Monday, September 5, 2011

အဖေ ရဲ့  ဖြေသိမ့်ပေးမှု...

[By Pann Chuu Chuu]

အဖေ သူ လေးနှစ်သားအရွယ်တုန်းက မတော်တဆ ခဲမှန်လို့ မျက်လုံးတစ်လုံး တိမ်စွဲခဲ့ရတယ်။ ခဲမှန်စက သွေးတွေတရဟော ထွက်လို့ ဆေးရုံတက်ခဲ့ပေမယ့်
ဆရာဝန်က အကောင်းပကတိ ဖြစ်အောင် ပြန်ကုလို့ မရနိုင်တော့ဘူးဆိုပြီး
ဆေးတစ်ချို့ပဲပေးခဲ့တယ်။


ဒါကို အဖေက လက်မလျှော့ဘူး။ သူ့ကို ချီပိုးပြီး မြို့ပေါ်က အကောင်းဆုံး မျက်စိအထူးကုဆီ သွားပြခဲ့တယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ကုလို့မရတော့ဘူးဆိုတဲ့
စကားက အဖေ့မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်ပြန်တယ်။ ဝမ်းနည်းမှုကို
မခံရပ်နိုင်တဲ့အဆုံး အဖေ ငိုခဲ့တယ်။ ဘာကိုမှ သေချာနားမလည်သေးတဲ့ အရွယ်မို့
အဖေဘာကြောင့်ငိုမှန်း သူမသိခဲ့ဘူး။

သူ၆နှစ်အရွယ်ရောက်တော့ ညာမျက်လုံးက တစစဖြူလာခဲ့တယ်။ "အဖေ...ဘာဖြစ်လို့ ကျွန်တော့်မျက်လုံး တစ်လုံးက ဖြူနေရတာလဲ" လို့ မေးတဲ့အမေးကို
အဖေပြန်မဖြေနိုင်ခဲ့ဘူး။ သားဘဝတစ်လျှောက်လုံး မျက်လုံးတစ်လုံးတည်းနဲ့ပဲ
ပြီးဆုံးရတော့မယ်၊ ဘာပဲလုပ်လုပ် တစ်ခြားလူတွေထက် ပိုခက်ခဲမယ်ဆိုတာ
အဖေသိခဲ့တယ်။

အဖေက လိပ်သည်းကျောက် တင်ပို့ရောင်းချတဲ့ စက်ရုံမှာ အလုပ်လုပ်ပါတယ်။ အဲဒီနှစ်က ကျောက်တွေကို ကားပေါ်တင်ရင်း မတော်တဆ ဝန်ချီစက်ကြိုး
ပြတ်သွားခဲ့တယ်။ မြေပြင်ပေါ်ကို အရှိန်နဲ့ကျလာတဲ့ ကျောက်တွေကနေ
ကျောက်ခဲအသေးအမွှားတစ်ချို့က သေနတ်ထိပ်က ကျည်ဆံလိုပဲ အဖေ့ဆီ
ပြေးဝင်လာခဲ့တယ်။ အဖေ ကာကွယ်ချိန် မရလိုက်ဘူး။ ကျောက်ခဲတစ်ချို့
အဖေမျက်လုံးကို ထိသွားခဲ့တယ်။ ဒဏ်ရာသေးပေမယ့် ကုသဖို့ကို
အဖေငြင်းဆန်ခဲ့ပြီး အလျှော်ပေးတဲ့ ကုသခကိုပဲ ယူမယ်လို့ အဖေတောင်းဆိုခဲ့တယ်။

ဘာကြောင့်လဲလို့ မေးတော့ အဲဒီကုသခနဲ့ သားကို မျက်လုံးတုတစ်ခု တပ်ဆင်ပေးချင်လို့လို့ အဖေက ဆိုပါတယ်။ အဖေရဲ့တောင်းဆိုချက်ကို စစချင်းမှာ
တစ်ဖက်က လက်မခံနိုင်ခဲ့ပေမယ့် အဖေရဲ့ တောင့်ခံမှုကြောင့် နောက်ဆုံးမှာ
ဝန်ခံချက်လက်မှတ် ရေးထိုးပြီး လိုက်လျှောခဲ့တယ်။ ကုလို့ရနိုင်ရက်နဲ့ မကုဘဲ
ငြင်းခဲ့တဲ့အဖေကို လူတွေက ရူးသွားပြီလို့ ထင်ကြပေမယ့် အဖေဂရုမစိုက်ခဲ့ဘူး။


အနှစ် ၂ဝလွန်ပြီးတဲ့နောက် ကုမ္ပဏီ အသေးလေးတစ်ခု အဖေပိုင်ခဲ့တယ်။ လူတွေက အဖေ့ကို "မျက်တစ်လုံး"လို့ ခေါ်ခဲ့ကြတယ်။ သားက ခန့်ခန့်ချောချောနဲ့
အကြောင်းမသိရင် မျက်စိတစ်ဖက် ကန်းနေမှန်းတောင် မသိနိုင်ပါဘူး။
သားရဲ့မင်္ဂလာပွဲမှာ လူတွေက သတို့သမီးကို "မျက်လုံးတစ်လုံးပဲ ရှိတဲ့သူ့ကို ဘာဖြစ်လို့ ယူသလဲ"
လို့ မေးတော့ သတို့သမီးက "မျက်လုံးတစ်လုံးပဲ ရှိပေမယ့် သာမန်လူတွေထက်
သူပိုရက်ရောတယ်" လို့ ပြောခဲ့တယ်။

သားရဲ့ မင်္ဂလာပွဲမှာ အဖေက အပျော်လွန်ပြီး မူးနေပါပြီ။
ကွယ်နေတဲ့ မျက်လုံးကို ထိုးပြီး အဖေက "ကျွန်တော် ဘာဖြစ်လို့ ဒီမျက်လုံးကို မကုခဲ့တာလဲ
သိလား? သားငယ်ငယ်က သူ့မျက်လုံးတစ်ဖက် ဘာကြောင့် ဖြူနေရတာလဲလို့
ကျွန်တော့်ကို မကြာခဏ မေးခဲ့တယ်။ ကျွန်တော် ပြန်ဖြေဖို့ အဖြေမရှိခဲ့ဘူး။
ဒီမျက်လုံးကြီး ကန်းသွားမှ သားကို ကျွန်တော်ပြန်ဖြေနိုင်ခဲ့တယ်။ ဖေဖေရဲ့
မျက်လုံးလည်း ဖြူနေပါတယ်သား.. ဒါမျိုးရိုးကြောင့်ပါလို့"
 
မင်္ဂလာခန်းမတစ်ခုလုံး အပ်ကျသံတောင် မကြားရအောင် တိတ်ဆိတ်သွားခဲ့တယ်။
ဖခင်ဆိုတာ တောင်တစ်လုံးနဲ့တူတယ်။ တည်ကြည်ခံ့ညား ကြီးမြင့်တယ်။ အခက်အခဲတွေကို ရှေ့ကနေ ကာကွယ်တားဆီးပေးတယ်။
ဖခင်ဆိုတာ မစီးဆင်းတဲ့ ရေတစ်အိုင်နဲ့တူတယ်။ ရင်ထဲက သူ့မေတ္တာကို မဖွင့်လှစ်ပြတတ်ဘူး။

ဖခင်ဆိုတာ လက်တစ်စုံပါ။ အဲဒီလက်တစ်စုံနဲ့ သားသမီးတွေကို ဖေးမပြီး နွေ၊
မိုး၊ ဆောင်းအတူ ဖြတ်ကျော်ခဲ့တယ်။
ဖခင်ဆိုတာ မျက်ရည်တစ်စက်။ အကြင်နာမေတ္တာတွေနဲ့ ထုပ်ပိုးထားတဲ့ မျက်ရည်တစ်စက်ဖြစ်တယ်။
(itfriendships)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...