ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၂) ၊ အပိုင်း(၁)
နိုင်ငံရေးဆိုသည်မှာ
ပြီးခဲ့သောအခန်းတွင် လူ့သဘော၏ယေဘုယျ သဘောတရားကို တင်ပြခဲ့ရာတွင်
“လူ” သည် ဗီဇ အသိနှင့် ယဉ်ကျေးမှုကိုသာမက အသိဥာဏ်ကိုပါ ပိုင်ဆိုင်သည့် သတ္တ၀ါတစ်မျိုးဖြစ်ကြောင်း
ဖော်ပြခဲ့ပြီး ဖြစ်သည်။ ထို့ပြင် “နိုင်ငံတော်”ဆိုသည်မှာ ပိုင်နက်တစ်ခုအတွင်းရှိ လူများအပေါ်တွင်
သက်ရောက်မှုရှိသော အချုပ်အခြာအာဏာကို အကြွင်းမဲ့ ပိုင်ဆိုင်သည့် ဌာနတစ်ရပ်ဖြစ်ကြောင်းကိုလည်း
အကျဉ်းရုံး၍ အဓိပ္ပါယ်သတ် မှတ်ခဲ့ပြီး ဖြစ်ပါသည်။ ထိုအကြောင်းအရာနှစ်ရပ် (လူနှင့် နိုင်ငံတော်)
ကို အာဏာရှင်နိုင်ငံရေးတို့အားဖြင့် ဆက်စပ်ဖော်ပြ ခဲ့ပြီးလည်းဖြစ်ပါ သည်။ ဒီမိုကရေစီနိုင်ငံရေးတွင်
လူတစ်ဦးချင်းစီသည် ညီမျှသော်ဂုဏ်သိက္ခာနှင့် တန်းတူအခွင့်အရေးတို့ကို ရရှိကြ သည်။ လူတစ်ဦးချင်းစီ၏ ညီမျှသောဂုဏ်သိက္ခာကို လေးစားသမှုရှိသည့်
၊ တစ်ပြေးညီလူမှုဆက်ဆံရေးဖြစ်သော ကြောင့် နိုင်ငံရေးအသိုက်အ၀န်းရှိ လူအားလုံးတို့သည်
၎င်းတို့၏ဗီဇအသိ နှင့် ယဉ်ကျေးမှုကိုသာမက အသိဥာဏ် ကိုပါ အပြည့်အ၀ အသုံးချခွင့်ရှိကြသည်။
သို့သော် အာဏာရှင်နိုင်ငံရေး တွင်မူ ထက်အောက်စဉ်ဆက်စနစ်အရ အထက်လွှာမှ လူတို့က အောက်လွှာမှ
လူများအား ၎င်းတို့၏ အသိဥာဏ်ပညာကို လွတ်လပ်စွာအသုံးချခွင့် မရအောင် ပိတ်ပင်ထားကြလေသည်။ ထို့ကြောင့် အောက်လွှာမှ လူတို့မှာ သဘာဝဗီဇအသိနှင့်
ယဉ်ကျေးမှုမျှ သာရှိကြသော သတ္တ၀ါများသဖွယ်ဖြစ်လာတော့သည်။
ဖော်ပြပါ အဓိပ္ပါယ်သတ်မှတ်ချက်များသည် ယေဘုယျကျလှသည်ဖြစ်ရာ
လာမည်ကဏ္ဍများ၌ ပိုမို အသေးစိတ်ပြီး ရှင်းလင်းဖော်ပြသွားရန် လို့အပ်ပါသည်။ သို့သော် ပထမဦးဆုံးအနေဖြင့်
တစ်ခုနှင့်တစ်ခု နီးကပ် စွာ ဆက်နွယ်လျက်ရှိသော သဘောတရား ၅ ရပ်ဖြစ်သည့် နိုင်ငံရေး၊
နိုင်ငံတော်၊ အာဏာ၊ အုပ်ချုပ်စီရင်ပိုင်ခွင့် နှင့် ဥပဒေကြောင်းအရာ တရားဝင်မှုတို့ အကြောင်းကို
အဓိပ္ပါယ်သတ်မှတ်ရန် လိုအပ်ပေသည်။ ယင်းတို့ကို ပြည့်ပြည့်၀၀နားလည်မှသာ ဒီမိုကရေစီနိုင်ငံရေး၏
ထူးခြားအရေးပါမှုကို ပိုမိုကောင်းမွန်စွာ သဘောပေါက်နိုင် မည် ဖြစ်သည်။
မူရင်းစာရေးသူ၏ ဇာတိ ဘာသာစကားမှာ အင်္ဂလိပ်ဘာသာစကားဖြစ်ပြီး
မြန်မာဘာသာစကားနှင့် အကျွမ်းတ၀င်ရှိလှသည် မဟုတ်သောကြောင့် အထက်တွင်ဖော်ပြခဲ့သော သဘောတရား
၅ ရပ်ကို အဓိပ္ပါယ်ဖွင့် ဆိုသတ်မှတ်ရာတွင် ခေတ်သစ် အင်္ဂလိပ်ဘာသာအသုံးအနှုန်း (ကျယ်ပြန့်စွာ
ဆိုရလျှင် ဥရောပနှင့်အမေရိကန် အသုံးအနှုန်း) ဖြင့်သာ ဖွင့်ဆိုသတ်မှတ်နိုင်မည် ဖြစ်သည်။
သို့ရာတွင် ဤသဘောတရားများမှာ လူသားတို့၏ ဘ၀အတွက် အလွန်အခြေခံ ကျလှသည်ဖြစ်ရာ အင်္ဂလိပ်နှင့်
မြန်မာ နိုင်ငံရေးအယူအဆများ အကြား ခြားနားမှု များထက် ဘုံသဘောတူညီမှုများသည်သာ ပို၍ အခရာ
ကျပေလိမ့်မည်။
နိုင်ငံရေး
“နိင်ငံရေး” ဟူသော ဝေါဟာရကို ကျွန်ုပ်တို့ နေ့စဉ်သုံးစွဲနေကြသော်လည်း
ယင်းသည် အဓိပ္ပါယ်သတ် မှတ်ရန်အခက်ခဲဆုံးသော သဘောတရား အယူအဆများအနက် တစ်ခုဖြစ်သည်။ ဘာသာစကားအားလုံး
လိုလို မှာပင် တိတိကျကျအဓိပ္ပါယ်သတ်မှတ်ရန် လွယ်ကူသော ဝေါဟာရများ ရှိကြပါသည်။ ယင်းတို့မှာ
သက်ရှိ သက်မဲ့အရာများ ဖြစ်ကြသော ကြောင်၊ သစ်ပင်၊ ထွန်သွား၊ မောတ်တော်ကား၊ လက်သမားသုံးတူ
စသည်တို့ အပြင် အာရုံငါးပါးအားဖြင့် မခံစား မသိရှိနိုင်သော်လည်း တိကျသောဆက်နွယ်မှု သို့မဟုတ်
တိကျသော သဘောတရားရှိသည့် အရာများဖြစ်ကြသော ဇနီး၊ ခင်ပွန်း၊ စစ်ဗိုလ်ချုပ်၊ ဆရာဝန်၊
ကျောင်းဆရာ စသည့် ဝေါဟာရများ ဖြစ်ကြပါသည်။ ဤဝေါဟာရများတွင် ရှင်းလင်း၍ တိကျသော အဓိပ္ပါယ်များရှိကြသည်။
သို့သော် “နိုင်ငံရေး” ကဲ့သို့သော ဝေါဟာရများသည်
အဓိပ္ပါယ်သတ်မှတ်ရန် အလွန်ခက်ခဲသော (ယုတ်စွအဆုံး အရာရာ နှင့် အံဝင်ခွင်ကြမည့် အဓိပ္ပါယ်သတ်မှတ်ချက်
တစ်ခုတည်းအားဖြင့် ဖော်ပြရန် ခဲယဉ်းသော) သဘောတရားရေး ဆိုင်ရာ ဝေါဟာရများဖြစ်ကြသည်။
သို့သော် ဤဝေါဟာရ၏ အဓိပ္ပါယ်အပြည့်အစုံကို မသိရှိကြသော်လည်း ယင်းတို့အား ကျွန်ုပ်တို့ နိစ္စဓူဝ သုံးနှုန်းနေကြပါသည်။
စင်စစ်တွင် ယင်းတို့အား အစားထိုးနိုင်သော အလားတူ ဝေါဟာရများကိုအလွယ်တကူ မရှာဖွေနိုင်သောကြောင့်
ဤဝေါဟာရများ အပေါ်တွင်သာ မှီခိုနေကြရခြင်း ဖြစ်သည်။
အောက်စဖို့ဒ် အင်္ဂလိပ် အဘိဓါန်က “နိုင်ငံရေးဆိုသည်မှာ
အစိုးရ၏ သိပ္ပံနှင့် ၀ိဇ္ဇာအတတ်ပညာဖြစ် သည်။ နိုင်ငံတော်တစ်ရပ် သို့မဟုတ် တစိတ်တဒေသ၏
ပုံသဏ္ဍာန်၊ ဖွဲ့စည်းပုံ၊ စီမံအုပ်ချုပ်ရေးတို့နှင့် ပတ်သက်သော ဆောက်ရွက်ဖွယ်ရာများအပြင်
အခြားနိုင်ငံတို့နှင့် ဆက်နွယ်သော လုပ်ထုံးလုပ်နည်းဆိုင်ရာ သိပ္ပံ အတတ်ပညာရပ် ဖြစ်သည်”
ဟု အဓိပ္ပါယ်ဖွင့်ဆိုသည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်သည် ရှင်းလင်းပြီး တဲ့တိုး နိုင်သော်လည်း
ရာစုနှစ်ပေါင်းများစွာ အချိန်ယူ၍ တဖြည်းဖြည်း ဖွံ့ဖြိုးလာခဲ့သည့ “နိုင်ငံရေး” ဟူသည့်
ဝေါဟာရ ၏ သမိုင်းကြောင်းကိုလည်းကောင်း၊ ယနေ့ခေတ် လူနေမှုဘ၀၏ “နိုင်ငံရေး” ဟူသည့် သဘောတရားတွင် အကျုံးဝင်သော တင်းမာမှု သို့မဟုတ် ၀ိရောဓိဖြစ်မှုကိုလည်းကောင်း
အမှန်တကယ် ဖော်ညွှန်းနိုင်ခြင်း မရှိပါ။
“နိုင်ငံရေး” ဆိုသည့် သဘောတရား ယဆချက်ကို
ပိုမိုပြည့်စုံစွာ ဖော်ထုတ်လေ့လာနိုင်ရန်အတွက်၊ ပဓါနကျလှသော “လူမှုဆက်ဆံရေး” ပုံစံတစ်ခုကို
စတင်လေ့လာကြပါစို့။ နိုင်ငံရေးသည် လူ့လောက၏ ထူးခြား ချက်တစ်ရပ်ဖြစ်ပြီး ယင်းကို တိရစ္ဆာန်များနှင့်
သက်မဲ့ အရာဝတ္တုများ၏ ဆက်ဆံရေးနယ်ပယ်တွင် ရှာဖွေတွေ့ရှိ နိုင်မည် မဟုတ်ပါ။ မျောက်အုပ်စု၊
ဝံပလွေအုပ်စု၊ သို့မဟုတ် ပရွက်ဆိတ်အုံ တစ်ခုတို့တွင် “နိုင်ငံရေးဘ၀” သို့ မဟုတ် “နိုင်ငံရေးခေါင်းဆောင်များ”
ရှိကြသည်ဟု ဆိုလျှင် အဓိပ္ပါယ်ရှိမည် မဟုတ်ပါ။ ထိုမှတစ်ပါး နိုင်ငံရေး သည် အခြားသော လူမှုဆက်ဆံရေးများဖြစ်သည့် မိဘနှင့် သားသမီး၊
မောင်နှမ၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေ၊ ရန်သူ၊ စီးပွားရေးနှင့် လုပ်ငန်းခွင် လူမှုဆက်ဆံရေးများနှင့် ကွဲပြားခြားနားသော လူမှုဆက်ဆံရေး တစ်ရပ်လည်း ဖြစ်သည်။
အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံတို့အကြားရှိ နိုင်ငံရေးဆက်နွယ်မှုကို ရဖန်ရံခါ သားအဖ ဆက်ဆံရေးနှင့်
နှိုင်းယှဉ်ဖော်ပြတတ်ကြသော်လည်း အမှန်တကယ်တွင် မတူညီကြပါ။ နိုင်ငံရေးဘ၀နှင့် မိသားစုတို့ဘ၀သည်
တစုံတစ်ရာ ခြားနားကြပါသည်။ ဤသို့ ခြားနားရခြင်းမှာ နိုင်ငံရေးအသိုက်အ၀န်းတစ်ခုရှိ လူဦးရေသည်
ပုံမှန် အားဖြင့် မိသားစုဝင် လူဦးရေထက် ပိုမိုများပြားနေခြင်း တစ်ချက်တည်းကြောင့်သာ
မဟုတ်ပဲ၊ နိုင်ငံရေးဘ၀၏ အဓါနဖြစ်သော “နိုင်ငံတော်” သည် မိသားစုနှင့် အတွင်းသဘော သဘာဝ အရလည်းကောင်း၊ အန္တိမပန်းတိုင်
အရလည်းကောင်း ကွဲပြားခြားနား ရခြင်းကြောင့် ဖြစ်ပါသည်။
နိုင်ငံရေးဘ၀သည် လူအများနှင့်ပတ်သက်သော
အခြားဆက်ဆံရေးများဖြစ်သည့် “စီးပွားရေးသဘော အရ ဆက်ဆံရေး” နှင့် “အဖွဲ့အစည်းသဘောအရ ဆက်ဆံရေး”
တို့နှင့် သာမန်အားဖြင့် ခြားနားပါသည်။ တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းနှင့် သင်တန်းများ၌
(ရံဖန်ရံခါ နိုင်ငံရေး သို့မဟုတ် အစိုးရဘာသာရပ် ဟု လည်ခေါ်သည့်) နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကိုသာမက
စီးပွားရေး၊ လူမှုရေး၊ စိတ်ပညာနှင့် မနုသဗေဒ ဘာသာရပ်များကိုပါ ထည့်သွင်းရန် အရေးကြီးပါသည်။
ဤ ဘာသာရပ်များအားလုံးသည် ခြားနားသော လူမှု ဆက်ဆံရေးများ၏ အကြောင်းကို လေ့လာသော ဘာသာရပ်များဖြစ်ပြီး၊
ယင်းတို့ကို “လူမှုရေးသိပ္ပံပညာရပ်များ” ဟူ၍ ခေါ်ဆိုကြသည်။ ပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံရေးသိပ္ပံဘာသာရပ်နှင့်
ပတ်သက်သော သင်တန်းတစ်ခု တလေ ကိုမျှ တက်ရောက်ခဲ့ဖူးခြင်း မရှိဘဲနှင့် စီးပွားရေးသို့မဟုတ်
လူမှုရေးဘာသာရပ်တို့ဖြင့် ဘွဲ့ရရှိနိုင်သည်။ အပြန်အ လှန်အားဖြင့်လည်း အလားတူပင်ဖြစ်သည်။
“လူမှုရေးသိပ္ပံပညာရပ်များ” တွင် အကျုံးဝင်သော သင်ရိုးတစ်ခုနှင့် တစ်ခုအကြားရှိ ခြားနားချက်များသည်
တစ်နည်းတစ်ဖုံအားဖြင့် ပကတိသဘော မဆောင်လှသည့်အပြင် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး
ဆက်နွယ်မှုများသည် (အနည်းဆုံးအားဖြင့် ဖွံ့ဖြိုးပြီး ခေတ်သစ် လူမှုအဖွဲ့ အစည်းများတွင်
ဖြစ်စေ) နီးကပ်စွာ လွန်းထိုး ယှက်နွယ်လျက်ရှိသော်လည်း၊ အရေးပါသော အတိုင်းအတာ တစ်စုံတစ်ခုအထိ
ကွဲပြားခြားနားလျက်ရှိကြောင်း ညွှန်းဆိုပြသလျက် ရှိသည်။
ယခုအချိန်အထိ ဆွေးနွေးဖော်ဆောင် ပြီးခဲ့သမျှ
သဘောတရားမှာ၊ “နိုင်ငံရေး” ဟူသည် လူမှုဆက်ဆံ ရေး ပုံသဏ္ဍာန်တစ်ရပ်ဖြစ်ပြီး၊ အဘိဓါန်ပါ
အဓိပ္ပါယ် သတ်မှတ်ချက်က ညွှန်းဆိုထားသကဲ့သို့
“နိုင်ငံတော်” ဆိုသော သဘောတရားဖက်ဆီသို့ ဦးတည်လျက်ရှိသည် ဟူ၍ဖြစ်သည်။ “နိုင်ငံတော်”
၏ သဘောတရားကို ရှေ့လာမည့် အခန်းတွင် ဆက်လက်ဆွေးနွေးပါမည်။ အနောက်တိုင်းတွင် တစ်စတစ်စ
ဖွံ့ဖြိုးလာခဲ့သော “နိုင်ငံရေး” ၏ သဘောတရားကို ပိုမိုနက်နဲစွာ လေ့လာမည်ဆိုလျှင် အလွန်ခြားနားသော
လမ်းကြောင်းနှစ်ရပ်ကို တွေ့ရမည် ဖြစ်သည်။ ယင်းတို့မှာ “နိုင်ငံရေး” ကို အရစ္စတိုတယ်
(Aristotle) ၏ ရှုမြင်သုံးသပ်ပုံနှင့် မာခီယာဗယ်လီ
(Machiavelli) ၏ ရှုမြင်သုံးသပ်ပုံ တို့ဖြစ်သည်။
အနောက်တိုင်းတွင် အသုံးပြုနေသော ခေတ်သစ် နိုင်ငံရေး သဘောတရားတွင် အဆိုပါရှုမြင်သုံးသပ်ပုံ
နှစ်ရပ်အပေါ်တွင် မူတည်၍ ၊ ကွဲပြားခြားနားသောနိုင်ငံရေး လမ်းကြောင်း နှစ်ရပ်တို့သည် အသက်မသာဖြင့် အတူတကွ ယှဉ်တွဲတည်ရှိနေကြသည်။
ဆက်လက်ဖေါ်ပြပါမည်။
ကက်နက်အေ မက်ကေးရေးသား၍ ဒေါင်းညိုဘာသာပြန်ဆိုသော
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။
0 comments:
Post a Comment