Friday, September 16, 2011

ဂေါ်ဘာချော့ သို့မဟုတ် မစစ်မှန်တဲ့အင်အားအတွင်းက မွေးထုတ်လိုက်တဲ့ အဖျက်သန္ဓေ

 (မောင်ဝံသ)

by Maung Wuntha on Friday, September 16, 2011 at 7:45pm
ပြည်သူ့ခေတ် ဂျာနယ် အမှတ် ၅၇၊ ၂၅ သြဂုတ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး။ ဖဘ မိတ်ဆွေတစ်ယောက်က တောင်းဆိုလို့ တင်ဆက်လိုက်ပါတယ်။ ဂေါ်ဘာချော့ သို့မဟုတ် မစစ်မှန်တဲ့အင်အားအတွင်းက မွေးထုတ်လိုက်တဲ့ အဖျက်သန္ဓေ(ဆိုဗီယက် အင်ပါယာကြီး ပြိုကွဲခြင်း နှစ် ၂၀ ပြည့်ချိန် လေ့လာ သုံးသပ်ချက်) ဒီနှစ် အေဒီ ၂၀၁၁ ခုနှစ်ဟာ အမေရိကန်နိုင်ငံဦးဆောင်တဲ့ အနောက်တိုင်း လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေက ]]မကောင်းဆိုးဝါး အင်ပါယာ}} လို့  ခေါ်ဝေါ်ခဲ့ကြတဲ့ ဆိုဗီယက် ပြည်ထောင်စုကြီးပြိုကွဲသွားခဲ့မှု အနှစ်၂၀ တင်းတင်းပြည့်မြောက်ခဲ့တဲ့ နှစ်ဖြစ်တယ်ဗျ။

    ဒုတိယကမ္ဘာစစ်အပြီးမှာ စတင် သန္ဓေတည်လာခဲ့ပြီး ဘာလင်တံတိုင်းကြီးတည်ဆောက်မှုနဲ့အတူ ပီပြင်စွာပေါ်ထွက်လာခဲ့တဲ့ ]]စစ်အေး}}ဆိုတဲ့ ခေတ်ကြီး တစ်ခေတ် ကလည်း အဲဒီဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲခဲ့မှုနဲ့အတူ နိဂုံးချုပ်သွားခဲ့တာ ဖြစ်တယ်ဗျာ။
    အမေရိကန်ဦးဆောင်တဲ့ လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေနဲ့ ဆိုဗီယက်ဦးဆောင်တဲ့ ကွန်မြူနစ်ဆိုရှယ်လစ်နိုင်ငံတွေအကြား သဘောတရားရေး၊ အယူအဆရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုစတဲ့နယ်ပယ်အားလုံးမှာ တရားဝင်ရော၊ တရားမ၀င်ပါ နည်းလမ်းပေါင်းစုံသုံးပြီး အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြတဲ့ အဲဒီစစ်အေးခေတ်ကြီး နိဂုံးချုပ်သွားခဲ့ရတာဟာ ဆိုဗီယက်ပြည်ထောင်စု ရဲ့ နောက်ဆုံးသမ္မတ မစ်ခေးလ်ဂေါ်ဘာချော့ လက်ထက်မှာ ဖြစ်တယ်ဆိုတာလည်း အားလုံးအသိပဲဖြစ်တယ်ဗျ။

သူရဲကောင်းလား ပြည်ဖျက်သစ္စာဖောက်လား
    ကမ္ဘာတစ်လွှားက နိုင်ငံပေါင်းများစွာတို့မှာ ပြည်တွင်းစစ်မီးတွေကို မွေးဖွား ဒါမှမဟုတ် လောင်စာဖြည့်ပေးခဲ့တဲ့ အဲဒီစစ်အေးဆိုတဲ့ တင်းမာ အေးစက်တဲ့ကာလရှည်ကြီးတစ်ခု အဆုံးသတ်သွားခဲ့ရာမှာ အရေးအကြီးဆုံးကဏ္ဍက ပါဝင်ခဲ့တဲ့ ဂေါ်ဘာချော့ကို စစ်အေးတိုက်ပွဲမှာ အနိုင်ရရှိသွားတဲ့ လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေရဲ့အသိုင်းအ၀ိုင်းက လှိုက်လှိုက်လှဲလှဲ ချီးကျူးထောမနာပြုခဲ့ကြပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုဆိုတဲ့ အမြင့်ဆုံး ဂုဏ်ဒြပ်ကိုတောင် ချီးမြှင့်ခဲ့ပေမယ့် နိုင်ငံတကာစင်မြင့်မှာ အမေရိကန်နဲ့ပုခုံးချင်းယှဉ်ပြီး ထည်ထည်ဝါ၀ါရပ်တည်နိုင်ခဲ့တဲ့ ဆိုဗီယက်အင်ပါယာခေတ်ကို နှမျောတသအောက်မေ့သတိရ နေကြသူတွေကတော့ ဂေါ်ဘာချော့ကို အကြီးဆုံးသော အမျိုးသားသစ္စာဖောက်တစ်ယောက်အဖြစ် ရှုမြင်ခဲ့ကြ၊ အခုအထိ ရှုမြင် နေကြဆဲ ဖြစ်တယ်ဗျာ။ ကျွန်တော်တို့ လူသားတွေရဲ့သမိုင်းဟာ အဲဒီလိုမျိုးဆန့်ကျင်ဘက်အမြင်တွေနဲ့ ပြည့်နှက်နေတဲ့ဇာတ်လမ်း ရှည်ကြီးတစ်ပုဒ်ဖြစ်တာမို့ ဂေါ်ဘာချော့နဲ့ပတ်သက်ပြီးတော့လည်း အဲသလိုဆန့်ကျင်ဘက်အမြင်နှစ်မျိုးရှိနေတာ အဆန်းမဟုတ်ဘူးဗျ။ အမှန်အမှားဆိုတာ ရှုမြင်သူရဲ့ ရပ်တည်ချက်ကိုထင်ဟပ်ကိုယ်စားပြုနေတဲ့အရာဖြစ်တာမို့ ဖြစ်ရပ်တိုင်း ဘယ်ဟာအမှန်၊ ဘယ်ဟာအမှားဆိုတာ လူတိုင်းမှာ သုံးသပ်ရှုမြင်ခွင့်ရှိတယ်ဗျာ။ အဲဒီရှုမြင်ချက်တွေအတွက် သက်ရောက်မှုတွေကိုလည်း လူတိုင်းက မျှော်လင့်ကြရမှာပဲဗျ။

    ယခု ကျွန်တော်ပြောပြချင်တာက ဒီလ ၁၂ ရက်နေ့စွဲနဲ့ ဘီဘီစီဝက်ဘ်ဆိုက်မှာ ဖတ်ရှုခဲ့ရတဲ့ဆောင်းပါးတစ်ပုဒ် အကြောင်းဖြစ်ပါတယ်။ ဆောင်းပါးရှင်က ဘီဘီစီသတင်းထောက် ဘရစ်ဂျက်ကင်ဒယ်လ်ဖြစ်ပြီး ဆောင်းပါးက မကြာသေးခင်က ဂေါ်ဘာချော့နဲ့သူ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုအကြောင်းပါ။ ၁၉၉၁ သြဂုတ်လထဲမှာ ဆိုဗီယက် ပြည်ထောင်စုရဲ့သမ္မတဖြစ်သူ မစ်ခေးလ်ဂေါ်ဘာချော့ ခရိုင်းမီးယားမှာ အားလပ်ရက်အပန်းဖြေနေတုန်း သူ့ရဲ့နိုင်ငံရေးပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေအပေါ် မကျေမနပ်ဖြစ်နေကြတဲ့ ကွန်မြူနစ်အမာခံ ဆိုဗီယက်ထိပ်တန်းခေါင်းဆောင်တစ်စုက ဂေါ်ဘာချော့ကို ဖယ်ရှားဖြုတ်ချပြီး အာဏာသိမ်းဖို့ကြိုးပမ်းခဲ့ကြတယ်။ အဲဒီအချိန်တုန်းက မော်စကိုမြို့မှာ ဘီဘီစီသတင်းထောက် အဖြစ်တာဝန်ထမ်းဆောင်နေခဲ့တဲ့ ကင်ဒယ်က နှစ်၂၀ ကြာသွားပြီးတဲ့နောက်မှာ မစ္စတာဂေါ်ဘာချော့နဲ့ တွေဆုံမေးမြန်းခန်း ပြုလုပ်ခဲ့တာ ဖြစ်တယ်ဗျ။

ဂေါ်ဘာချော့ရဲ့ မူလဘူတ
    ကင်ဒယ်ရဲ့ဆောင်းပါးကို မူရင်းအနှစ်သာရမပျက်စေဘဲ လိုအပ်သလောက် ကောက်နုတ်ပြီး ဖော်ပြလိုက်ပါတယ်။
    သူကိုယ်တိုင်ရဲ့ဖွင့်ဟ၀န်ခံချက်အရ မစ္စတာဂေါ်ဘာချော့ဟာ ပြုပြင်ပြောင်းလဲရေးဝါဒီတစ်ယောက်အဖြစ် သူ့ရဲ့နိုင်ငံရေးဘ၀ကို စတင်ခဲ့သူမဟုတ်ပါဘူး။ သူဟာ မျိုးချစ်စိတ်ပြင်းထန်သူတစ်ဦးနဲ့ စွဲမြဲတဲ့ကွန်မြူနစ်တစ်ဦး ဖြစ်ခဲ့ပါတယ်။
    တက္ကသိုလ်ကျောင်းသားဘ၀ နောက်ဆုံးအတန်းတင်စာမေးပွဲမှာ စတာလင်အကြောင်း အထူးပြု လေ့လာချက်စာတမ်းနဲ့ ဖြေဆိုဖို့ ရွေးချယ်ခဲ့တာကိုကြည့်ရင် အဲဒီအချက်ကို မြင်နိုင်တယ်။ သူ့ရဲ့စာတမ်းခေါင်းစဉ်က ]]စတာလင်ဟာ စစ်ပွဲမှာ ကျွန်တော်တို့ရဲ့ ဂုဏ်ကျက်သရေဖြစ်တယ်။ စတာလင်ဟာ ကျွန်တော်တို့လူငယ်ဘ၀ရဲ့တောင်ပံတွေဖြစ်တယ်}}လို့ဖြစ်ပြီး သူကွန်မြူနစ်ပါတီထဲဝင်ဖို့ ဘယ်သူကမှ တိုက်တွန်းခဲ့တာမဟုတ်ဘူး။ သူ့သဘော သူ့ဆန္ဒနဲ့ ထက်ထက်သန်သန် အားတက်သရော ၀င်ရောက်ခဲ့တာဖြစ်တယ်လို့ ဂေါ်ဘာချော့က ပြောပါတယ်။

    ကွန်မြူနစ်ဝါဒနဲ့ဆိုဗီယက်ပြည်ထောင်စုဦးတည်လျှောက်လှမ်းနေတဲ့လမ်းအပေါ် သူပထမဆုံး သံသယ၀င်လာတာက ၁၉၅၀ သူ မော်စကို တက္ကသိုလ်ကို စတင်တက်ရောက်ခဲ့ချိန်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။ ၁၉၅၃ မှာ စတာလင်ကွယ်လွန် အနိစ္စရောက်သွားခဲ့ခြင်းက ပညာတတ် အသိုင်းအ၀ိုင်းကို မွန်းကျပ်မှုများထဲက လွတ်မြောက်သွားစေခဲ့တယ်။ အဲဒီကာလမှာ မစ္စတာဂေါ်ဘာချော့ဟာ သူ့ရဲ့နောက်ပိုင်းတွေးတောဆင်ခြင်မှုတွေကို ပုံလောင်းပေးခဲ့တဲ့ လူတချို့နဲ့မိတ်ဆွေ ဖြစ်ခဲ့တယ်။ အဲဒီထဲမှာ ထူးထူးခြားခြားဖော်ပြရမယ့် တစ်ယောက်ကတော့ ဇဒီနက်မလီနာအမည်ရှိ ချက်ကိုစလိုဗက်ကျောင်းသားတစ်ယောက်ပဲ ဖြစ်တယ်လို့ ဂေါ်ဘာချော့က မှတ်မှတ်ရရပြောပြပါတယ်။

လူသားမျက်နှာနဲ့ ဆိုရှယ်လစ်ဝါဒ
    ဂေါ်ဘာချော့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့ အဲဒီကျောင်းသား ဇဒီနက်မလီနာဟာ နောက်ပိုင်း ၁၉၆၇ မှာ ပေါ်ပေါက်ခဲ့တဲ့ ]]ပရာဟာနွေဦး}}ရဲ့ ဗိသုကာဖြစ်လာခဲ့တယ်။ အဲဒီလှုပ်ရှားမှုကတော့ ဆိုရှယ်လစ်စနစ်ကို လူသားမျက်နှာ တပ်ဆင်ပေးဖို့ (ှCommunism with the Human face) တစ်နည်းပြောရရင် လူတစ်ဦးချင်းရဲ့လွတ်လပ်မှုနဲ့အခွင့်အရေးများကို လေးစားအသိအမှတ်ပြုတဲ့ ဆိုရှယ်လစ်စနစ် ဖြစ်လာစေဖို့အတွက် ချက်ကိုစလိုဗက်နိုင်ငံက ပြုပြင်ပြောင်းလဲရေးဝါဒီ ပညာတတ်များ ဦးဆောင်ဆင်နွှဲတဲ့  တော်လှန်ရေး}}တစ်ခု ဖြစ်ပါတယ်။
    အဲဒီတော်လှန်ရေးကို ၁၉၆၈ မှာ ချက်ကိုစလိုဗက်ကီးယားနိုင်ငံက အမာခံကွန်မြူနစ်တွေနဲ့ ဆိုဗီယက်တင့်ကားတွေ ပူးပေါင်းပြီး ချေမှုန်းပစ်လိုက်ပါတယ်။ အဲသလို ချေမှုန်းအပြီးမှာ ဆိုဗီယက်ခေါင်းဆောင်တွေက ဆိုဗီယက်တပ်နီတော် ၀င်ရောက် သွားခဲ့ရတာဟာ ချက်ကိုစလိုဗေးကီးယားပြည်သူတွေရဲ့ ဖိတ်ခေါ်ကမ်းလှမ်းချက်အရသာဖြစ်ကြောင်း တွင်တွင်ပြောဆိုခဲ့ကြပြီး ဆိုဗီယက်ကွန်မြူနစ်ပါတီဝင်များကိုလည်း အဲဒီကျူးကျော်ဝင်ရောက်မှုဟာ မှန်ကန်တရားမျှတမှုရှိကြောင်း အခိုင်အမာပြောဆိုကြ ဖို့နဲ့ အဲဒီကျူးကျော်ဝင်ရောက်မှုအပေါ် မေးခွန်းထုတ်သူတွေကို ဆန့်ကျင်ရှုတ်ချကြဖို့ ညွှန်ကြားခဲ့တယ်။ အဲဒီအချိန်မှာ ပါတီရဲ့ သစ္စာရှိဘက်တော်သားတစ်ဦးဖြစ်နေပြီဖြစ်တဲ့ ဂေါ်ဘာချော့ဟာလည်း ပါတီရဲ့ရပ်တည်ချက် အတိုင်း တစ်သွေမတိမ်းလိုက်နာ ကျင့်သုံးခဲ့ပါတယ်။

အမှန်တရားကို ရင်ဆိုင်ခဲ့ရချိန်
    ဒါပေမယ့် နောက်နှစ် ချက်ကိုစလိုဗေးကီးယားနိုင်ငံကို ဆိုဗီယက်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့နဲ့အတူ အလည်အပတ်ရောက်ရှိ သွားချိန်မှာတော့ မစ္စတာဂေါ်ဘာချော့ဟာ အမှန်တရားကို မျက်စိကျိန်းအောင် မြင်တွေ့ခဲ့ရပါတော့တယ်။
    ဖောက်ပြန်ရေးသမားတွေရဲ့ တန်ပြန်တော်လှန်ရေးကို ချေမှုန်းပစ်ဖို့ ပြည်သူတွေက ဆိုဗီယက်ပြည်ထောင်စုဆီက စစ်ရေးအပါအ၀င် ကူညီထောက်ပံ့မှုအားလုံးကို လိုလိုလားလားတောင်းခံခဲ့တယ် ဆိုတဲ့ နိုင်ငံတစ်နိုင်ငံမှာ ဂေါ်ဘာချော့တို့အဖွဲ့ဟာ ပြည်သူတွေရဲ့ဆန့်ကျင်မှုနဲ့ ရင်ဆိုင်ခဲ့ရ ပါတော့တယ်။ နေရာအတော်များများမှာ သူတို့တွေဆုံခဲ့ရတဲ့ ချက်ပြည်သူတွေရဲ့ သူတို့နဲ့ စကားပြောချင်စိတ်မရှိပုံကို မြင်တွေ့ခဲ့ကြရပြီး သူတို့သွားရောက်လည်ပတ်တဲ့စက်ရုံတစ်ရုံမှာလည်း အလုပ်သမားအားလုံးလိုလိုက  သူတို့ကို ကျောခိုင်းပြီး အသံတိတ် ဆန္ဒပြခဲ့ကြပါတယ်။
    အဲဒီအတွေ့အကြုံက မစ္စတာဂေါ်ဘာချော့ရဲ့အတွေးအမြင်တွေကို အတော်လေးပြောင်းလဲသွား စေခဲ့ပါတယ်။ အဲဒီခရီးက အပြန် ဂေါ်ဘာချော့ခေါင်းထဲမှာ အတွေးသစ် အမြင်သစ်တွေ စတင်သန္ဓေတည်နေပါပြီ။

ထိပ်ဆုံးနေရာရောက်အောင်
    ဒါပေမယ့် ဂေါ်ဘာချော့ဟာ ပါးနပ်သူတစ်ဦးဖြစ်ပါတယ်။ သူဟာ စိတ်ထဲမှာ ဆိုဗီယက်ပြည်ထောင်စု ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်နဲ့ပတ်သက်ပြီ သံသယတွေရှိစပြုနေပြီဖြစ်ပေမယ့် အပြင်ပန်းမှာတော့ အဲဒီစနစ်ကို အလုပ်အကျွေး ပြုရာမှာ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်၊ ရှေးရိုစွဲဆိုဗီယက်ခေါင်းဆောင်ဟောင်းကြီးတွေရဲ့ အရိုက်အရာကို ဆက်ခံဖို့ အသင့်တော်ဆုံး လူငယ်ခေါင်းဆောင်အဖြစ် အများကရှုမြင်လာအောင် ]]နေပြ}} နိုင်ခဲ့ပါတယ်။
    အဲဒီအရည်အချင်းကြောင့်ပဲ ဆိုဗီယက်ပြည်ထောင်စုကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်အပေါ် ကြီးမားသောသံသယ စတင်ပေါ်ပေါက်လာခဲ့ပြီးတဲ့နောက် (၁၆)နှစ်အကြာမှာ မစ္စတာဂေါ်ဘာချော့ဟာ အဲဒီနိုင်ငံရေးယန္တရားကြီးရဲ့ ထိပ်ဆုံးနေရာအထိ  တက်လှမ်းရောက်ရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းရန် ကြိုးပမ်းမှု
    ဆိုဗီယက်ပြည်ထောင်စုရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပြီးနောက် မကြာမီမှာပဲ ဂေါ်ဘာချော့ဟာ သူ့ခေါင်းထဲမှာ နှစ်ရှည်လ များ အမြစ်တွယ်နေခဲ့ပြီးဖြစ်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ]]ပယ်ရီစထရိုက်ကာ}} ]]ဂလပ်စနော့}}ခေါင်းစဉ်တွေနဲ့ စလုပ်ပါတော့တယ်။ နောက်ဆုံးတော့ သူ့ရဲ့အဲဒီနိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေက (၁၉၉၁) သြဂုတ်လ(၂၀)ရက်နေ့မှာ ကွန်မြူနစ်အမာခံတွေရဲ့အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို ဖြစ်ပေါ်စေခဲ့ပြီး အဲဒါရဲ့အကျိုးဆက်အဖြစ် ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲမှုအထိ ဦးတည်သွားစေခဲ့ပါတော့တယ်။
    ခေတ်သစ်ကမ္ဘာရဲ့မဟာအင်အားရှင်နိုင်ငံကြီးနှစ်ခုထဲက တစ်ခုရဲ့ခေါင်းဆောင်အဖြစ်ကို လက်လွှတ်ခဲ့ရပြီးတဲ့နောက် အနှစ်နှစ်ဆယ်ကြာလာတဲ့ အခုအချိန်အထိ မစ္စတာ ဂေါ်ဘာချော့ဟာ အေးစက်တင်းမာမှုလွှမ်းမိုးကြီးစိုးတဲ့ကာလရှည်ကြီးတစ်ခု ဖြစ်တဲ့ စစ်အေးခေတ်ကို ကူညီနိဂုံးချုပ်ပေးခဲ့သူတစ်ဦးအဖြစ် ချီးကျူးထောမနာပြုခြင်းကို ခံနေရဆဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီကာလတစ်လျှောက်လုံးမှာ သူဟာ ဝေဖန်ပြစ်တင်မှုတစ်ပုံတပင်နဲ့လည်း ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ မိမိစတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို အရှိန်မြှင့်ဖို့ပျက်ကွက်ခဲ့သူ၊ ကွန်မြူနစ်ပါတီကို သမိုင်းရဲ့အမှိုက်ပုံးထဲသို့ အချိန်မီစွန့်ပစ်ဖို့ ပျက်ကွက်ခဲ့သူ၊ သူ့ကိုထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအကြား အင်အားချိန်ခွင်လျှာညှိရာမှာ သူတစ်ခါက အသုံးပြုခဲ့တဲ့ အပေးအယူအလျှော့အတင်းတွေရဲ့ သားကောင်အဖြစ်သို့ ပြောင်းလဲကျရောက်သွားတဲ့သူ စတဲ့ဝေဖန်ပြစ်တင်မှုတွေ ဖြစ်ပါတယ်။

ဘယ်လို တွေ့ရှိခဲ့သလဲ
    ဒါပေမယ့် ဆိုဗီယက်ကွန်မြူနစ်စနစ်ရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့လူတစ်ယောက်က အဲဒီကြီးမားလှတဲ့ဘီလူးသရဲ အင်ပါယာဗိမာန်ကြီးတစ်ခုလုံး ပြိုလဲသွားစေခဲ့တဲ့ ပထမဆုံးလက်သီးချက်ကို ထိုးရဲလောက်တဲ့ သံမဏိစိတ်ဓါတ်နဲ့ ပရိယာယ်တွေ ဘယ်လိုက ဘယ်လိုတွေ့ရှိသွားခဲ့သလဲ ဆိုတဲ့အကြောင်းကတော့ ဘယ်လောက်တွေးတွေး ဘယ်လောက်ရေးရေး တွေးဖို့ရေးဖို့ ထိုက်တန်တဲ့အကြောင်းအရာပဲ ဖြစ်ပါတယ်။
    ဘီဘီစီသတင်းဆောင်းပါးရှင် ဘရစ်ဂျက်ကင်ဒယ်လ်က သူ့ဆောင်းပါးကို အဲသလိုနိဂုံးချုပ်ထားတယ်ဗျ။

တိမ်တစ်ခဲနက် ရှုရင်းပျက်ခဲ့ပုံတွေ
    သူ့ဆောင်းပါးက ကျွန်တော့်အတွေးတွေကို လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ကမ္ဘာပေါ်မှာဖြစ်ပွားခဲ့တဲ့ ကြီးမားလှတဲ့သမိုင်း ဆိုင်ရာ လှည့်ပြောင်းမှုကြီးတစ်ခုနဲ့ နောက်ဆက်တွဲဖြစ်ရပ်များဆီသို့ ဆွဲခေါ်သွားခဲ့တယ်ဗျာ။ ဆိုဗီယက်က မအောင်မြင်တဲ့ အာဏာသိမ်းပွဲပြီးနောက် မကြာမီမှာ တစ်ချိန်ကအင်မတန်အင်အားကြီးမားလှတယ်လို့ယူဆခြင်းခံခဲ့ရတဲ့ ဆိုဗီယက်အင်ပါယာကြီး ]]တိမ်တစ်ခဲနက် ရှုရင်းပျက်သို့}}ဆိုသလို တမုဟုတ်ချင်း ပြိုကွဲသွားခဲ့ပုံတွေ၊ အဲဒီနောက်မကြာမီမှာပဲ နောက်ထပ်အင်ပါယာငယ် တစ်ခုဖြစ်တဲ့ ယူဂိုစလားဗီးယားပြည်ထောင်စုပြိုကွဲသွားခဲ့ပုံတွေ၊ အခု လတ်တလောပေါ်ပေါက်နေတဲ့ ]]အာရပ်နွေဦး}}အထိ ပုံရိပ်တွေကတော့ အစုံပဲဗျ။
    အဲဒီပုံရိပ်တွေထဲ နစ်မျောနေရင်း ကျွန်တော်စဉ်းစားနေမိတာတွေကတော့ ]]မျိုးစေ့မမှန် ပင်မသန်}}ဆိုသလို လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူရည်တူရှိမှုဆိုတဲ့ လောကပါလတရားတွေအပေါ်မှာ တည်ဆောက်ထားတာ မဟုတ်တဲ့ အင်အားဟာ အမြင်မှာ ပမာဏဘယ်လောက်ပဲ ကြီးမားပေမယ့် တကယ်တော့ စစ်မှန်တဲ့အင်အားမဟုတ်ကြောင်း၊ အဲဒီအင်အားဟာ အနှေး သို့မဟုတ် အမြန် မုချမသွေပြိုလဲပျက်သုန်းရမှာပဲဖြစ်ကြောင်း၊ အဲဒီအင်အားကို အပြင်က လာတာမဟုတ်ဘဲ အဲဒီအင်အားစနစ်ကြီးက မွေးထုတ်ပေးလိုက်တဲ့အရာကပဲ ဖြိုလှဲပစ်မှာ ဖြစ်ကြောင်း စတဲ့ သင်ခန်းစာ တွေအကြောင်း ဖြစ်တယ်ဗျာ။
၁၂ ၀၉ ၂၀၁၁
maungwuntha@gmail.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...