"ပညာရှင်"
Cloud Cuckoo Land created the doc:
ထိုသင်္ဘောပေါ်တွင် ပညာရှင် တစ်ဦးပါလာသည်။လူအများက ပညာရှင်၏ မိန့် မြွက်ချက်ကို ကြားချင်လှ၍ ပညာ ရှင်အနားဝိုင်းနေကြသော်လည်း ပညာရှင်က ပညာရှင်ပီသစွာ နှုတ် ဆိတ်နေ၏။တချို့က ပညာရှင်ကို မေးခွန်း ထုတ်ကြသည်။”ဆရာကြီးခင်ဗျာ၊ လူ့လောက မှာ နေထိုင်ဖို့ ဘာကအရေးကြီးဆုံး လဲခင်ဗျာ”
ပညာရှင်က ဆိတ်ဆိတ်သာ နေသည်။ တချို့ကလည်းမိမိ အတွက်သာကြည့်ကြသည်။ ”ဆရာကြီးခင်ဗျာ။ ကျွန်တော့် ရဲ့စီးပွားရေးပြေလည်အောင် ဘယ်လိုလုပ်ရပါ့”
ပညာရှင်က ဆိတ်ဆိတ်သာ။ကြာတော့ ပညာရှင်ဆိုသည် မှာ မလိုအပ်ဘဲ ဘာမှမမြွက်ကြားမှန်း လူတွေရိပ်မိလာသည်။ ထို့ ကြောင့် မေးခွန်းများမမေးမြန်းကြ တော့။ သို့သော်အခွင့်အခါသင့်လျှင် ပညာရှင်မည်သို့မြွက်ကြားမည်ကို စိတ်ဝင်တစားနှင့် ငံ့လင့်နေကြဆဲ။သင်္ဘောက အရှိန်မှန်မှန်ခုတ် မောင်းလာသည်။ စင်ရော်ငှက်များ က သင်္ဘောနား အစာရှာရင်း ပျံဝဲ နေသည်။ ပညာရှင်က စင်ရော်ငှက်များ ကို လိုက်ငေးသည်။ သူ့ကိုစောင့်ကြို နေသောခရီးသွား သာဝကများက လိုက်ကြည့်သည်။
ပညာရှင်က ဘာမှမမြွက်ကြား။ ပြောလောက်စရာမရှိ၍ ဖြစ်မည်။သင်္ဘောနောက်တွင် ကျန်ရစ်ခဲ့ သော ရေလှိုင်းများကို ဝေ့ကြည့် ပြန်သည်။ အားလုံးက ပညာရှင် ကြည့်ရာလိုက်ကြည့် ကြသည်။ပညာရှင်ကသက် ပြင်းချရင်းဆိတ်ဆိတ် နေသည်။အားလုံးက ပညာရှင်၏နှုတ် မြွက်စကားကို မျှော်လင့်ဆဲ။ပညာရှင်က သူ့ကို ဂရုမစိုက် နိုင်ဘဲ ဝမ်းရေးအတွက် သင်္ဘော ပေါ်ဈေးရောင်းရရှာသော ဈေး သည်လေးများကိုစိုက်ကြည့်ပြန်သည်။ အားလုံးကသူကြည့်ရာ လိုက်ကြည့် ပြန်သည်။ ဘာမှမထူးခြား။ဤသို့ဖြင့် သင်္ဘောက တစ်ဖက် ဆိပ်ကမ်းကိုရောက်သည်။ ခရီးသွား များအားလုံးပညာရှင်၏ စကားကို မစောင့်နိုင်တော့ဘဲလိုရာခရီးကို ရောက်ရန် သင်္ဘောပေါ်မှ ကမ်းပေါ် သို့ အလုအယက်တိုးဆင်းကြသည်။သင်္ဘောကုန်းပေါင်က သေးပြီး လူတွေအလုအယက်တိုးဝှေ့မိသော အရှိန်ကြောင့် ကမ်းပေါ် မှောက်လဲ ကုန်ကြသည်။ထိုစဉ် ပညာရှင်က ရုတ်ခြည်း ထ၍ပညာရှိစကားကိုဆို၏။
”အို..ကြည့်ကြစမ်းကွယ့်၊ လို ရာခရီးရောက်နေတာတောင် တိုး ဝှေ့ဆင်းကြတော့ အလဲလဲ အပြိုပြို ဖြစ်ကုန်တာပဲကွယ်။ ငါတို့လိုအေး အေးဆေးဆေးနေတော့ အတိုး အဝှေ့မခံရဘူးမဟုတ်လား”ပညာရှင်စကားကြားတော့ လူ အများအသိအမြင်ရ သွားကုန်၏။ ”ဟုတ်သား။ တိုးဝှေ့ဆင်းတော့ အလဲလဲအပြိုပြိုဖြစ်ပြီပေါ့” ”ဆရာကြီးပြောတာမှန်တယ်။ ဒါမျိုးကိုအေးဆေးလုပ်လည်းရသား” ”ပညာရှင်ပီသပါပေတယ်။တစ် ခွန်းဆိုတစ်ခွန်းတန်ဖိုးရှိပါပေတယ်”လူအများက ပညာရှင်အား ချီးမွမ်းကာ တိုးဝှေ့မဆင်းတော့ဘဲ သင်္ဘောပေါ်၌ သက်သောင့်သက် သာပြန် ထိုင်နေလိုက်ကြသည်။
သင်္ဘောကား လာရာလမ်းအတိုင်း ပြန်လည်ခုတ်မောင်းနေသည်။ ပညာရှင်စကားနားထောင်၍ (ထိုင်ရာကမထသူများ ကား)မည်သူမျှခရီး မရောက်ကြပေ။
written by အကြည်တော်

0 comments:
Post a Comment