Sunday, September 4, 2011

"“စုံထောက်ဆရာဝန်”"


Rozoner King created the doc:
[By Soe Min]

          “အိုင်ဆေး ကိုနှင်းမောင်။ သေသူမိန်းကလေးရဲ့ ကျောပြင်မှာ အောက်ဘက်တင်ပါးကွဲကြောင်းကလေး
ရောက်တဲ့အထိ ရောင်စုံလိပ်ပြာအရုပ်ကြီး ထိုးထားပါလား။ မဟုတ်မှလွဲရော။ ဒါ အေးမြတ်သူကလေးပဲ ဖြစ်ရမယ်။
မနှစ်က ကျောက်မျက်ဖက်ရှင်ပြပွဲမှာ သေသေချာချာ မှတ်မိလိုက်တယ်ဗျို့။”
           “အိုင်ပီကလည်း။ လုပ်ရော့မယ်။ ဒီလိုသာဆို ၀ဲဘက်ရင်အုံအထက်မှာ နှင်းဆီပွင့်ပုံထိုးထားပြီး ပုဝါကလေး မပေါ့်တပေါ်အုပ်ထားရင် စိုးမြတ်သူဇာကြီး လို့ ပြောဦးမှာလား။ အဲဒါတွေက ယာယီဆေးမင်ကြောင်တွေလေဗျာ။ ထိုးပြီး ပြန်ဖျက်လို့ရတယ်။”
           “ မှားတဲ့အခါလည်း မှားပေမပေါ့။”
            အဲဒီလို ဒိုင်ယာလော့ခ်မျိုးတွေကို ဆားပုလင်းနှင်းမောင် ၀တ္ထုထဲမှာရော။ ဦးစံရှားတို့၊ ဦးထင်ပေါ်တ၊ို့ ပေါ်အူး အေးဆွေတို့ထဲမှာရော လူတိုင်းစိတ်ဝင်တစား ဖတ်ဖူးကြပါလိမ့်မယ်။ အခုလည်း ကိုရီးယားကားတွေမှာရော
အနောက်နိုင်ငံကလာတဲ့ ဇာတ်လမ်းတွဲတွေထဲမှာရော ဇာတ်လိုက်ဖြစ်နေတဲ့ သေမှုသေခင်းကို စစ်ဆေးသက်သေခံရတဲ့ မှုခင်းဆရာဝန်ဆိုတာ မြန်မာပြည်မှာလည်း ရှိပါတယ်။ အပြင်မှာ ဆေးခန်းထိုင်စားလို့မရတာမို့ ဥပဒေရေးရာဆေးပညာဆိုတဲ့ဘာသာရပ်ကို ဘယ်သူကမှ အရေးတယူမလုပ်ကြပေမယ့် အမှုအခင်း ရုံးပြင်ကန္နားနဲ့
ပတ်သက်လာရင် ဘာရယ်မဟုတ်ပဲနဲ့ ပြုတ်ပြုတ်ပြောင်းပြောင်းဖြစ်သွားတတ်တာမို့ ဆရာဝန်တိုင်း
တီးမိခေါက်မိရှိထားသင့်တဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ လူသေကိုရင်ခွဲတဲ့အလုပ်မို့ လူနာဆေးကုရသလောက် စိတ်ဝင်စားစရာမကောင်းဘူး လို့ ထင်ရင်ဖြင့် မှားပါလိမ့်မယ်။ လူနာတွေရဲ့ လေးစားမှုမရရင်တောင် ရဲတွေ၊ ရှေ့နေတွေ၊ တရားသူကြီးတွေက တလေးတစား ပျာပျာသလဲ နေရာပေး ဧည့်ခံရတဲ့ မှုခင်းဆရာဝန်ကြီးဆိုတဲ့ ရာထူးဟာ ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဒီတခါတော့ သူတို့ကို ဇာတ်လိုက်လုပ်ပြီး
အဲဒီဌာနကြီးအကြောင်းကို လေ့လာကြည့်ရအောင်နော်။
            စာရေးဆရာဝင်းဦးကို ပြည်ထောင်စုကျော်နိုင်ကြီး ၀တ္ထုဇာတ်လမ်းရေးခိုင်းတဲ့ စကားကို ခနငှားသုံးရမယ်ဆိုရင် တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို တစ်စုံတရာနဲ့ တစ်စုံတစ်ခုလုပ်လိုက်တာ အဲဒီလူခမျာ အသက်ထွက်သွားရော ဆိုပါတော့။ ဘယ်လိုဖြစ်ရတာတုန်းလို့ သိချင်ရင် ကန်တော့ပွဲပေး ဆေးဖယောင်းတိုင်ထွန်း သေသူကိုဝိညာဉ်ခေါ်မေးကြည့်ရင် ဖြစ်ကြောင်းရယ်တဲ့ကုန်စင် နတ်သံနှောလို့ ပြောပြချင်ပြောပြနိုင်ပေမယ့် အဲဒီနတ်စိမ်းတွေ ၀ိဥာဉ်တွေကို တရားရုံးခေါ်ုသက်သေထွက်ခိုင်းလို့တော့ တရားမ၀င်ပါဘူး။ (ဒါမျိုးက ပေါင်ချိန်ကားထဲမှာပဲ ရမယ်။) ဒါပေမယ့် မှုခင်းဆရာဝန်ကတော့ ဘာတွေ ဘယ်လိုဖြစ်လို့ ဘယ့်နှယ် ဘယ့်နှာ သေရှာရသလဲဆိုတာပေါ်လွင်အောင် သက်သေအထောက်အထားတွေကို တတ်စွမ်းသမျှပညာကုန်သုံးပြီး ရှာပေးရပါတယ်။ ဘာပဲပြောပြော လူတစ်ယောက်လုံးကြီးတောင် သေသွားပြီးပြီဆိုတော့ အလွန်စိတ်ဝင်စားဖွယ်ရာ နောက်ခံဇာတ်လမ်းကလေးလည်း ရှိနေမှာပါ။ မပြောနိုင်တော့တဲ့သူဆီက အသံတိတ်စကားသံကလေးတွေ ရအောင်နားထောင်ကြည့်ရတာကိုက ပညာလေ။ တခါတခါ အဖြစ်အပျက်က သိပြီးသား မျက်မြင်သက်သေတွေလည်း ရှိပြီးသား၊ တရားခံတွေကလည်း မိပြီးသားဆိုပေမယ့် အဆုံးအဖြတ်ပေးဖို့အတွက်က အထောက်အထားနဲ့ ထင်မြင်ချက်က မရှိမဖြစ် လိုအပ်ပါတယ်။ ဥပမာ လူ လေးငါးယောက်ဝိုင်းဆွမ်းကြီးလောင်းလိုက်လို့ လက်လွန်ပြီးသေသွားတယ်။ တစ်ကိုယ်လုံး ဒဏ်ရာတွေ ပရပွနဲ့ဆိုရင် ဘယ်ဒဏ်ရာကြောင့်သေတာလဲဆိုတာ ဆုံးဖြတ်ပေးရတော့မယ်။ 

ရင်ဝကို ဓါးဝင်သွားတဲ့ ဒဏ်ရာကြောင့်ဆို ဓါးကိုင်တဲ့ကောင် အဓိက၊ နောက်စေ့ကို အုတ်ခဲနဲ့ထုလိုက်တာ ဦးဆက်ပွင့်ပြီးသေတယ်ဆိုရင် ခဲနဲ့ထုတဲ့ကောင်ခံ၊ နံစောင်းကို ဖနောင့်နဲ့ပေါက်လိုက်တာ ဘေလုံးကွဲပြီးသေတယ်ဆိုရင် တစ်မျိုး။ ဒါတွေကို ရင်ခွဲမစစ်ဆေးပဲနဲ့ ဘယ်လိုလုပ်အဆုံးအဖြတ် ပေးနိုင်မှာတုန်း။ သေတဲ့လူတောင် သူ့ဖာသာ ဘာနဲ့သေလိုက်မှန်းသိလိုက်မှာမဟုတ်။
           အလုပ်ဝင်ကာစ နယ်ရောက်သွားတဲ့ ဆရာဝန်အသစ်ကလေးတွေဟာ သူတို့ဆေးရုံကို ဘယ်ကမှန်းမသိ ဘယ်သူမှန်းမသိတဲ့ အလောင်းတွေ ရဲကလာလာပို့လို့ရှိရင် တော်တော်စိတ်ညစ်ကြပါတယ်။ ရေနစ်လို့ သုံးလေးရက်ကြာမှ ပုပ်ပွပြီးပေါ်တဲ့အလောင်းမျိုးဆို ပိုဆိုးသေး။ ဒါပေမယ့်တာဝန်က တာဝန်မို့ မဖြစ်မနေလုပ်ဖို့တော့ လိုပါတယ်။ အတန်းဖော်သူငယ်ချင်းတစ်ယောက်က အဲသလို ပုပ်ပေါ်မျောကြီးတစ်လောင်းကို နံလွန်းလို့ ရင်ခွဲမစစ်ဆေးပဲ လှန်လှောကြည့်ရှု ရေနစ်သေဆုံးဆိုပြီး သဂြိုင်္လ်ခွင့်ပေးလိုက်တာ နောက်မှ မယားသည်က သူ့လင်ကို ဖေါင်ပေါ်မှာ ၀ိုင်းရိုက်ပြီး ရေထဲပစ်ချခဲ့တာ မျက်မြင်သက်သေတွေရှိပါတယ်ဆိုပြီး အမှုပြန်ဖော်တော့ ကိုယ်ကျိုးကြီးနည်းပြီး နှင်းရောင်လွှမ်းတဲ့ ချင်းတောင်တန်းကို ရွေ့ခဲ့ရရှာတယ်။ တခါတခါ လမ်းဘေးမှာ စွန့်ပစ်ခဲ့တဲ့ ပိုင်ရှင်မဲ့အလောင်းများဟာလည်း ဆွေကြီးမျိုးကြီးတွေဖြစ်နေခဲ့ရင် ကိုယ်က ငယ်သောအမှုလို့ထင်ပေမယ့် ကြီးချင်လည်း ကြီးနေတတ်သေးတာ။ အငြိမ်းစားကျန်းမာရေးဝန်ကြီးတစ်ယောက်ကိုယ်တိုင်တောင် ပိုင်ရှင်မဲ့အလောင်းဘ၀နဲ့ ဆေးရုံကြီးရေခဲတိုက်ကို ရောက်လာခဲ့ဖူးပါတယ်။ ပြေပြေလည်လည် ချေချေငံငံ မဆက်ဆံတတ်ရင် ကိုယ့်အထုပ်ကိုယ် အကုန်ပိုးလို့ ကျုံဒိုး ကိုရောက်သွားတဲ့ သူငယ်ချင်းလည်း ရှိခဲ့တယ်။ 

ဒါတွေက အငယ်တွေပဲ ရှိသေးတာဗျ။ နန်းတွင်းအရေးတော်ပုံလို ကိစ္စမျိုးပါလာရင် အကြီးတွေတောင် ပဲလှော်ကြားဆားညပ်ပြီး ကျိန်းစပ်စပ်နဲ့ အနားယူကြရဖူးပါတယ်။ မြန်မာဇာတ်လမ်းတွဲတွေ ရိုက်ထုတ်လိုက်လို့ကတော့ ဆုံးတောင်ဆုံးမှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ မှုခင်းဆရာဝန်များဟာ မြွေပွေးပိုးထိပြီး ကိုယ့်အမှုကိုယ်ပြန်မပတ်ရလေအောင် အရာရာကို မသင်္ကာစိတ်နဲ့ စေ့စေ့စပ်စပ် မှတ်မှတ်သားသားရှိအောင် အကျင့်လုပ်ထားရပါတယ်။ အပုပ်အပွတွေ အသုဘကမ္မဌာန်းရှုပါများရင် နောင်သံသရာမှာ အနိစ္စလက္ခဏာများ အလွယ်တကူ ထင်မြင်ပြီး နိဗ္ဗာန် မဂ်ဖိုလ် ရရာရကြောင်း ပါရမီကောင်းများလည်း ဖြစ်တာပေါ့နော်။
       သေမှုသေခင်းမှ မဟုတ်ပါဘူး။ ရိုက်မှု နာမှု ယာဉ်တိုက်မှု မုဒိန်းမှုတွေအပြင် အချုပ်သားတရားခံကို အသက်ခန့်မှန်းပေးရတာတို့၊ အရက်သေစာသောက်စားထားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိမရှိဆိုတာတွေလည်း ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ စစ်ဆေးပြီး ထင်မြင်ချက်ပေးရပါသေးတယ်။ ရတဲ့ဒဏ်ရာအပေါ်မူတည်ပြီး သာမာန်လား၊ ပြင်းထန်လား၊ ယခုထိသာမာန်လား။ ဧကန်မုချ သေစေနိုင်လောက်သော ဒဏ်ရာလား၊ ဖြစ်လေ့ဖြစ်ထရှိသောသဘောအရ သေစေနိုင်လောက်သော ဒဏ်ရာလား။ အချိန်မီ ကုသမှု မရရှိက သေစေတတ်သော ဒဏ်ရာလား စသည်ဖြင့် ကွဲကွဲပြားပြား ခွဲခွဲခြားခြား မှတ်ချက်ပေးရပါတယ်။ တရားလ၊ို တရားခံ၊ ရှေ့နေ၊ ရဲ၊ တရားသူကြီး စတဲ့လူအပေါင်းထဲမှာ ဆရာဝန်ဆိုတာလောက် အဂတိကင်းကင်း နေလို့ရတာ မရှိပါဘူး။ တရားလိုနဲ့လည်း သိစရာမလိုဘူး။ 

တရားခံနဲ့လည်း သိစရာမလိုဘူး။ ဘယ်သူနိုင်နိုင် ဘယ်သူရှုံးရှုံး။ ဘယ်လို စီရင်ချက်ချချ၊ ကိုယ့်အလုပ်တစ်ခုမှ မပါဘူး။ ကိုယ့်အလုပ်က တရားစီရင်ရေးအတွက် လိုအပ်တဲ့ သက်သေအထောက်အထားအပေါ်မှာ ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ ထင်မြင်ချက်ကို စစ်ဆေးတွေ့ရှိထားတဲ့အတိုင်း မှန်မှန်ကန်ကန် ပေးရုံပါပဲ။ ဒါကြောင့် ပစ်တိုင်းထောင်ရုပ်က ကြိုးမရှုပ်ရလေအောင် အားလုံးကို ကင်းအောင်နေနိုင်လေလေ၊ ကိုယ့်အတွက် အလုံခြုံဆုံးဖြစ်လေလေ လို့ သတိပြုစေချင်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ အမှုရယ်လို့ဖြစ်လာရင် သေချာပေါက် တဘက်ဘက်ကတော့ မတရားလုပ်နေတာ။ ဥပဒေချိန်ခွင်စောင်းနေတာ၊ အဲဒါကို တည့်မတ်အောင်ချိန်ညှိပေးရမှာက တရားသူကြီးရဲ့အလုပ်။ ဘယ်ဘက်ကမှ မရှုံးချင်ကြတာမို့ ကိုယ့်ဘက်ကိုယ်နိုင်အောင် အလေးသာအောင် ဖြစ်တဲ့နည်းနဲ့ ကြိုးစားကြမှာပဲ။ နှစ်ဘက်စလုံးနိုင်တယ်လို့ ထုံးစံမရှိတာမို့ တစ်ဘက်ကတော့ သေချာပေါက် ကိုယ့်ကို မုန်းပါလိမ့်မယ်။ ကိုယ်ကမှန်နေရင်တောင် တ၀က်လူမုန်းများပြီးသားဆိုတော့ ကိုယ်ကအမှားနဲ့ ဘက်လိုက်ခဲ့ရင် စဉ်းစားသာကြည့်ပါတော့။ ကိုယ်ဘက်လိုက်ပေးလိုက်လို့ နိုင်တဲ့လူကလည်း လေးစားမှာမဟုတ်ဘူး။ ဒီဆရာဝန် ပိုက်ဆံနဲ့ ၀ယ်လို့ရတာ သူ့ကိုယ်တွေ့ဖြစ်သွားပြီကိုး။ တေမိယဇာတ်တော်ကြီးကို တစ်ခေါက်လောက်ပြန်ဖတ်ကြည့်လိုက်ရင် ပိုသဘောပေါက်ပြီး အများကြီး သံဝေဂယူစရာ ရပါလိမ့်မယ်။

           ကျွန်တော်တို့ ပြန်မာပြည်ရဲ့ တရားရေးမဏ္ဍိုင်အကြောင်းကတော့ အမှုအခင်း တရားတဘောင်ဖြစ်လို့ ရုံးပြင်ကန္နားရောက်ဖူးသူတိုင်းသိကြတာမို့ ကျွန်တော်ရေးပြဖို့ လိုမယ်မထင်ပါဘူး။ ဗေဒင်မေးတဲ့သူများလို သူဟောတာနဲ့ ကိုယ်ဖြစ်နေတာနဲ့ ကိုက်ရင်တော့ မှန်လိုက်လေပေါ့။ ဘယ်သူမဆို တရားသူကြီးချတဲ့ စိရင်ချက်နဲ့ ကိုယ့်ဆန္ဒတိုက်ဆိုင်ရင်တော့ “မှန်မှန်ကန်ကန် စီရင်ချက်ချသကိုး” လို့ ကောက်ချက်ချမှာပဲ။ ဒါဆိုရင်တော့ ဘယ်လိုဟောဟော တ၀က်ပဲ မှန်မယ့်ဗေဒင်လို သဘောရှိလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီက မှုခင်းဆရာဝန်ကြီးတွေရဲ့ သမာသမတ်ကျတဲ့ သိက္ခာသမာဓိကိုတော့ သံသယဖြစ်ဖွယ်မရှိဆိုတာ တရားရေးဝန်ထမ်းတွေအားလုံး သိကြပါလိမ့်မယ်။ ဥပမာအနေနဲ့ နံမည်တပ်ပြီးပြောရရင် ဆရာကြီးဦးဘာချွန်ကစလို့ ဆရာဦးသိန်းဇော်၊ ဆရာဒေးဗစ်ကျော်တို့ပါ။ ဒီလိုပြောတော့ တခြားဆရာတွေက “ငါတို့ကို လာဘ်စားတယ် ပြောချင်တာပေါ့လေ” လို့ ဆိုနေဦးမယ်။ ကျွန်တော်တွေ့ဖူးတဲ့ ဆရာကြီးတွေကိုပဲ ဥပမာပေးရတာပါ။ သူတို့နဲ့ သိတဲ့လူတိုင်းလည်း ငြင်းစရာရှိမယ် မထင်ပါဘူး။

         ဆရာကြီး ဦးဘာချွန်ဟာ ကျွန်တော်တို့ ကျောင်းသားဘ၀မှာကတည်းက သူမတူအောင် စာသင်ကောင်းတဲ့ ဆရာကြီးပါ။ နားလည်အောင် မှတ်မိအောင် နောက်မမေ့အောင်လည်း သင်တတ်တယ်။ ဒီပညာရပ်မှာ သူလိုလူ နောက်တစ်ယောက်မရှိဘူးလို့ ဆိုရလောက်အောင် တဘက်ကမ်းခတ်ပါတယ်။ အသက်အရွယ်ကြီးလွန်းလို့ မေးတွေလက်တွေ တုန်နေတဲ့အထိလည်း စာသင်နေတုန်း။ အမှုအခင်းမှာ ဘက်လိုက်ဖို့ဝေးလို့ ကျောင်းသားထဲမှာတောင် ဘယ်သူ့ကိုမှ သူမမှတ်မိဘူး။ ဒါကျောင်းသား။ ဒီစာသင်ပေးတယ်။ ဒီမေးခွန်းမေးတယ်။ အောင်ချင်အောင် ကျချင်ကျ၊ တွေ့သမျှအားလုံး သူ့တပည့်။ စာသင်တော့လည်း ရယ်ရယ်မောမောပဲ။ ရင်ခွဲရုံမှာလည်း ရယ်ရယ်မောမောပဲ။ စာမေးပွဲစစ်တော့လည်း ရယ်ရယ်မောမောပဲ။ အမှားများဖြေမိရင် ခွက်ထိုးခွက်လှန်ရယ်တယ်။ စာမေးပွဲတွင်းမှာ ညကြီးမင်းကြီး စပေါ့သွားတောင်းတဲ့ သူငယ်ချင်းတစ်ယောက်ကို သူက ကော်ဖီတိုက်ပြီး“ စိတ်အေးအေးထား။ 

ဒါတွေဒါတွေဖတ်လို့ မှတ်ပေးလိုက်တယ်။ အဲဒါ ဟိုးအဝေဒကြိးကတည်းက ဌာနမှာ ဒါတွေကျက်ရမယ်လို့ ကျောင်းသားအားလုံးကို နို့တစ်ဘုတ်မှာ ကပ်ပေးထားတဲ့အတိုင်းပဲ။ အပိုအလိုမရှိ ကွက်တိ။ ပညာအရာမှာ သူ့ခေတ်သူ့အခါ ပြိုင်ဘက်ကင်းပေမယ့် ပင်စင်ယူတဲ့အထိ ရန်ကင်းမှာ အစိုးရတိုက်ခန်းကလေးနဲ့နေပြီး လေးဘီးကားအစုတ်ကလေးစီးတဲ့ ဆရာကြီးကို ဆေးရုံအောက်မှာ ရပ်ထားတဲ့ လင်ခရုဆာကားထဲက အပူချိန်တက်မှာစိုးလို့ တနေကုန်စက်နှိုးထားခိုင်းနိုင်တဲ့ ဆရာကြီးတွေထက် အများကြီး လေးစားကြည်ညိုမိပါတယ်။ ကျွန်တော်တို့ဆေးလောကမှာ ဒီလိုဆရာကြီးတွေလည်း ရှိခဲ့ပါတယ်။ အဲဒါ အထင်သေးစရာ မဟုတ်ပါဘူးဆိုတာ နောင်လာနောက်သားတွေလည်း သိစေချင်ပါတယ်။

          နိဂုံးမချုပ်ခင် ပြောချင်တာကလေးကတော့ အဲဒီဥပဒေရေးရာဆေးပညာဌာနဆိုတာ ဟိုးရှေးရှေး ပဝေသဏီ မစ္စတာကရစ်ပင်နဲ့ ကိုနှင်းမောင်တို့ကို စီအိုင်ဒီကထုတ်ပေးထားတဲ့ ပစ္စည်းကိရိယာတွေကို ကနေ့အထိ ရိုရိုသေသေ ဆက်ခံသုံးစွဲပြီး ခွဲစိတ်နေကြဆဲ ဖြစ်ပါကြောင်း။ စစ်ကြိုခေတ် ရန်ကုန်ဆေးရုံကြီးစတည်ကတည်းက ရင်ခွဲရုံအဆောက်အဦထဲက ရေညှိတက်နေတဲ့ အုတ်ခုံအဟောင်းကြီးတွေပေါ် သံမန်တလင်းပေါ်မှာ ကာလုဝါလား အပ၌နားတို့ဦးစီးလျက် ချုပ်လုပ် သန့်ရှင်း လုပ်ကိုင်နေဆဲဖြစ်ပါကြောင်း။ ဆေးရုံကြီးမှာ တခါတခါ မီးပျက်တတ်လို့ အလောင်းများ ရေခဲရိုက်ရန် ရေခဲဖိုးပေးပါဆိုပြီး ဈေးထဲက ရေခဲပုံကြီးနဲ့ ငါးတွေပုဇွန်တွေကို မျက်စိထဲမြင်ယောင်လာအောင် လက်ဖက်ရည်ဖိုးတောင်းနေကြဆဲဖြစ်ပါကြောင်း ( အမှန်တော့ အအေးခန်းကြီးပါဗျာ) အကယ်၍ သဒ္ဒါပေါက်လို့ လာရောက်လှူဒါန်းလိုတယ် ဒါမှမဟုတ် အသိဝင်၍ ကြည့်မြင်ချင်တယ်ဆိုရင်တော့ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်ရပါကြောင်းခင်ဗျာ။

          (အမေရိကန်ရုပ်မြင်ဇာတ်လမ်းတွကြည့်ပြီး စိတ်ကြီးဝင်သွားတာထင်ပါ့ ကိုနှင်းမောင်ရယ်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...