Friday, September 2, 2011

အစွဲအလန်းကြီးတဲ့ စိတ်

Cloud Cuckoo Land created a doc.
စိတ်သာလျှင် အဓိကဆိုတဲ့ ဗုဒ္ဓဟောပြခဲ့တဲ့ စကားတစ်ခုဟာ လက်တွေ့ကျပြီး သဘာဝရဲ့ မှန်ကန်တဲ့ အကြောင်း တစ်ခု ဖြစ်ပါတယ်။ စိတ်ကို ပျော်ရွင်အောင် လုပ်ခြင်း မှာရေးခဲ့ သလို လူတစ်ယောက်ဟာ စိတ်မပျော်ရင် ဘာလုပ်လုပ် အဆင်မပြေပါဖူး။ ထိုနည်းတူပါဘဲ စိတ်ဆင်းရဲ တဲ့ အခါမျိုးတွေမှာ...၊ စိတ်ဓါတ် ကျဆင်းတဲ့ အခါမျိုးတွေမှာ ဆိုလဲ လူတစ်ယောက်ဟာ စားချင်၊ အိပ်ချင်၊ ပျော်ပါးချင် စိတ်တွေ မရှိတော့ဘဲ စိတ်ထောင်းလို့ ကိုယ်ကြေ ဆိုတာမျိုးတွေ ဖြစ်ပြီး ကျမ္မာရေး ထိခိုက် လာတတ်ပါတယ်။ စိတ်ဟာ လူကိုယ်ခန္ဓာကို စိုးမိုး ချယ်လှယ် နေတယ်ဆိုတာ အဲဒီ အဖြစ် အပျက်မျိုး တွေကို ကြည့်ရင် သိနိုင်ပါတယ်။
တစ်ချို့မှာ စိတ်ဟာ အစွဲအလန်း သိပ်ကြီး တတ်ပါတယ်။ အဲသည်လို စိတ်အစွဲ အလန်းကြီးတဲ့ အခါမျိုးမှာ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်သည် ဆိုတဲ့ စကားလို အစွဲ အလမ်းကြောင့် ဒုက္ခရောက်ရ တာမျိုးတွေ ရှိကြပါတယ်။ စိတ်ရဲ့ အစွဲအလမ်းနဲ့ ပတ်သက်လို့ မိမိ ကိုယ်တွေ့ ကြုံဖူးတဲ့ အဖြစ်အပျက်လေး တစ်ချို့ကို ဒီမှာ ပြောပြလိုပါတယ်။


မိမိတို့ အိမ်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမား အမျိုးသမီး တစ်ယောက်ရဲ့ မိခင်ဟာ တောမှာ သူ့ကို ဆရာဝန်က တီဘီပိုးရှိလို့ သိပ်မကြာခင်မှာပင် သေဆုံးတော့မယ် ပြောလို့ သူ့ရဲ့ သမီးဖြစ်သူဆီကို လာတွေ့ဖို့ အကြောင်းကြား လာပါတယ်။ အဲဒီလို အကြောင်းကြားတာကို သိရတဲ့ အခါမှာ မိမိတို့ ကလည်း ရွာကို သူ့မိခင်အား သွာခေါ်ပြီး ရန်ကုန်မှာ ထပ်မံ၊ ပြသ ဆေးကုသဖို့ အကြံပေးပါတယ်။ ဒါနဲ့ အဖွားကြီးလည်း ရန်ကုန်မှာ မသေခင် သူ့သမီးနဲ့ အတူ နေသွား ချင်တယ် ဆိုပြီး လိုက်လာ ပါတော့တယ်။ ရန်ကုန်ရောက်လို့ ဆရာဝန်တွေနဲ့ ပြကြည့်တော့ အဖွားကြီးမှာ တီဘီရောဂါပိုး မတွေ့ရပါဖူး။ အဲဒါကို ပြောပြတော့ အဖွားကြီးက မယုံပါဖူး။ သူ့ကို စိတ်သက်သာရာ ရစေဖို့ ညာပြောတာ၊ သူ့ကို တောပြန်နေ စေချင်လို့ ညာပြောတာ လို့ထင်နေပါတယ်။ တောက သူ့ဆရာဝန်ကတော့ သူနဲ့လည်း အချိန် အတော်ကြာကြာ ကတည်းက ရင်းနှီးလာတာဆိုတော့ အဲဒီ ဆရာဝန် ပြောတာကိုဘဲ တထစ်ချ ယုံကြည် နေပါတော့တယ်။ ဒါနဲ့ အဖွားကြီးဟာ ငါဒီနေ့ဖြင့် သေတော့မယ်၊ မနက်ဖြန်ဖြင့် သေတော့မယ်နဲ့ အစွဲဖြစ်နေပြီး နောက် တစ်နှစ်လောက် အတွင်းမှာဘဲ တကယ် သေသွားပါတော့တယ်။ သေတဲ့ အခါ တီဘီ ရောဂါပိုးနဲ့ သေတာ မဟုတ်ပါဖူး။ စိတ်ဓါတ် ကျပြီး သေသွားရတာပါ။


နောက်အဖြစ်အပျက် တစ်ခုကတော့ မိမိငယ်စဉ်က မိမိ ဆွေမျိုး ဆရာဝန် တစ်ဦးရဲ့ ဆေးခန်းမှာ ကျောင်းပိတ်စဉ် လိုက်ကူညီ ပေးနေတဲ့ အချိန်က ဖြစ်ပါတယ်။ လူမမာ မိန်းမကြီးက ဆေးခန်းကို လာပြီး “ဒေါက်တာရယ် ကျမကို ဆေးထိုးပေးပါ၊ ကျမ မအီမသာနဲ့ အတော့်ကို အန်ချင်နေတာ တနေ့လုံးဘဲ” လို့ ပြောပါတယ်။ ဆရာဝန်က စစ်ဆေး ကြည့်လိုက်တော့ သူ့မှာ လေဝဝ မရူရလို့ မအီမသာ ဖြစ်နေတာကို သိရပါတယ်။ ဒါနဲ့ ဆရာဝန်က ဆေးထိုး၊ ဆေးသောက်ဖို့ မလိုကြောင်း လေကောင်း လေသန့်ရတဲ့ နေရာမှာ လေကို တဝ ရူသွင်း ရူထုတ်လုပ်ပါလို့ ပြောတော့ မိန်းမကြီးလည်း စိတ်တိုင်းကျပုံ မပေါ်ဘဲ ပြန်သွားပါတယ်။ နောက်တရက်လည်း အဲဒီမိန်းမကြီးက ဆေးခန်းကို ရောက်လာပြန်ပါတယ်။ သူက ဆရာဝန် ပြောသလို လေကို ရူသော်လည်း မသက်သာဖူး၊ ဆေးသာ ထိုးပေးပါလို့ ပြောပြန်ပါတယ်။ ဒါနဲ့ ဆရာဝန်လည်း သူ့ကို ဘာမှ အာနိသင် မရှိတဲ့ မိုးရည်တွေ ဆေးဖိုးမယူဘဲ အလကား ထိုးပေး လိုက်ပါတော့တယ်။ နောက်တနေ့ ရောက်တော့ အဲဒီမိန်းမကြီးက သရက်သီးခြင်းကြီး ဆွဲပြီး ဆေးခန်းကို ထပ်ရောက်လာပါတယ်။ ပြီးတော့ ဆရာဝန်ကို မနေ့က ဆေးထိုးပေးလိုက်လို့ သူသက်သာသွား ရပြီး ဆေးထိုးခ ဆေးဖိုး မယူလိုက်တဲ့ အတွက် သရက်သီးတွေ လက်ဆောင်လာ ပေးတာလို့ ပြောပြီး သရက်သီးတွေ ပေးခဲ့ပါတယ်။ သူပြန်သွားတော့မှ မိမိတို့တွေလဲ ဝိုင်းရီ ရပါတော့တယ်။


အဲဒီလို ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တယ်ဆိုတဲ့ အတွေ့အကြုံတွေ အများကြီး ကြုံတွေ့ခဲ့ဖူးပါတယ်။ ဒါကြောင့် စိတ်ကို ထားတတ်ဖို့ လိုပါတယ်။ အစွဲအလမ်းကိုလည်း မထားဖို့ လိုပါတယ်။ စိတ်ကို ထားတတ်တာနဲ့ ပတ်သက်ပြီး တစ်ခါက ရန်ကုန်မှာ ပုဇွန်မွေးမြူရေး လုပ်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်နဲ့ သိကျွမ်း မိတ်ဆွေ ဖြစ်ခဲ့ဖူးတဲ့ အချိန်က တွေ့ခဲ့ရဖူးပါတယ်။ သူဟာ ပုဇွန်တွေကို မွေးမြူပြီး၊ တင်ပို့ရောင်းချ နေရတဲ့ လုပ်ငန်းကို လုပ်ကိုင်နေတဲ့ အခါမှာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ရယ်လို့ ခံယူထားလို့ တိရိစ္ဆာန်တွေကို နေ့စဉ် သတ်ဖြတ် နေရသလို ဖြစ်တဲ့ အတွက် သူပထမမှာ စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ တစ်ချိန်မှာ ငရဲကျမှာ ကြောက်တဲ့ အကြောင်းကို ပြောပြပါတယ်။ နောက်တော့ သူဟာ ပုဇွန်တွေကို မွေးမြူ ရောင်းချလို့ ရတဲ့ အမြတ်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို သီးသန့်ဖယ်ပြီး ဗုဒ္ဓသာသနာ ထွန်းကားရေး ဖက်မှာ အမြဲလှူတယ်လို့ ပြောပါတယ်။ အဲဒီလို လှူဒါန်းတဲ့ အခါမှာ သူက ပုဇွန်တွေကို အမျှဝေ မေတ္တာပို့ပါ တယ်တဲ့။ ပုဇွန်ကန်ကို သူရောက်တိုင်းလဲ “သြော် မင်းတို့လေးတွေ ဒီဘဝမှာဘဲ နောက်ဆုံး အပယ် တိရိစ္ဆာန် ဖြစ်ကြပါစေ၊ နောက်မင်းတို့ သေပြီး မင်းတို့ရဲ့ ခန္ဓာကိုယ်ကို ရောင်းစားလို့ ရတဲ့ ငွေနဲ့ ပြုလုပ်တဲ့ ကုသိုလ်ကြောင့် မင်းတို့ နောင်ဘဝများမှာ အပယ်က လုံးဝ ကင်းလွတ်ကြပါစေ” ဆိုပြီး မေတ္တာပို့တယ် လို့ ဆိုပါတယ်။ သူဟာ ပုဇွန်တွေ အနေနဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ကို စတေးခံရပြီး ရလာတဲ့ ငွေနဲ့ သာသနာတော် ထွန်းကားရေးကို လှူဒါန်းမှု ပြုတဲ့ ကုသိုလ်ကံကြောင့် အဲဒီ ပုဇွန်တွေကို အပယ်ဘဝက ကျွတ်လွတ်စေဖို့ လုပ်ပေးတဲ့ အတွက် သူ့ရဲ့ စိတ်ထဲမှာ ငရဲကျမဲ့ အစွဲအလမ်း မရှိတော့ဘဲ ကုသိုလ်ဘဲ ရယူ နေသလို ဖြစ်ပြီး စိတ်မှာ ရှင်းလို့၊ စိတ်ချမ်းသာရတဲ့ အကြောင်း ပြောပြခဲ့ဖူးပါတယ်။ ဒါဟာ ကိုယ်ထားတဲ့ စိတ်အပေါ်မှာ ကိုယ့်အတွက် အကျိုးသက်ရောက်မှု ကံဖြစ်တတ်တယ် ဆိုတဲ့ သဘောပါဘဲ။ စိတ်ကို ထားတတ်လို့ စိတ်ချမ်းသာရတဲ့ သဘောပါဘဲ။


ဒါကြောင့်မို့ စိတ်မှာ တစ်ခုခုကို အစွဲအလမ်းကြီးပြီး၊ ယုံကြည်ခံယူပြီး၊ စိတ်ဆင်းရဲခြင်း၊ စိတ်အနှောက် အယှက်ဖြစ်ခြင်း၊ စိတ်မသက်သာရာ ဖြစ်ခြင်း၊ စိတ်ထိခိုက်ခြင်း တို့ဖြစ်ခဲ့ရင် စိတ်ကို အနေအထား တစ်မျိုး ပြောင်းပြီး ထားတတ်ပါမူ စိတ်ချမ်းသာခြင်းကို ဖြစ်နိုင်ကြပါလိမ့်မည်ဟု စမ်းသပ်ကြည့်ဖို့ အကြံတစ်ခု ပြုလိုက်ပါတယ်။

posted by aung.info

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...