Sunday, September 4, 2011

ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ

thsni200.jpg
 

သစ္စာနီ" ဆိုတဲ့ နာမည်တစ်ခုကို ကြားလိုက်တာနဲ့ ဒါဟာ ကဗျာတွေ ၀တ္ထုတွေ ဆောင်းပါးတွေကို စိတ်ကူးကုန်ကြမ်းမှ စာပေကုန်ချောများ ထွက်သလို ရေးသားနေတဲ့ စာရေးဆရာတစ်ယောက်ဖြစ်ကြောင်း သိကြမှာပဲဖြစ်ပါတယ်... ဆရာသစ္စာနီဆိုတာ ၁၉၆၆ ခုနစ် ၊ ဇူလိုင်လ ၀န်းကျင်ကနေ ဒီနေ့ခေတ်တွေအထိ နှစ်လေးဆယ်ကျော်ကျော်အောင်မြင်နေတဲ့ ကဗျာဆရာတစ်ယောက် ၊ စာရေးဆရာတစ်ယောက်လည်း ဖြစ်ပါတယ်..။ ဘ၀သရုပ်ဖော်စာပေများ ၊ အချစ်ဝတ္ထု၊ ဘာသာရေးဆောင်းပါးများနှင့် စာစုံစုံလင်လင် ရေးသားသော ဆရာသစ္စာနီသည် ၁၉၈၀ခုနစ်နောက်ပိုင်းတွင် မော်ဒန်ကဗျာဆရာတစ်ယောက် မော်ဒန်စာရေးဆရာ တစ်ယောက်အဖြစ်သို့ ကူးပြောင်းရေးသားလာသည့် မော်ဒန်ကဗျာနှင့် စာရေးဆရာ တစ်ယောက်လည်း ဖြစ်သည်။ ဆရာနဲ့ ပတ်သက်တာလေးတွေကို သိချင်နေတဲ့ စာပေချစ်ပရိသတ် တွေအတွက် ဒီလိုစာလေးတွေကို ရေးပေးမယ်ဆိုတဲ့ စိတ်နဲ့ သိရသလောက် မှတ်ရသလောက် လက်လှမ်းမီသလောက် ပြန်လည်ဖြန့်ဝေပေးလိုက်ပါတယ်...

ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ

မွေး - (၃၀.၁၀.၁၉၄၆)

ရန်ကုန်ဇာတိ

မြန်မာဗုဒ္ဓဘာသာ

မြန်မာလို ရေးတတ် ဖတ်တတ်၊

အင်္ဂလိပ်လို သိပ်မတတ်၊

မတော်တဆ အသည်းကွဲရာမှ

ခြေချော် လက်ချော် ကဗျာဆရာဖြစ်လာသူ၊

အိမ်ထောင်မရှိ ၊ ဘဏ်ငွေစာရင်းမရှိ၊ ဆရာ မရှိသူ..။

တခြား ၀ါသနာ…

အမဲလိုက်ခြင်းနှင့် ဖဲရိုက်ခြင်း။

ဆရာနဲ့ ပတ်သက်တဲ့ ပထမဆုံးအနေနဲ့ဆိုရင်တော့ ပရိသတ်တွေစိတ်ဝင်စားတယ်ဆိုတဲ့အရာက ဆရာ့ရဲ့ ကလောင်အမည်ပဲ ဖြစ်ပါလိမ့်မယ်.. ဒီနာမည်ဟာ ရိုးသလိုလိုနဲ့ သစ်ဆန်းပြီး ခေတ်တစ်ခုအနေနဲ့မဟုတ်ပဲ အမြဲရှင်သန်ကျယ်ပြန့်နေတဲ့ အမည်တစ်ခုပါ။ ဆရာ့အတွက်ကတော့ သိပ်ထူးထူးဆန်းဆန်းကြီးရွေးချယ်ခဲ့တာတော့ မဟုတ်ပါဘူး..။ သစ္စာနီ ဆိုတဲ့ ကလောင်နာမည်ကတော့  စန္ဒရားချစ်ဆွေ သီချင်းထဲက `ချစ် ချစ် ချစ်တာသူ့ကို အို´ ဆိုတဲ့ သီချင်းထဲမှာ`သစ္စာနီဦးထိပ်ချီ´လို့ဆိုတဲ့ စကားလုံးထဲမှ သစ္စာနီဆိုတဲ့ အသုံးအနှုန်းလေးကို နှစ်သက်မိလို့ ကလောင်နာမည်အဖြစ် ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်..။ ဆရာသစ္စာနီ ဟာ မင်းကျော်မိုး ၊ သင်းလှိုင်မြင့် ၊ မိချမ်းမြ ဆိုတဲ့ကလောင်အမည်တွေနဲ့ ကဗျာနှင့် စာများကို လက်တည့်စမ်းသဘောမျိုးနဲ့ ရေးသားခဲ့သူဖြစ်ပြီး ၁၉၇၆  ရှုမ၀ မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြခဲ့သော "ကုန်စိမ်းတွေ ပုပ်ကုန်လိမ့်မယ်" ၀တ္ထုတွင် ကိုယ်တိုင်သဘောကျနှစ်ခြိုက်မိသောကြောင့်  `သစ္စာနီ´အနေဖြင့် ယုံကြည်စိတ်ချစွာ စတင်ရေးသားခဲ့တယ်လို့ သိရပါတယ်..။

၁၉၆၆ခုနစ်တွင် ရုပ်ရှင်သစ်မဂ္ဂဇင်းတွင် ပထမဆုံးအကြိမ် ဖော်ပြခြင်းခံရသည့် "မပွင့်မီက ကြွေနှင့်သည်" ၀တ္ထုတိုတွင် သစ္စာနီ (ဥက္ကလာ)ဖြင့် ရေးသားခဲ့ပြီး ၁၉၇၈ ခုနစ်တွင် (ဥက္ကလာ) ကိုထည့်သွင်းခြင်းမရှိတော့ကြောင်း သိရသည်။ ကဗျာများ ၀တ္ထုများအပြင် ဆရာသည် သိပ္ပံဝတ္ထုများ ၊ ဘာသာရေးဆောင်းပါးများ ၊ စကားပြောဆောင်းပါးများ၊ ဇာတ်ညွှန်းများကိုလည်း ရေးသားခဲ့သူဖြစ်ပါသည်။ စာပေလောကတွင် အတွေးအမြင်သည် သီခြားပုံစံဖြင့်တွေးရေးပြီး ကဏ္ဍအစုံအလင်ကို ကလောင်သွေးနိုင်သော ဆရာ၏ ထူးခြားဖော်ပြပုံများသည် ၂၁ရာစုအထိ လက်မလွှတ်တမ်း ဖတ်ရှုမှတ်သားနေရသည့် စာပေများ ဖြစ်ပါသည်။  Science Ficition တွေကိုသဘောကျတယ်လို့ ပြောခဲ့တဲ့ဆရာသစ္စာနီသည် "တာရာလင်းနွယ်" အမည်ဖြင့် သိပ္ပံဝတ္ထုများကို ရေးသားခဲ့ပြီး "ရဲသျှ န္တီ"  ကလောင်အမည်ဖြင့် ဘာသာရေးဆောင်းပါးများကို ရေးသားခဲ့တယ်လို့ သိရပါတယ်။`ဖတ်ကြည့်ရင် သိလိမ့်မယ်´၊ `မျက်စိ ထဲက ဆူး´စသည့် ပညာတတ်လူငယ်များ ဘာသာရေးအသိအမြင် ပိုမိုကျယ်ပြန့်စေလိုတဲ့စိတ်စေတနာနှင့် `ပန်းပွင့်ကိုယ်ပေါ်က သက္ကာလိပ်ပြာ´ ဆိုသည့်အမည်ကို ရွေးချယ်ခဲ့ပြီး လူငယ်တွေကို ဦးတည်သော အက်ဆေး ဆန်ဆန်လေးတွေ ရေးသားခဲ့ကြောင်း သိရပါတယ်။  စရဏ၊သီလ၊ သမာဓိခန်း၊ နောက်ဆုံး ၀ိပသနာ အဆင့်ထိ ရောက်သွားအောင် ရည်ရွယ်ထားခဲ့ပြီး သန္ထ လွင်ပြင်(တစ်) နဲ့ (နှစ်)ဟူ၍ ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။ သန္ထ လွင်ပြင် (နှစ်) မှာ အချို့လူငယ်တွေဖတ်လို့ မမှီနိုင်တဲ့ အဆင့်ထိဖြစ်သွားခဲ့ပြီး   ဆုံးခန်းတိုင်းအောင်ပြောမှဖြစ်မယ့် ဘာသာရေးဖြစ်လို့ ကျယ်ပြန့်သွားခဲ့တယ်လို့ သိရပါတယ်။

စာပေလောက ၊ စာရေးခြင်း စတဲ့အတတ်ပညာ အသိပညာဆိုတာ ဆုံးခန်းတိုင်တယ်ဆိုတာ မရှိပါဘူး..။ ဒါတွေဟာ လက်တွေ့စာရေးနေတဲ့သူတွေ စာဖတ်နေတဲ့သူတွေ တွေးနေ ရေးနေတဲ့သူတွေအတွက် လက်တွေ့ကျင့်သုံးနေရတဲ့အရာတွေပါပဲ။  ယနေ့စာပေလောကမှာ ဆရာတစ်ဆူလို ကိုးကွယ်လို့ရနေတဲ့ ဆရာသစ္စာနီအနေနဲ့ကော ၀မ်းစာအတွက် ဘယ်လိုတွေဖြည့်ဆည်းနေပါသလဲ... ဒါကိုလည်း Planet ကိုအသုံးပြုနေတဲ့ စာချစ်သူတွေအနေနဲ့ သိချင်ကြမှာပဲ... ဆရာက မြန်မာစာပေလောက စာအုပ်အကုန်နီးပါးကို ဖတ်ဖူးတယ်ဆိုတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်..။ သိပံ္ပမောင်ဝ၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဒေါင်းနွယ်ဆွေ၊ ခင်နှင်းယု၊ တက္ကသိုလ်ဘုန်းနိုင်၊ ကြည်အေး၊ ရန်ကုန်ဘဆွေ၊ ဗန်းမော် တင်အောင် ၊ဂန္တ၀င်စာပေ၊ ကုန်းဘောင်ခေတ်စာပေ၊ ကိုးခန်းပျို့၊ ရာမ ရကန်၊ နတ်သျှင်နောင်၊ န၀ဒေးရတုပေါင်းချုပ်တွေ ဖတ်တယ်လို့ပြောတဲ့ဆရာက စာဆိုရင် မရွေးတာအကောင်းဆုံးပါပဲ... ဖတ်သင့် ဖတ်ထိုက်တဲ့စာ အကုန်ဖတ် ပါတယ်။ ဆရာကြီး ရွှေဥဒေါင်းတို့၊ ဒဂုန်ရွှေမျှား တို့ ဖတ်တယ်လို့ သိရပါတယ်။

အောင်မြင်တဲ့ စာရေးဆရာဖြစ်ချင်တဲ့ သူတွေ၊ စာရေးဖို့ ၀ါသနာပါသူတွေ အတွက် များများဖတ်၊ များများရေးပါ... အဲဒါက အဓိကကျပါတယ်။ လေ့ကျင့်မှုလည်းဖြစ်ပါတယ်... ။များများ ရေးရင် များများ တိုးတက်လာမယ်။ များများရေးဖို့ ဆိုတာလည်း များများ ၀မ်းစာပြည့်ဖို့ လိုတယ်။ ၀မ်းစာပြည့်ဖို့ ဆိုတာ စာများများ ဖတ်ပြီး များများ ရေးကြည့်ပါလို့ ဆရာက လမ်းပြပေးခဲ့ပါတယ်။

မျက်မှောက်ခေတ် မြန်မာကဗျာလေ့လာချက်

မြန်မာကဗျာအကြောင်း ပြောကြရအောင်။

အဓိပ္ပါယ်က မြန်မာတွေရေးတဲ့ကဗျာအကြောင်းပေါ့။ အဲဒါကိုပဲ နည်းနည်းတိကျအောင် ထပ်ပြောရရင် ဒီနေ့ ခေတ် မြန်မာကဗျာအကြောင်း ဆိုပါတော့။ (သမိုင်းနဲ့ချီပြီးပြောရအောင် မရည်ရွယ်ပါဘူး။)

အဲသလို ပြောမယ်ဆိုတော့ "ကဗျာဆိုတာ ဘာလဲ" လို့ အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ဖို့ စတင်လိုအပ်လာပါတယ်။ အဲဒါကလည်း ကျယ်ဝန်းလွန်းလှတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကဗျာဆိုတာ အချိန်တိုင်းမှာ နေရာတိုင်းမှာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ရှိနေတတ်တဲ့အရာလို့ ကျွန်တော်က လက်ခံထားလို့ပဲ။ ဒီတော့ ဒီနေရာမှာ ဒီလောက်ကျယ် ကျယ်ပြန့်ပြန့်မဟုတ်ဘဲ ကဗျာဆိုတာ စာနဲ့ရေးသားတင်ပြထားတဲ့(ဒါမှမဟုတ်) စကားလုံးတွေကို ကြားခံပစ္စည်း အဖြစ် အသုံးပြုထားတဲ့ (ကဗျာ) တစ်မျိုးတည်းကိုပဲ ကွက်ပြီးဆိုလိုတယ်လို့ ကျွန်တော်တို့၊ ခင်ဗျားတို့ ခဏသ ဘောတူထားလိုက်ကြရအောင်။ (နောက်ဆုံး ရွတ်တဲ့ကဗျာအတွက်တောင် မရည်ရွယ်ဘူးဆိုပါတော့။)

ကဗျာဆိုတာ ဘာလဲ။

ဒီမေးခွန်းကိုဖြေတဲ့ ကျွန်တော့်ရဲ့အဖြေက ခြွင်းချက်မဲ့ပြီး ပြည့်စုံတဲ့အဖြေ မဖြစ်နိုင်လောက်ဘူးဆိုတာကိုလည်း ကြိုတင်အသိပေးထားလိုပါတယ်။ ကဗျာကို ကိုယ့်အမြင်နဲ့ကိုယ်၊ ကိုယ့်ရှုထောင့်နဲ့ကိုယ် အဓိပ္ပါယ် ဖွင့်ဆိုနေကြ တဲ့အထဲက သမုတိသဘောတစ်ခုလို့သာ သဘောထားကြစေချင်ပါတယ်။

ကဗျာဆိုတာ ဘာလဲ။

ကဗျာဆိုတာ-

၁။ ကဗျာမဆန်ရဘူး။

(ကဗျာမဆန် ဆန်အောင် ဇွတ်လုပ်နေကြတယ်။)

၂။ ဝေါဟာရ ဖက်ရှင်ရှိုး မဟုတ်ဘူး။

(စကားလုံးနွံထဲ နစ်နေကြတယ်။)

၃။ နက်ရှိုင်းရမယ်။

(အနှစ်မပါဘဲ အဆံချောင်နေတာ တွေ့ရတယ်။)

၎။ ကြည်လင်ရမယ်၊ သန့်စင်ရမယ်။

(ဖန်တီးမှုမဟုတ်ဘဲ ၀ိုးတိုးဝါးတား ဖြစ်နေတယ်။)

၅။ ရိုးသားရမယ်။

(ဟန်ဆောင်တာတွေ၊ ဟန်လုပ်တာတွေ များနေတယ်။)

၆။ သစ်လွင်ရမယ်။

(မဲပြာပုဆိုး မဖြစ်ရဘူး။)

၇။ ဣနြေ္ဒရှိရမယ်။

(ကလက်တက်တက်နဲ့ ဂုဏ်သိက္ခာကင်းမဲ့နေတယ်။)

၈။ ခွန်အားရှိရမယ်။

(ပျော့ညံ့ချည့်နဲ့မနေဘူး။)

၉။ တီထွင်မှုရှိရမယ်။

(စတန့်လုပ်တာနဲ့ မခွဲတတ်ကြဘူး။)

၁၀။ ကိုယ်ပိုင်ဟန်ရှိရမယ်၊ ဆန်ရဲရမယ်။

(နာမည်ကြီးတဲ့လူနောက်၊ ရေစီးကြောင်းနောက် လျှောက်လိုက်နေကြတယ်။)

၁၁။ အပြည့်အ၀ လွတ်လပ်မှုရှိရမယ်။

(ကဗျာနဲ့ပတ်သက်ပြီး ငွေကြေးမျှောင်လင့်ချက်ထားသူအင်မတန်နည်းပေမဲ့ ကဗျာရေးသူ အတော်များများဟာ နာမည်ကြီးချင်မှု၊ အများကြိုက်ခံချင်မှု စတဲ့ အနှောင်အတည်းတွေနဲ့ ရည်ရည်ရွယ်ရွယ်ပဲ ငြိနေတတ်ကြတယ်။)

၁၂။ အထက်တန်းကျတဲ့ အလှတရားနဲ့ ပြည့်စုံရမယ်။

၁၃။ ကာလနဲ့ ဒေသသဘောက ကင်းလွတ်နေရမယ်။

ဒါတွေက လတ်တလောစိတ်ထဲရှိတာလောက် ပြောလိုက်တဲ့ ကဗျာရဲ့ ယေဘုယျလက္ခဏာ(ဒါမှမဟုတ်) ကဗျာ ဂုဏ်ရည်တချို့ပေါ့။ ဒီအချက်အလက်တွေနဲ့ ပြည့်စုံတယ်ဆိုရင်ပဲ ကျွန်တော့်အနေနဲ့ အဲဒီအရာကို ကဗျာလို့ လက် ခံဖို့ ၀န်မလေးတော့ဘူး။

ကဗျာနဲ့ပတ်သက်လို့ ယာယီသဘောတူညီမှုရရင် မျက်မှောက်ခေတ် မြန်မာကဗျာအခြေအနေကို သုံးသပ်ကြည့် ရအောင်။

ဒီနေ့ မြန်မာနိုင်ငံမှာ ထွက်နေတဲ့ မဂ္ဂဇင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ကဗျာကို ထည့်သွင်းဖော်ပြနေတာ တွေ့ရတယ်။ အဲဒီကဗျာတွေကို အမျိုးအစား ခွဲကြည့်လိုက်တော့ -

(က) ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ခင်းခဲ့တဲ့ ခေတ်စမ်းကဗျာလမ်းကြောင်းအတိုင်း လျှောက်နေဆဲဖြစ်တဲ့ က ဗျာများ။ အခုခေတ်မှာတော့ ခေတ်စမ်းသစ်လို့ ခေါ်ကြပါတယ်။ မြ၀တီ၊ ငွေတာရီ အစရှိတဲ့ မဂ္ဂဇင်းတွေထဲမှာ ပါ တတ်တဲ့ ကဗျာအမျိုးအစားတွေ ဖြစ်ပါတယ်။

(ခ) စာပေသစ်ခေါင်းဆောင် ဆရာ ဒဂုန်တာရာ၊ ပြည်သူ့ကဗျာဝါဒ ခေါင်းဆောင် ဆရာဒေါင်းနွယ်ဆွေတို့ ခင်းခဲ့ တဲ့လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေကြဆဲ ကဗျာများ။ ခုခေတ်မှာ တော်လှန်ကဗျာဆိုတဲ့အမည်နဲ့ အဲဒီ အ မွေကို ဆက်ခံခဲ့ကြပါတယ်။ အကြမ်းအားဖြင့် အနုပညာသည် ပြည်သူ့အတွက်ဆိုတဲ့ မူဝါဒနဲ့ နိုင်ငံရေးစံကို ကိုင် ဆွဲဖွဲ့ဆိုတဲ့ ကဗျာမျိုးတွေ ဖြစ်ပါတယ်။

(ဂ) နောက်အမျိုးအစားကတော့ ၁၉၇၀ ပြည့်နှစ်တစ်ဝိုက် လူငယ်ကဗျာဆရာတွေ စုစည်းကြိုးပမ်းထူထောင်ခဲ့ ကြတဲ့ မော်ဒန်ကဗျာလမ်းကြောင်းဖြစ်ပါတယ်။ (မော်ဒန်ကဗျာဝါဒ သဘောတရားကို သီးခြားလေ့လာကြစေလို ပါတယ်။)

မျက်မှောက်ခေတ်မြန်မာကဗျာကို လေ့လာလိုက်ရင် အဲသလို သိသာ ထင်သာတဲ့ ကဗျာအမျိုးအစားတွေ ထွေးရောယှက်တင် သူ့နေရာနဲ့သူ ရေးဖွဲ့ဖြစ်ထွန်းနေတာ တွေ့ရပါတယ်။ ဒိနေ့ ကဗျာရေစီးဟာ ဗဟုကဗျာရေစီး လို့ ပြောရရင် လွဲနိုင်စရာမရှိပါဘူး။ အဲဒီရေစီးထဲမှာ အထင်ရှားဆုံး အင်အားအကောင်းဆုံး တွေ့မြင်ရတာက တော့ မော်ဒန်ကဗျာဆိုတဲ့ ၀ဲကတော့ကြီးပါပဲ။ (ရှေးရိုးအစဉ် မြန်မာကဗျာအမျိုးအစား လေးချိုး၊ ရတု၊ တေးထပ် ဆိုတာတွေလဲ လုံးဝ ပျောက်ကွယ်မသွားသေးပါဘူး။ ကျေးလက်အလှူအတန်းတွေ၊ ဇာတ်အငြိမ့်ပွဲတွေနဲ့ မင်းခမ်း မင်းနားတွေမှာ တွေ့နေရပေမဲ့ အားမကောင်းလှတာရယ်၊ ဒီခေတ်ဖွံ့ဖြိုးလာစရာအကြောင်းမရှိတာရယ်ကြောင့် အမျိုးအစားတစ်ခုအနေနဲ့ ထည့်သွင်း မရည်ရွယ်ဘဲ ချန်လှပ်ထားခဲ့ပါတယ်။)

ဒါကြောင့် ဒီနေ့မြန်မာကဗျာရဲ့ လက္ခဏာကို မော်ဒန်လက္ခဏာလို့ အကဲဖြတ်သူတွေက အကဲဖြတ်ပါတယ်။ အဲဒီ မှာလဲ ဖြစ်ရိုးဖြစ်စဉ်အတိုင်း မော်ဒန်ကဗျာတွေဟာ အရောရော အထွေးထွေး ဖြစ်နေပါတယ်။ မူလအယူဝါဒကို အစွန့်ဘဲ အကြောင်းတစ်ခုခုကြောင့် မော်ဒန်အလံအောက် ခိုဝင်လာတဲ့သူတွေ ရှိတယ်။ အဲဒီမှာ ခေတ်စမ်းမော် ဒန်တို့၊ တော်လှန်မော်ဒန်တို့ ဖြစ်လာတာပါပဲ။ မော်ဒန်မှ မော်ဒန်ဆိုတဲ့နေရာမှာလည်း အစ်ဇင်အမျိုးမျိုး၊ အယူ အဆအမျိုးအမျိုး၊ ထင်ရာမြင်ရာ ကွဲပြားနေတာ တွေ့ရတယ်။ အဓိကကတော့ မော်ဒန်သဘောတရားရေးရာ အားနည်းတဲ့ ချို့ယွင်းချက်ကြောင့်ပါပဲ။

ဒီနေ့ခေတ် လူငယ်မော်ဒန်ကဗျာဆရာတွေရဲ့ အလုပ်(တာဝန်)ဟာ ကြန်အင်လက္ခဏာ၊ ကဗျာဂုဏ်ရည်ပြည့်ဝတဲ့ ကဗျာတွေနဲ့ စစ်မှန်တဲ့ မော်ဒန်သဘောတရားရေးကို ပေါင်းစပ်ပေးရေးပဲလို့ ယူဆပါတယ်ခင်ဗျား။ ဆက်လက် လေ့လာနိုင်ကြပါစေ။

သစ္စာနီသမိုင်း

သူငယ်ချင်းတစ်ယောက်က `ငါ့မှာရာဇ၀င်ရှိတယ်´ ဟုဆိုဖူးသည်။ `ဘာရာဇ၀င်ရှိတာလဲ´မေးတော့ `ဦးဘသန်းရဲ့ မြန်မာရာဇ၀င်´ဟုပြော၏။ ကျန်တစ်ယောက်က `ဒါဆိုရင် င့ါရာဇ၀င်က မင်းရာဇ၀င်ထက် ပိုပြီးကြီးကျယ်တယ်´ ဟုဆို၏။ ဟုတ်လည်းဟုတ်သည်။ သူ့မှာက `မှန်နန်းရာဇ၀င်´ သုံးအုပ်တွဲ ရှိနေ၏။ လူဆိုတာ ကိုယ့်ရာဇ၀င်နှင့်ကိုယ်ဟု ပြောကြ၏။ ဆရာစံမှာလည်း ရာဇ၀င်ရှိ၏။ လမ်းမတော်ဖိုးတုတ်မှာလည်း ရာဇ၀င်ရှိ၏။ အမှန်တော့ ရာဇ၀င်ဆိုသော ဝေါဟာရမှာ ရာဇနှင့်ဝင် ပေါင်းစပ်ထားခြင်းဖြစ်၍ (ရာဇ=မင်း၊ ၀င်= အဖြစ်အပျက်) မင်းတို့အကြောင်းဟုအဓိပ္ပာယ်ရ၏။ နောက်ပိုင်းတွင် ရာဇ၀င်ထက် သမိုင်းဟူသော စကားလုံးက အသုံးပို၍ တွင်ကျယ်လာသည်။

ရာဇ၀င်က မင်းတို့၏ အဖြစ်အပျက်များ (ဥပမာ ထိုမင်းသည် မည်ကဲ့သို့ နန်းတက်ခဲ့သည်၊ ဟင်းခွက် မည်မျှစားသည်၊ မိဖုရားမည်မျှရှိသည်။ သူ့လက်နက်နိုင်ငံတော် မည်မျှ ကျယ်သည်၊ ဆည်၊ မြောင်း၊ ကန်၊ ချောင်း မည်မျှဆောက်သည်၊ သာသနာ မည်သို့ပြုသည်၊ ကလေး မည်မျှမွေးသည်၊ မည်ကဲ့သို့ ကံတော်ကုန်သည် စသဖြင့်) ကို အဓိကထား မှတ်တမ်း တင်သော်လည်း သမိုင်းဟူမူကား လူ့အဖွဲ့အစည်း၏ အဖြစ်အပျက်(ထိုခေတ်က လူများ မည်သို့နေထိုင်စားသောက်သည်၊ မည်သို့စီးပွားရှာသည်၊ မည်သည့် အယူဝါဒကို ယုံကြည်ကြသည်၊ ယဉ်ကျေးမှု၊ အနုပညာ မည်သို့ ထွန်းကားသည် စသဖြင့်)ကို မှတ်တမ်းတင်ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် နောက်ပိုင်း၌ History ကို သမိုင်းဟူသောစကားဖြင့် အစားထိုးသုံးစွဲလာကြသည်။

မကြာခင်က စာပေလောကထဲမှ မိတ်ဆွေတစ်ယောက်က `ခင်ဗျားအသက် ၆၀ လည်းကျော် လာပြီ။ စာရေးသက်လည်း အနှစ် ၄၀ ကျော်ပြီ။ ဒီတော့ ဘ၀အတွေ့အကြုံ မှတ်တမ်းတင် ဆောင်းပါးလေး၊ ဘာလေးရေးပါလား။ ကိုယ့်အတ္ထုပ္ပတိသဘောလည်းပါတာပေါ့´ ဟုဆိုလေသည်။ ထိုမိတ်ဆွေ ပြောသကဲ့သို့ပင် ကျွန်တော့် အားမြှောက်ပေး သလိုလိုနှင့် ချောက်တွန်းသူ တော်တော်များလေသည်။ တကယ်တမ်းပြောရလျှင် မြန်မာစာပေလောက၌ ကျွန်တော် လေးစားသော အတ္ထုပ္ပတ္တိရေးသူများရှိ၏။ ဆရာကြီး ရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်းကို မကြာခဏဖတ်ဖြစ်၏။ စစ်ကိုင်းဦးဘိုးသင်း အတ္ထုပ္ပတ္တိကိုလည်း သဘောကျလှ၏။ မဟာဆွေ၏ မဟာဆွေ ၊ ပီမိုးနင်း၏ ပီမိုးနင်းတို့ကိုလည်း အားကျလှ၏။ အားကျရုံသာဖြစ်၏။ ဖားတုကာ ခရုခုန်၍ မဖြစ်။

ထိုဆရာကြီးတို့ကား ထင်ရှားသော သမိုင်းဆိုင်ရာခေတ်အဆက်အဆက်ကို ဖြတ်သန်းခဲ့ဖူးသူများ ဖြစ်၏။ စိတ်ဝင်စားဖွယ် ထူးခြားသော အတွေ့အကြုံများလည်းရှိ၏။ အသိဥာဏ်ပညာလည်း ရင့်သန်ကြ၏။ အရေးအသားကလည်း ပြောစရာမရှိ။ ကျွန်တော်က သူတို့နှင့်နှိုင်း၍ မဖြစ်။ ဘာကောင်မှလည်း မဟုတ်။ ကျွန်တော့်ကို မွေးစဉ်က ဥက္ကာ မပျံ၊ တော်လည်းသံ မကြား၊ ကောင်းကင်က ပန်းမိုး မရွာ၊ လနှင့်ကြယ်မဆွတ်၊ တူရိယာငါးပါး မတီးဘဲ မမြည်။ ဂျပန်တော်လှန်ရေးဖြစ်တော့ ကျွန်တော် လေးဖက်တွားသွားခါစဖြစ်၏။ နိုင်ငံရေးခရီး လှိုင်းကြီးလေထန် ပါလီမန် ဒီမိုကရေစီဆယ်နှစ် ဆယ်မိုးခေတ်က ခွေလှိမ့်ကောင်းတုန်း။ ဆိုရှယ်လစ်လက်အောက်ခေတ်ကာလကြီးမှာ ဟိုမရောက်၊ ဒီမရောက်၊ ယောင်ချာချာ။ ကျွန်တော့် စာပေအတွေ့အကြုံဆိုတာလည်း ပြောပလောက်စရာ မရှိ။ ဒီလိုပါပဲ။ ရေးလိုက်၊ ပယ်လိုက် ဖြတ်သန်းခဲ့ရသည်။ မက်လောက်စရာ ဘာမျှ မရှိ။ ကျွန်တော့်တစ်သက်တာ မှတ်တမ်းကို ရေးရမည်ဆိုလျှင် စာ သုံး၊ လေးကြောင်းထက် ပိုစရာမရှိ။

(ကျွန်တော့်ကို ၁၉၄၆ တွင်မွေးဖွားလာခဲ့သည်။ ဘ၀တစ်လျှောက်လုံး လူသားတစ်ယောက်ကဲ့သို့ နေထိုင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ဒီလောက်ပါပဲ) ဒါကြောင့် အဆင်းကို ဘီးတပ်ပေးသည့်ကိစ္စအား ရှောင်ရှားနိုင်ခဲ့သည်။ သို့သော် ကျွန်တော်တို့ထက် ငယ်ရွယ်သူများပင် ဘာမဟုတ်သည့် ကိစ္စများကို ရေးကြီးခွင်ကျယ်လုပ်၍ ဘ၀အတွေ့အကြုံလိုလို၊ စာပေမှတ်တမ်းလိုလို၊့  အတ္ထုပ္ပတ္တိ လိုလို ခပ်တည်တည် ရေးနေတာတွေ့ရ၏။ အမှန်အတိုင်းလည်း မဟုတ်။ ကိုယ့်ကိုယ်ကိုယ်စံပြပုဂ္ဂိုလ်ကဲ့သို့ အမွှန်းတင်ကာသူတို့ မနှစ်သက်သူကို ပုတ်ခတ်ရေးသည့်စာများဖြစ်နေ၏။ အကြောင်းမသိသူများက အဟုတ်ထင်ကြ၏။

ကျွန်တော့်ကို ရေးရန်တိုက်တွန်းသူများအား` ကျွန်တော့်ဘ၀က စိတ်ဝင်စားစရာ မရှိလောက်ပါဘူးဗျာ´ ဟုသာ တုံ့ပြန်ပြောဆိုခဲ့သည်။ ဤလိုလူစားက တစ်ရက်တွင် လက်ဖက်ရည်ဆိုင်၌ လူစုံနေခိုက်..

``သစ္စာနီ သမိုင်းကိုတော့ ရှင်းမှ ဖြစ်တော့မယ်´´ ဟု ကြွေးကြော် လိုက်သောအခါ ကြားရသူတွေ မျက်ကလဲဆန်ပျာဖြစ်ကုန်၏။

``ကျုပ်တို့ပြောသားပဲ။ အစောကြီးကတည်းက ရေးသင့်တယ်လို့´´ ဟုပြောသူကပြောသော်လည်း

``သမိုင်းနဲ့ချီပြီးရှင်းရအောင် မင်းက ဘာကောင်မို့လဲ´´ မျက်စောင်းထိုးသူက ထိုး၏။

``သစ္စာနီမှာ သမိုင်း မရှိပေမဲ့ သမိုင်းမှာ သစ္စာနီ ရှိတယ်ကွ´´

``ပြောလေကဲလေပါလား ဆေးစားမှားလာတာဖြစ်မယ်´´

``နေကြဦးလေ၊ ငါပြောတာသေသေချာချာ နားထောင်ကြပါဦး။ အခု သစ္စာနီ ကလောင် နာမည်တူပေါ်နေလို့။ သူက သစ္စာနီ(သမိုင်း)တဲ့။ သမိုင်းမှာနေတဲ့သူ လို့ပြောတာပဲ။ အဲဒါ ဒီလူနဲ့တွေ့ပြီး ရှင်းမှဖြစ်တော့မယ်လို့ ပြောနေတာ´´


``အဲလိုရှင်းအောင် ပြေပါလား´´

``ငါက ရှင်းရှင်းပြေတာပဲ။ မင်းတို့က ရှုပ်တာ´´

ကျွန်တော် စာရေးပြီး အတော် ကြာသောအခါ သစ္စာနီ(ချင်းတွင်း) ဆိုတာ ပေါ်ခဲ့သေးသည်။ နောက်တော့ သူ့ဘာသာသူပျောက်၍ သွားသည်။ ဒါကြောင့်…

``သစ္စာနီ(သမိုင်း) ကိုတော့ ရှင်းမှဖြစ်လိမ့်မယ်´´

ဟု ကျွန်တော် ပြောရခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သစ္စာနီတွင်သမိုင်းမရှိသော်လည်း သမိုင်းတွင် သစ္စာနီရှိနေသောကြောင့် ဖြစ်လေသည်။

မော်ဒန်ရှင်းတမ်းနှင့် မြန်မာကဗျာဖြစ်ပေါ်တိုးတက်မှု

၂၀၀၃ မတ်လက ဟန်သစ်မဂ္ဂဇင်းမှာ “ဗဟုကဗျာရေစီးနှင့် မော်ဒန်ဝဲ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးလိုက်မိတယ်။ တကယ်တော့ ဆောင်းပါးအဖြစ် ဖော်ပြဖို့ ရည်ရွယ်ခဲ့တာတော့မဟုတ်ပါဘူး။ အဲဒီကာလတစ်ဝိုက်က ရန်ကုန်မှာ ကဗျာဝပ်ရှော့ကလေးတွေ လစဉ်လောက်လုပ်ဖြစ်နေတဲ့ အုပ်စုရှိတယ်။ မင်းထက်မောင်၊ ခင်အောင်အေး၊ ဇေယျာလင်း၊ စန်းဦး၊ ငြိဏ်းဝေ စသဖြင့်ပေါ့လေ။ အဲဒီလူတွေက ကျွန်တော်တို့ရဲ့ မျိုးဆက်တစ်ဆက် (ဆယ်စုနှစ်တစ်ခု)ခြားတဲ့ လူငယ်တွေ။ ကဗျာကို စွဲမြဲယုံကြည်ပြီး၊ ထဲထဲဝင်ဝင် ရှိသင့်သလောက်ရှိတဲ့သူတွေ။ အဲဒါနဲ့ အဲဒီမှာဖတ်ဖို့ ခုနစာတမ်းကို ရေးပေးလိုက်တာပဲ။ အဲဒီတုန်းက ဘာပြဿနာမှ မရှိခဲ့ဘူး။ စာတမ်းပါ အချက်အလက်တွေဟာ ကျွန်တော် (ဘာ)ဆိုချင်တယ်ဆိုတာ ရှင်းပြစရာမလိုဘဲ သဘောပေါက်နိုင်တဲ့ ဓါတ်ခံရှိတဲ့ လူတွေချည်းကိုး။

ဒါပေမယ့် ဟန်သစ်ကျမှ ဆောင်းပါးတစ်ပုဒ်အနေနဲ့ ထည့်လိုက်တော့ ပြဿာနာရှိလာတယ်။ ပထမကဗျာသမား ကွက်ကွက်လေး(တစ်ခု)အတွက် ရည်ရွယ်ထားတာက မရည်ရွယ်ဘဲနဲ့ ဒီထက်ကျယ်ပြန့်တဲ့ ကဗျာသမားတွေဆီ ရောက်သွားတာကိုး။ ဒီတော့ စာတမ်းဖတ်ပြီး သူတို့လည်း သူတို့ အမြင်နဲ့ ဆွေးနွေးလာတာတွေ ရှိတယ်။ ကျွန်တော်နဲ့တွေ့လို့ အပြင်မှာ မေးမြန်းဆွေးနွေးတာတွေလည်း ရှိတယ်။ အခုတစ်ခါ အဲဒီဆောင်းပါးကိုပဲ (ကဗျာအထူးမြှင့်တင်ရေး ရက်သတ္တပတ်အစီအစဉ်အဖြစ်နဲ့) com.mmm Book မှာ အင်တာနက်တင်လိုက်တော့၊ ကျယ်ပြန့်သထက် ကျယ်ပြန့်မယ့်သဘော ဆောင်လာတယ်။ ဒီတော့ ဆောင်းပါးပါ အဓိကအချက်အချို့ကို စာဖတ်သူ (ကဗျာဝါသနာပါသူ) အများစု ဒီထက်လွယ်ကူ ရှင်းလင်းအောင် ဖြေရှင်းမယ့်တာဝန် ရှိလာတယ်လို့ ယူဆမိတာနဲ့ ဒီနောက်ဆက်တွဲ ဆောင်းပါးကို ရေးမိတာပါပဲ။ ဒါပေမယ့် ကဗျာဆိုတာ ဒါမှမဟုတ် ကဗျာနဲ့ ပတ်သတ်တဲ့အရာဆိုတာ သာမန်စာဖတ်သူ မဆိုထားနဲ့ ကဗျာဆရာအချင်းချင်းတောင် အဆင့်ဆင့်အနေအထားအရ ကွဲကွဲပြားပြားသဘောပေါက်နားလည်အောင် ပြောပြဖို့ခက်တယ်ဆိုတာ သိထားတော့ ခပ်ရွံ့ရွံ့ပါပဲ။ ဟုတ်တာ မဟုတ်တာ အပထား၊ စ. မိတဲ့ကိစ္စကို တတ်နိုင်သမျှ တာဝန်ယူလိုက်တယ်လို့ပဲ မိမိဘာသာ သဘောထားလိုက်ပါတယ်။ ကျွန်တော် အဲဒီဆောင်းပါးထဲမှာ ကဗျာတစ်ပုဒ်ဖြစ်ဖို့အတွက် လိုအပ်တဲ့ အင်္ဂါရပ်တချို့ (တချို့လို့ ပြောရတာက တကယ့်ကို အင်္ဂါရပ်အကုန်အစင် မဟုတ်သေးလို့ပါပဲ) လို့ ရေးသားဖော်ပြခဲ့ပါတယ်။ တစ်ချက်ချင်း ပြန်ရှင်းရရင်..။

၁။ ကဗျာမဆန်ရဘူး

(ကဗျာမဆန်ဆန်အောင် ဇွတ်လုပ်နေကြတယ်)

ကဗျာဟာ ကဗျာမဆန်ရဘူးပြောလိုက်တာကို ရုတ်တရက် သဘောမပေါက်တာထက်၊ ဘဝင်မကျဖြစ်သွားတာက ပိုတယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ (anti-poetic)လို့ သုံးလိုက်ရင် ရှုပ်ကုန်မှာစိုးလို့ လွယ်လွယ်ပြောလိုက်တာပါပဲ။ တခြားနိုင်ငံတွေမှာ ကဗျာဆန့်ကျင်ရေးဆိုတဲ့ အမည်နဲ့ ကဗျာဂိုဏ်းတွေ ဖြစ်ထွန်းပြီးခဲ့တာ ကြာပါပြီ။ ဒါဟာ ကဗျာဖြစ်ထွန်းမှု သမိုင်းမှာ ကာလရဲ့ တောင်းဆိုမှု အလျောက်၊ ကဗျာသန့်စင်ရေး လုပ်ခဲ့ကြတာပဲ။ ကျွန်တော်တို့ ဆီမှာ ကဗျာဆိုတာ နုရ နွဲ့ရမယ်၊ ကွန့်ရ ညွန့်ရမယ်ဆိုတဲ့ အစွဲဟောင်းက တော်တော်အမြစ်တွယ်နေတာ တွေ့ရတယ်။ ရိုးရာအစဉ်အလာ (ဂန္တဝင်)ထဲက ရတုမျိုး လင်္ကာအသုံးအနှုန်း (ပေါရာဏ)တွေ သုံးနိုင်မှ ဟုတ်တယ် ထင်နေတဲ့သူတွေ အခုထိရှိသေးတယ်။ အမှန်တော့ ဒီကိစ္စကို ခေတ်ပေါ်ကဗျာက သူ့ရဲ့ အဓိကလက္ခဏာတစ်ရပ်အနေနဲ့ (စာဟန်မပါတဲ့ စာမဆန်တဲ့) အရပ်သုံးသာဘာစကားကို အစားထိုးသုံးစွဲခြင်းနဲ့ တော်လှန်ပစ်ခဲ့ပြီးပြီ။ တော်တော်အမြစ်တွယ်နေတယ်လို့ ပြေရတာက ခေတ်ပေါ်ဗျာတချို့မှာ ဒီလို အသုံးအနှုန်းတွေ ဆက်တွေ့နေရလို့ပဲ။

နောက် ဒီလိုကဗျာဆန်ရမယ်ဆိုတဲ့ အချက်က အခြားတစ်ဘက်စွန်းမှာ ခေတ်ပေါ်ကဗျာဆရာတချို့ကို (အနောက်တိုင်းမှာ ခေတ်ကုန်နေပြီဖြစ်တဲ့) အမှန်လွန်ဝါဒ၊ သင်္ကေတဝါဒဆိုတာတွေနောက် ကောက်ကောက်ပါအောင် ထွေးထွေးလျှောက်ရေးမှ ကဗျာဖြစ်တယ်၊ တန်ဖိုးရှိတယ်လို့ အထင်ရောက်နေကြတာ တွေ့ရပြန်တယ်။ မောင်သာနိုးက ခက်လွန်းတဲ့ ချောက်ကမ်းပါးနဲ့ လွယ်လွန်းတဲ့ ချောက်ကမ်းဆိုတဲ့ အစွန်းနှစ်ဖက်ကို ရှောင်ရှားကြဖို့ သတိပေးဖူးတယ်။ ချက်က ကဗျာဆရာဟိုးလဗ်ကတော့.. ကဗျာကို ကောက်ဖတ်လိုက်ရင် သတင်းစာဖတ်သလို၊ ဘောလုံးပွဲသွားရသလို ပေါ့ပေါ့ပါးပါး ရှိရမယ်လို့ ဆိုတယ်။ အောင်ချိမ့်ရဲ့ မကြာခင်က ထုတ်ဝေခဲ့တဲ့ ပြဇာတ်မင်းသားကဗျာစာအုပ် အမှာစာမှာလည်း (ကျွန်တော့် ကဗျာဖတ်တဲ့အခါ၊ ကဗျာဖတ်သူများ ပေါ့ပါးလွယ်ကူပါစေ)လို့ လေးလေးနက်နက် ဆန္ဒပြုထားတာ တွေ့ရတယ်။ ကဗျာကို လွယ်အောင် ရေးရတာခက်ပြီး၊ ခက်အောင်ရေးရတာ လွယ်တော့၊ ကဗျာရေတဲ့သူတော်တော်များများဟာ အဲဒါကိုပဲ ခံတွင်းတွေ့နေကြဟန် တူပါတယ်။

၂။ ဝေါဟာရဖက်ရှင်ရှိုး မဟုတ်ဘူး။

(စကားလုံးနွံထဲ နစ်နေကြတယ်)လို့ ပြောခဲ့တာလည်း ဒီသဘောပဲ။ ကဗျာတစ်ပုဒ်မှာ အသုံးပြုထားတဲ့ စကားလုံးဆိုတာ၊ အဲဒီကဗျာရဲ့ ရည်ရွယ်ရင်းပန်းတိုင်ကို ပို့ဆောင်ပေးမယ့် ယာဉ်ပဲ.. ။ ဒါကြောင့် စကားလုံးတိုင်းကို သုံးရင်း အဓိကထားရမှာက ဘယ်လောက်ခရီးတွင်မလဲဆိုတဲ့ အချက်ပဲ။ လိုရာမရောက်တဲ့ စကားလုံးဟာ ကဗျာတန်ဖိုးကို ယုတ်လျော့စေတဲ့ အနှစ်သာရမဲ့ ဖောင်းပွဲမှုပဲ ဖြစ်တယ်။ အဲဒါနဲ့ ပတ်သတ်လို့ ဒေါင်းနွယ်ဆွေက ပန်းပေါင်းစုံကို ဝေနေအောင်ပန်ထားတဲ့ အရူးမရဲ့ ခေါင်းနဲ့ ဥပမာပေးဖူးတယ်။ အဲဒီခေါင်းက ထွက်လာတဲ့ (အရူးမပါးစပ်) စကားလုံးတွေကတော့၊ ကပေါက်တိ ကပေါက်ချာ ချည့်နဲ့နဲ့။ ကဗျာဆိုတာ ကန့်သတ်ထားတဲ့ အချိန်အတွင်း၊ ကန့်သတ်ထားတဲ့ ပမာဏအတွင်း၊ ကန့်သတ်ထားတဲ့ စကားလုံးတွေကို အသုံးပြုထားတဲ့၊ တိကျတဲ့ ဝေါဟာရအစုအဝေးပါပဲ။

၃။ နက်ရှိုင်းရမယ်။

(အနှစ်မပါဘဲ အဆန်ချောင်နေတာတွေ့ရတယ်)

ဒုတိယအချက်နဲ့လည်း ပတ်သတ်တယ်။ စကားလုံးတွေနဲ့ ဟန်ရေးပြ၊ ဖြဲခြောက်ထားတဲ့ ကဗျာအတော်များများ တွေ့ရတယ်။ အတွင်းနှိုက် ရှာဖွေလိုက်တော့၊ လေးလေးနက်နက် ဆိုလိုချင်တာ မတွေ့ရဘူး။ ကဗျာတစ်ပုဒ်ရဲ့ တန်ဖိုးဟာ.. အဲဒီကဗျာဆရာက လောကကို ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ဆင်ခြင်သုံးသပ်နိုင်သလဲ ဆိုတဲ့ အပေါ်မှာ တည်မှီနေတာ အမှန်ပါပဲ။ ကဗျာတွေဟာ အပေါ်ယံ ပုဂ္ဂလိကဝေဒနာလောက်ကို ဇာချဲ့ပြီး ပေါလောမျောနေတာ တွေ့ရတယ်။ အဲဒီဝေဒနာကို အရင်ခံပြီး လောကအမြင်တစ်ခု အဆင့်ရောက်အောင် တွန်းတင်နိုင်တာ မတွေ့ရဘူး။ ခံစားမှု (ဝေဒနာ)ကို အခြေခံတဲ့ “ထုတ်ယူဆင်ခြင် ယုတ္တိဗေဒ” သဘောလက္ခဏာကို အဆင့်မြင့်ကဗျာတစ်ချို့မှာ ရှာတွေ့နိုင်ပါတယ်။

၎။ ကြည်လင်ရမယ်၊ သန့်စင်ရမယ်။

(ဖန်တီးမှု မဟုတ်ဘဲ၊ ဝိုးတိုးဝါးတား ဖြစ်နေတာတွေ့ရတယ်)

အနုပညာရပ်တိုင်းမှာ မရှိမဖြစ်တဲ့ အကြည်ဓါတ် (Purity)ကို ပြောလိုက်တာပဲ။ အဲဒါဟာ အနုပညာရဲ့ အတွင်းအနှစ်လည်း ဖြစ်တယ်။ ရေဆေးအကြည်ကားတစ်ချပ်ကို တိုးလျှိုပေါက် (အလင်းပေါက်) Transparent ဖြစ်နေသလိုပေါ့။ ခေတ်ပေါ်ကဗျာမှာ ဝိုးတဝါးအောင် တမင်လုပ်ယူရတာမျိုး ရှိပေမဲ့၊ အဲဒါက အကြည်ဓါတ် မပျက်ရဘူး။ ဖန်တီးတာ မဟုတ်ဘဲ၊ တစ်နည်းအားဖြင့် မရည်ရွယ်ဘဲ ဝိုးတဝါး ရှုပ်ထွေးနေတာမျိုးနဲ့ ကွဲပြားသိသာတယ်။

၅။ ရိုးသားရမယ်

(ဟန်ဆောင်တာတွေ၊ ဟန်လုပ်တာတွေ များနေတယ်)

ကဗျာဆရာဟာ ကဗျာမရေးခင်ရော၊ ရေးနေခိုက်မှာပါ ရိုးသားတဲ့ စိတ်ရှိထားဖို့ လိုအပ်ပါတယ်။ မရေးခင်ကတည်းက လူအထင်ကြီးစေချင်၊ လူတတ်ကြီးလုပ်ပြချင်စိတ်နဲ့ ဟန်ဒြပ်ထုတ်ဖို့ ရေးလိုက်တဲ့ ကဗျာဟာ၊ ဘယ်လိုမှ ကောင်းလာနိုင်စရာ မရှိပါဘူး။ ဒီစိတ်ဓါတ်က လူစည်စည် ပွဲဈေးတန်းမှာ ဗျောက်အိုးဖောက်တဲ့ ကလေးစိတ်လောက်ပဲ အဆင့်ရှိပါတယ်။ ကဗျာရေးနေတဲ့ အခိုက်မှာတော့ ပိုရိုးသားဖို့ လိုတယ်။ ကိုယ့်ကိုယ်ကို သစ္စာရှိဖို့ပေါ့။ အောင်ချိမ့်ရဲ့ ပြဇာတ်မင်းသား ကဗျာစာအုပ်ထဲက “ဓါတ်တိုင်”ဆိုတဲ့ ကဗျာကိုဖတ်ကြည့်ပါ။ အင်မတန် ရိုးပါတယ်။ (လူငယ်ကဗျာရေးသူတစ်ယောက်ကလည်း အဲဒီလိုပဲ အတိအလင်းပြောတယ်တဲ့) သူက အဲဒီလိုရိုးအောင်တော်တော်ကြိုးစားရတဲ့အကြောင်း ပြောတယ်။ သေသေချာချာ ခံစားဖတ်ရှုကြည့်ရင် ကဗျာကောင်းတစ်ပုဒ်ဆိုတာ ထင်ရှားလာပါလိမ့်မယ်။ အောင်ချိမ့်က သူ့ စာအုပ်အမှာစာမှာ (ခေတ်ပေါ်ကဗျာဟာ လှိုင်းလို ဆင့်ကာ ဆင့်ကာ၊ ဆင့်ပွားအဓိပ္ပါယ်များနဲ့)လို့ ရေးခဲ့တယ်။ ကဗျာဆရာ ဖော်ပြတဲ့ အရာဝထ္ထုတွေရဲ့နောက်က (တွဲဘက်အနက်) ရည်ရွယ်ရင်းကိစ္စကို ဖတ်သူကရအောင် ဖမ်းဆုပ်နိုင်ဖို့လိုတယ်။ အဲဒါ နိမိတ်ပုံ မဟုတ်ပါဘူး။

ဥပမာ သူ့ကဗျာတစ်ပုဒ်ထဲမှာ ပါတယ်။ အမေစိုက်ထားတဲ့ “ဗုဒ္ဓံသရဏံပန်းများ” ခြံရိုးမှာ လန်းဆန်းလျက်။

ချိမ့်ကြီး ငယ်ငယ်က နေခဲ့တဲ့အိမ်မှာ ခြံရိုးရှိမရှိ။ သူ့အမေကလည်း တကယ်ဗုဒ္ဓံသရဏံပန်းပင်တွေ စိုက် မစိုက်၊ ကျွန်တော် မသိ။ သိဖို့လည်း မလို၊ ကဗျာရေးသူ တကယ်သိစေချင်တာက (ကျွန်တော် သိတာကတော့) ခြံရိုးနဲ့ ဗုဒ္ဓံသရဏံပန်းများရဲ့ ဆင့်ပွား အဓိပ္ပါယ်ပဲ။

၆။ သစ်လွင်ရမယ်

(မဲပြာပုဆိုး မဖြစ်ရဘူး)

ကျွန်တော်တို့ဆီမှာ ကဗျာဆရာတစ်ယောက်ထဲကပဲ ဖြစ်ဖြစ်၊ သူနှစ်သက်စရာ စကားလုံးကို ကဗျာတိုင်းလိုလိုမှာ ဆီသည်မ လက်သုတ်ဖတ်ဖြစ်အောင် ထပ်ခါတလဲလဲ သုံးစွဲကြတာမျိုးရှိတယ်။ နောက်ကြိုက်တာ တစ်ခုတွေ့ရင် အပြန်အလှန် အချင်းချင်းလည်း ယူငင်သုံးစွဲကြတယ်။ အဲဒီ ဓလေ့ဟာ မကောင်းဘူး။

၇။ ဣနြေ္ဒရှိရမယ်

(ကလက်တက်တက်နဲ့ ဂုဏ်သိက္ခာ ကင်းမဲ့နေတယ်)

အခုခေတ်မှာ ဒါမျိုးရှားသွားပြီဆိုပေမယ့်၊ တချို့ရှိနေသေးတယ်။ တစ်ခါကတော့ ကဗျာကို ပြောင်ချော်ချော် နောက်တောက်တောက်သာ ရေးတတ်တဲ့ အုပ်စုရှိခဲ့ဖူးတယ်။ (ဟာသဂျာနယ် မဂ္ဂဇင်းများတွင် တွေ့ရလေ့ရှိတေသာ ဟာသကဗျာများနှင့် မသက်ဆိုင်ပါ)

၈။ ခွန်အားရှိရမယ်

ခံစားမှုဝေဒနာသက်သက်သာ မဟုတ်ဘဲ၊ ကဗျာကို အထောက်အကူဖြစ်နိုင်တဲ့၊ အားကောင်းထက်မြက်တဲ့ အချက်အလက်တွေကို ကဗျာဆရာက စုစည်းထုတ်ဖော်တင်ပြနိုင်မှ ကဗျာဟာ ခွန်အားပြည့်ဝလာမယ်။ အဲဒီတွက် ကဗျာဆရာဟာ အရပ်ရပ်နယ်ပယ်နဲ့ဆိုင်တဲ့ အသိဥာဏ်ဗဟုသုတတွေ ကြွယ်ဝဖို့လိုတယ်။ တစ်စပ်တည်းမှာပဲ ကဗျာကို အချက်အလက်တွေ ဖုံးလွှမ်းလို့ သွေ့ခြောက်နိုင်တဲ့ အန္တရာယ်ကိုလည်း ဂရုထားရမယ်။

၉။ တီထွင်မှု ရှိရမယ်

(စတန့်လုပ်တာနဲ့ မခွဲတတ်ကြဘူး)

ကျွန်တော့်ရဲ့ ဆောင်းပါးကို ဝေဖန်တဲ့လူတွေက ဖတ်တဲ့သူ သိသာထင်ရှားအောင် ကဗျာဥပမာတွေ ထုတ်ပြသင့်တယ်ဆိုတဲ့ အချက်ကိုထောက်ကြတယ်။ အမှန်တော့ အဲဒီလို ထုတ်ပြဖို့က အင်မတန်လွယ်ပါတယ်။ ဒါပေမယ့် ကဗျာတစ်ပုဒ်ကို အပြစ်ထုတ်ပြရင် သူသူကိုယ်ကိုယ် ကာယကံရှင်ကတော့ အမြင်ကြည်လင်မှာ မဟုတ်ဘူး။ ကျွန်တော်လည်း ဆူးလှည်းကြီး မဖြစ်ချင်ဘူး။ အခု ဒီဆောင်းပါးမှာချိမ့်ကြီး ကဗျာတစ်ချိုကို ထုတ်ပြရတာ၊ သူနဲ့ ကျွန်တော်က အကောင်းပြောပြော မကောင်းပြောပြော ပြဿနာမရှိဘူး။ ပြီးတော့ “ပြဇာတ် မင်းသား”က ပူပူနွေးနွေး ကဗျာစာအုပ်၊ အလွယ်တကူ လက်လှမ်းတမီလည်း ရှိနေတာမို့ ထည့်ပြောနေတာပါပဲ။ ဒီတစ်ခါတော့ စတန့်နဲ့ တီထွင်မှု ကွဲပြားအောင်ပြဖို့ ထင်ရှားတဲ့ ကဗျာတစ်ပုဒ်ကို ဥပမာထုတ်ပြချင်တယ်။ အဲဒါဟာ အောင်ဝေးရဲ့ “ဒိုင်ယာရီ”ဆိုတဲ့ ကဗျာပါပဲ။ ဒီကဗျာဟာ တီထွင်မှု မဟုတ်ပါဘူး။ စတန့်သက်သက်ပါပဲ။ ကျွန်တော် ဒီလိုပြောရဲတာက (အမှတ်မမှားရင်) ဒီကိစ္စကို သူကိုယ်တိုင်လည်း စာနဲ့ပေနဲ့ ဝန်ခံဖူးတယ် ထင်တယ်။ ပြီးတော့ သူဟာ အင်မတန်အရေထူတဲ့သူမို့ ထုတ်ပြလိုက်ရတာပါ။ ဒီကဗျာကတော့ ပြန်ရွတ်ပြဖို့ မလိုလောက်အောင်ကို ပြဿနာဖြစ်ခဲ့တဲ့ ကဗျာမို့ ပြောလိုက်တာလည်း ပါတယ်။

၁၀။ ကိုယ်ပိုင်ဟန် ရှိရမယ်၊ ဆန်ရဲရမယ်

(နာမည်ကြီးတဲ့နောက်၊ ရေစီးကြောင်းနောက် မျှောလိုက်နေကြတယ်။)

ဘယ်အနုပညာသမားမဆို ကိုယ်ပိုင်ဟန်တော့ ရှိဖို့လိုပါတယ်။ ဒါလီနဲ့ ပီကာဆို ကွဲသလိုပေါ့။ မောင်ချောနွယ်ကဗျာတွေဟာ ကဗျာအဖတ်နာသူအတွက် အောက်က ကလောင်နာမည်ကို မကြည့်ဘဲနဲ့တောင် မောင်ချောနွယ်ရေးတယ်ဆိုတာ သိသာနိုင်သလိုပေါ့။ ဒါပေမယ့် ကဗျာရေးသူတော်တော်များများက သူလိုလိုက်ရေးတာတော့ မကောင်းဘူး။ မောင်ချောနွယ်ယိမ်း ကသလို ဖြစ်နေတယ်။ အောင်ချိမ့်လို တချို့က လိုက်ရေးကြတယ်။ ရေစီးကြောင်းနောက် မျှောလိုက်တယ်ဆိုတာ ကျွန်တော်တို့ လူမျိုးတွေရဲ့ ငါးပွက်ရာ ငါးစာချတဲ့ ဝသီလိုပေါ့။ ဗီဒီယိုဈေးကွက်ကောင်းရင် ဗီဒီယိုဝိုင်းရိုက်ကြတယ်။ မြေဈေးကွက်၊ ကာဈေးကွက်ကောင်းတယ်ဆိုရင် အားလုံး၊ မြေ၊ ကား ရောင်းဝယ်လုပ်ကိုင်ကြရော။ ရေစီးကြောင်းကို ဆန်ပြီး ကိုယ့်မူကိုယ့်ဟန်ကို ထူးထောင်နိုင်မှ ထာဝရရှင်သန်သူဖြစ်တယ်။

၁၁။ အပြည့်အဝ လွတ်လပ်မှုရှိရမယ် (ကဗျာနဲ့ ပတ်သတ်ပြီး ငွေကြေး မျှော်လင့်ချက်ထားသူ အင်မတန် နည်းပေမယ့်၊ ကဗျာရေးသူ အတော်များများဟာ နာမည်ကြီးချင်မှု၊ အများကြိုက်ခံချင်မှု စတဲ့အနှောင်အတည်းတွေနဲ့ ရည်ရည်ရွယ်ရွယ် ငြိတွယ်နေတတ်ကြတယ်)လို့ ပြောခဲ့တော့ အတော်အသင့် ပြည့်စုံမယ် ထင်ပါတယ်။

၁၂။ အထက်တန်းကျတဲ့ အလှတရားနဲ့ ပြည့်စုံရမယ် ကဗျာကောင်းတစ်ပုဒ်ရဲ့ ဖြစ်တည်မှုမှာ ပါဝင်လေ့ရှိတဲ့ ဂုဏ်ရည်ပါပဲ။ တခြားကိစ္စတွေမှာလို ကဗျာမှ အောက်လမ်းနည်းသုံးရင် ရေရှည်မခံပါဘူး။

၁၃။ ကာလနဲ့ ဒေသသဘောဟာ ကင်းလွတ်နေရမယ် ဘယ်ခေတ် ဘယ်အချိန်မဆို၊ ဘယ်နေရာမဆို၊ ပထဝီအပိုင်းအခြား၊ ကာလအပိုင်းအခြားကို ကျော်လွှားပြီး၊ ကဗျာကောင်းတစ်ပုဒ်ရဲ့ တန်ဖိုးဟာ ခိုင်မာနေတတ်ပါတယ်။ မြန်မာကဗျာတစ်ပုဒ်ကို အာရှ၊ အာဖရိကကပဲ ဖတ်ဖတ်၊ ဥရောပကပဲ ဖတ်ဖတ် အရသာရှိနေနိုင်တာမျိုးပေါ့။ စံတော်ဝင် အနုပညာ (Classic) ဖြစ်တယ်ဆိုရမယ်။ ပြောစရာတွေ အများကြီးရှိတယ်။ အရှည်ကြီး ပြောရမယ်။ အခုတော့ ထိုက်သင့်သလောက်ပဲ အကျဉ်းချုပ်ပြောခဲ့ပါတယ်။ ထိုက်သင့်သလောက် ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဆရာသစ္စာနီ ထုတ်ဝေပြီး စာအုပ်များ

၁။    အခြားသောအရာများနှင့်လူ (ဝတ္ထုတိုပေါင်းချုပ်)

၂။    မော်ဒန်ရှင်းတမ်း (ဆောင်းပါး)

၃။    မြန်မာကဗျာဖြစ်ပေါ် တိုးတက်မှု (ဆောင်းပါး)

၎။    စက္ကူပေါ်က သစ်ပင်(ဝတ္ထုတိုပေါင်းချုပ်)

၅။    ကျွန်ုပ်နှင့် တောသုံးတောင်၏ သစ်ရွက်များ (ဆောင်းပါး)

၆။    အပိုင်းအစများ (ဘာသာပြန်)

၇။    သန္တရသလွင်ပြင် - ၁ (ဘာသာရေး)

၈။    သန္တရသလွင်ပြင် - ၂ (ဘာသာရေး)

၉။    ဗုဒ္ဓ၀င်မှတ်တမ်း

၁၀။    ဗန္ဓတ်(ဝတ္ထုတိုပေါင်းချုပ်)

၁၁။    အခြားအရာများနှင့် လူ (ဒုတိယအကြိမ်)

၁၂။    မိမိအရည်ပြားမှ လမ်းလျှောက်ထွက်ခြင်း (ကဗျာ)

၁၃။    သက္ကရာဇ်မျဉ်းများ

၁၄။    စကားလုံးများနှင့် ဆော့ကစားခြင်း (ဆောင်းပါး)

၁၅။    လက်ရွေးစင် မော်ဒန်ဝတ္ထုတိုများ

၁၆။    စက် နဲ့မျက်ရည် (သိပ္ပံဝတ္ထု)

၁၇။    ဂျပန်ခေတ်ပေါ်ကဗျာ (ဘာသာပြန်)

၁၈။     မူယာပုံပြောမယ်

၁၉။    သက်တန့်ကျောက်ဖြစ်ရုပ်ကြွင်း

၂၀။    သမိုင်းကွန်အနာဂတ္တဗေဒ

၂၁။    လူနှင့် လူ့အဖွဲ့အစည်း

၂၂။    ပြက်လုံးများရဲ့ ရာဇ၀င်

၂၃။    ပြာဖြစ်သွားသော ပန်းသီး(ဝတ္ထုတိုပေါင်းချုပ်)

၂၄။    အခြားသောအရာများနှင့်လူ (တတိယအကြိမ်)

၂၅။    စက္ကူပေါ်က သစ်ပင် (ဒုတိယအကြိမ်)

၂၆။    ဗြုတ်စဗျင်းတောင်း ရီဗြူးနှင့် စကားပြောသော အက်ဆေး

၂၇။    ၀တ္ထုတို ၆၀(ဝတ္ထုတိုပေါင်းချုပ်)

၂၈။    ကမ္ဘာ့နိုင်ငံရေး အတွေးအမြင်သမိုင်း (ရာစုသစ်)

၂၉။    ညောင်ညိုရိပ်ဝယ် (သရုပ်မှန်ဝတ္ထုတိုများ စုစည်းမှု)

၃၀။    ကောင်းကင်ဘုံနှင့် ထိုက်တန်သူ (ဘာသာပြန်)

၃၁။    ကမ္ဘာ့နိုင်ငံရေး အဘိဓာန်

၃၂။    ပေါ်လိုကိုးဟို၏ ဒသနစာစုများ (ဘာသာပြန်)

၃၃။    သံလွင်ပင်ကိုခုတ်လှဲခြင်း

၃၄။    ဤ၀တ္ထုသည် ကျွန်တော်မရေးဖြစ်သော ဝတ္ထုဖြစ်သည်

၃၅။    ဘုရားစကား

၃၆။    ပိုလျှံနေသော ၀ါကျများ (ကဗျာ)

နောက်ဆက်တွဲထုတ်ဝေထားသော စာအုပ်များလည်းရှိနိုင်ပါတယ်… ဒါတွေကတော့ စာဖတ်ပရိသတ်တစ်ယောက်အနေနဲ့ ဆရာ့ရဲ့ အကြောင်း ၊ အတွေးအမြင်၊ အရေးအသားတွေနဲ့ပတ်သက်သမျှတို့အား စုစည်းထားသည့်အရာများကို ပြန်လည်ရေးသား ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ ဟန်သစ်မဂ္ဂဇင်း ၊ perfect Magazine တို့တွင် ပါဝင်သော ဆရာနှင့် ပတ်သက်သည့် အင်တာဗျုးလေးများအားလည်း မူးရင်းအတိုင်း ပြန်လည်ဖော်ပြပေးထားပါသည်။ ပိုစ့်မော်ဒန်ကို နှစ်သက်သည့် စာဖတ်ပရိသတ်များ အတွက် တစ်ခုခုထူးခြားစွာ သိမြင်ရမည်ဟု ထင်မှတ်မိပါသည်။

စုစည်းရေးသားတင်ဆက်သူ - htd


လွမ်းနေသူ  (Google of Group)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...