Friday, September 2, 2011

အတွေးအမြင်ကို ဆေးရောင်ချယ်ကြည့်ခြင်း

Cloud Cuckoo Land created a doc.
လူတစ်ယောက် အနေနဲ့ လောကကြီးဟာ သာယာ ဖွယ်မရှိဖူး လို့တွေးမြင် တတ်ကြ သူများဟာ သူတို့ အတွက် လောကကြီးမှာ ဘယ်အရာမှ သာယာ စရာ ရှိဖို့ မလွယ် ပါဖူး။ ဒါဟာ ဘာကြောင့်လဲ ဆိုရင် လောကကြီး ကို အရောင် တစ်မျိုးတည်းနဲ့ ဆေးချယ် ကြည့်နေ တာကိုး။ ဒီလိုပါဘဲ ချစ်သူ ဘဝ ဆိုတာ ပျော်...ရွင် ကြည်နှူး ဖွယ်ရာ မရှိပါဖူးလို့ တွေးမြင် ထားသူ များအဖို့ မှာလည်း သူတို့ အတွက် ချစ်သူ ဘဝဟာ ဘယ်ပုံစံ နဲ့မှ ပျော်ရွင် ကြည်နှူး ဖွယ်ရာ ဖြစ်လာဖို့ မလွယ်ပါဖူး။ သူတို့လဲ ချစ်သူ ဘဝကို အရောင် တစ်မျိုးတည်းနဲ့ ဆေးသွင်း ထားကြ တာကိုး။
တကယ်တော့ လူအတော်များများဟာ သူတို့မှာ ရှိကြတဲ့ အတွေး အမြင်ကို ဆေးရောင် အမျိုးမျိုးနဲ့ ချယ်ကြည့်ဖို့ ဝန်လေးတတ်၊ ကြောက်ရွံ့ တတ်ကြပါတယ်။ အကြောင်းကိစ္စ အဖြစ်အပျက် တစ်ခုဟာ သူတို့ ဘဝမှာ ကြီးကြီးမားမား ထိခိုက် စေခဲ့ရင် ဖြစ်စေ၊ ယုံကြည်ချက် တစ်ခုကို ကြီးကြီးမားမား ခိုင်ခိုင်မာမာ ရှိထားတဲ့ အခါမှာ ဖြစ်စေ၊ သူတို့ရဲ့ အတွေး အမြင်များကို အရောင်တစ်မျိုးတည်းနဲ့ ပိန်းအုပ် ပစ်တတ်ကြပါတယ်။ ဥပမာ ကားစီးနေစဉ် အကြီးအကျယ် ကားတိုက်မိပြီး ဒဏ်ရာရခဲ့ပြီ ဆိုရင် ထိုသူဟာ နောင်မှာ ကားစီးရတာကို သူ့အနေနဲ့ ကားစီးခြင်းဟာ အန္တရာယ် အလွန်ကြီးမားတယ်လို့ ကောက်ချက်ချ တတ်ပါတယ်။ နောင်တစ်ခါ ကားစီးဖို့ဆို ဝန်လေး ကြောက်ရွံ့ သွားတတ်ပါတယ်။


မိမိ မိခင်ရဲ့ သူငယ်ချင်း တစ်ယောက်မှာ မိမိထက် အသက် ၄ နှစ်လောက်ငယ်တဲ့ သမီး မိန်းကလေး တစ်ယောက်ရှိပါတယ်။ သူဟာ တရက်မှာ လူကြီးမိဘများ သဘောမတူတဲ့ ယောက်ျား တစ်ယောက်နဲ့ ခိုးရာ လိုက်ပြေးသွားလို့ သူ့မိဘများက သိသိချင်း လိုက်ရှာတွေ့ပြီး၊ ပြန်ခေါ်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာ သူ့ကို အိမ်တွင်းက အိမ်ပြင် ပေးမထွက်တော့ဘဲ၊ ဧည့်သည်များ လာရင်တောင် အိမ်ခန်းထဲက အပြင် မထွက်စေဘဲ၊ သူ့ကြောင့် မိဘများမှာ အရှက်ရတယ်၊ သူ့ရဲ့ ဘဝဟာ ဆုံးရှုံးသွားပြီ၊ ဘယ်လို ယောက်ျားကောင်း ကမှလဲ သူ့ကို ကြည်ကြည်ဖြူဖြူ လက်ထပ် ပေါင်းသင်းတော့မှာ မဟုတ်ဖူး ဆိုပြီး၊ ယူဆ ပိတ်ပင်ထား လိုက်ပါတော့တယ်။


မကြာခင်က ရုပ်ရှင်ရုံမှာ ရုပ်တင်ပြသွားတဲ့ 127 hours ဆိုတဲ့ တကယ့် အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ထားတဲ့ ရုပ်ရှင် တစ်ကား ကြည့်လိုက်ရပါတယ်။ စွန့်စွန့် စားစားနဲ့ တောင်တက်တာ ဝါသနာပါတဲ့ လူငယ် တစ်ဦးဟာ တောင်ကြား တစ်ခုထဲ ခြေချော်ကျသွားပြီး ကျောက်တုံးနဲ့ လက်ညပ်သွားကာ ပြန်ဆွဲထုတ် မရတော့ဘဲ တောင်ကြားထဲမှာ ၁၂၇ နာရီ ပိတ်မိ နေခဲ့ပါတယ်။ နောက်ဆုံးတော့ သူ့လက်ကိုသူ၊ ပါလာတဲ့ အိပ်ဆောင်ဓါး သေးသေးလေးနဲ့ မရမက ဖြတ်ပြီး ထွက်လာရတာကို ရိုက်ပြထားပါတယ်။ သို့သော် သူဟာ ယနေ့မှာ လက်တစ်ဖက် ပြတ်နဲ့ပင် သူဝါသနာပါရာ စွန့်စွန့်စားစား တောင်တက်ခြင်းကို ဆက်လက် လုပ်နေတဲ့ အကြောင်း၊ ရုပ်ရှင်ရဲ့ နောက်ဆုံးပိုင်းမှာ ပြသွားပါတယ်။ ဒီ အဖြစ်အပျက်ဟာ လူတစ်ယောက်ရဲ့ အတွေ့အကြုံ တစ်ခုတည်းနဲ့ သူ့ရဲ့ အတွေးအမြင်ကို တစ်ရောင်တည်း ချယ် ဖုံးပိတ် မပစ်ဘဲ၊ အရောင် အမျိုးမျိုးနဲ့ တွေးမြင်တတ်တဲ့ အတွက် နောက်ဆုံး သူဝါသနာပါရာ အလုပ်နဲ့ သူအောင်မြင် ကျော်ကြားခဲ့ရတာ ဖြစ်တယ်လို့ မြင်မိပါတယ်။


တစ်ခါက မိမိရဲ့ အမ လို ရင်းနှီးရတဲ့ အမျိုးသမီး တစ်ယောက်ဟာ ပထမ သူ့ယောက်ျားရဲ့ စွန့်ပစ်သွားခြင်းကို ခံလိုက်ရပါတယ်။ ဒုတိယ တစ်ခါလည်း နောက် အိမ်ထောင်ပြုပြီး ဒုတိယ ယောက်ျားရဲ့ စွန့်ပစ်ခြင်း ထပ်ခံရတဲ့ အခါ လူအများက သူ့ကို “အိမ်ထောင် ကံမကောင်းဖူး၊ ဒီတသက်မှာ အိမ်ထောင် မပြုနဲ့တော့” လို့ ပြောဆိုကြပါတယ်။ သို့ရာမှာ အခုနောက်ဆုံး သူ့ တတိယ အိမ်ထောင်ကျပြီး အနောက်နိုင်ငံ တစ်ခုမှာ ချမ်းသာ ကြွယ်ဝစွာနဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ အတူ ပျော်ရွှင် နေရတယ် ဆိုတာကို ကြားသိရပါတယ်။ ဒီ အဖြစ်အပျက်ဟာလည်း သူ့ရဲ့ အတွေ့အကြုံ အပေါ်မှာ အတွေးအမြင်ကို တစ်ရောင်တည်း ချယ် ဖုံးပိတ် မပစ်ဘဲ၊ အရောင်အမျိုးမျိုးနဲ့ တွေးမြင်တတ်တဲ့ အတွက် နောက်ဆုံး လှပတဲ့ ဘဝကို သူရသွားတာ ဖြစ်တယ်လို့ မြင်မိပါတယ်။


တကယ်တော့ လူတစ်ဦးချင်းစီမှာ ရှိတဲ့ အတွေးအမြင်တွေကို တွေ့ကြုံ လေ့လာ သိရတဲ့ အဖြစ်အပျက် သင်ခန်းစာများဆိုတဲ့ ဆေးရောင်နဲ့ချယ်တဲ့ အခါမှာ တစ်ရောင်တည်း မဟုတ်ဘဲ၊ မတူညီတဲ့ အတွေ့အကြုံ တစ်ခုနဲ့ တစ်ခုတို့ အတွက် မတူညီတဲ့ အရောင်များ တစ်ရောင်ပြီး တစ်ရောင် ချယ်ကြည့်ခွင့် ပေးမယ် ဆိုရင်တော့ အတွေး အမြင်တို့ဟာ ပိန်းပိတ် နေတော့မှာ မဟုတ်ဖူးလို့ ထင်မှတ်ရပါတော့တယ်။

posted by aung.info

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...