Tuesday, September 20, 2011

ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၂) အပိုင်း(၁)

ပြည်သူများအတွက် ပြည်သူများကအုပ်ချုပ်သော ပြည်သူ့အစိုးရ
Government of, by, for the People

        အမေရိကန်သမတ အီဗရာဟင်လင်ကွန်း (Abraham Lincolm, 1809-1856) က နိုင်ငံအစိုးရသည် ပ်ြသူများအတွက် ပြည်သူများကအုပ်ချုပ်သော ပြည်သူ့အစိုးရများ ဖြစ်ရမည်ဟု ၄င်း၏ ၁၈၆၃ ခုနှစ်က မိန့်ခွန်းတခုတွင် ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စုသည် ဒီမိုကရေစီ ကွန်းကား မှုတွင် ကမ္ဘာ့ရှေ့ဆောင် နိုင်ငံတခုအဖြစ် ပါဝင်နေရကား သမတ အီဗရာဟင်ကွန်း၏ “ပြည်သူများအတွက် ပြည်သူများက အုပ်ချုပ်သော ပြည်သူ့အစိုးရ” ဆိုသည့် အခြေခံသဘောတရားသည် ရှေ့ခေတ် ဂရိမြို့ပြ နိုင်ငံငယ်ကလေးများတွင် ထွန်းကားခဲ့သော ဒီမိုကရေစီကဲ့သို့ပင် ခေတ်သစ်ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် များအတွက် အခြေခံလမ်းညွှန် သဘောတရားဖြစ်လာသည်။
          သမတအီဗရာဟင်လင်ကွန်း၏ လမ်းညွှန်သဘောတရားကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင် အစိုးရက ရပ်သည်အချက် (၃) ချက်နှင့် ညီညွတ်ပါမှ ဒီမိုကရေစီအစိုးရ ဖြစ်နိုင်သည်။ ထို (၃) ချက်မှာ “ပြည်သူ့အစိုးရ (Government by the People) ” ၊ “ပြည်သူများက အုပ်ချုပ်သော အစိုးရ (Government by the People)” နှင့် “ပြည်သူများအတွက အုပ်ချုပ်သောအစိုးရ (Government for the People) ” တို့ဖြစ်သည်။ “ပြည်သူ့အစိုးရ” ဆိုသော လွမ်းညွှန်သဘောတရားမှာ အစိုးရအာဏာသည် ပြည်သူလူထုသံမှ သက်ဆင်းရမည် ဟူသော အဓိပ္ပါယ်ကို ရစေသည်။ 

          “ပြည်သူများက အုပ်ချုပ်သောအစိုးရ” ဆိုသော လမ်းညွှန်သဘောတရားသည် ပြည်သူတို့က တိုက်ရိုက်ဖြစ်စေ၊ ကိုယ်စားလှယ် တဆင့်ဖြစ်စေ အစိုးရအဖွဲ့တွင် ပါတီဖွဲ့စည်းပြီး အုပ်ချုပ်ရမည်ဟူသော အဓိပ္ပါယ်ကိုရစေသည်။ ဤလမ်းညွှန်သဘောတရား၏ သွယ်ဝိုက်သော အဓိပ္ပါယ်မှာ အစိုးရဖွဲ့စည်းရေးတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့် တနည်းအားဖြင့် နိုင်ငံရေးတွင် ပူးပေါင်းဆောက်ရွက်ခွင့် ဖြစ်သည်။ မျက်မှောက်ခေတ်တွင်ပြည်သူများသည် အစိုးရဖွဲ့စည်းရေးတွင် တိုက်ရိုက်ပါဝင်ခြင်းမရှိတော့ဘဲ ကိုယ်စားလှယ်များမှတဆင့် ဆောင်ရွက်နေကြသည်။ ထိုကိုယ်စားလှယ်များကို ပြည်သူက လမ်းညွှန်မှု မပြုနိုင်တော့လျှင်ဖြစ်စေ၊ ပြည်သူလူထု၏ ဆန္ဒသဘောထားကို ထိုကိုယ်စားလှယ်များက ဥပေက္ခာပြုလာသော အခါဖြစ်စေ ထိုအစိုးရသည် ဒီမိုကရေစီအစိုးရ မဟုတ်တော့ဘဲ ပုံစံတမျိုးမျိုးဖြင့် အာဏာရှင်အစိုးရအဖြစ် ပေါ်ပေါက်လာတတ်သည်။ ထိုသို့သော အာဏာရှင်အစိုးရများပေါ်ပေါက်ခြင်းမရှိစေရန် ကိုယ်စားလှယ်များ အပေါ် ပြည်သူများက ထိန်းချုပ်နိုင်ရေး၊ ကိုယ်စားလှယ်များ၏ တသီးပုဂ္ဂလ ဆန္ဒထက် ပြည်သူလူထု အများစုကြီး၏ ဆန္ဒက ပို၍ လွှမ်းမိုးနိုင်စွမ်းရှိရေးသည် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်အတွက်မရှိမဖြစ် လိုအပ်ချက်ကြီးဖြစ်သည်။ ထိုလိုအပ်ချက်ကြီးကို ဖြည့်ဆည်းနိုင်ရေးမှာ ပြည်သူများ၏ နိုင်ငံရေး ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်ကို လွတ်လွတ်လပ်လပ် ကျင့်သုံးရန်လိုအပ်သည်။ အစိုးရဖွဲ့စည်းခြင်းအပါအ၀င် နိုင်ငံရေးကိစ္စအ၀၀ကို ပြည်သူ့ကိုယ်စားလှယ်များကသာ ဆောင်ရွက်နေသော မျက်မှောက်ခေတ်ကာလတွင် ပြည်သူများ၏ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ခွင့် လွတ်လပ်မှုမရှိဘဲ မည်သည့်နည်းနှင့်မျှ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်တရပ်ကို ဖော်ဆောင်နိုင်မည်မဟုတ်ပေ။ ဤအခြေအနေကို သမတအီဗရာဟင်လင်ကွန်း၏ ပြည်သူများက အုပ်ချုပ်သော အစိုးရဟူသ်ည့ လမ်းညွှန်သဘောတရားက ထိန်ညှိပေးနိုင်သည်။

နိုင်ငံသားများ၏ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ခွင့်
(Political Participation Right)
          ဒီမိုကရေစီ နိုင်ငံရေးစနစ်တခု တိုးတက်အောင်မြင်ရေးအတွက် နိုင်ငံရေးတွင် နိုင်ငံသားများ၏ ပူးပေါင်းဆောင်ရွက်ခွင့်သည် အရေးကြီးသော အချက်တချက်ဖြစ်သည်။ အစိုးရအုပ်ချုပ်မှုကို ခံကြရမည့် နိုင်ငံသားများသည် ၄င်းတို့ အကျိုးစီးပွားအတွက် ၄င်းတို့ကိုယ်တိုင် အစိုးရဖွဲ့စည်းရေးနှင့် နိုင်ငံရေးတွင် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ခွင့်ရရန် လိုအပ်သည်။ ယနေ့ ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးတွင် နိုင်ငံသားများ၏ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ခွင့်သည် အားလုံး တပြေးညီတူညီစွာ ရှိနေခြင်းမဟုတ်ဘဲ ကွဲပြားခြားနားမှုများကို တွေ့ရသည်။
          ၂၀ ရာစုတွင် နိုင်ငံတိုင်းလိုလို၌ နိုင်ငံသားများ၏ နိုင်ငံရေးတွင် ပူးပေါင်းဆောင်ရွက်ခွင့်ကို လမ်းဖွင့်ထား တတ်ကြသည်။ သို့ရာတွင် အချို့နိုင်ငံများတွင် နိုင်ငံသားများ၏ နိုင်ငံရေးပူးပေါင်း ဆောင်ရွက်ခွင့်သည် အစိုးရ အာဏာပိုင်းများအပေါ်မည်သို့မျှ လွှမ်းမိုးမှုမရှိသည်ကိုတွေ့ရသည်။ ထိုအခါမျိုးတွင် ဒီမိုကရေစီဆိုသည်မှာ အဓိပ္ပါယ်မဲ့လျက်ရှိသည်။ ပြည်သူများ၏ နိုင်ငံ့ရေးပူးပေါင်း ဆောင်ရွက်ခွင့် အယူအဆသည်။ ဒီမိုကရေစီအုပ်ချုပ် ရေးစနစ် ထွန်းကားလာခြင်းနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။ ပြည်သူများအနေဖြင့် ၄င်းတို့အပေါ် အုပ်ချုပ်မည့် အစိုးရများကို ရွေးချယ်ရာတွင် ၄င်းတို့ကိုယ်တိုင် ၀င်ရောက်အရွေးခံခြင်း သို့မဟုတ် အရည်အချင်းသင့်မြတ်သူကို ရွေးချယ်တင်မြှောက်ခြင်းသည် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ခြင်း၏ အရိုးရှင်းဆုံး လုပ်ဟန်တရပ်ဖြစ်သည်။ သို့ရာတွင် ထိုသို့ အရွေးခံခွင့်၊ ရွေးချယ်ခွင့်ရရုံနှင့် နိုင်ငံရေးတွင် ပြီးပြည့်စုံ သို့မဟုတ် ပြည်သူ့ကိုယ်စားလှယ်များကို ပုံစံတမျိုးမဟုတ် တမျိုးဖြင့် ထိန်ချုပ်မှု အခွင့်အရေး ရရှိနေရန်လိုအပ်သည်။ သို့မှသာ ပြည်သူများအတွက် အုပ်ချုပ်သော ပြည်သူ့အစိုးရတရပ်ကို ဖော်ဆောင်နိုင်သည့် ဒီမိုကရေစီအုပ်ချုပ် ရေးစနစ် ဖြစ်လာပေမည်။

          ပြည်သူများ၏ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ခွင့်သည် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ရှိတတ်သည်။ အထက်၌ တင်ပြခဲ့သကဲ့သို့ အစိုးရစည်းရေးတွင် အရွေးခံခြင်းနှင့် အရည်အချင်း သင့်မြတ်သူကို ရွေးချယ်ပေးခြင်းသည် နိုင်ငံရေးတွင် ပူးပေါင်းဆောင်ရွက်ခွင့် ပုံသဏ္ဍာန်တရပ်ဖြစ်သည်။ ထိုအစိုးရ သို့မဟုတ် ပြည်သူ့ ကိုယ်စားလှယ် များ၏ လုပ်ရပ်အပေါ် မကျေနပ်သော သို့မဟုတ် ပေါ်လစီကို ပြုပြင်ပေးစေလိုသော အခါများတွင် ပြည်သူများ၌ ငြိမ်းချမ်းသော ကန့်ကွက်ဆန္ဒပြပွဲများ ကျင်းပနိုင်စေရမည်။ ထိုသိှု့ဆန္ဒပြပွဲများ ကျင်းပနိုင်ခြင်းသည်လည်း နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ခွင့် ပုံသဏ္ဍာန်တမျိုးဖြစ်သည်။ ဒီမိုကရေစီထွန်းကားသော နိုင်ငံများတွင် ထိုသို့သော ဆန္ဒပြပွဲများက အစိုးရအပေါ် အတိုင်းအတာတခုထိ လွှမ်းမိုးမှုရှိသည်ကို တွေ့နေကြသ်ည။  မြန်မာနိုင်ငံတွင်  ၁၉၈၈ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော လူထုဆန္ဒပြပွဲကြီးနှင့် အရှေ့ဥရောပ ကွန်မြူနစ်နိုင်ငံမျာ ဖြစ်ကြသော ဟန်ဂေရီ၊ ပိုလန်၊ ဂျာမန်ဒီမိုကရက်တစ် သမတနိုင်ငံ၊ ချက်ကိုစလို ဗက်ကီးယား၊ ရိုမေနီးယား၊ ဘူလ်ဂေးရီးယားနိုင်ငံတို့တွင် ၁၉၈၈-၁၉၁၉ ခုနှစ်များအတွင်း ဖြစ်ပေါ်ခဲ့သည့် လူထုအုံကြွ နိုင်ငံရေးတွင် ပူးပေါင်းဆောင်ရွက်မှုများဖြစ်သည်။ အရှေ့ဥရောပ ကွန်မြူနစ်နိုင်ငံ အားလုံး ဒီမိုကရေစီ နိုင်ငံစနစ်သို့ ကူးပြောင်းသွားပြီဖြစ်ချိန်အထိ မြန်မာနိုင်ငံတွင် စစ်တပ်က စစ်အုပ်ချုပ်ရေး ချမှတ်မှု ရှိနေသေးခြင်းသည် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှု အခွင့်အရေး၏ အခွင့်အရေး၏ ထိရောက်မှု ပမာဏခြားနားမှုကို ပြသနေခြင်းပင်ဖြစ်သည်။ 

          ဒီမိုကရေစီထွန်းကားသည့် အချို့သော နိုင်ငံများတွင် အစိုးရက လုပ်ပိုင်ခွင့် ရှိသောကိစ္စ ဖြစ်လင့်တစား ပြည်သူများ၏ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှု အခွင့်အရေးကို မြှင့်တင်ပေးသည့် လုပ်ဟန်များရှိပါသည်။ ထိုလုပ်ဟန်ကား သက်ဆိုင်ရာ ကိစ္စရပ်တခုစီအတွက် ပြည်သူလူထု၏ အဆုံးအဖြတ်ကို ခံယူးသော လူထုဆန္ဒယူပွဲများ ကျင်းပခြင်းဖြစ်သည်။ ဥရောပအဖွဲ့(European Community) အဖွဲ့ဝင်နိုင်ငံများ ပိုမိုစည်းလုံး ညီညွတ်ရေးကို ဖော်ဆောင်မည့် မက်စ်ထရစ်စာချုပ်( Mastricht Treaty) ကို သဘောတူ မတူ ဆုံးဖြတ်နိုင်သော အခွင့်အာဏာသည် သက်ဆိုင်ရာ အစိုးရများတွင် ရှိလျက် ပြင်သ်စနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့သည် ပြည်သူဆန္ဒယူပွဲများ ကျင်းပ၍ အဆုံးအဖြတခံယူခဲ့ကြသည်။ ထိုကဲ့သို့ပင် နော်ဝေနိုင်ငံသည်လည်း ဥရောပအဖွဲ့ဝင် နိုင်ငံဖြစ်လာရေးအတွက် အစိုးရက အကြိမ်ကြိမ်တာစူနေခြင်းကို ပြည်သူ့ ဆန္ဒခံယူပွဲများ ကျင်းပစေကာ အဆုံးအဖြတ်ခံယူခဲ့သည်။ သို့သော် လူထုကဆန္ဒခံယူပွဲများက အစိုးရ၏ ဆန္ဒနှင့်ဆန်ကျင်ကာ ဥရောပအဖွဲ့ဝင် ဖြစ်ရေးကို အကြိမ်ကြိမ် ပယ်ချခဲ့ဖူးသည်။ ၁၉၉၂ ခုနှစ်က မြန်မာနိုင်ငံအနေဖြင့် ဘက်မလိုက် ကြားနေနိုင်ငံများအဖွဲ့သို့ ပြန်လည်ဝင်ရောက်ခြင်းကို နိုင်ငံတော် ငြိမ်ဝပ်ပိပြား မှု တည်ဆောက်ရေးအဖွဲ့သည် ပြည်သူ့ကိုယ်စားလှယ်များနှင့် နိုင်ငံရေးသမားများက ကန့်ကွက်နေသည့် ကြားမှပင် ၄င်းဖာသာ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခဲ့သည်။ ထိုအဖြစ်အပျက်များကို နှိုင်းယှဉ်လေ့လာ ကြည့်ခြင်း နိုင်ငံရေးပူးဆောင်ရွက်မှု အခွင့်အရေး ကွာခြားမှုများကို သိရှိနိုင်သည်။
          အဆင့်မြင့်သော ဒီမိုကရေစီနိုင်ငံရေးစနစ်တရပ် ဖြစ်နိုင်ရန်အတွက် အဆင့်မြင့်သော နိုင်ငံရေးပူးပေါင်း ဆောင်ရွက်ခွင့်ကို ပြည်သူများ ကျင့်သုံးရရန်လိုသည်။ ထိုသို့ကျင့်သုံးရာတွင် ကျင့်သုံးခွင့်ရရုံမျှဖြင့် အဆင့်မြင့်သော နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုတရပ် ဖြစ်လာမည်မဟုတ်၊ ကျင့်သုံးနိုင်သော အရည်အချင်း လည်း လိုအပ်သည်ဟု နိုင်ငံရေးပူးပေါင်းဆောင်ရွက်ခွင့်ကို ပိတ်ပင်လိုသော သူများက စောဒကတတ်ပေလိမ့် မည်။ ထိုသို့ဆိုလျှင် ထိုစောဒတတ်မှုကို တုန့်ပြန်ရန်မှာ “နိုင်ငံရေး ပူးပေါင်းဆောင်ရွက်နိုင်သေ အရည်အချင်း ပြည်သူ့များတွင် ရှိလာအောင် စီစဉ်ပေးရမှာ အစိုးရ၏ တာဝန်သာဖြစ်သည်” ဟူ၍ပင်။ ဒီမိုကရေစီ ထွန်းကားသော နိုင်ငံများတွင် ပညာရေးစနစ်နှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်စပ်ပေးသည့် အနေဖြင့် ပြည်သူများ နှစ်သက်ရာ ၀ါသနာပါရာကို လေ့လာခွင့်၊ လုပ်ဆောင်ခွင့်ရအောင် ဖန်တီးပေးထား ခြင်းဖြင့် ပြည်သူများ၏ အသိဥာဏ် ဖွံ့ဖြိုးမှုကို ရစေသည်။ နိုင်ငံရေးအယူဝါဒ အသွေးအရောင်စုံကို လေ့လာခွင့်ရှိသကဲ့သို့ ထိုအယူဝါဒများအရ နိုင်ငံရေးပါတီများ ထူထောင်ကာ နိုင်ငံရေးဖြတ်သန်းမှု ဖြစ်စဉ် ပါဝင်လှုပ်ရှားမှုကို ခွင့်ပြုထားသည်။ ပြည်သူများသည် အလုံးအစုံနှင့် ထောင့်စုံကို လေ့လာခွင့်ရ ကြသဖြင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ခွင့်ကို ကျင့်သုံးရာတွင် သင့်၏  မသင့်၏ ဆုံးဖြတ်နိုင်သော အရည်အချင်း ရှိနေပေသည်။  နိုင်ငံတခု၏ ပညာရေးစနစ်နှင့် နိုင်ငံရေးလေ့လာမှုတွင် မည်သည့်အရာကိုသာ လေ့လာ သင်ကြားရမည် သို့မဟုတ် လုပ်ရမည်ဟု ကန့်သတ်ချက်ရှိလာပါက ပြည်သူများတွင် ဘက်စုံ လေ့လာခွင့် မရသဖြင့် အရည်အချင်း ယုတ်လျော့မှု၊ ဘက်စုံမဖြစ်မှု ဖြစ်လာနိုင်သည်။ အကျိုးအဆက်အားဖြင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ခွင့်ကို  ထိခိုက်စေနိုင်သည်။ ထိုအကြောင်းပြချက်ဖြင့် နိုင်ငံရေးပူးပေါင်းဆောင်ရွက်ခွင့်ကို ဟန့်တားပိတ်ပင်လာလျှင် ထိုအစိုးရသည် ဒီမိုကရေစီအစိုးရမဟုတ်ဘဲ အာဏာရှင်အစိုးရဘက်သို့ ဦးတည်သွား ပေလိမ့်မည်။ ပြည်သူများတွင် အဆင့်မြင့်သော နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှု အရည်အချင်း ရှိလာရေးသည် အစိုးရ၏ တာဝန်သာဖြစ်သည်။ အဆင့်မီသော နိုင်ငံရေး ပူးပေါင်းဆောင်ရွက်နိုင်မှု မရှိဟူသော အကြောင်းပြချက်ဖြင့် ပြည်သူတို့၏ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုကို ပိတ်ပင်ရန် မဖြစ်သင့်ပေ။ ဤသည်မှာ ဒီမိုကရေစီအစိုးရတိုင်း ခံယူထားရမည့်ပြည်သူများ၏ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ခွင့်နှင့် ပတ်သက်သော သဘောထားဖြစ်သည်။
ဆက်လက်ဖေါ်ပြသွားပါမည်။

ABSDF မှထုတ်ဝေသော ဒီမိုကရေစီ လေ့လာရေးစာစဉ်မှ ကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...