Monday, September 5, 2011

နိုင်ငံရေးပညာမိတ်ဆက် [၅]

by The River Club on Monday, September 5, 2011 at 9:49pm
လူငယ်နှင့် နိုင်ငံရေး အစိုးရနှင့် ဒီမိုကရေစီ -  ဘုန်းသက်ပိုင်

နိုင်ငံရေးစနစ်များ

ရှေ့မှာ အာဏာ၊ အာဏာကျင့်သုံးပိုင်ခွင့်နဲ့ အဲဒီအာဏာကျင့်သုံးမှုရဲ့ တရားဖြစ်မှုကို ဆွေးနွေးခဲ့ပါတယ်။ အကြောင်းကြောင်းကြောင့် တစ်လအဆက်ပြတ်ပြီး တစ်ပိုင်းလပ်ဟာသွားရပေမယ့် မူလအစီအစဉ်အတိုင်းပဲ အစဉ်မပြတ်အောင် အခုနိုင်ငံရေးစနစ်အပိုင်းကို တင်ပြပါမယ်။ နိုင်ငံရေးစနစ်တွေကို ယေဘုယျအနေနဲ့ လစ်ဘရယ် ဒီမိုကရေစီ၊ ကွန်မြူနစ်နဲ့ အာဏာပိုင်စနစ်ဆိုပြီး ခွဲခြားတင်ပြပါမယ်။ အခုဆောင်းပါးအစဉ်ဟာ မိတ်ဆက်ပေးရုံသာ ရည်ရွယ်တာမို့ အကျယ်ဆွေးနွေးနိုင်မှာ မဟုတ်တာကို တင်ကြိုစကားခံထားရပါမယ်။ အကျယ်သိလိုသူတွေ၊ အထူးပြုလေ့လာလိုသူတွေ ဆရာလူထုစိန်ဝင်း တိုက်တွန်းသလို မူရင်းကျမ်းတွေ၊ အဖွင့်ကျမ်းတွေကိုသာ ရှာဖွေလေ့လာဖို့ ထပ်ဆင့် တိုက်တွန်းလိုပါတယ်။

အခုလစ်ဘရယ် ဒီမိုကရေစီစနစ်ကို ဦးဆုံးတင်ပြပါမယ်။ ဒီမိုကရေစီလူ့အဖွဲ့အစည်းဆိုတာ ပြည်သူတွေရဲ့လက်ဝယ်မှာ နိုင်ငံရေးအာဏာရှိပြီး ပြည်သူတွေ အချုပ်အခြာအာဏာပိုင်တဲ့ လူ့အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာ ဂရိဝေါဟာရ Demos နဲ့ Kratia တို့ကနေ ဆင်းသက်လာတာပါ။ Demos ကပြည်သူဖြစ်ပြီး Kratia ကအာဏာလို့ အဓိပ္ပါယ်ရပါတယ်။ ဒီမိုကရေစီအစိုးရဆိုတာ ဘီစီ - ၅ ရာစုလောက်က ဂရိဒေသ အေသင်နဲ့ ဂရိမြို့ပြနိုင်ငံတချို့မှာနဲ့ ရှေးဟောင်းအိန္ဒိယက နိုင်ငံငယ်လေးတွေ တချို့(အဲဒီမှာ ပိုပြီးတော့တောင် စောတယ်လို့လည်း ဆိုကြပါတယ်)မှာ ကနဦး အစပြုခဲ့ပါတယ်။ အဲဒီတုန်းကတော့ လွတ်လပ်တဲ့အရွယ်ရောက်ပြီးသား နိုင်ငံသားတွေအားလုံး တစ်နေရာထဲမှာ စုဝေးတက်ရောက်ကြတဲ့ လူထုအစည်းအဝေးပွဲကြီးကနေ နိုင်ငံတော်နဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တာ၊ ဥပဒေပြဌာန်းတာ၊ အစိုးရရဲ့ တာဝန်တွေကို သတ်မှတ်တာ စတာတွေကို ဆောင်ရွက်ကြပါတယ်။ အဲဒီခေတ် မြို့ပြနိုင်ငံဆိုတာ နေထိုင်ကြတဲ့ လူဦးရေကလည်း နည်းပါးတဲ့အပြင် အရွယ်အစားကလည်း သေးငယ်လေ့ရှိပါတယ်။ ပြီးတော့ အဲဒီခေတ်မြို့ပြနိုင်ငံရဲ့ လုပ်ဆောင်မှုတွေဟာလည်း အကန့်အသတ်ရှိတာကြောင့်မို့ ဒီလိုနိုင်ငံသားတွေအားလုံး တစ်နေရာထဲမှာ စုရုံးစည်းဝေး ဆုံးဖြတ်ကြတဲ့ နည်းစနစ်နဲ့ အုပ်ချုပ်တာဟာ အဆင်ပြေပါတယ်။ ဒါကို တိုက်ရိုက်ဒီမိုကရေစီလို့ ခေါ်ပါတယ်။ ဒီနေ့ခေတ်သစ်မှာတော့ ယေဘုယအားဖြင့် နိုင်ငံတော်ရဲ့ အရွယ်အစားဟာ ကြီးမားလာသလို လူဦးရေကလည်း တိုးပွားများပြားလာကြပါတယ်။

ပြီးတော့ ခေတ်သစ်အစိုးရတွေရဲ့ လုပ်ငန်းတာဝန်တွေ၊ ပြဿနာတွေဟာလည်း ရှုပ်ထွေးများမြောင်လာခဲ့ပါတယ်။ ဒါကြောင့် အဲဒီတိုက်ရိုက်ဒီမိုကရေစီစနစ်ဟာ ခေတ်သစ်နိုင်ငံတော်တွေနဲ့ အံမဝင်တော့ပါဘူး။ များပြားလှတဲ့ ပြည်သူတွေရဲ့ကိုယ်စား ရှုပ်ထွေးများမြောင်လှတဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်နိုင်မယ့် အစိုးရစနစ်တွေ လိုအပ်လာပါတော့တယ်။ ဒီနေ့ခေတ်မှာ တိုက်ရိုက် ဒီမိုကရေစီပုံစံကို ဆက်လက်အသုံးမပြုတော့ပေမယ့် နယူးအင်္ဂလန်ပြည်နယ်မှာတော့ တစ်နှစ်တစ်ကြိမ်၊ နှစ်ကြိမ် မြို့လူထုအားလုံးစုဝေးပြီး အစိုးရရဲ့ အရေးကြီးတဲ့ကိစ္စတွေကို မဲပေးဆုံးဖြတ်ကြပါတယ်။ ကယ်လီဖိုးနီးယားလို ပြည်နယ်တွေမှာလည်း အရေးကြီးတဲ့ကိစ္စမျိုးတွေမှာ မြို့လူထုအားလုံး စည်းဝေးပြီး မဲခွဲဆုံးဖြတ်ကြပါတယ်။ တိုက်ရိုက်ဒီမိုကရေစီနဲ့ နှီးနွယ်မှုရှိတဲ့ ခေတ်သစ်ပုံစံကတော့ လွတ်လပ်တဲ့ ဆန္ဒခံယူမှုပဲ ဖြစ်ပါတယ်။

ဒီနေ့ခေတ်သစ်နဲ့ ဆီလျော်မှုရှိတဲ့ နိုင်ငံရေးစနစ်မျိုးကို ရှာဖွေရာမှာ ဒီမိုကရေစီရဲ့ မူလအနှစ်သာရဖြစ်တဲ့ ပြည်သူ့ အချုပ်အခြာအာဏာပိုင်မှု အယူအဆနဲ့ လိုက်ဖက်ညီတဲ့ နိုင်ငံရေးစနစ်ကို တီထွင်ခဲ့ကြပါတယ်။ အဲဒီစနစ်မျိုးကို လစ်ဘရယ်ဒီမိုကရေစီလို့ ခေါ်ဆိုကြပါတယ်။ တကယ်တော့ လစ်ဘရယ်ဒီမိုကရေစီဆိုတာ တန်ဖိုးနှစ်ရပ်ပေါင်းစည်းမှုတစ်ခုပဲ ဖြစ်ပါတယ်။ လစ်ဘရယ်နဲ့ ဒီမိုကရေစီဆိုပြီးတော့ပါ။ ဒီမိုကရေစီအနေနဲ့ ပြောရရင်တော့ လစ်ဘရယ်ဒီမိုကရေစီဟာ ကိုယ်စားပြုဒီမိုကရေစီ (Repersentative Democracy) ပုံစံတစ်ခုပါပဲ။ မဲဆန္ဒရှင် ပြည်သူတစ်ရပ်လုံးကိုယ်စား နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်ဆောင်ရွက်ဖို့ လူ့အဖွဲ့အစည်းရဲ့ အရေးကိစ္စတွေကို ဆောင်ရွက်ဖို့ ကိုယ်စားလှယ်တွေကို ပြည်သူတွေကိုယ်တိုင် ရွေးချယ်တဲ့စနစ်ပါ။ ဒီနေရာမှာ သြစတေးလျစီးပွားရေးပညာရှင် ဂျိုးဇက်ရွှန်းပီတာ ၁၉၄၀ ခုနှစ်တွေက ပြောခဲ့တဲ့ စကားကို ညွှန်းဆိုကြပါတယ်။ ဂျိုးဇက်ရွှန်းပီတာ ‘လူထုက ရွေးချယ်တင်မြှောက်ထားသူတွေကို ဆုံးဖြတ်ခွင့်အာဏာအပ်နှင်းထားတဲ့စနစ်’ လို့ ဖွင့်ဆိုခဲ့ပါတယ်။ ပုံမှန်ကျင်းပတဲ့ လွတ်လပ်ပြီး သန့်ရှင်းတဲ့ ရွေးကောက်ပွဲစနစ် ကျင့်သုံးတာပါပဲ။ ဒီပုံစံကို ဒီနေ့ကမ္ဘာနေရာ အများအပြားမှာ (မူကွဲတွေ၊ စောဒကတက်စရာတွေ ရှိနေပေမယ့်) အကျယ်အပြန့်ကျင့်သုံးနေကြပါတယ်။

ဒီလိုပုံစံမျိုးမှာ လူများစုရဲ့ အဆုံးအဖြတ်ဟာ အဓိကပါပဲ။ ဒါပေမယ့် လူနည်းစုရဲ့ သဘောထားအမြင်ကို ထည့်သွင်းစဉ်းစားမှု မရှိဘူး၊ လျစ်လျူရှုထားတယ်ဆိုရင် လူအများစုအုပ်ချုပ်ရေးဟာ လူများစုဖိနှိပ်ရေးပုံစံကို ရောက်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ တကယ်တော့ အောင်မြင်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ်ကို ရရှိဖို့ဆိုရင် လူ့အဖွဲ့အစည်းအတွင်း လူနည်းစုတွေက သူတို့ရဲ့အလိုဆန္ဒတွေ၊ ခံစားချက်တွေ၊ သဘောထားတွေကို အုပ်ချုပ်သူတွေက အလေးထားကြတယ်လို့ ခံစားရတဲ့အခါမှသာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အုပ်ချုပ်သူတွေက ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွားတွေကို ရှေးရှုဆောင်ရွက်တဲ့အခါမှာ လူများစုအုပ်ချုပ်ရေးရဲ့ ပြဿနာတွေ၊ လူနည်းစုတွေရဲ့ စိုးရိမ်ထိတ်လန့်မှုတွေဟာ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ Bryce က သူ့ရဲ့ Modern Democracies စာအုပ်မှာ “ဒီမိုကရေစီဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာကို သီးခြားလူတန်းစား တစ်ရပ်ရပ် ဒါမှမဟုတ် လူတန်းစားအလွှာတွေရဲ့ လက်ထဲမှာ တရားဝင်အပ်နှင်းထားတာ မဟုတ်ဘဲ၊ လူ့အဖွဲ့အစည်းဝင်တွေရဲ့ လက်ထဲမှာ တရားဝင်အပ်နှင်းထားတဲ့ အစိုးရပုံစံ” အဖြစ် ရှင်းပြခဲ့ပါတယ်။ အင်္ဂလိပ်ဒဿနပညာရှင် ဘင်သမ်ကတော့ အစိုးရကောင်းတစ်ရပ်ရဲ့ ရည်မှန်းချက်က လူအများစုကြီးရဲ့ အကြီးမားဆုံးသော ကောင်းကျိုးချမ်းသာကို ရရှိစေရေး (Greatest good of the greatest number) လို့ ဆိုပါတယ်။ ဒီစံနှုန်းအရဆိုရင် နိုင်ငံသားအားလုံးရဲ့ အကြီးမားဆုံးသော ကောင်းကျိုးချမ်းသာကို ရရှိဖို့ပဲ ဖြစ်ပါတယ်။ လူများစုရဲ့ ကောင်းကျိုးချမ်းသာရရှိစေရေး မဟုတ်ပါဘူး။

ကိုယ်စားပြု ဒီမိုကရေစီပုံစံကိုလည်း ပုံစံနှစ်မျိုးခွဲပြီး အသုံးပြုကြပါတယ်။ ပါလီမန်ဒီမိုရေစီနဲ့ သမ္မတစနစ် ဆိုပြီးတော့ပါ။ ပါလီမန်စနစ်ဟာ ဥရောပမှာ အားလုံးလိုလို လက်ခံကျင့်သုံးနေကြတဲ့ စနစ်ပါ။ ဒီစနစ်အရ နိုင်ငံရေးအာဏာဟာ ရွေးချယ်ခံ ဥပဒေပြုအဖွဲ့မှာ ရှိပါတယ်။ ဥပဒေပြုအဖွဲ့က အုပ်ချုပ်ရေးဦးဆောင်သူကို ထပ်မံရွေးချယ်ပါတယ်။ သမ္မတစနစ်ကတော့ အနီးစပ်ဆုံးပြရရင် (ပုံစံကွဲပြားမှုတွေ ရှိပေမယ့်) ပြင်သစ်နဲ့ အမေရိကန်စတဲ့ နိုင်ငံတွေမှာ ကျင့်သုံးကြပါတယ်။ ဒီပုံစံရဲ့ အားနည်းချက်၊ အားသာချက်၊ ကျင့်သုံးပုံ အသေးစိတ်ကို နောက်ပိုင်းမှာ သီးခြားတင်ပြပါမယ်။
လစ်ဘရယ် ဒီမိုကရေစီဆိုတာ တန်ဖိုးနှစ်ရပ် ပေါင်းစည်းမှုတစ်ခုလို့ ရှေ့မှာ ဆိုခဲ့ပါတယ်။ လစ်ဘရယ် မျက်နှာစာဘက်ကဆိုရင် အစိုးရအခြေပြုထားတဲ့ အဓိက တန်ဖိုးတွေကို ဆိုလိုတာပါ။ လစ်ဘရယ်ဆိုတာ စနစ်ရဲ့ အနှစ်သာရဖြစ်တဲ့ အခြေခံပြည်သူ့ရပိုင်ခွင့်နဲ့ သဘာဝရပိုင်ခွင့် အတွေးအခေါ်တွေကနေ ထုတ်ယူထားတဲ့ အစဉ်အလာတန်ဖိုးတွေကို ရည်ညွှန်းပါတယ်။ ဥပဒေရဲ့ ရှေ့မှာ တန်းတူညီမျှရှိမှု၊ လွတ်လပ်စွာ ပြောခွင့်၊ စုဝေးခွင့်၊ လူနည်းစုကို ကာကွယ်စောင့်ရှောက်မှု၊ အခွင့်အလမ်းညီမျှမှု စတာတွေကို နိုင်ငံရေးဓလေ့ရဲ့ အချက်အချာအဖြစ် သတ်မှတ်ထားကြပါတယ်။ ပြီးတော့ ဖွဲ့စည်းပုံ၊ ပြည်သူ့အခွင့်အရေး ဥပဒေစတာတွေမှာ ထည့်သွင်းပြဌာန်းထားလေ့ရှိပြီး တရားရုံးတွေက အကာအကွယ်ပေးထားကြပါတယ်။
လစ်ဘရယ် ဒီမိုကရေစီနိုင်ငံရေးစနစ်တွေမှာ အစိုးရရဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာကို ကန့်သတ်ထိန်းချုပ်ထားပြီး အာဏာကို ခွဲဝေကျင့်သုံးကြပါတယ်။ ပြီးတော့ မဲဆန္ဒရှင်ပြည်သူတွေဟာ သူတို့ရဲ့ လိုအပ်ချက်တွေ၊ လိုလားချက်တွေကို နည်းလမ်းအများအပြားနဲ့ ဖော်ပြဆောင်ရွက်နိုင်ပါတယ်။

ပြည်သူတွေဟာ နိုင်ငံရေးပါတီတွေ၊ ဖိအားပေး လှုပ်ရှားတောင်းဆိုတဲ့ အုပ်စုတွေ၊ မီဒီယာတွေ၊ ရွေးကောက်ပွဲနဲ့ ပါလီမန်(လွှတ်တော်)၊ ပြင်ပနိုင်ငံရေး လှုပ်ရှားဆောင်ရွက်မှု စတာတွေကတစ်ဆင့် မိမိလိုလားချက်တွေကို ဖော်ထုတ်ကြပါတယ်။ အစိုးရရဲ့ သမားရိုးကျအဖွဲ့အစည်းတွေ (လွှတ်တော်၊ တရားရေး၊ အုပ်ချုပ်ရေး)ဟာ ပြည်သူအများရဲ့ လိုလားချက်တွေကို အရေးယူဆောင်ရွက်ပေးမလား၊ မဆောင်ရွက်ပေးဘူးလား၊ ဘယ်လိုနည်းကို အသုံးပြုမလဲဆိုတာကို ဆုံးဖြတ်ကြရပါတယ်။ သူတို့တွေရဲ့ ဆောင်ရွက်ချက်တွေမှာ တည်ဆဲဥပဒေ ပြဌာန်းချက်ကို ရုတ်သိမ်းတာ၊ ဥပဒေသစ်ပြဌာန်းတာ၊ ပေါ်လစီနဲ့ ဘက်ဂျက်ဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်တာတွေ ပါဝင်ပါတယ်။ အများပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေကနေ ထွက်ပေါ်လာတဲ့ လိုလားတောင်းဆိုမှုတွေကို အစိုးရတွေက အကျယ်အပြန့် တာဝန်ခံဆောင်ရွက်ပေးတာ တည်ငြိမ်မှုကို အာမခံချက် ရှိစေမှာ ဖြစ်ပါတယ်။ ဆိုခဲ့သလို ဒီမိုကရက်တစ် နိုင်ငံရေးစနစ်ဆိုတာ ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေကို ထင်ဟပ်လုပ်ဆောင်တဲ့ နိုင်ငံရေးစနစ် ဖြစ်လို့မို့ ပြည်သူတွေရဲ့ သဘောတူညီမှုဟာ အရေးကြီးပါတယ်။ ပြည်သူတစ်ရပ်လုံးရဲ့ ကိုယ်စားရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကနေတစ်ဆင့် နိုင်ငံတော်ရဲ့ အရေးကိစ္စတွေကို စီမံဆောင်ရွက်တယ်ဆိုပေမယ့် တကယ်တမ်း ဆုံးဖြတ်ပိုင်ခွင့် အခွင့်အာဏာဟာ ပြည်သူတွေရဲ့ အပေါ်မှာ မူတည်နေပါတယ်။

ပြည်သူအများဟာ သူတို့အပ်နှင်းထားတဲ့ နိုင်ငံရေးပါဝါကို ပြန်ရုတ်သိမ်းပြီး ပြန်လည်ခွဲဝေအပ်နှင်းတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။စစ်မှန်တဲ့ ရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ စစ်မှန်တဲ့ ရွေးချယ်မှုကို ရရှိလာစေတဲ့ အခွင့်အလမ်းတစ်ရပ်ဖြစ်ပြီး လစ်ဘရယ် ဒီမိုကရေစီနိုင်ငံတွေရဲ့ မရှိမဖြစ်အရေးကြီးတဲ့ လက္ခဏာရပ်တစ်ခု ဖြစ်ပါတယ်။ ဒါကိုဒီနေ့ နေရာတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောနေကြပါတယ်။ ဒါပေမယ့် ခွဲပြောလို့မရတဲ့ အရာဟာ ဒီမိုကရေစီ ဖော်ဆောင်ကျင့်သုံးမှုဟာ လစ်ဘရယ်မူဘောင်ထဲက ဖြစ်ရမယ်ဆိုတာပါပဲ။ ဖရိဇာခါယာတို့ ရည်ညွှန်းခဲ့ကြသလို လစ်ဘရယ်တန်ဖိုးတွေနဲ့ ဒီမိုကရေစီဟာ ခွဲခြားထားလို့မရပါ။ အဲဒီလိုမှ မဟုတ်ရင် အီရန်လို ရွေးကောက်ပွဲစနစ် ကျင့်သုံးတဲ့ အာဏာပိုင်နိုင်ငံတစ်ခု ဖြစ်သွားလိမ့်မယ်လို့ ပညာရှင်အများက ထောက်ပြကြပါတယ်။

အင်္ဂလိပ်ဒဿနပညာရှင် ဂျွန်စတူးဝပ်မေးလ်ကတော့ ကိုယ်စားပြု အစိုးရစနစ်ရဲ့ အောင်မြင်မှုဟာ အခြေအနေသုံးရပ်အပေါ်မှာ မူတည်နေတယ်လို့ ဆိုပါတယ်။ ပထမအခြေအနေက ပြညသူတွေဟာ အဲဒီစနစ်ကို လိုလိုလားလား လက်ခံရပါမယ်။ သူတို့ဟာ ဘယ်လိုနည်းနဲ့မှ အဲဒီစနစ်ကို လျစ်လျူရှုမထားဘဲ အဲဒီစနစ်ရဲ့ အခြေခံမူတွေ၊ နည်းစနစ်တွေကို နားလည်နိုင်စွမ်းရှိရပါမယ်။ ဒုတိယ သူတို့ဟာ ကိုယ်စားပြုအုပ်ချုပ်ရေးစနစ်နဲ့ နိုင်ငံတော်ရဲ့ လွတ်လပ်မှုတို့ကို ကာကွယ်ထိန်းသိမ်းဖို့ အပြင်းအထန် ကြိုးပမ်းကြရပါမယ်။ အဲဒီလိုမှ မဟုတ်ရင် ပြည်သူတွေဟာ ပထမ အခြေအနေကို လိုလိုလားလား လက်ခံတဲ့တိုင်အောင် ရေရှည်တည်တံ့ခိုင်မာမှုရှိမှာ မဟုတ်ပါဘူး။ တတိယကတော့ ပြည်သူတွေဟာ သူတို့ရဲ့ နိုင်ငံသားတာဝန်ဝတ္တရားတွေကို ဆောင်ရွက်နိုင်ရမယ်။ လိုလိုလားလား ဆောင်ရွက်ရမယ်။ သူတို့ရဲ့ ရပိုင်ခွင့်တွေကိုလည်း ကာကွယ်စောင့်ရှောက်ရပါမယ်။ အဲဒီလိုမှ မဟုတ်ရင် မျက်နှာဖုံးစွပ်ထားတဲ့ အာဏာပိုင်စနစ်ဟာ အစားထိုးဝင်ရောက်လာနိုင်မှာ ဖြစ်ပါတယ်။

လစ်ဘရယ်ဒီမိုကရက်တစ် နိုင်ငံရေးစနစ်တွေဟာ ပထမကမ္ဘာ့နိုင်ငံတွေရဲ့ အရင်းရှင်စီးပွားရေးစနစ်တွေနဲ့ ဆက်စပ်နေပါတယ်။ မာ့က်ဝါဒီတွေက အဲဒီနိုင်ငံတွေမှာ နိုင်ငံရေးတန်းတူညီမျှမှုနဲ့ လူမှုရေး မညီမျှမှုကြား သဟဇာတမဖြစ်မှု တည်ရှိနေတာကို တွေ့မြင်ရတယ်လို့ စွပ်စွဲကြပါတယ်။ သူတို့ဟာ လစ်ဘရယ် ဒီမိုကရေစီကို ဘူဇွာဒီမိုကရေစီအဖြစ် သတ်မှတ်ကြပါတယ်။ အဲဒီဘူဇွာစနစ်ရဲ့ တန်ဖိုးတွေနဲ့ လက်တွေ့ကျင့်သုံးမှုတွေကို ပုဂ္ဂလိကပိုင်ဆိုင်မှုကို ကာကွယ်မှုက ကျောထောက်နောက်ခံပြုပေးထားပြီး၊ အဲဒီစနစ်ရဲ့ တရားဝင်မှုကို အုပ်ချုပ်သူ လူတန်းစားက ကျင့်သုံးတဲ့ အတွေးအခေါ် ထိန်းချုပ်မှုတွေနဲ့ အာမခံချက်ပေးထားပါတယ်လို့ ဝေဖန်ကြပါတယ်။


Ref: - Politics by Peter Joyce, Introduction To Politics by Benoyendra Nath Banerjea, Political Analysis by Geffrey Roberts and Alistair Ewards, Dictionary of Politics by David Roberson, The Spirit of Democracy by Larry Diamond

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...