Friday, September 16, 2011

ဒီမိုကရေစီ အမြစ်တွယ်ခြင်းနှင့် အဖြေမရှိသေးသော မေးခွန်း

by Lu Cifer on Friday, September 16, 2011 at 7:05pm
 


မြန်မာပြည်မှာ ဒီမိုကရေစီကို အမြစ်မတွယ်အောင် လုပ်ဖို့ ကြိုးပမ်းသူတွေထဲမှာ ၀န်ကြီးချုပ်ဟောင်း ဦးနုကို အစောဆုံးအဖြစ် အမှတ်ပေးရမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ တော်လှန်ရေး ကာလမှာပဲ လုပ်ကြံခံ လိုက်ရတဲ့ အတွက်ဒီမိုကရေစီ အမြစ်တွယ်အောင် ဆောင်ရွက်ခွင့် မရခဲ့ပါဘူး။




သမိုင်းအဖြစ်အပျက်တွေအရ ဒီမိုကရေစီအမြစ်တွယ်ဖို့ ကိစ္စမတိုင်ခင်မှာ တော်လှန်ရေးကာလ တခုကို ဖြတ်သန်းရလေ့ ရှိပါတယ်။ လက်နက်ကိုင်နည်း၊ ငြိမ်းချမ်းစွာ လူထုဆန္ဒပြပွဲတွေ၊ တော်လှန်ရေးတွေနဲ့ ဖြတ်သန်းတာမျိုးပါ။ အခု အာရပ်ကမ္ဘာက နည်းလမ်းပေါင်းစုံနဲ့ လူထု လှုပ်ရှားမှုတွေဟာ တော်လှန်ရေး ကာလဖြစ်ပြီး၊ အဲဒါကျော်သွားပြီးရင် ဒီမိုကရေစီအမြစ်တွယ်ရေးကိစ္စကို ချီတက်ကြရဦးမှာ ဖြစ်ပါတယ်။



ဆိုကြပါစို့၊ မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး တော်လှန်ရေးကာလကို ဖြတ်သန်းခဲ့ပါတယ်။ အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ ဦးနု နဲ့ တခြားနိုင်ငံရေးသမားတွေက ဒီမိုကရေစီကို အမြစ်တွယ်အောင် မလုပ်နိုင်ခဲ့ကြပါဘူး။
အတိတ်ကာလက မြန်မာပြည်မှာ ဒီမိုကရေစီ အမြစ်မတွယ်ခဲ့တာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် က သူ့ရဲ့ မိန့်ခွန်းတွေမှာ အခုလို မှတ်ချက်ပေးဖူးပါတယ်။

"၂၆ နှစ်အရင်က ရှိခဲ့တဲ့ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးလှုပ်ရှားသူများဟာ ကျေးလက်တောရွာ လူထုနဲ့ လက်တွဲပြီး မလုပ်ခဲ့ဘူးလို့ ကျမ မြင်ပါတယ်။ ဒီလို ကျေးလက်တောရွာလူထုရဲ့ ထောက်ခံမှုမရှိလို့ နောင်ကျတော့ တပါတီအာဏာရှင်နစ် တက်သွားတဲ့ အခါကျတော့ လူထုအများကလည်း လက်ခံနေတယ်၊ ကြည့်နေတယ်၊ လျစ်လျူရူထားလိုက်တယ်"



မြန်မာပြည်သမိုင်းမှာ ဒီမိုကရေစီ အမြစ်တွယ်ဖို့ကိစ္စမှာ စစ်တပ်က ကန့်လန့်ကန့်လန့်ဖြစ်ခဲ့တာက ငြင်းမရတဲ့ သမိုင်းဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေက ဘယ်လောက်ညံ့ခဲ့လို့၊ စစ်တပ်က ဘယ်အတိုင်းအတာထိ စွက်ဖက်ခဲ့သလဲ (Tatmataw Factor)၊ ဘယ်ဟာက အကြောင်းတရား၊ ဘယ်ဟာက အကျိုးတရား ဆိုတာကတွေကတော့ အငြင်းပွားကြရမယ့် ကိစ္စဖြစ်ပါတယ်။

သေချာတခုကတော့ အတိတ်က စစ်တပ်က ဦးဆောင်ခဲ့တဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲတိုင်းမှာ ဒီမိုကရေစီစနစ် ကျဆုံးခဲ့တာချည်းပါပဲ။

၁၉၅၈ - ၁၉၆၂ - ၁၉၈၈ စစ်တပ်အာဏာသိမ်းမှုတွေနဲ့ နောက်ဆက်တွဲ ကိစ္စတွေကို ဆိုလိုတာပါ။
ဒါကြောင့် ၂၀၁၀ မှာ စစ်တပ်က ဦးဆောင်တဲ့ နိုင်ငံရေးအပြောင်းအလဲတခု ဖြစ်ပြန်တဲ့အခါ အတိတ် သမိုင်းတွေနဲ့ လက်ရှိလုပ်နည်းလုပ်ဟန်တွေကို ကြည့်ပြီး သံသယရှိနေကြတာ မဆန်းပါဘူး။



စက်တင်ဘာလ (၁၅) ရက်နေ့ နိုင်ငံတကာ ဒီမိုကရေစီနေ့အခမ်းအနားမှာပဲ ပြည်ထောင်စုလွှတ်တော်ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းက သူ့ကိုယ်သူ ဒီမိုကရေစီ ဘက်တော်သားတွေပါလို့ သုံးသွားပါတယ်။



ယနေ့ကမ္ဘာမှာ ဒီမိုကရေစီဟာ ကမ္ဘာလုံး သဘောဆောင်သွားတဲ့အတွက် ဗိုလ်ချုပ် ဟောင်းတွေကိုယ်တိုင် စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ထုတ်ပြောနေရတဲ့ သဘောဖြစ်ပါတယ်။ ဦးသိန်းစိန်ရဲ့ ပထမဆုံးမိန့်ခွန်းမှာ ဒီမိုကရေစီစနစ်ရဲ့ အမွန်အမြတ်တရားတွေကို ပြောသွားခဲ့တာလည်း ဒီသဘောပါပဲ။

ပြီးခဲ့တဲ့ ရက်တွေမှာ မြန်မာပြည်မှာ ထူးခြားတဲ့ အဖြစ်အပျက်တွေ အတော်များများ တွေ့ခဲ့ရပါတယ်။ အစိုးရ ကိုယ်စားလှယ် ဦးအောင်ကြည်နဲ့ တွေ့အပြီး ပူးတွဲကြေညာချက် ထုတ်တာအစ၊ နေပြည်တော်က သမတဦးသိန်းစိန်နဲ့တွေ့ပြီး အစိုးရရဲ့ စီးပွားရေး ဖိုရမ်တက်တာအလယ်၊ နောက်ဆုံး ဦးဇော်ဇော်ဖိတ်တဲ့ ဘောလုံးပွဲသွားကြည့်တာ အဆုံးထိဖြစ်ပါတယ်။



ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြည့်ရင် အလွန် အန္တရာယ်များတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ မြန်မာပြည်လို ဘက်နှစ်ဘက် သဘောဆောင်တဲ့ နိုင်ငံရေး (Polarized Politics) မှာ တခြားလူ သူ့လိုလုပ်ဖို့ မဖြစ်နိုင်ပါဘူး။

ဗိုလ်ချုပ်အောင်ဆန်း ဂျပန်နဲ့ပေါင်းလိုက်၊ အင်္ဂလိပ်နဲ့ ပေါင်းလိုက်လုပ်တဲ့ ကိစ္စမျိုးပါပဲ။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ခဲ့တာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်လုပ်နေတာတွေကို နှိုင်းယှဉ်နေတာလည်း အမြဲတမ်း မှန်ကန်ပါ့မလားလို့ သံသယ ဖြစ်မိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အခုလိုပြောဖူးပါတယ်။

"အရင် လွတ်လပ်ရေးတိုက်ပွဲဟာ လူမျိုးခြားများကို တိုက်ရတာ၊ လူမျိုးခြားများကို တိုက်တာထက် ကိုယ့်အချင်းချင်း တိုက်ရတာဟာ အင်မတန်စိတ်ညစ်စရာကောင်းတယ်၊ အင်မတန် ၀မ်းနည်းစရာကောင်းတယ်၊ အင်တန် ရှက်စရာကောင်းပါတယ်"

လွတ်လပ်ရေး ကြိုးပမ်းတဲ့ကာလမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်နဲ့ပေါင်းလိုက်၊ အင်္ဂလိပ်နဲ့ ပေါင်းလိုက် အပြောင်းအလဲများခဲ့ပါတယ်။ အပြောင်းအလဲတွေကို သူရွေးချယ်တဲ့အခါမှာ လူထုကို သူ့နောက်က ပါသွားအောင် ဆွဲခေါ်သွားနိုင်တာကတော့ တခြားပုဂ္ဂိုလ်တွေနဲ့ မတူတဲ့ ဗိုလ်ချုပ်ရဲ့ ထူးခြားတဲ့ အရည်အချင်း တရပ်အဖြစ် ကောက်ချက်ချကြပါတယ်။

သူ့ခေတ်၊ သူလုပ်ကြံခံရတဲ့ နောက်ပိုင်းခေတ်တွေမှာ မြန်မာပြည်မှာ အပြောင်းအလဲများတဲ့ နိုင်ငံရေးသမားတွေ တော်တော်ရှိပါတယ်။ နာမည်ကောင်း မရကြပါဘူး။ တချို့ အပြောင်းအလဲတွေကြောင့် ကောင်းခဲ့ဖူးတဲ့ သမိုင်းကိုတောင် အရိပ်မည်းထိုးပြီး၊ ပြန်ချေဖျက်သွားတဲ့ လူတော်ပုဂ္ဂိုလ် တော်တော်များပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ တချောင်းတည်းသော စိတ်ဟာ လွတ်လပ်ရေး ဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တချောင်းတည်းသော စိတ်ဟာ မြန်မာပြည်မှာ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အမြစ်တွယ်ရေး၊ တနည်းအားဖြင့် စိတ်ဓာတ်တော်လှန်ရေး ဖြစ်တယ်လို့ ယူဆပါတယ်။

စက်တင်ဘာလ (၁၅) ရက်နေ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားမိန့်ခွန်းမှာ ဒေါ်အောင်ဆန်း စုကြည်က "ကျမတို့ရဲ့ ဒီမိုကရေစီတော်လှန်ရေးဟာ စိတ်ဓာတ်တော်လှန်ရေးဖြစ်တယ်" လို့ ပြောခဲ့ပါတယ်။

၁၉၉၀ အစောဆုံးနှစ်တွေက ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုကို ဒုတိယ လွတ်လပ်ရေး တိုက်ပွဲလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။ တော်လှန်ရေးကာလလို့ အဓိပ္ပါယ်ဖွင့်နိုင်ပါတယ်။

နှစ် ၂၀ ကျော်လာလို့ နိုင်ငံရေးအခြေအနေတချို့ ပြောင်းလဲသွားခဲ့တဲ့ လက်ရှိအချိန်က ဘယ်အခြေအနေကို ရောက်နေပြီလဲလို့ မေးစရာပေါ်လာပါ တယ်။

ဒီမိုကရေစီနေ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က " အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေရောက်နေပြီ" ဆိုပါတယ်။
ဒါဆိုရင် ဒီခြေအနေကို ဘယ်လိုချဉ်းကပ်ကြမလဲ။

ဒေါ်အောင်ဆန်းစုကြည် က "ဒီအခြေအနေလည်း ဒီလိုပုံစံပဲလုပ်မယ်၊ ဟိုအခြေအနေလည်း ဒီပုံစံပဲ လုပ်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး " လို့ ပြောပါတယ်။

"ကိုယ်ပိုင်ဉာဏ်နဲ့ သိအောင်လို့ ကြိုးစားကြပါ။ လူများပြောတိုင်းလည်း နားထောင်ဖို့ မလိုပါဘူး။ ကျမပြောတိုင်းလည်း ယုံစရာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ် သေသေချာချာလေ့လာပါ။ လေ့လာပြီးတော့ ကိုယ်ယုံကြည်သရွေ့ ယုံကြည်သည့်အလျောက် ဆက်ပြီးတော့ ခိုင်ခိုင်မာမာနဲ့ လျှောက်လှမ်းသွားကြပါလို့ ကျမ တိုက်တွန်းချင်ပါတယ်"

ဒီမိုကရေစီအမြစ်တွယ်ခြင်းမှာ အရေးအကြီးဆုံးနှင့် အခြေခံအကျဆုံးအဆင့်က လူထုရဲ့ ဒီမိုကရေစီ ရေချိန်မြင့်ဖို့ ဖြစ်တဲ့အတွက် နိုင်ငံရေးသမားတွေနဲ့ချည်း မပြီးပါဘူး၊ ဒါပေမယ့် လူထုကို နိုင်ငံရေးရေချိန်မြင့် လာအောင်လုပ်ဖို့ကလည်း နိုင်ငံရေးသမားတွေရဲ့ တာဝန်ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာ မြန်မာပြည်နိုင်ငံရေးရဲ့ အဓိကကျတဲ့ ပြသနာတရပ်ဟာ တော်လှန်ရေး ကာလကို ဖြတ်သန်းနေတာလား၊

ဒီမိုကရေစီကို အမြစ်တွယ်အောင် ကြိုးပမ်းရမယ့် ကာလလားဆိုတဲ့ အကြီးဆုံး ဒီဘိတ်အတွက် ရေရေရာရာ မဖြေမရှိသေးပါဘူး။

ညီစောလွင်
Friday, 16 September 2011 10:00

http://www.maukkha.org/index.php?option=com_content&view=article&id=1822:2011-09-16-10-02-04&catid=opinion&Itemid=270

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...