ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၂) ၊ အပိုင်း(၃)
“နိုင်ငံရေး” ကို အရစ္စတိုတယ်က
ရှုမြင်သုံးသပ်ပုံ
ဒဿနိကပညာရှင် အရစ္စတိုတယ် (၄၈၄-၃၂၂ဘီစီ) ၏ ခေတ်ကာလတွင် ဂရိနိုင်ငံသည်
အေသင် (Athens) သီးဘီးစ် (Fhebes)၊ ကိုရင်သ် (Corinth)၊ စပါတာ (Sparta) အစရှိသော
သီးခြား မြို့ပြ နိုင်ငံငယ်လေးများအဖြစ် တည်ရှိခဲ့သည်။ အင်္ဂလိပ် ဝေါဟာရဖြစ်သည့် Politics (နိုင်ငံရေး) သည်၊ ဂရိ ဝေါဟာရဖြစ်
သည့် Polis (မြို့ပြနိုင်ငံ) မှ ဆင်းသက်လာခြင်းဖြစ်သည်။
အရစ္စတိုတယ်၏ အရေးအကြီးဆုံး သော သဘောတရား သုံးရပ်မှာ-
(၁) တည်ရှိနေသမျှ အခါခပ်သိမ်းသည် ၄င်းတို့ကို ဖန်တီးထားသည့်
ပုံစံအပေါ်မူတည်၍ “အဆုံးနိဂုံး” သို့ မဟုတ် “ရည်ရွယ်ချက်ပန်းတိုင်” (ဂရိဘာသာစကားအားဖြင့် telos) ရှိရစေစမြဲဖြစ်သည်။
(၂) လူသားတို့၏ ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်ရှိစေနိုင်စွမ်းသော
လူ့ဘ၀၏ သက်ဆိုင်ရာအစိတ်အပိုင်း များအတွက် ၄င်းတို့ကို ဖန်တီးထားသည့် ပုံစံအပေါ်မူတည်၍
သင့်တော်သော တတ်သိပညာ သို့မဟုတ် သိပ္ပံ ပညာရှိသည်။ ဥပမာ ကျန်းမာရေးမကောင်းပဲနှင့် လူ့ဘ၀၏
ရည်မှန်းချက်တို့ မပြည့်ဝနိုင်။ ကျမ်းမာရေးနှင့် ပတ်သက်သော သိပ္ပံပညာသည် ဆေးပညာဖြစ်သည်။
(၃) နိုင်ငံရေး၏ အန္တိမပန်းတိုင် (သို့မဟုတ်) နိုင်ငံရေးဆိုင်ရာ
သိပ္ပံပညာရပ်၏ ရည်မှန်းချက်မှာ လူသားတို့ အား နိုင်ငံရေးအသိုက်အ၀န်း၏ အဖွဲ့ဝင်တစ်ဦး
အဖြစ်ဖြင့် အကောင်းဆုံးသော ဘ၀ကိုရရှိနိုင်အောင် ဖန်တီးမြှင့် တင်ပေးရန် ဖြစ်သည်။ အရစ္စတိုတယ်က
နိုင်ငံရေးဆိုသည်မှာ လူသားတို့၏ ဘ၀ကို အကောင်းဆုံး အနေ အထားတစ်ရပ်သို့ ရောက်ရှိစေနိုင်စွမ်းသော
သိပ္ပံ သို့မဟုတ် ၀ိဇ္ဇာပညာရပ် ဖြစ်သည်ဟု ဆိုခဲ့သည်။ အကြောင်း မှာ (ပထမအခန်းတွင် ယဉ်ကျေးမှုနှင့်ပတ်သက်၍
ဆွေးနွေးခဲ့စဉ်က ဖော်ပြခဲ့သကဲ့သို့) လူသားတို့သည် လိုအပ် ချက်အရ အုပ်စုဖွဲ့ကာ နေကြရခြင်းကြောင့်
ဖြစ်သည်။ ယင်းအုပ်စု သို့မဟုတ် လူသားတို့၏ နိုင်ငံရေးဘ၀သည် ပျော်ရွှင်ရေးနှင့် တိုးတက်ကောင်းမွန်ရေးတို့ကို
အရယူပေးနိုင်စွမ်းသော အရည်အချင်းနှင့်တကွ သူတို့၏ ထူးခြား သော ၀ိသေသ စရိုက်လက္ခဏာကိုပါ
ချမှတ်ပေးသည်။ လူသားတို့၏ သန်စွမ်းနိုင်ခြင်းနှင့် အားပျော့ခြင်း၊ ရဲစွမ်း သတ္တိရှိခြင်းနှင့် သူရဲဘောနည်းခြင်း၊
ဥာဏ်ပညာကြီးခြင်းနှင့် ထုံထိုင်းခြင်း၊ ကိုယ်တိုင် တီထွင်ကြံဆနိုင်စွမ်းရှိခြင်း နှင့်
သူတပါးအပေါ် မှီခိုလွန်းခြင်း၊ ဂုဏ်သိက္ခာကြီးမြတ်ခြင်းနှင့် ဂုဏ်သိက္ခာကင်းမဲ့ခြင်း အစရှိသည်တို့သည်
သက်ဆိုင်ရာ နိုင်ငံရေးအသိုက်အ၀န်း၏ သဘောသဘာဝ အပေါ်တွင် အဓိကမှီတည်လျက် ရှိသည်။
နီကိုမာချီယင် ကျင့်ထုံး (Nicomachean Ethics, I., it .3 –ii.8) တွင်
အရစ္စတိုတယ်က အောက်ပါအ တိုင်း ဆိုခဲ့သည်။ “ကျွန်ုပ်တို့အနေဖြင့်” “အကောင်းမြတ်ဆုံးအရာ”
၏ သရုပ်သကန်ကို အတိအကျ ပုံဖော်နိုင်ရန် အတွက်ကြိုးပမ်းသင့်သည်။ ထို့ပြင် သဘောတရားရေးရာ
သို့မဟုတ် လက်တွေ့ရေးရာ သိပ္ပံပညာရပ်များအနက် မည်သည့်ပညာရပ်က ဤအရာဆီသို့ ရှေးရှုကြောင်းကိုလည်း
သိရှိရအောင် ကြိုးပမ်းသင့်သည် သိပ္ပံပညာရပ် များအနက် ထိပ်တန်းအကျဆုံးသော “မဟာပညာရပ်”
တို့၏ ဦးတည်ချက်သည် ဤအရာပင်ဖြစ်ကြောင်း ယခု အခါ ငြင်းဖွယ်မရှိလောက်ပြီ။ ထို မဟာပညာရပ်ဆိုသည်ကား
“နိုင်ငံရေးဆိုင်ရာ သိပ္ပံပညာရပ်” ပင်ဖြစ်သည်။ အကြောင်းမှာ “နိုင်ငံတော်” အတွက် မည်သည့်
သိပ္ပံပညာရပ်များ လိုအပ်ကြောင်းနှင့် နိုင်ငံသားတို့အနေဖြင့် မည်သည့်ခက်ဖြာ အသိပညာရပ်များကို
ဆည်းပူးရန် လိုအပ်ကြောင်းတို့အား ထိုပညာရပ်က ခန့်ခွဲပုံသွန်း ပေးသောကြောင့်ပင် ဖြစ်သည်။
အဆင့်မြင့်လှသည်ဆိုသော ပညာရပ်များဖြစ်သည့် သေနင်္ဂဗျူဟာ၊ ပြည်တွင်း စီးပွားရေး နှင့် ဟောပြောခြင်း အတတ်ပညာတို့သည်ပင် ဤနိုင်ငံရေး သိပ္ပံပညာရပ်၏
လက်ခွဲပညာရပ်များဖြစ် ကြောင်း ကျွန်ုပ်တို့လေ့လာတွေ့ရှိခဲ့ပြီး ဖြစ်သည်။ နိုင်ငံရေးသိပ္ပံပညာရပ်များကို
နေရာချ ခန့်ခွဲသည်သာမက၊ ပြည်သူတို့အနေဖြင့် မည်သည်ကို ပြုအပ်သည်၊ မည်သည်ကို မပြုအပ်ဆိုသည့်
ဥပဒေတို့ကိုပင် ချမှတ်ပေးနိုင် စွမ်းရှိသောကြောင့်၊ ဤပညာရပ်၏ အန္တိမ ရည်မှန်းချက်၌ အခြားပညာရပ်တို့၏
အန္တိမ ရည်မှန်းချက်တို့လည်း မလွဲမသွေ ပါဝင်ရပေမည်။ သို့ဖြစ်ရကား ဤ နိုင်ငံရေးသိပ္ပံပညာရပ်၏
အန္တိမ ရည်မှန်းချက်သည် လူသားတို့၏ ကောင်းကျိုးချမ်းသာပင် ဖြစ်ရချေမည်။
အရစ္စတိုတယ်၏
ဆိုလိုရင်းကို အကျဉ်းချုံ့တင်ပြရလျှင်-
(၁) လူသားတို့သည် လိုအပ်ချက်အရ အုပ်စုဖွဲ့ကာ နေကြရသည်။
(၂) အုပ်စုဖွဲ့နေထိုင်ကြမှသာ လူသားတို့သည် အကောင်းဆုံးအခြေအနေတစ်ရပ်ကို
ရရှိနိုင်သည် (သို့မဟုတ်) မိမိတို့ ကိုယ်စွမ်းကိုယ်စကို သိရှိလာနိုင်သည်။
(၃) အုပ်စုတို့ရှင်သန်ရေးအတွက် (ဥပဒေအရ) အုပ်ချုပ်ထိန်းကွပ်ရသည်ဖြစ်ရာ
ထိုအုပ်စုတို့ တည်တံ့ခိုင်မြဲ ရန်မှာ ၄င်းတို့ကိုယ်တိုင်က နိုင်ငံရေးအသိုက်အ၀န်း တစ်ရပ်အဖြစ်
တည်ရှိနေခြင်းအပေါ် မူတည်သည်။
(၄) နိုင်ငံရေးအသိပညာသည် အခြားသော သိပ္ပံပညာရပ်များထက်ပို၍
လူသားတို့၏ ကောင်းကျိုးကို မြှင့်တင်ပေးနိုင်ရခြင်းအကြောင်းမှာ နိုင်ငံရေးအသိပညာကသာလျှင်
အခြားသိပ္ပံပညာရပ်များနှင့် သုတပညာရပ် များကို ဖြစ်တည်စေနိုင်သောကြောင့်ဖြစ်သည်။ ဤနိုင်ငံရေးပညာရပ်ကို
အရစ္စတိုတယ်က “မဟာပညာရပ်” ဟုခေါ်ဆိုသည်။
အရစ္စတိုတယ်၏အဆိုကို
ပိုမိုရှင်းလင်းစိမ့်သောငှာ ဥပမာအချို့ပေး၍တင်ပြပါမည်။ မြန်မာနိုင်ငံတွင် အမြင့်မြတ်
ဆုံးနှင့် သိက္ခာအရှိဆုံး လူသားဘ၀မှာ ရဟန်းသံဃာဘ၀ဖြစ်ပါသည်။
အချို့မှာတောမှီရဟန်းများဖြစ်သော်
လည်း အများစုမှာ သင်္ခမ်းကျောင်းများ၌ သီတင်းသုံးကြပါသည်။ တရားဘာဝနာကျင့်ကြံအားထုတ်ရန်နှင့်
ဗုဒ္ဓဓမ္မ ကျမ်းဂန်တို့ကို လေ့လာဆည်းပူးရန်အတွက် ပစ္စည်းလေးပါး ဒါယကာများအပေါ် မှီတည်ကြရသည်။
ထို့အပြင် ရဟန်းများနှင့်တကွ အခြားလူပုဂ္ဂိုလ်တို့အတွက် တရားဥပဒေစိုးမိုးသော ပတ်ဝန်းကျင်ရှိမှသာ အကျိုးကျေးဇူး
များပေလိမ့်မည်။ အကယ်၍ နိုင်ငံရေးလူ့ဘောင် အသိုက်အ၀န်းတစ်ရပ်မရှိပါလျှင် လူတို့သည်
တရားဥပဒေစိုးမိုး ရေးအတွက် လည်းကောင်း၊ စိုက်ပျိုးရေးအပါအ၀င် လူ့အဖွဲ့အစည်းတစ်ရပ်အတွက်
လိုအပ်သောအခြား လုပ်ငန်းဆောင်တာများ ကိုလည်းကောင်း၊ အချင်းချင်းညှိနှိုင်း ဆောင်ရွက်နိုင်စွမ်း ရှိကြမည်
မဟုတ်ပါ။ ထိုအခါ သံဃာတော်တို့သည်လည်း သာသနာ့ဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြလိမ့်မည်
မဟုတ်ပါ။ ခရစ်ယာန်နှင့် အစ္စလမ်ဘာသာဝင် တိုင်းပြည်များအတွက်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပေလိမ့်မည်။ ငြိမ်းချမ်းသော လူ့အဖွဲ့ အစည်းတစ်ရပ် တည်ရှိစေရန်အတွက်
“နိုင်ငံတော်” က ဥပဒေနှင့် စည်းမျဉ်းများကို ချမှတ်လိုက်နာစေရပါ သည်။ နိုင်ငံရေးအသိုက်အ၀န်း၏
ဘောင်အတွင်းတွင်သာ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းအတွင်း ပါဝင်သူများ က လက်ခံထားသော ဘာသာရေး
အဆောက်အဦးများတွင် လူအများအေးချမ်းစွာ ၀တ်ပြုနိုင်ကြပေမည်။ ထို့ကြောင့် ဘာသာရေးဘ၀နှင့်
နိုင်ငံရေးဘ၀တို့ အကြားရှိ ဆက်နွယ်မှုသည် အလွန်အရေးကြီးပါသည်။ ဤသို့ ဆိုရာ၌ နိုင်ငံရေးသိပ္ပံ
အသိပညာသည် ဘာသာရေးအသိပညာထက် ပိုမိုသာလွန်သည်ဟု ဆိုလိုရင်းမဟုတ်ပါ။ စိတ်ပိုင်းဆိုင်ရာ
လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို ရရှိစေနိုင်သော ဘာသာရေးအဖွဲ့အစည်းများ တည်ဆောက်နိုင်ရန်နှင့်
တိုးတက်ဖွံ့ဖြိုးစေနိုင်ရန်အတွက် နိုင်ငံရေး အသိုက်အ၀န်းအပေါ် မှီတည်နေရခြင်း ဖြစ်သည်ဟုသာ
ဆိုလိုပါသည်။
အခြား
ဥပမာ တစ်ရပ်အဖြစ် တိုင်းရင်းသား လူမျိုးစုများစွာ စုပေါင်းနေထိုင်ကြသည့် လူမျိုးစုံနိုင်ငံအ
ကြောင်းကို တင်ပြလိုပါသည်။ လူမျိုးစုတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုယ်ကွယ်ယုံကြည်
မှု (ဘာသာရေး) နှင့်လူနေမှုဘ၀တို့ သီးခြားကိုယ်ပိုင်ရှိကြသည်။ ထိုအခါ နိုင်ငံရေးအာဏာပိုင်အဖွဲ့(နိုင်ငံတော်)
က တရားမျှတသော ဥပဒေနှင့်အုပ်ချုပ်ရေးစနစ်များကို ပြဌာန်း အုပ်ချုပ်ခြင်းအားဖြင့် လူမျိုးစုအသီးသီးတို့သည်
အခြားသောလူမျိုးစုတို့နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နေစဉ်မှာပင် မိမိတို့၏
လူနေမှုဘ၀ကို မပျက်မယွင်း စေဘဲ မိမိတို့လူမျိုးစု၏ ကောင်းစားရေးကို ဆောင်ရွက်နိုင်စွမ်းရှိကြသည်။
ထိုသို့သော “နိုင်ငံတော်”တစ်ရပ် မတည်ရှိခဲ့ပါလျှင် လူမျိုးစုအချင်းချင်းတို့ အစဉ်သဖြင့် ရန်သတ္တရု ပြုနေကြခြင်းကြောင့် ငြိမ်းချမ်း၍
ကောင်းကျိုး ဖြစ်ထွန်းသော ဘ၀မျိုးကို ရယူခံစားနိုင်ကြမည် မဟုတ်ပါ။ (သို့ရာတွင် ဆိုးဝါးသော
နိုင်ငံတော်များ- ဥပမာတစ်ခု အားဖြင့် န၀တ၏ အုပ်ချုပ်ခံ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုငယ်များအပေါ်
လူမျိုးရေးအရ ခွဲခြားခြင်း၊ သို့မဟုတ် ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်ခြင်းများ ရှိနေပါသည်။
ဤသည်မှာ နိုင်ငံတော်အာဏာတစ်ရပ်ကို အလွဲသုံးစား
ပြုနိုင်သည်ဆိုသည့် သာဓကသာ ဖြစ်ပါသည်။)
နောက်ဆုံးအနေဖြင့်
အလွန်လွယ်ကူရှင်းလင်းသော ဥပမာတစ်ခုကို တင်ပြပါမည်။ နိုင်ငံရေးအာဏာပိုင် သူ (နိုင်ငံတော်)
က လမ်းများပေါ်တွင် ယဉ်များမောင်းနှင်ရာ၌ လမ်း၏ မည်သည့်ဖက်က မောင်းနှင်ရမည်ဆို သည့်
ဥပဒေကို ပြဌာန်းရန်တာဝန်ရှိပါသည်။ မြန်မာနိုင်ငံတွင်
ဗြီတိသျှစနစ်အတိုင်း လမ်း၏ လက်ဝဲဖက်မှ ယဉ်များ မောင်းနှင်ကြရန် မူရင်းဥပဒေ ရှိခဲ့သော်လည်း
၁၉၇၀ ခုနှစ် ပတ်ဝန်းကျင်လောက်တွင် လယ်ယာကပ် မေင်းစနစ်သို့ ပြောင်းလဲမောင်းနှင်ရန် ဦးနေ၀င်းက
ဥပဒေ ထုတ်ပြန်ခဲ့ရာတွင် ပြည်သူတို့မှာ များစွာ ဇဝေဇ၀ါ ဖြစ်ခဲ့ကြရပါသည်။
ထိုသို့ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံရှိ လက်ဝဲသူပုန်ထသူများ (အထူးသဖြင့်
ဗမာပြည် ကွန်မြူနစ်ပါတီ) ကို တန်ပြန်ရန် နည်းလမ်းတစ်ရပ်အဖြစ် ဤနည်းဖြင့် ယတြာချေရန်
ဦးနေ၀င်း၏ ဗေဒင်ဆရာများက တိုက်တွန်းခဲ့၍ ဖြစ်ကြောင်း သိသာလှပါသည်။ လက်ဝဲကပ်မောင်းစနစ်မှ
လက်ယာကပ်မောင်းစနစ်သို့ ပြောင်းလဲကျင့်သုံးရခြင်း အတွက် ဦးနေ၀င်း၏ အကြောင်းပြချက်မှာ
ထူဆန်း၍ ကြောင်တောင်တောင် နိုင်ကောင်း နိုင်မည်ဖြစ်သည်။ သို့တိုင်အောင် ရှုတ်ထွေးသော
လမ်းမများပေါ်တွင် ပြည်သူတို့၏ အေးချမ်းစွာ ပူးပေါင်းကူညီမှုအားဖြင့် ယဉ်တိုက်မှုများ
ကင်းဝေးစေရန်အတွက် လမ်း၏ မည်သည့်ဖက်မှသာ ယဉ်မောင်းရမည်ဆိုသည့် ဥပဒေမျိုး လိုအပ်ပါသည်။
နိုင်ငံရေးအာဏာပိုင်ဟူ၍ မရှိသော သူ့အသိုက်အ၀န်း တစ်ခုတွင်မူ ဥပဒေများကို ပြဌာန်းရန်နှင့်
ဤဥပဒေတို့အတိုင်း လိုက်နာကြစေရန် ဆောင်ရွက်နို်င်သော အခွင့်အာဏာမျိုး မည်သူ့ထံတွင်မှ
မရှိသော ကြောင့် ၊ ယာဉ်များအနေဖြင့် လမ်း၏ မည်သည့်ဖက်တွင် မောင်းနှင်ရမည် ဆိုသည်ကိုလည်း
မည်သူမှ ရေရ ရာရာ သိကြမည်မဟုတ်ပါ။ ထိုအခါမျိုးတွင် ယာဉ်တိုက်မှုများစွာ ဖြစ်ပေါ် လာပေလိမ့်မည်။
၁၈
ရာစုနှစ်၌ အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့သူများထဲတွင်
တစ်ဦးအပါဝင်ဖြစ်သည့် ဂိုဗာနျူးမောရစ် (Gouverneur
Morris) က “နိုင်ငံရေး ဆိုသည်မှာ လူသားမျိုးနွယ်
တစ်ရပ်လုံး၏ ပျော်ရွှင်ချမ်း မြေ့မှုကို ရည်မှန်းချက်ပန်းတိုင်အဖြစ်ထားရှိသော ကြီးကျယ်
မြင့်မြတ်သည့် သိပ္ပံပညာရပ်ဖြစ်သည်” ဟု ဆိုခဲ့ လေသည်။ စစ်စစ်အားဖြင့် မောရစ်သည် အရစ္စတိုတယ်၏
ယုံကြည်မှုနှင့် လိုလျောညီထွေးစွာ ဆိုမိန့်ခဲ့ခြင်ပင်
ဖြစ်သည်။
နိုင်ငံရေးကို
မာစီယာဗယ်လီက ရှုမြင်သုံးသပ်ပုံ
အရစ္စတိုတယ် တင်ပြခဲ့သော သဘောတရားနှင့် ခြားနားစွာဖြင့်
နိုင်ငံရေးကို အခြားရှုထောင့်တစ်ခုမှ တင်ပြသော သဘောတရားတစ်ရပ် ရှိသေးသည်။ အနောက်တိုင်းတွင်
အီတလီ လူမျိုးတွေးခေါ်ပညာရှင် နီကိုလိုမာခီယာဗယ်လီ (Nicolo Machiavelli ၊ ၁၉၆၉-၁၅၂၇ အေဒီ) နှင့် အဓိက ဆက်နွယ်ပတ်သက်၍ လူသိ
များသော အယူအဆတစ်ရပ်မှာ နိုင်ငံရေဟူသည် အာဏာရရှိရေးအတွက် အကျင့်သိက္ခာကင်းမဲ့စွာဖြင့်
အစဉ် တစိုက် ကြိုးပမ်းအားထုတ်နေမှုသာဖြစ်သည် ဆိုသည့် အယူအဆဖြစ်သည်။ မာခီယာဗယ်လီ၏ အကျော်ကြား
ဆုံးစာအုပ်ဖြစ်သည့် “အိမ်ရှေ့မင်းသား” (The
Prince) တွင် ဖော်ပြထားသည်မှာ “နိုင်ငံခေါင်းဆောင်များသည် အကျင့်သိက္ခာ ကင်းမဲ့စွာဖြင့် မိမိတို့၏ အကျိုးစီးပွားနှင့် မိမိတို့၏ ခေါင်းဆောင်ရာ
နိုင်ငံတော်၏ အကျိုးစီးပွားအ တွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ၀န်လေးဘဲ ရှိရမည်”
ဟူ၍ ဖြစ်သည်။ နိုင်ငံရေးကို အကောင်းဖက် မှ ရှုမြင်သုံးသပ်သော အရစ္စတိုတယ်၏ အမြင်နှင့်
ပြတ်ပြတ်သားသား ခြားနားလျက်ရှိသည့် မာခီယာဗယ်လီ၏ စိတ်ပျက်ဖွယ် အမြင်သည် လူ့ဘ၀နှင့်
လူ့အသိုက်အ၀န်းကို မကောင်းသောဖက်မှ ရှုမြင်သုံးသပ်ခြင်း၏ ရလဒ် ဖြစ်သည်။ ထို့အပြင် သူ၏လောကအမြင်သည်
သူဇာတိ အီတလီနိုင်ငံတွင် ၁၅ ရာစုနှင် ၁၆ ရာစုနှစ်များအတွင်း တည်ရှိခဲ့သည့် ကြမ်းတမ်းဖောက်ပြန်သော
နိုင်ငံရေးတို့မှ အခြေတည် ပေါက်ဖွားလာခြင်း ဖြစ်သည်။
“တိုက်ပွဲဝင်ရာတွင်
ဥပဒေနှင့်အညီ တိုက်ပွဲဝင်ခြင်းနှင့်၊ အင်အားသုံး၍ တိုက်ပွဲဝင်ခြင်း ဟူ၍ နည်းလမ်း နှစ်ရပ်ရှိကြောင်း
သိထားသင့်ပါသည်။ ပထမနည်းလမ်းသည် လူသားတို့၏ နည်းလမ်းဖြစ်၍ ဒုတိယနည်းလမ်း
သည် သားရဲတိရစ္ဆာန်တို့၏ နည်းလမ်းဖြစ်ပါသည်။ ပထမနည်းလမ်းသည် ရံဖန်ရံခါ ထိရောက်မှု မရှိသော
ကြောင့် ဒုတိယနည်းလမ်းကို ကျင့်သုံးရတတ်သည်။ သို့ဖြစ်ရာ အိမ်ရှေ့မင်းသား တစ်ဦးအနေဖြင့်
ဤနည်းလမ်း နှစ်ရပ်ကို မည်သို့မည်ပုံ အသုံးချ၍ ရနိုင်သည်ကို ကောင်းစွာ သိရှိထားသင့်ပါသည်။
သာရဲတိရစ္ဆာန်တို့၏ နည်းလမ်းကို အသုံးချရာ၌၊ ထောင်ချောက်မိလေ့ရှိသော ခြင်္သေ့၏ သဘာဝနှင့်
၊ ၀ံပုလွေတို့၏ ရန်ကို မကာ ကွယ်တတ်သော မြေခွေး၏ သဘာဝတို့ကို သင်္ခန်းစာရယူပြီး၊ ခြသေ့င်္သကဲ့သို့
ဝံပုလွေတို့အား ခြောက်လှန့် တတ်သောအလေ့နှင့် မြေခွေးကဲ့သို့ ထောင်ချောက်ကို မှတ်သားမိတတ်သော
အလေ့တို့ကို မဖြစ်မနေ အတုယူ ရပေမည်ဟူ၍ ဖြစ်သည်။ (The Prince, Chapter 18)
တစ်နည်းအားဖြင့်
မာခီယာဗယ်လီက တိုင်းပြည်အုပ်ချုပ် သူတို့သည် မြေခွေးကဲ့သို့ ကောက်ကျစ်စဉ်း လဲ၍ ခြင်္သေ့ကဲ့သို့
ရက်စက်ကြမ်းကြုတ်ရမည်ဟု ဆိုထားခြင်းဖြစ်သည်။ မှန်သောစကားကိုဆိုခြင်းနှင့် ကိုယ်ချင်း
စာတရားထားတတ်ခြင်း အစရှိသော ကိုယ်ကျင့်တရားကို၊ နိုင်ငံရေးနှင့် မပတ်သက်သည့် ကိုယ်ပိုင်ဘ၀-ဥပမာ-
မိတ်ဆွေဘ၀၊ မိသားစုဘ၀နှင့် ပမာဏ သေးငယ်သော လူ့အသိုက်အ၀န်း တို့တွင်သာ ထိရောက်စွာကျင့်သုံး
နိုင်ဖွယ်ရှိပြီး နိုင်ငံတော်နှင့် နိုင်ငံရေးလောကအတွက်မူ ကိုယ်ကျင့်တရားအားဖြင့် ဘောင်ကန့်သတ်ရန် မလိုဟု
မာခီယာဗယ်လီက ယုံကြည်ခဲ့လေသည်။ ၄င်းက “ကိုယ်ကျင့်တရား” ကို “နိုင်ငံတောအတွက် ကျိုးကြောင်းဆင်
ခြေ” နှင့် ခွဲခြားရှုမြင်ခဲ့ခြင်း ဖြစ်သည်။ မာခီယာဗယ်လီ၏ နိုင်ငံရေးကို ရှုမြင်သုံးသပ်ပုံသည်
ရှေးဟောင်း အိန္ဒိယ စာရေးဆရာ ကိုတီလျာ (Kautilya)
က သူ၏ အာသာသျှတြ (Arthasastra) စာအုပ်တွင်
ဖော်ပြထားသော ရှုမြင်သုံးသပ်ပုံနှင့် အလွန်ဆင်တူလေသည်။ ၄င်းတို့နှစ်ဦးစလုံးအတွက် နိုင်ငံရေးဘ၀ဟူသည် အာဏာနှင့် ဥစ္စာဓန အတွက် အပူတပြင်း
ကြိုးပမ်းဆောင်ရွက်ခြင်းပင်ဖြစ်သည်။
ခေတ်သစ်ကမ္ဘာ၏
နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင်လည်း မာခီယာဗယ်လီ၏ နိုင်ငံရေးအပေါ် ရှုမြင်သုံးသပ်ပုံနှင့်
ကိုက်ညီသည်များကို မကြာခဏ တွေ့ရတတ်သည်။ နှစ်ဆယ်ရာစုခေတ်၏ နိုင်ငံတကာ ဆက်ဆံရေးများအကြောင်းကို
ရေးသားကြသည့် ထင်ရှားသော စာရေးဆရာများအနက် တစ်ဦးဖြစ်သူ ဟန်းစ် မော်ဂင်သော် (Hans Morgenthau) က “အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးသည်
ရှိရှိသမျှသော အခြားနိုင်ငံရေးများ ကဲ့သို့ အာဏာအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းပင် ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး၏ အဆုံးစွန်သော ရည်ရွယ်ချက်မှာ မည်သို့ပင်ဖြစ်စေကာမူ၊ လက်ငင်းရည်ရွယ်ချက်မှာ
အာဏာရရှိရေးပင်ဖြစ်သည်” ဟု ရေးသား ဖော်ပြခဲ့လေသည်။ တိုင်း နိုင်ငံတို့သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ
အမြဲတစေ ယှဉ်ပြိုင်နေကြရပြီး၊ နိုင်ငံချင်းဆက် ဆံရေးကို ထိန်းညှိရာတွင် ဥပဒေနှင့် အညီဖြစ်စေ၊
စောင့်ထိန်းအပ်သော ကျင့်ဝတ်သိက္ခာနှင့် အညီဖြစ်စေ ဆောင်ရွက်နိုင်စွမ်းမရှိကြဟု မော်ဂင်သော်က
ဆိုသည်။ ဤရာစုနှစ်များအတွင်း နိုင်ငံတကာဆက်ဆံရေးများ သည် ကြမ်းတမ်းပြီး သိက္ခာမဲ့ခဲ့သည်မှာလည်း
အမှန်ပင်ဖြစ်၍ မော်ဂင်သော်၏ အမြင်သည် မာခီယာဗယ်လီ၏ အမြင်ကဲ့သို့ပင် မကောင်းလှသည့်တိုင်အောင်
နားလည်နိုင်ဖွယ်ရာ ရှိပါသည်။
နိုင်ငံရေး၏ဆန့်ကျင်ဖက်
အမှန်တရားများ
ဖော်ပြခဲ့သော အရစ္စတိုတယ်နှင် မာခီယာဗယ်လီတို့၏ နိုင်ငံရေးအပေါ်
ရှုမြင်သုံးသပ်ချက် နှစ်ရပ်စလုံး သည် ယနေ့ခေတ်တွင် သုံးနှုန်းနေကြသော နိုင်ငံရေးဆိုသည့်
အယူအဆအတွင်းသို့ စိမ့်ဝင် ပျံ့နှံ့လာခဲ့ပြီ ဖြစ် သည်။ တစ်နည်းဆိုရလျှင် “နိုင်ငံရေးသည်
မဟာပညာရပ် သို့မဟုတ် လူသားတို့၏ဘ၀ကို အကောင်းဆုံးဖြစ် အောင် ဖန်တီးပေးသည့် ပညာရပ်ဖြစ်သည်”
ဆိုသည့် အယူအဆသည် အသွင်မတူသော အခြားအမြင်တစ်ရပ် ဖြစ်သည့် “နိုင်ငံရေးဟူသည် အာဏာရရှိရေးကို
ဦးတည်ချက်ထား၍ သိက္ခာမဲ့စွာ ကြိုးပမ်းဆောင်ရွက်နေခြင်း သာ ဖြစ်သည်” ဆိုသော အယူအဆနှင့်
မလွှဲမရှောင်သာ ယှဉ်တွဲတည်ရှိနေရပြီ ဖြစ်သည်။ ဤနေရာတွင် အရစ္စတိုတယ်နှင့် မယခီယာဗယ်လီတို့၏
အဓိပ္ပါယ်သတ်မှတ်ချက်များကိုလိုက်၍ နိုင်ငံရေးတွင် ကွဲပြားသော ရည်မှန်းချက်ပန်းတိုင်များ
ရှိကြသည် ဆိုသည့် အချက်ကိုသဘောပေါက် နိုင်ပါသည်။ အရစ္စတိုတယ်အတွက် နိုင်ငံရေး၏ပန်းတိုင်မှာ
လူ့အဖွဲ့အစည်းရှိ လူသားတိုင်းအား နိုင်ငံရေးအသိုက်အ၀န်း၏ အဖွဲ့ဝင်တစ်ဦးအဖြစ် အကောင်းဆုံးသော
ဘ၀တွင် နေထိုင်ခွင့်ရအောင် ဖန်တီးပေးရန်ဖြစ်သည်။ မာခီယာဗယ်လီ အတွက်မူကား နိုင်ငံရေး၏
ပန်းတိုင်မှာ အာဏာရရှိရေးပင် ဖြစ်သည်။
ခေတ်သစ်
အင်္ဂလိပ်ဘာသာ စာပေတွင်လည်း နိုင်ငံရေးဆိုသည့် ဝေါဟာရ၏ အဓိပ္ပါယ်မှာ အရစ္စတို တယ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ထက်
မာခီယာဗယ်လီ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်သို့ ပိုမိုတိမ်းညွှတ်လျက် ရှိနေခဲ့ပါသည်။ ဥပမာအားဖြင့်
“ဒီလူဟာ နိုင်ငံရေး သပ်ဆန်တဲ့သူဘဲ” ဟု မှတ်ချက်ချခြင်းသည် ပုံမှန်အားဖြင့် ထိုသူသည်
ကလိန်ကကျစ်ကျပြီး၊ သိက္ခာမဲ့ကာ လူမှုဆက်ဆံရေးကို အခွင့်ကောင်းယူတတ်သူ ဖြစ်သည်ဟု ဆိုလိုရာ
ရောက်ပေသည်။ ထို့ပြင် “နိုင်ငံရေး” (Politics)
ကို “အစိုးရ” (Government) နှင့် ကွဲပြားခြားနား
အောင် မကြာခဏ သုံးနှုန်းလေ့ရှိသည်။ “အစိုးရ”
ဆိုသည်မှာ ရှုတ်ထွေးပွေလီမှုနည်းပါးပြီး နိုင်ငံတစ်နိုင်ငံကို ဦဆောင်ရန် သို့မဟုတ် စီမံခန့်ခွဲရန်
ဖြစ်သည့်အသွင် ရည်ညွှန်းကြသည်။ ထိုမျှသာမက “နိုင်ငံရေးသမားများ” (Politicians)
ကိုလည်း “အရည်အချင်းပြည့်ဝသော (အုပ်ချုပ်ရေး-နိုင်ငံရေး) ခေါင်းဆောင်များ” (Statesmen) နှင့် ကွဲပြားအောင် ခွဲခြားသုံးနှုန်းလေ့ရှိသည်။
ခေါင်းဆောင်များ (Statesmen) သည် နိုင်ငံရေးသမားများ
(Politiciean) ထက်ပို၍ ရိုးသားဖြောင့်မတ်ပြီး
လေးစားဖွယ် ရှိသည့်အသွင် ထင်မြင်ကြလေ့ရှိသည်။ ဂိုဏ်ခေါင်း ဆောင်များက အပေးအယူ ပြုလုပ်နေကြသည့်၊
ဆေးလိပ်မီးခိုးငွေ့များ မွှန်ထူနေသော အခန်းတွင်၌သာ နိုင်ငံ ရေးတို့ လှုပ်ရှားတည်ရှိနေသယောင်
နိုင်ငံရေးကို ခြစားမှုအသွင်ဖြင့် မကြာခဏ အထင်ခံရသည်လည်း ရှိသည်။ (ငွေးကြေး၊ နိုင်ငံရေး”
ဟူ၍သာရှိပြီး “ငွေကြေးအစိုးရ” ဟူ၍ အသုံးအနှုန်း မရှိသကဲ့သို့ ဖြစ်သည်) သို့သော် မသန့်ရှင်းသောနိုင်ငံရေးနှင့်
သန့်ရှင်းသော (သို့မဟုတ်) ဆင်ခြင်တုံ တရားရှိသော အစိုးရတို့အကြားခြားနား ချက်၊ သို့တည်းမဟုတ်
အကျင့်ပျက်သော နိုင်ငံရေးသမားများ (Politicians)
နှင့် ဖြောင့်မတ်သော ခေါင်းဆောင် များ (Statesmen)
တို့အကြား ခြားနားချက်တို့သည် စင်စစ်အားဖြင့် အရေးမကြီးလှပေ။
အမှတ်တကယ်အရေးကြီးသည်မှာ
မည်သူမဆို နိုင်ငံရေးနယ်ပယ်အတွင်းသို့ ၀င်ရောက်လာပြီး ဆိသည်နှင့် နိုင်ငံရေးနှင့် ပတ်သက်၍
အရစ္စတိုတယ်နှင့် မာခီယာဗယ်လီတို့၏ ဆန့်ကျင်ဖက် တောင်းဆိုချက် နှစ်ရပ်တို့ကို ရင်ဆိုင်ကြရမည်ဆိုသည့်
အချက်ပင်ဖြစ်သည်။ ပထမအချက်မှာ နိုင်ငံတော်၏အရေးအရာတို့ကို ဆောင်ရွက်ရသော နို်င်ငံရေးပညာရပ်သည်
ယဉ်ကျေးသော လူ့ဘ၀အတွက် အခြေခံဖြစ်စေရမည်ဆိုသည့် အချက်ဖြစ်သည်။ အခြားတစ်ချက်မှာ နိုင်ငံရေးတွင်
ဘ၀ကို မြုတ်နှံထားရခြင်းမှာ အာဏာအတွက် ဂုဏ်သိက္ခာ မဲ့စွာဖြင့် မရပ်မနား လှုပ်ရှားရုန်းကန်နေရန်
ဖြစ်သည်ဆိုသော အချက်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံရေးနယ်ပယ် တွင် ရှိနေသူ တစ်ဦးအနေဖြင့်
နို်င်ငံရေးဟူသည် အကောင်းအမြတ်ဆုံးအရာ သို့မဟုတ် လူသားတို့၏ အန္တိမပန်း တိုင်ကို ရရှိစေနိုင်စွမ်းသော
သိပ္ပံပညာဖြစ်သည်ဟု ဆိုသည့် အရစ္စတိုတယ်၏ သဘောတရားမှ ဆက်နွယ်လာ သည့် အယူအဆတို့ကို မျက်ကွယ်ပြု၍
မာခီယာဗယ်လီ၏ အတွေးအမြင်အောက်တွင် နစ်မွန်းမသွားစေရန် အလေးဂရုပြုရမည်ဖြစ်သည်။ နိုင်ငံရေးလောကမှ
ပုဂ္ဂိုလ်တို့အနေဖြင့် အာဏာကို ဗဟိုပြုထားသည့် မာခီယာ ဗယ်လီ၏ အတွေးအမြင်က ဖြားယောင်းသွေးဆောင်မှုကို
ခံနိုင်ရည်ရှိဖို့ရာ လွန်စွာမှ ခက်ခဲပါသည်။ ထို့ကြောင့် လည်း လူ့သမိုင်းတစ်လျောက်တွင်
ဆင်းရဲဒုက္ခရောက်ကြရမှုများနှင့် ကြေကွဲဖွယ် အနဋ္ဌာရုံများ ပေါ်ပေါက်ခဲ့ရ ခြင်းဖြစ်သည်။
အရည်အချင်းပြည့်ဝသော အင်္ဂလိပ်ခေါင်းဆောင်တစ်ဦးက ပြောခဲ့ဖူးသည်မှာ “အာဏာသည် လူတို့ကို
အကျင့်ပျက်စေပါသည်။ အကြွင်းမဲ့ အာဏာသည် လူတို့ကိုအကြွင်းမဲ့စွာ အကျင့်ပျက်စေပါသည်”
ဟူ၍ ဖြစ်သည်။
ဆက်လက်ဖေါ်ပြပါမည်။
ကက်နက်အေ မက်ကေးရေးသား၍
ဒေါင်းညိုဘာသာပြန်ဆိုသော
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။
0 comments:
Post a Comment