Friday, September 9, 2011
ပညာအလှူသည် အမြတ်ဆုံးဖြစ်သည်
by Moenge Aung on Saturday, September 10, 2011 at 6:57am
ပညာအလှူသည်အမြတ်ဆုံးဖြစ်သည်  
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ
စာပေမြင့်မှ လူမျိုးတင့်မည်။ လူမျိုးတင့်မှ တိုင်းပြည်မြင့်မည်။ စာပေသည် တိုင်းပြည်နှင့် လူမျိုး၏ အသက်ဖြစ်သည်။
စာပေထွန်းကားမှ နိုင်ငံထွန်းကားမည်။ စာပေသည် ရတနာမျိုးစုံကို ထည့် သွင်း သိမ်းဆည်းထားသော သေတ္တာတစ်လုံးနှင့်တူသည်။ တန်ဘိုးရှိသော ပညာရပ်မှန်သမျှကို စာပေဖြင့် ခေတ်အဆက်ဆက် မှတ်တမ်းတင်ထားခဲ့ကြသည်။
ထို့ကြောင့် နိုင်ငံနှင့်လူမျိုးကို တိုးတက်အောင် ပြုလုပ်ရာ၌ စာပေကို မျက်ကွယ်ပြု၍ မရနိုင်ပေ။
စာပေသည် အမှောင်နှင့်အလင်း အမှားနှင့်အမှန်ကို ရှင်းလင်း သိနိုင်အောင် ပြသပေးသော မီးရှူးတန်ဆောင် အလင်းရောင် ဖြစ်သည်။
ထို့ကြောင့် တိုင်းပြည်နှင့် လူမျိုး၊ ဘာသာနှင့် သာသနာ တိုးတက်စည်ပင်ရေးအတွက် စာပေတည်းဟူသော မီးရှူးတန်ဆောင်ကို အရှိန်အဟုန် မပျက် ဆက်လက် ညှိထွန်းနေရမည်ဖြစ်သည်။ စာပေသည် အလင်းတကာတို့ထက် ပိုမို၍ လင်းအားကောင်းသော အရာဖြစ်သည်။ စာပေအလင်းရောင်ကြောင့် တိုင်းပြည်သည် တစ်ခဏချင်း လင်းထိန်သွားနိုင်သည်။
လူမျိုးသည် တောက်ပြောင် နိုင်သည်။ ဘာသာနှင့် သာသနာသည် ထိပ်တမ်းသို
့ မြင့်တက်သွားနိုင်သည်။ ထို့ကြောင့် တိုင်းပြည်နှင့် လူမျိုးအပေါ် ချစ်မြတ်နိုးသော စိတ်ကို ဖော်ပြသောအားဖြင့် စာပေအလံတံခွန်ကို အမြင့်ဆုံးသို့ ရောက်အောင် မြှင့်တင်နေရမည်ဖြစ်သည်။
တနည်းအားဖြင့် စာပေသည် ပညာရပ်အားလုံးတို့၏ ကိုယ်စားပြု နာမ်စားတစ်ခုဖြစ်သည်။ စာပေကို လိုက်စားခြင်းဖြင့် ပညာရပ်အားလုံးကို တတ်သိနားလည်ပြီး အများအားကိုးထိုက်သည့် အကျိုးပြု ပညာတတ်ကြီးအဖြစ်သို့ ရောက်ရှိနိုင်သည်။
စာပေကြောင့် အသိအမြင်နှင့် ဘဝ အခြေအနေ တိုးတက် ပြောင်းလဲ သွားသူများ ကမ္ဘာတစ်ဝှမ်း၌ မြောက်များစွာရှိသည်။
ပညာနှင့်ပတ်သက်၍ မြတ်စွာဗုဒ္ဓသည် အောက်ပါမှတ်သားဘွယ်ရာ နီတိဆန်သော စကားရပ်များကို မိန့်ကြားတော်မူခဲ့သည်။
နတ္ထိ ပညာသမာ အာဘာ နတ္ထိ (သံ၊၁၊၆၊ပါ) လောက၌ ပညာနှင့်တူသော အလင်းရောင် မရှိ။
ပညာ နရာနံ ရတနံ (သံ၊၁၊၃၃၊ပါ) ပညာသည် လူတို့အတွက် တန်ဘိုးမဖြတ်နိုင်သော ရတနာရွှေအိုး။
ပညာ လောကသ္မိံ ပဇ္ဇောတော (သံ၊၁၊၄၁၊ပါ) ပညာသည် လောကကြီးအတွက် အကောင်းဆုံး အလင်းရောင်။
ထို့ပြင် စက္ခုံ ဥဒပါဒိ၊ ဥာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ ပညာမျက်စိ၊ အသိ၊ အမြင်၊ နားလည်မှုများရှိလျှင် ဘဝလွတ်မြောက်မှုကို ရနိုင်သည်ဟု အားပါးတရ မိန့်ကြားတော်မူခဲ့သည်။ ထို့ကြောင့် အမှောင်ကင်း ပျောက်သော လောကကြီးဖြစ်စေရန် အသိမှန် အမြင်မှန်ပေးနိုင်သော စာပေများကို ဦးစားပေးစနစ်ဖြင့် ဖတ်ရှုလေ့လာ ပြန့်ပွားအောင်ပြုလုပ်ရမည်ဖြစ်သည်။
သံယုတ်ပါဠိတော်၌ ခွန်အားကောင်းလိုသော် အစာအာဟာရကို လှူ၊ ရုပ်ရည်ကောင်းလိုသော် အဝတ်တန်ဆာကိုလှူ၊ မျက်စိကောင်းလိုသော် အလင်းရောင်ကိုလှူ၊ ချမ်းသာကို အလိုရှိသော် ယာဉ်ရထားကို လှူ၊ ၄င်းသုံးမျိုးကို တစ်ပြိုင်နက် ရလိုသော် အရိပ် အာဝါသ ကျောင်း ဇရပ်ကို လှူ။ အသိဥာဏ်ကြီးလိုသော် တရား(ပညာ)ကိုလှူ (သံ၊၁၊၂၉၊ပါ) ဟု မြတ်စွာဗုဒ္ဓမိန့်
တော် မူခဲ့သည်။ ထို့ကြောင့် အသိဥာဏ်ကြီးလိုက အသိဥာဏ်ကြီးကြောင်း ပညာရပ်များကို ဖြန့်ဝေခြင်း မှတစ်ပါး အခြားနည်းလမ်း မရှိတော့ပေ။ ပညာရပ်ကို ဖြန့်ဝေသည် ဆိုရာ၌ သင်ကြားခြင်း၊ သင်ယူခြင်း၊ တရားစကား ပြောခြင်း၊ နားထောင်ခြင်းများအပြင် စာအုပ်စာပေများ ပေး လှူခြင်းများလည်းပါဝင်သည်။
နံရံများ၏ ပဲ့တင်သံများသည် တူသော တန်ပြန်သက်ရောက်မှုနှုန်းများဖြစ်သည်။ အလေး အပေါ့ အကျယ်အကျဉ်း အကောင်းအဆိုးအတိုးအမြင့်သည် မူလဘူတ ပြုလုပ်သူ၏ အင်အားနှင့် များစွာ သက်ဆိုင် သည်။ ဆိုလိုသည်မှာ လောက၌ အရာရာသည် အကြောင်းမဲ့ သက်သက်ဖြစ် နေခြင်းမဟုတ်ဘဲ အကြောင်းအကျိုး အားဖြင့် နှီးနွှယ် ဖြစ်ပျက်နေခြင်းဖြစ်သည်။ ထိုကို ပညာရှိ သူတော်ကောင်းများက ဇနေတိ သဒိသံ ပါကံ (အဘိ၊၃၆)လောက၌ အရာရာသည် တူသော တန်ပြန်သက်ရောက်မှုနှုန်းရှိသည် ဟု အလေးအနက် မိန့်ကြား တော်မူခဲ့ခြင်းဖြစ်သည်။ ။
ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ။
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...