Friday, September 2, 2011

ယုံကြည်ကိုးစားခံထိုက်အောင် ပြောဆိုတင်ပြတတ်မှု

Rozoner King created a doc.
[By Than Htike Soe]

  ကော်ပိုရေးရှင်းကြီးတစ်ခုက အကြီးအကဲကြီးတစ်ယောက်နဲ့ တွေ့ဖူးသည်။ သူ့မှာ တက်နေသည့် ပြဿနာကလည်း ကြီးကြီးပဲဖြစ်သည်။ ထို အကြီးအကဲကို ဂျွန်ဟု အတိုကောက် ခေါ်ကြပါစို့။ ဂျွန်သည် အလုပ်ကိုလည်း ကျွမ်းကျင်ပိုင်နိုင်၏။ လုပ်ငန်းနှင့် ပက်သက်လာလျှင် ...ရှေ့ပြန် နောက်ပြန် စမ်းချင်သည့်နေရာက စမ်း၊ အစမ်းခံနိုင်သူလည်း ဖြစ်၏။ သူ့မှာ တက်နေသည့် ပြဿနာက လက်အောက်ဝန်ထမ်းတွေ၏ ယုံကြည်လေးစားမှုကို မရခြင်းဖြစ်သည်။ လက်အောက် ဝန်ထမ်းများသည် မကျေနပ်တာရှိလျှင် သူ့ထံ ဘယ်တော့မှ အားကိုးတကြီး လာပြောတာမျိုးမရှိ။ ဝန်ထမ်းချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် တွတ်ထိုးပြောဆိုခြင်းဖြင့်သာ မကျေနပ်မှုကို ဖောက်ခွဲနေတတ်ကြသည်။ ဝန်ထမ်းတွေက ဂျွန်သည် လက်အောက် ဝန်ထမ်းများကို ဖိလွန်းသည်ဟု မြင်ကြသည်။ တစ်ချို့ကျတော့လည်း ဂျွန်သည် ဝန်ထမ်းတွေဘက်က ရပ်ပေးမည့်သူ မဟုတ်ဟု ထင်ကြပြန်သည်။

            ဂျွန်သည် လုပ်ငန်း ရာထူးပိုင်းအရသာ ပါဝါရှိနေသည်။ တစ်ကယ့် ခေါင်းဆောင်ကောင်းတို့တွင် ရှိအပ်သော လူပုဂ္ဂိုလ်ပိုင်းဆိုင်ရာ ပါဝါကား သူ့မှာ နတ္ထိဖြစ်နေသည်။ သူ့ ရာထူးတွေ၊ ဂုဏ်သိမ်တွေ၊ ဒေါ်လာ သန်းချီသည့် လစာတွေကိုသာ ဖယ်လိုက်ရင် ဂျွန်သည် မည်သူ၏ အလေးထားခြင်းကိုမှ မခံရတော့သည့် လူညံ့တစ်ယောက်ဘဝကို ချက်ချင်းရောက်သွားလိမ့်မည်။ တစ်ကယ့်ခေါင်းဆောင်ကောင်းဖြစ်ပါက သူ ဘယ်လို အခြေအနေပဲ ရောက်နေနေ နောက်လိုက်နောက်ပါ လုပ်မည့်သူများက အဆင်သင့်ရှိနေလိမ့်မည်။ ဂျွန့်မှာ ထိုသို့ အရည်အချင်းမျိုး မရှိ။ ထိုအတိုင်းသာ ဆက်သွားပါက ဂျွန်သည် နောက်ဆုံး အငြိမ်းစားယူလျှင် လူချမ်းသာတစ်ယောက်ဘဝကို ခံယူနိုင်မည်ဖြစ်သော်လည်း လက်အောက်ဝန်ထမ်းများက အမှတ်တရရှိနေမည့် ခေါင်းဆောင်ကောင်းတစ်ယောက်ဘဝကိုကား ရနိုင်လိမ့်မည်မဟုတ်။ ဒို့ ဘဝတွေ မြင့်မားလာအောင် လုပ်ပေးခဲ့သည့် ခေါင်းဆောင်ကောင်းကြီးဆိုပြီး ဘယ်ဝန်ထမ်းကမျှ ဂျွန့်ကို သတိတရ ရှိနေလိမ့်မည် မဟုတ်။
            ဂျွန်ကား လက်အောက် ဝန်ထမ်းများနှင့် ထိုသို့ ခပ်စိမ်းစိမ်း ဖြစ်ချင်သူ မဟုတ်။ သို့သော် ဂျွန်သည် လက်အောက်ဝန်ထမ်းများ၏ ယုံကြည်ခံရအောင် မည်သို့လုပ်ရမည်မှန်း မသိဖြစ်နေသည်။ သူ့ကို လက်အောက်ဝန်ထမ်းတွေ ယုံကြည်လာအောင် ဂျွန်တစ်ယောက် မည်သို့များ လုပ်ရပါမည်နည်း။


            ဟိုး… ရှေးရှေး.. ဂရိတို့ ရောမတို့ခေတ်က သုံးခဲ့သော နည်းကောင်းတစ်လက်ရှိသည်။ ရှေးရှေးကနည်းမို့ အသုံးမဝင်ဘူးဆိုပြီး အထင်သေးလို့မရ။ ကျွန်ုပ်တို့ အတော်များများသည် ရှေးခေတ်နည်းများကို မေ့မေ့ပျောက်ပျောက် စွန့်ပယ်ထားတတ်ကြသည်။ ဂရိတို့နည်းကား ခေါင်းဆောင်ကောင်းဖြစ်ချင်သူသည် နောက်လိုက်များ မသေချာ မရေရာသည့် အခြေအနေမျိုးအောက်မှာပင် ကိုယ့်အတွက် စွမ်းစွမ်းတမံ စွန့်စားလုပ်ကိုင်ချင်စိတ်ပေါက်အောင် စည်းရုံးပြောဆိုနိုင်သောသူကိုခေါ်ကြောင်း သိရသည်။ ထိုအတွက် အသုံးချရမည့် လက်နက်ကား စကားလုံးများဖြစ်၏။ လက်အောက်ငယ်သားများအပေါ် ဩဇာရှိသော ခေါင်းဆောင်ကောင်းတို့သည် နှုတ်မှုရေးရာ အရည်အချင်း သုံးရပ်ကို အပြည့်အဝ တတ်ကျွမ်းကြသူများဖြစ်ကြောင်း အရစ္စတိုတယ်ကလည်း ပြောသည်။ ဘာ အရည်အချင်း သုံးရပ်နည်း။ ကြည့်ရအောင်ပါ။

ရှင်းလင်း ပြတ်သားစွာ ထောက်ပြပြောဆိုနိုင်မှု
            ပြဿနာက ဘာလဲ၊ ထို ပြဿနာကို ဘယ်လို ရှင်းမှာလဲ၊ ထို ပြဿနာ ရှင်းနိုင်ရင် ဘာအကျိုးအမြတ်တွေ ရမှာလဲ စသဖြင့် ပြဿနာတစ်ခု၏ စ လယ် ဆုံး အားလုံးကို ဆွဲထုတ်တင်ပြနိုင်သော ခေါင်းဆောင်မျိုးသည်သာ လက်အောက်ငယ်သားများ နောက်က လိုက်လုပ်ချင်လာအောင် ဆွဲဆောင်နိုင်မည်ဖြစ်သည်။ ကိုယ်တိုင်က မသေချာ မရေရာသော ခေါင်းဆောင်မျိုး၏ နောက်သို့ မည်သည့် လက်အောက်ငယ်သားမျှ လိုက်ချင်လိမ့်မည်မဟုတ်ကြောင်းကို သိကြရမည်။ ဂျွန်သည် ထိုသို့ ရှင်းလင်းပြတ်သားစွာ ပြောဆို တင်ပြတတ်အောင် လေ့ကျင့်ဖို့ လိုသည်။ “ဟုတ်ကဲ့ အခု လုပ်မယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တဲ့ အလုပ်ဟာဆို စတုန်းကတော့ ကောင်းမလိုဘဲဗျ၊ ဒါပေမယ့် နောက်မှ သေချာ ပြန်စဉ်းစားလိုက်တော့ ကျွန်တော်တို့ သတိမထားမိလိုက်တဲ့ အချက် သုံးချက်ကို သွားတွေ့တယ်” ဆိုတာမျိုး ကိုယ်တင်ပြချင်တာကို အရှင်းလင်းဆုံးဖြစ်အောင် တင်ပြတတ်ဖို့ လိုသည်။ တင်ပြသည့်လူ ကိုယ်တိုင်က ယောင်ဝါးဝါးနှင့်ဆို အောက်လူက ဘယ်နည်းနှင့်မျှ အားတိုက်အင်တိုက် လိုက်လုပ်ချင်လိမ့်မည် မဟုတ်။


ယုံကြည်ကိုးစားချင်စရာကောင်းအောင် ပြောဆို တင်ပြနိုင်မှု
            မြင်ရုံနဲ့ ယုံကြည်ကိုးစားနိုင်သောလူဟု လက်အောက်လူတွေ စိတ်ထဲ စွဲသွားအောင် နေတတ်ထိုင်တတ်ဖို့ လိုသည်။ ထိုသို့ ဖြစ်ဖို့ဆို ကိုယ်ဟာ အိပ်မက်တွေကို အကောင်အထည်ဖော်နေတဲ့လူ၊ ကိုယ့်တန်ဖိုးနဲ့ ကိုယ်နေသူဆိုတာ သိအောင် နေပြနိုင်ဖို့ လိုသည်။ ကိုယ့်ရဲ့ မျှော်မှန်းချက်တွေက ဘာဆိုတာ လက်အောက်ဝန်ထမ်းတွေ သိနေအောင် ထုတ်ဖော်ပြောပြထားဖို့ လိုသည်။ ဒါမှ ဒို့ခေါင်းဆောင်ဟာ ဘယ်ကို ချီတက်နေသူဆိုတာ လက်အောက်လူတွေသိပြီး ကိုယ့်အပေါ် ယုံကြည်ကိုးစားစိတ်များ ပေါ်မည်။ ယုံကြည်ကိုးစားခြင်းဟူသည် နှလုံးသားမှ လာသည်။

ကိုယ်ချင်းစာစိတ်အပြည့်ဖြင့် ပြောဆိုဆက်ဆံခြင်း။
            တစ်ဖက်လူကို ကိုယ်ချင်းစာတတ်သော စိတ်သည် ခေါင်းဆောင်ကောင်းများမှာ မရှိမဖြစ် လိုအပ်သော စိတ်ဖြစ်သည်။ ဂျွန့်မှာ ထိုအရည်အချင်း လစ်ဟာလျှက်ရှိသည်။ စာဖတ်သူဟာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းရင်းနှီးနှီး စကားပြောသူလား၊ ကိုယ့် အားနည်းချက်တွေကို ရင်းရင်းနှီးနှီး ထုတ်ဖော်ပြောပြသူလား၊ အလုပ်ခွင်တွင်း ကိုယ့်ထက် ရာထူးအားဖြင့် နိမ့်သူများကို ကိုယ့် ရုံးခန်းထဲ ဖိတ်ခေါ်ပြီး ကော်ဖီတူတူ သောက်ကာ သူတို့ ဘဝတွေအကြောင်း မေးဖူးပါသလား။ သူတို့ပြောသည့် သူတို့ဘဝတွေအကြောင်း စာနာမှုအပြည့်နှင့် နားထောင်ပေးပါသလား။ စာဖတ်သူဟာ လုပ်ဖော်ကိုင်ဖက်တွေအတွက် အကူအညီ ရသူလား။ အရေးကြုံရင် ဒို့ ခေါင်းဆောင်ဆီ ပြေးဟေ့လို့ လက်အောက်လူများက ပြောရသည့် ခေါင်းဆောင်ကောင်း ဖြစ်ပါပြီလား။ ထိုသို့ ဖြစ်နိုင်လောက်သည့် ကိုယ်ချင်းစာတရားမျိုး စာဖတ်သူမှာ ရှိပြီလား။ ကိုယ်ဟာ ကိုယ်ချင်းစာစိတ်အပြည့်ရှိသူဟု လက်အောက်ဝန်ထမ်းတွေ သိနိုင်အောင်ကော စာဖတ်သူဟာ ဘာတွေ ပြောဆို ဆွေးနွေးထားပါသလဲ။ ပြန်စဉ်းစားသုံးသပ်ပြီး လိုတာများကို ဖြည့်ဖို့ လိုသည်။


            ကိုယ် အမှားတွေ လုပ်မိရာက ရခဲ့သည့် သင်ခန်းစာတွေကိုရော လက်အောက် ငယ်သားတွေ သင်ခန်းစာယူနိုင်အောင် ပွင့်ပွင့်လင်းလင်း ပြောပြဖူးပါသလား။ လက်အောက်ငယ်သားတွေ ဘယ်သူက ဘာ အားသာတယ်၊ ဘာ အားနည်းတယ်ဆိုတာ လေ့လာကြည့်ဖူးပါသလား။ ကော်ပိုရေးရှင်း အကြီးအကဲကြီးတစ်ယောက် ပြောဖူးတာလေး ပြန်ဝေငှဦးမည်။ သူ့ လုပ်ငန်း ဧည့်ကြိုကောင်တာမှာ အမျိုးသားတစ်ဦးကို ခန့်ထားပါသတဲ့။ “အလုပ်ဆင်းချိန် ညနေ ၄ နာရီ ၄၅ ဆို ကွက်တိပဲ သူ အလုပ်ဆင်းတယ်။ ဘယ်တော့မှ တစ်မိနစ် နောက်မကျဘူး။ အဲ့ဒါ ဆယ်နှစ်ဆက်တိုက်ပဲ။ ဒါနဲ့ သူ ကုမ္ပဏီက ထွက်တော့မှပဲ ကျွန်တော်လည်း စကားကြုံတာနဲ့ အဲ့အကြောင်း မေးဖြစ်တယ်။ အဲ့မှာ သူက သူဟာ ကျွန်တော်တို့ တစ်နိုင်ငံလုံးရဲ့ ကိုယ်စားပြု သံစုံတီးဝိုင်းကြီးရဲ့ တီးဝိုင်းဆရာ ဖြစ်နေပြီဆိုတဲ့အကြောင်း သိရတယ်။ ပြီးခဲ့တဲ့ ဆယ်နှစ်လုံးလုံး ညနေတိုင်း တစ်ရက်မှ မပျက်ကွက်ဘဲ သွားလေ့ကျင့်တယ်ဆိုတာ အဲ့တော့မှ သိရတယ်။ ကျွန်တော်တို့ လက်အောက်မှာ လူတော် လူကောင်းတွေ ဘယ်လောက်ရှိလဲ အဲ့ဒါနဲ့ သိနိုင်တယ်။ ဒါကြောင့် ကိုယ့်လက်အောက်လူတွေ ဘာဆိုတာ သိအောင် စူးစမ်းကြဖို့လိုတယ်။ ကိုယ့်လက်အောက်မှာ တစ်ကယ် အရည်အချင်းရှိတဲ့လူတွေ အများကြီး ရှိနေနိုင်တယ်” ဟု ၎င်းက ပြောပြသည်။

            ဂျွန် အနေနှင့် လက်အောက်ဝန်ထမ်းတွေ ယုံကြည်ကိုးစားလောက်သည့် ခေါင်းဆောင်မျိုး ဖြစ်အောင်ဆို အထက်ဖော်ပြပါ အချက် သုံးချက်ကို ထက်မြက်နေအောင် အစဉ်အမြဲ သွေးနေဖို့ လိုသည်။ ယုံကြည်ကိုးစားခံထိုက်သော ခေါင်းဆောင်မျိုးဖြစ်လိုလျှင် ယုံကြည်ကိုးစားခံထိုက်အောင် ပြုမူနေထိုင်ရုံနှင့် မပြီးသေး၊ ကိုယ်ဟာ ယုံကြည်ကိုးစားခံထိုက်သူဖြစ်ကြောင်း လက်အောက်ဝန်ထမ်းတွေ သိနေအောင်လည်း ပြောဆိုတင်ပြတတ်ဖို့ လိုသည်။

                                                                                      သန်းထိုက်စိုး
Ref: Learn to Speak the Three Languages of Leadership

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...