Friday, September 16, 2011

"သန်မာကြံ့ခိုင်တဲ့ လူ့ဘောင်ဆီသို့ လှမ်းရာဝယ် (အပိုင်း-၁)"


Min Thant Syn created the doc:
ပြီးခဲ့တဲ့လ လဆန်းပိုင်းက အင်္ဂလန်နိုင်ငံက အစိုးရမဟုတ်တဲ့ လူမှုရေးအသင်း တခုမှာ သီတင်းပတ် ၂ ပတ်တိတိ လုပ်အားပေးလုပ်ခဲ့တဲ့ အတွေ့အကြုံလေးတွေကို ပြန်ဖောက်သယ်ချလို့ ဒီဆောင်းပါးလေး ရေးဖြစ်တာပါ။ အဲဒီလုပ်အားပေး အလုပ်ကနေ ဘယ်လို အကြောင်းအရာတွေက အမှုမဲ့အမှတ်မဲ့ကနေ သတိထား ဆင်ခြင်စရာလေးတွေ ဖြစ်လာတယ်ဆိုတာကို ဝေငှချင်လို့ပါ။ တကယ်တော့ လုပ်အားသွားပေးဖြစ်တဲ့ အဲဒီလူမှုရေး အသင်းအဖွဲ့လေးက တပိုင်တနိုင် အသေးစား လူမှုကူညီရေး အသင်းလေး ဖြစ်ပါတယ်။

အဲဒီအသင်းလေး ဘယ်လိုဘယ်ပုံ ပေါ်ပေါက်လာလဲ ဆိုတာကို ကြည့်ကြရအောင်ပါ။ မသန်စွမ်း (မသန်ပေမယ့် စွမ်းဆောင်နိုင်သူ) ကလေးငယ်တွေရဲ့ မိဘစုံတွဲ ၂ တွဲက မသန်စွမ်းလေးငယ်တွေလည်း တခြားကလေးတွေလို ဆော့နိုင်၊ ပြုနိုင်အောင် စုပေါင်းအားနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြမယ်ဆိုပြီး ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက သူ့တို့ရပ်ကွက်ထဲက ပန်းခြံလေးတခုမှာ အတူထိုင်၊ ညှိနှိုင်းဆွေးနွေးကာ အကောင်ထည်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ ပေါ်ပေါက်လာတဲ့ ဒီလူမှုကူညီရေး အဖွဲ့လေးက ဒီနှစ် ၂၀၁၁ ခုနစ် ဇွန်လမှာ အနှစ် ၄၀ ပြည့်ခဲ့ပါပြီ။ ဒီအနှစ် ၄၀ အတွင်း နွေရာသီပိတ်ရက်မှာ အချိန်ပြည့် ၂ ပတ်တိတိ အစီအစဉ်တခုရယ်၊ နောက်ပြီး စက်တင်ဘာလကနေ နိုဝင်ဘာလအထိ ၃ လအတွင်းမှာ ၁၄ ရက်တကြိမ် စနေ၊ တနင်္ဂနွေနေ့တွေမှာ လုပ်အားပေး အစီအစဉ်ဆိုတာရယ်၊ နှစ်သစ်ကူးချိန် ၅ ရက်စခန်းဆိုပြီး အစီအစဉ်အမျိုးမျိုး သတ်မှတ်ပြီး မသန်စွမ်းတဲ့ လူငယ်လူရွယ်ကို ကူညီစောင့်ရှောက် ကြပါတယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ မသန်စွမ်းတဲ့သူတွေကို နာမ်စားအမည်ခေါ်မှုနဲ့ ပတ်သတ်ပြီး ကြားဖြတ် ပြောပြချင်ပါတယ်။ မသန်စွမ်း လူငယ်လူရွယ်တွေအားလုံးကို အဲဒီလူမှုရေးအသင်းကနေ သူတို့အသင်းရဲ့ အဖွဲ့ဝင် (member) တွေလို့ ခေါ်စေပါတယ်။ အမည်မှည့်ခေါ်မှုကလည်း အရေးကြီးပါတယ်။ တကယ်လို့ သူတို့တွေကို မသန်စွမ်းတွေ၊ အကျိုးအကန်းတွေ၊ ကျပ်မပြည့်တွေ၊ အ’ အတွေ၊ ရွှေအတွေလို့ ခေါ်လိုက်မယ်ဆိုရင် သူတို့တတွေမှာ ပိုပြီး စိတ်အားငယ်စရာ ဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကို စကားပြန်မပြောနိုင်ပေမယ့် သူတို့ကို အဲဒီလို မခေါ်ရ၊ မပြောရဘူးဆိုတဲ့ အထူးကြပ်မတ်တဲ့ စည်းကမ်းရှိပါတယ်။

ပုဂ္ဂလိက လူမှုကူညီရေးအသင်းလေးမှာ မသန်းစွမ်းတဲ့သူတွေ တီးနိုင် မှုတ်နိုင်၊ ဆိုနိုင် ကနိုင်အောင် ကူညီပေးမယ့် အတီးအမှုတ်ပညာရှင်တွေ၊ နောက် အုပ်စုလိုက် ကစားနိုင်ဖို့ အားကစားနည်းပြတွေ၊ မသန်စွမ်းသူတွေအတွက် အထူးအရေးပါတဲ့ အနှိပ်ပညာရပ် ကျွမ်းကျင်တဲ့လူတွေ၊ ပန်းချီဆရာ၊ ပန်းပုဆရာ စတဲ့ အတတ်ပညာရှင်တွေ နဲ့ မသန်စွမ်းတွေကို စောင့်ရှောက်ပေးမယ့် လုပ်အားပေးတွေ ပါဝင်ပါတယ်။

နွေရာသီလုပ်အားပေး သီတင်း၂ ပတ် အစီအစဉ်မှာ ပါဝင်လုပ်အားပေးမယ့်သူတွေဟာ မနက် ၉ နာရီခွဲတာနဲ့ လုပ်အားပေးစခန်းကို အရောက်လာကြရပြီး ညနေ ၅ နာရီခွဲမှ ပြန်ကြရပါတယ်။ ကိုယ်လုပ်အားပေး လုပ်ပေးရမယ့် ကိုယ့်အဖွဲ့ဝင်တွေ မလာခင်မှာ လက်ဖက်ရည်သောက် မုန့်စားရင်း ကိုယ့်အဖွဲ့ဝင်ရဲ့ ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတဲ့ တနေ့တာ အချိန်စာရင်းကို မှတ်သားကြရပါတယ်။ အဖွဲ့ဝင်တွေက မနက်၁၀ နာရီကနေ ၁၀ နာရီ ၁၅ မိနစ်အတွင်းမှာ တဖွဲဖွဲနဲ့ရောက်လာကြပါတယ်။ ကိုယ့်အဖွဲ့ဝင် ရောက်လာပြီဆိုရင် သူနဲ့ လက်ဖက်ရည်သောက် ကော်ဖီသောက်ရင်း တနေ့တာ အစီအစဉ်တွေကို တတ်နိုင်သလောက် ရှင်းပြရပါတယ်။ အဖွဲ့ဝင်တွေအားလုံးနဲ့ လုပ်အားပေးမယ့်သူတွေအားလုံး မနက် ၁၀ နာရီ ၁၅ မိနစ်ကနေ ၁၀ နာရီခွဲအထိ ၁၅ မိနစ်တာ သွေးပူလေ့ကျင့်ခန်းစလုပ်ရင်း တနေ့တာ အစီအစဉ်ကို စကြရပါတယ်။

အဖွဲ့ဝင်တွေရဲ့တနေ့တာ အချိန်စာရင်းမှာ ၄၅ မိနစ်စီ ပိုင်းခြားထားတဲ့ အစီအစဉ် ၄ ခု ပါဝင် ပါတယ်။ အစီစဉ် တခုနဲ့တခုအကြား အကူးအပြောင်းကို ၁၅ မိနစ်၊ မိနစ် ၂၀ လက်ဖက်ရည်သောက် အအေးသောက် လုပ်နိုင်ပါတယ်။ တနေ့တာ အချိန်စာရင်းကိုလည်း အဲဒီအဖွဲ့ဝင်ရဲ့ စိတ်ဝင်းစားမှုအပေါ် မှုတည်ပြီး ရေးဆွဲထားလို့ အဖွဲ့ဝင်တိုင်းလိုလိုက သူတို့ လုပ်ဆောင်ရမယ့် ပန်းချီးဆွဲခြင်း၊ ပန်းပုထုခြင်း၊ သီဆိုတီးမှုတ်ခြင်းတွေမှာ တက်တက်ကြွကြွပါဝင်တာကို တွေ့ရပါတယ်။ သူတို့ ရေးခြယ်ထားတဲ့ ပန်းချီတွေနဲ့ ထုဆစ်ထားတဲ့ ပန်းပုတွေကို ညနေစောင်းလို့အိမ်ပြန်ရင် ယူဆောင်သွားခွင့်ရှိပါတယ်။

တခါ တပတ်ကို ၁ ရက် အဖွဲ့ဝင်တွေဟာ မြို့ထဲမှာရှိတဲ့ အပန်းဖြေနေရာတွေနဲ့ ပြတိုက်ကို သွားရောက် လည်ပတ်ခွင့် ရရှိကြပါတယ်။ ဒါတွေလုပ်နိုင်ဖို့ အဖွဲ့ဝင်တဦးကို ကူညီဖို့ လုပ်အားပေး ၂ ယောက် ပေးပါတယ်။ ဒီလုပ်အားပေး၂ ဦးဟာ အဲဒီအဖွဲ့ဝင်ရဲ့ လိုအပ်ချက်တွေကို ပိုပြီး နားလည်ကူညီနိုင်အောင် အတွက် သူတို့ ၃ ဦးကို အဲဒီ နွေရာသီလုပ်အားပေး ၂ ပတ်လုံး အတူရှိကြပါတယ်။

ညနေ ၄ နာရီထိုးရင် အဲဒီအဖွဲ့ဝင်တွေကို သူတို့ မိသားစုတွေ၊ သူနေထိုင်တဲ့ အဆောင်တွေက တာဝန်ရှိသူတွေကနေ အသီးသီး ပြန်လာခေါ်ကြပါတယ်။ အဖွဲ့ဝင်တွေအားလုံး ပြန်ပီဆိုရင် ကျန်ခဲ့တဲ့ လုပ်အားပေးအဖွဲ့ဝင် ၁၀ ဦး တအုပ်စုကနေ သူတို့ရဲ့ အဖွဲ့ခေါင်းဆောင်ဆီမှာ တနေ့တာ ပျော်စရာဖြစ်ဖြစ်၊ အဖွဲ့ဝင်ရဲ့ ကျန်းမာရေးအခြေအနေ၊ ကိုယ့်အဖွဲ့ဝင်က ဘယ်အစီအစဉ်မှာ ပါဝင်မှု အားကောင်းတယ်၊ မကောင်းဘူးဆိုတာတွေကို အသေးစိတ် တင်ပြဆွေးနွေးကြရပါတယ်။ ဒီအစည်းအဝေးဟာ အချိန် ၁ နာရီကနေ ၁နာရီခွဲလောက် အထိကြာပါတယ်။

အားလုံးပြီးပြီ ဆိုရင်တော့ လုပ်အားပေးအဖွဲ့ဝင် အားလုံး ကိုယ့်အိမ့်ကိုယ့်ရာကို ပြန်လို့ရပါပြီ။ အိမ်ကိုပြန်ဖို့အတွက် ဘတ်စ်ကားမှတ်တိုင်၊ ရထားမှတ်တိုင်ဆီ သွားရာလမ်းတလျောက် လုပ်အားပေးအချင်းအချင်း ကိုယ့်ရဲ့အတွေ့ကြုံ သူ့အတွေ့ကြုံတွေ ဖလှယ်ရင်း နောက်နေ့အတွက် အပြန်အလှန် အားပေးကြတာက တကယ့်ကို ပျော်ရွှင်စရာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီလုပ်အားပေး ၂ ပတ်ဟာ လုပ်အားပေးကြတဲ့သူတွေအတွက် အင်မတန် ပင်ပန်းကြပါတယ်။ မနက် ၇ နာ၇ီ ၈ နာရီလောက် ကတည်းက အိမ်ကနေ ထွက်ပြီး ညနေ ၆ နာရီခွဲ ၇ နာရီမှ အိမ်ကို ပြန်ရောက် ကြရပါတယ်။

အဖွဲ့ဝင်တွေကို တနေ့လုံး ကူညီစောင့်ရှောက်ရတဲ့ အလုပ်က တခြားအလုပ်တွေ တနေကုန် လုပ်ရတဲ့ အလုပ်ထက်ပိုပြီး စိတ်ပင်ပန်း လူပင်ပန်းဖြစ်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်အဖွဲ့ဝင်အများစုက စကားမပြောတတ်တဲ့သူတွေ ကိုယ်ခန္ဓာချို့တဲ့သူတွေ၊ ပုံမှန် စိတ်အခြေအနေ မရှိသူတွေ ဖြစ်ကြလို့ပါဘဲ။ စိတ်ပင်ပန်း လူပင်ပန်းဖြစ်ရသလို တဖက်မှာလည်း သူ့တို့နေရာမှာ ကိုယ်သာဆိုရင်ဆိုတဲ့ အတွေးနဲ့အတူ ပိုပြီး ကြင်နာတဲ့ စိတ်ခံစားမှုရရှိပါတယ်။ အဲဒီ ခံစားချက်တွေနဲ့အတူ သူတို့တွေကို ဘာတခုကမှ မထိခိုက်အောင်၊ သူတို့လုပ်ချင်တဲ့ အရာတွေကို ဝိုင်းဝန်းလုပ်ဆောင်ပေးချင်တဲ့ စိတ်မျိုးဖြစ်လာအောင် လှုံဆော်တဲ့ စိတ်ကူးကောင်းလေးတွေ ရလာပါတယ်။
အေးနှင်းညို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...