးဆင်ခြင်နိုင်မှုတွေဖြင့်လည်းကောင်း၊ မုန်းတီးရန်လိုမှုများအား ချစ်ခြင်းမေတ္တာဖြင့်လည်းကောင်း၊တိရစ္ဆာန်ဆန်စွာ အနိုင်ကျင့်နှိပ်စက်မှု များအား လူသားပီပီ ကိုယ်ချင်းစာနာမှု သနားကရုဏာ တို့ဖြင့် လည်းကောင်း တော်လှန်ခုခံတိုက်ထုတ်ခြင်းဖြင့် ပြောင်းပြန်လှန်ကြရပါလိမ့်မည်။ သက်ဆိုင်ရာ ဘာသာတရားတို့၏ အဆုံးအမတို့ကိုလည်း ချေချေမြစ်မြစ်သိနားလည်ကာ မျက်ကန်းတစ္ဆေ အပေါ်ယံအယူသီးကြသူများ မဖြစ်စေရန် ကြိုးစားကြရပါမည်။

တရားမျှတမှုရှိကာ လူသားချင်း စာနာထောက်ထားကြလျက် ဘာသာပေါင်းစုံ အပြောမဟုတ်လက်တွေ့ ချစ်ကြည်ရင်းနှီးသော လူ့ဘောင်တစ်ခု မြင်လိုလှပါသည်။ ကျွန်တော်တို့အားလုံးတွင် တာဝန်ရှိပါသည်။ Yusuf Islam ၏ Peace Train အမည်ရှိ သီချင်းထဲမှ စာသား Why must we go on hating? Why can’t we live in BLISS? အတိုင်းပါပင်။ ကျွန်တော်တို့လူသားတစ်တွေ ဘာကိစ္စ ရှေ့ဆက် အမုန်းပွားနေကြရဦးမှာလဲ။ ဘာလို့များ ပျော်ရွှင်ချစ်ခင်ဖွယ်လူ့ဘောင်အဖြစ် မနေနိုင်ကြရမှာလဲ။

(၉/၁၁ ဆယ်နှစ်ပြည့် ၀မ်းနည်းခြင်းအမှတ်တရ)
    • Aungzaw Win
      တရားမျှတမှုကိုတာရှည်မရလျင် ဘဝမလုံခြုံမှု အဖြစ်ခံစားလာ ရသည်၊၊ထိုအခါ လူ့ ဇာတိစိတ် အရ အပြင်းထန်ဆုံးတုံ့ပြန်ကြတော့သည်၊၊ခံစားမှုကို ရှေ့တန်းတင် တုံ့ပြန်ပါက တရားမျှတမှုမရှိသည့် အကြမ်းဖက်မှု အဖြစ်ပုံပြောင်း သွားပါသည်၊၊ အစ္စလာမ် ဘာသာ၏ ဂျေဟဒ် ကို နိုင်ငံေ...ရး၌ အလွဲသုံးစားပြု ခြင်းကို တာဝန်ရှိ သူ ဘာသာရေး အကြီးကဲများ က ထိရောက်စွာမတားဆီးခဲ့ကြပါ၊၊ထို အခါ တိုက်ခိုက်ရေး ကိုအားပေးသော တခုထဲသော သာသနာအဖြစ်လူအများ မှတ်ယူမှုပြုကြပါသည်၊၊၎င်း ကို ဂျူးများ လွှမ်းမိုး သော မီဒီယာ များက အသုံးချ လေရာ အကြမ်းဖက် နှင့် အစ္စလာမ် ကိုတွဲဖက် ခပ်နှိပ်ခြင်း ခံရလေတော့ သည်၊၊See More
      30 minutes ago · · 2 peopleYou and Kyawmoe Aung like this.
    • Aungzaw Win ၉/၁၁ ကို ဝမ်းနည်းခြင်း ထက်ပိုမို အဓိပ္ပါယ်ရှိသော တရားမျှတရေးနေ့ အဖြစ် ကျင်းပ သင့်ပါသည်၊၊

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...