Sunday, September 18, 2011

ကိုယ်ချင်းစာစိတ်

Cloud Cuckoo Land created a doc.
လောကကြီးမှာ ဘယ်သူမဆို ချမ်းသာ ချင်ကြတာပဲ။ သူများဆင်းရဲ ဒုက္ခရောက်မှ ကိုယ်ချမ်းသာ ရတာ မျိုးတော့ မဖြစ်စေနဲ့။ မလုပ်အပ်ဘူး။ သူများ ဆင်းရဲအောင် မလုပ်ကြနဲ့။ အနစ်နာ ခံစရာ ရှိရင် ကိုယ်သာခံ။ ဒါ လူ့သီလပဲ။ (အရှင်ဇနကာဘိဝံသ)

သတ္တ၀ါဆိုတာ ဘ၀ကို စတင် ဖြစ်တည် လာရာမှာ ဘ၀နိကန္တိတ လောဘဇော ဆိုတဲ့ အလိုဆန္ဒနဲ့ စခဲ့ကြတာ ဖြစ်လို့ ပထမဆုံးတော့ ကိုယ့်အလို ဆန္ဒတွေ ပြည့်ချင်တယ်။ လိုတာတွေရဖို့ အလိုကျ တာတွေ ဖြစ်လာဖို့ တောင့်တ ကြတ...ယ်။ ဆန္ဒ မပြည့်တာတွေ၊ အလိုကျ တာတွေ မဖြစ်လာဘူး ဆိုရင် အလိုမကျတဲ့ ဒေါသ ဆိုတာ ဖြစ်လာကြတယ်။ အဲဒီမှာ ကိုယ့်အလိုကျ မဖြစ်တာဟာ တစ်စုံတယောက်က ဖြစ်စေ၊ တစ်စုံတစ်ရာက ဖြစ်စေ အနှောင့်အယှက် အဟန့်အတား ဖြစ်တယ်လို့ ယူဆရင် အဲဒီ တစ်စုံ တစ်ယောက်ကို နာကျင်အောင်၊ သေကျေအောင်၊ ရိုက်ပုတ် သတ်ဖြတ်ချင်တဲ့ စိတ်ဆိုး စိတ်ရိုင်း အကြံအစည်တွေ ဖြစ်ပေါ် လာပါတယ်။

ကိုယ့်အလို ဆန္ဒကို နှောက်ယှက်ရင်၊ ကိုယ့်အလို ဆန္ဒနဲ့ ဆန့်ကျင်ရင် ရန်သူလို့ သတ်မှတ်ပြီး ခွန်အားတို့၊ လက်နက်တို့နဲ့ အနိုင်ယူပစ်မယ် ဆိုတဲ့ စိတ်ထားဟာ အနိမ့်ဆုံး ဖြစ်တဲ့ တိရစ္ဆာန်များ မှာလည်း ရှိတာပါပဲ။ အစွယ်ရှိတဲ့ သတ္တ၀ါက အစွယ် အားကိုး၊ ဦးချိုရှိတဲ့ သတ္တ၀ါက ဦးချို အားကိုနဲ့ ပြဿနာကို ဖြေရှင်း ကြတာမျိုးပေါ့။ ဒီလို ကာယ ခွန်အားနဲ့ ပြဿနာကို ဖြေရှင်း ကြတာဟာ တစ်ခဏလောက် ကျေနပ်စရာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ရေရှည် ဘေးရန် ကင်းကြောင်း မဖြစ်ဘူး။ ဒေါသ ကိလေသာတွေ များသည်ထက် များပြီး ရန်ငြိုး အာဃာတတွေ တိုးစေတယ်။ သံသရာခရီး တစ်လျှောက် မှာလည်း ဒုက္ခတွင်း နက်ပြီး သံသရာ ခရီး ရှည်စေတယ်။ ဒါကြောင့် အက္ကောဓေန ဇိနေကောဓံ= အမျက်ဒေါသ ရန်ငြိုး အာဃာတ ကင်းတဲ့ မေတ္တာစိတ်နဲ့ အမျက်ဒေါသ ရန်ငြိုး အာဃာတ ကြီးသူကို အောင်နိုင်ရမယ် လို့ ဘုရားရှင်က ဟောတော် မူခဲ့တာပါ။
ဘုရားရှင်ရဲ့ တပည့်သားများ အနေနဲ့ ဘုရားရှင် ဟောညွှန် ဆုံးမတော် မူတဲ့ အတိုင်းပဲ နိုင်ထက် စီးနင်း ပြုမူလိုတဲ့ အကြံအစည် တွေကို သည်းခံ ခွင့်လွှတ်စိတ်၊ ကိုယ်ချင်းစာ စိတ်များနဲ့ အစားထိုး မွေးမြူလိုက်ပါ။ ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို ချစ်ပါလေ ဆိုတဲ့ အရှင်မဟာရဋ္ဌသာရရဲ့ ဆုံးမစကား အတိုင်းပါပဲ။ ကိုယ်ချင်းစာတယ် ဆိုရာမှာလည်း သူ့နေရာကို ကိုယ်က အစားထိုးပြီး ၀င်ရောက် ခံစားတဲ့ သဘောပါပဲ။ ငါသာ သူ့နေရာမှာ ဆိုရင် ဘယ်လိုများ ခံစားရပါ့မလဲ ဆိုတဲ့ ကိုယ်ချင်းစာ စိတ်လေးတွေ ရှိအောင် ကြိုးစားကြစေ ချင်တာပါ။ ကိုယ်ချင်းစာမှ တရားမျှမယ်၊ တရားမျှမှ တရားရှိမယ် ဆိုတာ မမေ့သင့် ပါဘူး။


ကိုယ်ချင်းစာ စိတ်ကောင်းကလေး တကယ်တမ်း မွေးမြူနိုင်လာပြီ ဆိုရင် လောကမှာ ကိုယ်တိုင် ကြုံတွေ့ ခံစားရဖူးတဲ့ နားမချမ်းသာစရာ စကားမျိုးတွေ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်စရာ အပြုအမူမျိုး တွေနဲ့ ကိုယ်က သူများအပေါ် ဘယ်တော့မှ မပြောဆို မပြုမူမိတော့မှာ သေချာ ပါတယ်။ အဲဒီလို ရှောင်ကြဉ်ကျင့်သုံး နေထိုင်မယ် ဆိုရင် အဲဒီ ပုဂ္ဂိုလ်ဟာ မတရားမှု ကင်းသူ ဖြစ်ပါတယ်။ သဗ္ဗပါပဿ အကရဏံ = မကောင်းမှု (မတရားမှု) ကို လုံးဝ မပြုရ ဆိုတဲ့ ဘုရားရှင် တို့ရဲ့ အခြေခံ နံပါတ်တစ် အဆုံးအမနဲ့ အညီ နေထိုင်နိုင်ခြင်း ဖြစ်လို့ သိက္ခာသုံးပါးနဲ့ ပြောမယ်ဆိုရင် အခြေခံ သီလသိက္ခာ လုံခြုံ ပြည့်စုံ တယ်လို့ ဆိုရမှာပါ။
လောကမှာ တရားမျှတတယ် ဆိုတာကို ကောင်းစွာ သဘော မပေါက်ကြ ပေမယ့် မတရားဘူး၊ မမျှတဘူး ဆိုတာ ကိုတော့ လူတိုင်းလိုလို ကိုယ်တွေ့ ကြုံဆုံ ခံစား သိကြဖူး မှာပါ။ တစ်ယောက်ယောက်က မိမိအပေါ် ကျိုးမဲ့ပြစ်ရ ဖြစ်အောင်၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်အောင် ဆဲရေး တိုင်းထွာ ပြောဆိုတာကို ကြားရတဲ့ အခါ၊ အလိမ်အညာ ခံရတဲ့အခါ၊ ချောပစ်ကုန်းတိုက် စကား ပြောဆို ခံရတဲ့အခါမျိုး တွေမှာ ဒါဟာ သပ်သပ် မတရား ပြောတာပဲ၊ မမျှမတ မမှန်မကန် ပြောတာပဲ ဆိုပြီး ကိုယ်တိုင် ခံစားဖူး ကြမှာပါ။ ဒီလို ပြောဆို ခံရတာကို ကိုယ်တိုင်က မတရားဘူးလို့ ခံယူထားတဲ့ အပြောအဆို မျိုးတွေ၊ ကိုယ်က သူများ အပေါ် မပြောမဆို မိအောင် ရှောင်ကြဉ် ကျင့်သုံး နေထိုင်တာကို မတရားမှု ကင်းအောင် နေထိုင်တယ်လို့ ဆိုရတာ ပါပဲ။
အချင်းချင်း ပြောဆို ပြုမူ ဆက်ဆံကြတဲ့ အခါ ဒီလို အပြု အမူမျိုးနဲ့ တွေ့ကြုံရတာ ကိုယ်ရော စိတ်ပါ ချမ်းသာ လိုက်လေ။ ဒါဟာ ကောင်းမွန် မှန်ကန်တဲ့ အပြောအဆို အပြုအမူမျိုးပဲ ဆိုပြီး ကိုယ်တိုင် ခံစားဖူးကြ ပါလိမ့်မယ်။ အဲဒီလို ကိုယ်တိုင်က တရားမျှတတယ်လို့ ခံစားရပြီး ကိုယ်တိုင်လိုလား တောင့်တတဲ့ အပြောအဆို၊ အပြုအမူတွေနဲ့ သူတစ်ပါး အပေါ် ပြောဆို ပြုမူမယ် ဆိုတဲ့ စိတ်ကောင်း လေးတွေ မွေးမြူ ကြပါ။ တောရ ဆရာတော်ကြီး ကတော့ ကိုယ် မလိုချင်တာ သူများကို လုံးဝ မပေးပါနှင့်။ ကိုယ် လိုချင်တာ သူများကို အကုန် ပေးပါ။ ကိုယ် ပေးထားတဲ့ အတိုင်း ကိုယ် ပြန်ရလိမ့်မယ် လို့ မိန့်ကြားတော် မူပါတယ်။ ကိုယ်တိုင် မကြိုက် မနှစ်သက်တဲ့ အပြောအဆို အပြုအမူတွေကို သူတပါးကို လုံးဝ မပေးဖို့၊ ကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ အတိုင်း သူတပါးကိုလည်း ပေးဝေဖို့၊ ကိုယ်ပေးတဲ့ အတိုင်းပဲ ကိုယ်တိုင် ပြန်လည် ခံစား ကြရလိမ့်မယ် ဆိုတဲ့ သဘောပါပဲ။
ဗုဒ္ဓမြတ်စွာ အလိုတော် အရ သတ္တ၀ါတိုင်းမှာ တူညီတဲ့ အခြေခံ အခွင့်အရေး နှစ်ခုစီ ရှိကြ ပါတယ်။ ပြုလုပ်ပိုင်ခွင့်နဲ့ ခံစားခွင့် (ကံနဲ့ ကံ၏အကျိုး) ဖြစ်ပါတယ်။ ပြုလုပ်ပိုင်ခွင့်ကို ဆိုးဆိုးဝါးဝါး အသုံးချ သူဟာ ခံစားခွင့် ကိုလည်း ဆိုးဆိုးဝါးဝါး ခံယူ ရမယ်။ ဒါဟာ ကမ္မသကတ လမ်းစဉ်မှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတပါးရဲ့ အပြစ်ကိုသာ မကြည့်ပဲ ကောင်းကွက်လေးတွေ ရှာပြီး ကိုယ်ချင်းစာ စိတ်လေးတွေနဲ့သာ နေထိုင်ကြမယ် ဆိုရင် လောကကြီးလည်း အေးချမ်း ရသလို ကိုယ်ရဲ့ သံသရာခရီး အတွက်လည်း ချမ်းသာ ရမှာပါ။ ဒီထက်ပိုလို့ ဘယ်နေရာ ကြည့်ကြည့် မေတ္တာ မျက်ဝန်းလေး တွေနဲ့သာ ကြည့်တတ်ကြပြီး မေတ္တာ ပုံရိပ်ကို မြင်နိုင်တဲ့ သူတွေ ဖြစ်ကြရင် ကမ္ဘာ လောကကြီး ဘယ်လောက်များ သာယာ လိုက်မလဲလေ။
ကိုယ်ချင်းစာ ကြင်နာတတ်တဲ့ သူတွေ ဖြစ်ကြပါစေ…

posted by Forverfriends

  2 comments:

  1. တကယ်ကို ကောင်းမွန်တဲ့ အတွေးအခေါ် တွေ မှတ်သားသွားမိပါတယ်...
    နောက်လည်း ဒီလို ကောင်းမွန်တဲ့ အတွေးအခေါ်လေးတွေ မျှဝေပေးပါဦး...
    ကျေးဇူးကမ္ဘာပါ...

    ReplyDelete
  2. အရမ်းကောင်းတဲ့စာသားလေးတွေပါ... Share ခွင့်ပြုပါရှင့်

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...