Tuesday, September 20, 2011

ဒီတခါ တကယ်သေပြီ



လူဗိုလ်
(၁)
တကယ် ဒီတခါ ကျနော်သေတော့မယ်လို့ကိုထင်နေတာ။ စဉ်းစားကြည့်လေ ထမင်းမစားနိုင်တာ တပတ်ကျော် ပြီ။ ငှက်ဖျားကလည်း နေ့တိုင်းတက်နေတယ်။ ၀မ်းကိုက်တာကလည်း ၃ ရက်ကျော်ပြီ။ ခဏနေ၀မ်းသွား ခဏ နေ ၀မ်းသွား၊ တကယ်တမ်းဝမ်းသွားတော့ နည်းနည်းလေး၊ ဗိုက်ထဲမှာရစ်ပြီ နာတာက များများ။ တနေ့တနေ့ကို ဘယ်နှကြိမ်လောက် ၀မ်းသွားတယ်ဆိုတာကိုတောင် မမှတ်မိလောက်အောင်ပါပဲ။ တနေကုန်ဝမ်းသွားတဲ့အပြင် ညဖက်ဆိုလည်း အိပ်မရပြန်ဘူးလေ။ အိမ်ပေါ်က ဆင်းလိုက်တက်လိုက်နဲ့ဆိုတော့ ညဖက် ညဖက် အိမ်ရှင်တွေ ကိုတောင် အားနာလာတယ်။

ဟိုးအရင်ကလည်း ဒီလိုဖြစ်ဖူးပါတယ်၊ ၀မ်းကိုယ်တာပဲ။ ၃ - ၄  ရက်ကြာတော့ အားနည်းပြီး၊ ငှက်ဖျားဝင်လာ တာပဲ။ ဒါပေမယ့် တပ်ရင်းမှာဆိုတော့ ရဲဘော်တွေရှိတယ်၊ ဆေးရှိတယ်၊ ကုမယ့်သူရှိတယ်လေ။ စားချင်တာ လေး စားရတယ်။ ထူးထူးခြားခြားမဟုတ်ပေမယ့် ထမင်းရည်ကို သကြားလေး၊ ဆားလေးခပ်ပြီး သောက်ရရင်ကို အားဖြစ်တယ်။ ကြက်စွပ်ပြုပ်လေးသောက်ချင်တယ်ဆိုရင်လည်း ကြက်သေးသေးလေးတကောင်လောက်တော့ ကြံဖန်ရှာပြီးကျွေးကြပါတယ်။ ရောဂါဒဏ်ကို သိပ်ခံလိုက်ရတယ်တောင် မထင်မိပါဘူး။
တခါကဆို ထိုင်းနယ်စပ်ကနေ ပအိုဝ့်မြေကိုအပြန် သံလွင်မြစ်ကိုမကူးခင် နောင်ကောင်ကီဆိုတဲ့ တောင်အတက် မှာပေါ့။ တောင်အတက်ကလည်းရှည် တလမ်းလုံး ၀မ်းကလည်းသွား၊ အဖျားကလည်းတက်။ သေနတ်၊ ကျောပိုး အိတ်မပြောနဲ့ အီကွေးမင့်၊ ရေဗူးကအစ ကျနော့်ကိုယ်ပေါ်မှာ မရှိတော့ဘူး။ ရဲဘော်တွေ ၀ိုင်းသယ်ပေးနေရပြီ။ ကျနော်လည်း လမ်းတောင်မလျှောက်နိုင်တော့လို့ လေးဖက် ထောက်သွားနေရပြီ။ နောက်ဆုံး စစ်ကြောင်းက နားမရလို့ ဆက်သွားကြတော့ အတူတောခိုဖက် သူငယ်ချင်း ဆေးမှူးဇော်ရဲနဲ့ ကိုမင်းဝေဟင်ကို အဖေါ်အဖြစ် ထားခဲ့ကြတယ်။ လမ်းကြောင်းနဲ့နီးတဲ့ ကရင်နီတပ်မှာ အပ်ထား ပြီး ဆေးကုဖို့ စီစဉ်ခဲ့တယ်။ နေပြန်ကောင်းရင်၊ ထိုင်း ကရင်နီနယ်စပ်က နောက်တန်းစခန်းကို ပြန်ပေါ့။ ဇော်ရဲနဲ့ ကိုမင်းဝေဟင်တို့ကောင်းမှုကြောင့်ပဲ နှစ်ရက် လောက်စောထွက်သွားတဲ့ ကျနော်တို့စစ်ကြောင်းကို သရီးဒါးဆိုတဲ့ ကရင်နီရွာမှာ ပြန်မီအောင်လိုက်နိုင်ခဲ့တယ်။ လမ်းမှာ အန္တရာယ်ကြီးမှန်းသိပေမယ့် ပေးခဲ့တဲ့လက်ပစ်ဗုန်း ၃ လုံးအားကိုးနဲ့ မိုက်ခဲ့ကြတာ။ တကယ်လို့ အန္တ ရာယ်နဲ့ကြုံခဲ့ရင်  လက်ပစ်ဗုန်း ၂ လုံးက ရန်သူအတွက်၊ ကျန်တလုံးက ကျနော်တို့အတွက်လို့ ကျနော်တို့က ရည်ရွယ်ပြီးသားလေ။
အဲ့ဒီအချိန်က ပအိုဝ့်မြေကိုပြန်ချင်နေတဲ့စိတ်က အမေ့အိမ်ကိုပြန်ရမလိုကို ပျော်တာ။ ပြင်းထန်တာ။ ပအိုဝ်းမြေ ဆိုတာက ကျနော်တို့ ABSDF ခေါ် ကျောင်းသားတပ်မတော်၊ တပ်ရင်း (၆၀၁) စတင်သန္ဓေတည်ရာ ဇာတိ ဒေသ ဖြစ်ခဲ့တာကိုး။
(၂)
ခုတခါတော့ စ ဖြစ်ကတည်းကိုက အစာမ၀င်တာ။ ဒီတရွာလုံး သကြားကို ဘယ်အိမ်မှာမှ ရှာမရဘူး။ မုန့်တို့ အချိုတို့ ၀ယ်စားစရာကလည်းမရှိ။ ထမင်းကို ရေခမ်းချက်ကြတော့ ထမင်းရည်ကလည်းမရ။ နောက် ဆန်ုပြုတ် သောက်ရတော့လည်း ဆားတမျိုးပဲပါတော့ တခါ နှစ်ခါသောက်ပြီးတာနဲ့ ဆန်ပြုတ်ဆို မြင်ကို မမြင်ချင်တော့ တာ။ ဖြစ်နိုင်ရင် အိပ်ယာထဲကမထပဲ လှဲပြီးသာနေချင်လာတယ်။ လှုပ်ချင်စိတ်လည်း မရှိတော့ပါဘူး။ ဒီရွာက ရွာသားတွေမှာ ကျွေးချင်တဲ့ စေတနာသာရှိရင်၊ လူမှုရေးအသိ စိတ်ဓါတ်လေးသာရှိရင် ကျနော်ဒီလောက်အထိ မခံရဘူးလို့တွေးမိရင် ဒီရွာသားတွေအပေါ် စိတ်ပါကုန်လာတယ်။
စ ဖြစ်စကတည်းက ဆေးဝယ်ပေးဖို့၊ သကြားလေး၊ မုန့်လေးသွားဝယ်ပေးဖို့ အကူအညီတောင်းကြည့်တယ်။ ဒီနားကရွာတွေမှာ မရှိဘူးတဲ့။ အလုပ်မအားကြဘူးတဲ့၊ ကျနော့်မှာ ပိုက်ဆံတော့ ရှိပါတယ်။ ရွာထဲမှာလည်း ကြက်တွေက တပုံကြီး။ အိမ်တိုင်းကိုရှိကြတာ။ တောင်းဝယ်လို့လည်းမရောင်းကြဘူး။ စပါးစိုက်ဖို့ ဆူးထိုးချိန်မှာ စားဖို့အတွက် မွေးထားတာတဲ့။ ဘယ်သူ့ကိုရည်ရွယ်ရမှန်းမသိတဲ့ ဒေါသတွေနဲ့ အိမ်ကရှိတဲ့ဟင်းနဲ့ ထမင်းစား ကြည့်ပါသေးတယ်။ ငြုပ်သီးထောင်း အချဉ်ရည်ကျဲကျဲဟင်းနဲ့ … ။ စားပြီးတာနဲ့ ဗိုက်ကနာပြီ။
ကျနော်တို့ ထိုင်းနယ်စပ်ကို ရောက်စ ၁၉၈၉ လောက်မှာ ရဲဘော်တိုင်းငှက်ဖျားဖြစ်ကြတယ်။ ဖြစ်ပြန်တော့လည်း မချိမဆန့်ပဲ။ သေမတတ်ခံရတာ။ ဘာမှစားလို့မ၀င်ဘူး။ စားသမျှ ပြန်အန်တာပဲ။ အဖျားတက်လာပြီဆိုချမ်းလိုက် တာမှ ဘာခြုံခြုံ၊ ဘယ်လောက်ခြုံခြုံ အချမ်းကမပျောက်ဘူး။ အဲ့ဒီကာလ ငှက်ဖျားနဲ့တိုက်ရတဲ့တိုက်ပွဲမှာတင် ကျဆုံးခဲ့ရတဲ့ ရဲဘော်တချို့လည်း ရှိခဲ့ပါတယ်။ ကံကောင်းလို့မသေပဲ နလံလေးပြန်ထလာတော့လည်း စားချင် သောက်ချင်စိတ်က ဇောတငမ်းငမ်းတက်ဆိုပေမယ့် စားစရာက ငှက်ပျောအူနဲ့ မြစ်ပဲရှိတာ။
မှတ်မှတ်ရရ အဲဒီအချိန်က တရုတ်ကုန်းဆိုတဲ့ ကရင်နီစခန်းတခုမှာနေရတုန်း။ နေ့ခင်းထမင်းစားချိန်မှာ မစားချင် စားချင်နဲ့ စားနေတဲ့ကျနော့်ကိုကြည့်ပြီး သနားစိတ်တွေပေါက်လာပုံရတဲ့ ဖထီးစေားသန်းစိုးက ညကျရင်သူ့တဲကို လာလည်တဲ့။ အစီအစဉ်ကောင်းလေးရှိတယ်တဲ့။ ဖထီးဆိုတာက ကျနော်တို့တပ်ရင်းမှာ အသက်အကြီးဆုံး။ သူက ဆက်ဆံရေးကောင်းတာရယ်၊ ဒီနယ်မြေမှာ ကရင်လူမျိုးတွေရှိတော့ နယ်မြေခံလိုဖြစ်နေတာရယ်ကြောင့် သူ့အစားအသောက် အခွင့်အလမ်းက တခြားရဲဘော်တွေထက် နဲနဲပိုတယ်လေ။ အဲ့ဒီညက ဘယ်ကရလာမှန်း မသိတဲ့ ဖထီးရဲ့ ငါးသေတ္တာ တဘူး၊ ကြက်သွန်ဥ တလုံးနဲ့ တောခရမ်းချဉ်သီး သေးသေးလေးတွေကို ဟမ်းကော အဖုံးလေးထဲ သူကိုယ်တိုင်ချက်ကျွေးလို့ စားခဲ့ရတာဟာ တသက်တာမမေ့စရာပါ။
(၃)
အိမ်ရှင်ကလည်း ပထမ တရက်နှစ်ရက်တော့ လာမေးဖေါ်ရပါသေးတယ်။ နောက်ပိုင်း လာတောင်မကြည့်ကြ တော့ပါဘူး။  ဒီကရင်နီဖက်က ရွာတွေက တမျိုး။ အိမ်သာမရှိ၊ ခြံစည်းရိုးမရှိ၊ ချုံကွယ်မရှိ၊ အိမ်သာ သွားချင်ရင် ခပ်ဝေးဝေးထိကို လမ်းလျှောက်ရတာ။ ခဏနေဗိုက်နာလာလိုက်၊ သွားလိုက်၊ ပြန်လာလိုက်၊ နာလာလိုက်နဲ့။ ကြာလာတော့ နေ့ခင်းဖက်ဆို မထူးပါဘူးဆိုပြီး လူရှင်းတဲ့ ရွာအပြင်မှာ မိုးကာလေးခင်းပြီး သွားအိပ်နေလိုက် တယ်။ မှတ်ကရော။ အားနည်းလာလို့လားမသိဘူး တခါတခါလူက အိပ်ပျော်နေ သလိုလို၊ နိုးနေသလိုလို ဖြစ်ဖြစ်သွားတယ်။ ခုချိန်မှာ  အမေ … အမေ … လို့ အော်နေရရင်ကိုက သက်သာသလိုလို။
မနက်မနက် အိပ်ရာထကတည်းက ရင်ထဲမှာ ပူနေတယ်။ ရေသောက်ချလိုက်လို့လည်း အေးမသွားဘူး။ ဒီနေ့တော့ အိမ်သာတက်နေရင်း စဉ်းစားမိတယ်။ ဒီရွာမှာ ဒီအတိုင်းဆက်နေလို့ အခြေအနေက တိုးတက်စရာ မရှိနိုင်တော့ဘူး။ သေသွားမှသာ အလုပ်တခု အဖြစ်သဘောထားပြီး ကျနော့်ကို ကြည့်ကြမှာ။ ခုလိုရာသီမျိုးမှာ ရွာသားအများစုက မနက်စောစောနဲ့ ညနေမိုးချုပ်ကာနီးလောက်မှသာ လူကြီးတွေအိမ်မှာရှိကြတာ။ တနေ့လုံး ကလေးတွေနဲ့ ကျနော်သာ အိမ်မှာ။ တောင်ယာခုတ်၊ မီးရှို့နဲ့ ရွာသာတိုင်း အလုပ်ရှုပ်နေကြတာ။ တောင်ယာက သူတို့အတွက် အသက်လေ။ ဒီနယ်မြေမှာ ဆန်က၀ယ်စားလို့မရဘူး။ လမ်းပန်းဆက်သွယ်ရေးက အတော်ခက် ခဲတော့ ဆန်နဲ့ဆား နှစ်မျိုးလောက်နဲ့ အသက်ရှင်နေကြရတာလေ။ တကယ်ဆိုပြန်တော့ သူတို့မိသားစုတွေရဲ့ အသက်ထက်တော့ ကျနော့်ကို ပိုဦးစားမပေးနိုင်တာ ဖြစ်သင့်တာပေါ့။
ဒါဆိုရင် ဘယ်ကိုသွားရမလဲ။ ကရင်ပြည်နယ်ဖက်ခြမ်းက အနီးဆုံး ဂေလော်ခီးရွာကိုတောင် ဒီကနေ အနည်းဆုံ ၅ နာရီလောက်လျှောက်ရဦးမှာ။ ဒါတောင်လူကောင်းမှ။ ခုလိုဖျားနေ၊ ၀မ်းသွားနေတာနဲ့ဆို မလွယ်ဘူး။ ဒီရွာနဲ့ ဂေလော်ခီးရွာကြားထဲမှာ ဂေလော်ခီးရွာသားတွေ လာနေကြတယ်လို့ ကြားရတယ်။ ဘယ်နေရာမှာဆိုတာတော့ မသိ။ စစ်တပ်လာရင် မမြင်နိုင်အောင် ပုန်နေကြတာဆိုတော့ လွယ်လွယ်နဲ့ တွေ့နိုင်ဖို့ကလည်း မမြင်။ တောကြက်တွေလိုနေနေရတဲ့ ဘ၀တွေလေ။
ကျနော်က ကရင်နယ်မြေမှာလှုပ်ရှားနေတဲ့ ကျောင်းသားတပ်မတော်ကပါ။ ၁၉၉၆ မှာ လယ်ခိုးဒိုးသာ ဆိုတဲ့ ရွာလေးမှာ စာသင်ဖို့ တပ်က ခွင့်တောင်းပြီးနေခဲ့တာ။ ၁၉၉၇ မှာ အစိုးရစစ်တပ်တွေ ကရင်ရွာတွေကို မီးရှို့၊ ရွာသားတွေကိုတွေ့ရင် ပစ်မယ်လို့ကြေငြာလိုက်တော့ ရွာသားတွေလည်းကြောက်ပြီး တချို့က အစိုးရ စီမံပေး ထားတဲ့ စုစည်းရွာဆိုတာတွေကို ပြေးကြ။ တချို့ကတော့ တောထဲမှာပဲ ပုန်းအောင်းပြီး နေထိုင်အသက်ရှင်ကြ ရတာပေါ့။ နောက်ပိုင်း စစ်ကြောင်းတွေ အရမ်းရှုပ်တဲ့အပြင် တောင်ယာလည်းစိုက်ချိန်မရတော့ ရိက္ခာအခက် အခဲဖြစ်လာတာနဲ့ ကေအန်ယူက ဒုခွဲမှူး ဗိုလ်သဲဒယ်နဲ့ကျနော် ကလလတ ( ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက် ရေး တပ်ဦး) မှာ ရိက္ခာကိစ္စ အကူအညီတောင်းဖို့ ကရင်နီနယ်မြေဖက်ကို ထွက်လာကြရတာပါ။ ကလလတက  အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားချိန်ဖြစ်နေတော့ တိုက်ခိုက်ရေးကိုနားပြီး ထူထောင်ရေးလုပ်ငန်းတွေ လုပ်နေချိန် ပေါ့။ လုပ်ငန်းပြီးလို့အပြန်ခရီးမှာ အခုကျနော်နေတဲ့ ဖါဝယ်ရွာသူကြီးက ရွာသားတွေ နေမကောင်းဖြစ်နေကြလို့  ဆေးကုပေးဖို့ အကူအညီတောင်းတာနဲ့ ကျနော်က ကျန်နေခဲ့ရတာလေ။


(၄)
ဆက်နေလို့ကတော့ သေမှာ သေချာတယ်။ ကြာလေ မျှော်လင့်ချက်မဲ့လေပဲ။ ပြန်နိုင်လို့ ဒါမှမဟုတ် လမ်းမှာ တယောက်ယောက်နဲ့တိုးလို့ အဆင်သင့်ရင်တော့ ကျနော့်အသက်က မျှော့်လင့်ချက်ရှိနိုင်သေးတယ်လို့ တွေးမိ လာတယ်။ ဒါကြောင့်ပဲ အိမ်ပေါ်ပြန်ရောက်တာနဲ့ ကျောပိုးအိတ်ထဲ ပစ္စည်းတွေကို စု ထည့်၊ ရေဗူးထဲ ရေဖြည့်ပြီး မနိုင့်တနိုင်ခြေလှမ်းတွေနဲ့ ရွာပြင်ကို ထွက်ခဲ့တယ်။ ဘယ်သူ့ကိုမှလည်း နှုတ်မဆက်မိပါဘူး။ အိမ်က ကလေးနှစ် ယောက်ကိုတော့ ခေါင်းကိုတချက်စီပုတ်ပြီး နှုတ်ဆက်ခဲ့တယ်။ သူတို့နဲ့ ကျနော်က သူ့စကားကိုယ်မသိ၊ ကိုယ့် စကား သူမသိကြတဲ့ သူတွေပဲလေ။
ကျနော်က ဘာသာစကားဆင်းရဲတယ်ဗျ။ ပအိုဝ်းဒေသမှာနေတာ ၃ - ၄ နှစ်ကြာတာတောင် ပအိုဝ်းစကားကို အမ်းဒင် (ထမင်းစားမယ်)၊ အမ်းထူလန်းနယ် (ထမင်းစားပြီးပြီလား) ဆိုတာလောက် ထမင်းမငတ်ရုံပဲ တတ် တာ။ အခု ကရင်ဒေသမှာနေတာလည်း ၂ နှစ်ကျော်ပြီ။ မငတ်ရုံထက် မပိုဘူး။ ကျနော် ကျောင်းဆရာဖြစ်စ ကရင်မြို့နယ်ပညာရေးမှူးက  ကရင်စကားနဲ့ မသင်၊ မပြောဖို့ သတိပေးဖူးတယ်လေ။ ထူးထူးဆန်းဆန်းလို့ တောင် ပြောရမလိုလို။ လူမျိုးတိုင်းက သူတို့စကားကို ပြောစေချင်တာ သဘာဝပါ။ ဒါပေမယ့် ဒီလူကြီးတွေက သူတို့ကလေးတွေကို ဗမာစကားတတ်စေချင်တဲ့ စေတနာကြောင့် ခုလိုပြောရတာပါတဲ့။ ဟုတ်တယ်ဗျ ကျနော် စာသင်တဲ့ လယ်ခိုဒိုးသာရွာက ကလေးတွေဆို ဗမာစကားတော်တော် တတ်လာကြတယ်။ ဗမာစကားတွေ ပြောလာ  ဗမာသီချင်းတွေ ဆိုလာကြတယ်။ ကျောင်းသားးမဟုတ်တဲ့ ကျောင်းအနီးအနားက ကလေးတွေ တောင် ‘တိုင်းပြည်ကိုရှေ့ဆောင်ကာ တို့ကျောင်းသားတွေသည် ...” ဆိုတဲ့ ကျောင်းသားသမဂ္ဂ သီချင်းကို ရကြတယ်လေ။
(၅)
ရွာပြင်ရောက် တောင်ကုန်အတက်ကို စတာနဲ့ ၀မ်းထဲက ရစ်လာပြီ။ ကြိတ်မှိတ်တက်ခဲ့ပြီး မတတ်နိုင်တော့မှသာ လမ်းဘေးဆင်းပြီး ၀မ်းသွားလိုက်တယ်။ လမ်းပေါ်ပြန်တက်လာတော့ မောလိုက်တာ အသက်ရှူတောင် မ၀ဘူး။ မမှောင်ခင် ဂေလော်ခီးရွာနဲ့ နီနီးကိုရောက်ရင်  ပိုအဆင်ပြေနိုင်တာမို့ နားဖို့ကို မစဉ်းစားတော့ပဲ ဆက်လျှောက် လာမိတယ်။ နာရီဝက်လောက် ဆက်လျှောက်လိုက် ၀မ်းတခါသွားလိုက်နဲ့ သုံးခေါက်လောက်လည်းပြီးရော မနားလို့ မရတော့အောင်ကိုဖြစ်လာတယ်လေ။ နှဖူးကြောတွေ၊ ခါးကြောတွေ တင်းလာတယ်။ အဖျားတက်ချင် လာပြီ။ ကျောထဲမှာ စိမ့်စိမ့်လာပြီ။ ဖြစ်နိုင်ရင် တနေရာရာမှာ လှဲချပြီး ကွေးနေချင်လာပြီ။ စိတ်ကိုတင်းပြီး ဆက် လျှောက်ကြည့်တယ်။ ရင်ထဲမှာ လှပ်လှပ် လှပ်လှပ်နဲ့ ယိုင်ထိုးနေပြီ။ ပါးစပ်ထဲ၊ နှာခေါင်းထဲက အပူငွေတွေ ထွက် လာသလိုလို။ မျက်စိက ကြည့်ရတာလည်း သိပ်မရှင်တော့ဘူးလေ။ နားဖို့ စဉ်းစားမထားပဲနဲ့ကို ထိုင်ချလိုက်မိ တယ်။ ကျောပိုးအိတ်ပေါ်ခေါင်းတင်ပြီး ခဏမှေးနေလိုက်တယ်။ မျက်လုံးကိုပိတ်ထားလိုက်ရတာကိုက အရသာ၊ ငြိမ်နေလိုက်မိပြီ။
ကေအန်ယူ သံတောင်မြိုနယ်က ပဒိုတောဟော်ပြောပြဖူးတဲ့ ၁၉၈၈ ခုနှစ်က သူတို့နယ်မြေကို ရောက်လာတဲ့ ကျောင်းသားထဲက အဆိုတော် မိုးကျော်ရဲ့အကြောင်းက ချက်ချင်းဆိုသလို ကျနော့်ခေါင်းထဲ အလိုလိုရောက် လာတယ်။
သူက ထိုင်းနယ်စပ်က ကျောင်းသားတွေဆီကိုလည်းမသွား။ ကရင်အဖွဲ့အစည်းကိုလည်းမ၀င်ပဲ ကျောင်းဆရာ လုပ်ရင်း ဒီဒေသမှာနေခဲ့တယ်တဲ့။ သဘောကလည်းကောင်းမှကောင်းတဲ့။ ကလေးတွေကို စာသင်ပေးတယ်။ အင်္ဂလိပ်စကားပြောနဲ့ သူဝါသနာပါတဲ့ ဂစ်တာတီးတာကို သင်ပေးတတ်တယ်တဲ့။ ခရစ္စမတ်ရောက်ပြီဆို သူနဲ့ သူ့ကျောင်းသားတွေ ရွာတွေကိုလှည့်ပြီး သီချင်းလိုက်ဆိုတတ်တယ်တဲ့။ ၃ နှစ်လောက်အကြာမှာတော့ ငှက်ဖျား ရောဂါနဲ့ သူတို့လက်ထဲမှာပဲဆုံးသွားတယ်လို့ ပြောပြခဲ့ဖူးတယ်လေ။ သူ့မိဘတွေက ဘယ်မှာမှန်းမသိကြလို့ အကြောင်းတောင် မကြားနိုင်ခဲ့ဘူးတဲ့။ ခုထိ သူ့မိဘတွေ သူဆုံးသွားမှန်းကိုတောင်သိကြရမှာ မဟုတ်သေး။
(၆)
ဟာ မဖြစ်သေးပါဘူး။ လူသွားလမ်းကြီးပေါ်မှာ၊ နေကလည်း ပူမှပူ။ ခေါင်းကို နဲနဲစောင်းပြီး မျက်လုံးကို အားယူ ဖွင့်လိုက်မှ လမ်းဘေးက သစ်ပင်တပင်ကို ရှာတွေ့တယ်။ သိပ်မဝေးဘူး။ ညာဖက် ၄ လံအကွာ လောက်မှာပေါ့။ ထမနေတော့ပဲ ကျောပိုးအိတ်ကို တဖက်ကဆွဲပြီး လေးဖက်ထောက်နဲ့ သွားလိုက်တယ်။ သစ်ပင်ဘေး အရိပ်ကျ တဲ့ဖက် မြေပြန့်ပြန့်ကိုရွေးပြီး၊ ကျောပိုးအိတ်ထဲက မိုးကာနဲ့ စောင်ပါးကိုထုတ်၊ မိုးကာကိုခင်း၊ အိတ်ကိုခေါင်အုံး၊ စောင်ပါး ကိုခြုံ၊ တယောက်ယောက်ဖြတ်သွားရင် တွေ့နိုင်မှာပါ။ ဒီ တရက်နှစ်ရက်အတွင်းမှာ တယောက် ယောက်တော့ ဒီလမ်းက သွားကြမှာပါ။
ကျနော်တို့ တောခိုစ မဲနယ်တောင်မှာ လှုပ်ရှားခဲ့တုန်းက ပအိုဝ်တပ်က ဗိုလ်လေးချွန်း ဆိုတာကို ကျနော်တို့ သိပ်ခင်ကြတယ်။ သူက တခြား ပအိုဝ်းတပ်ကလူတွေနဲ့ အပြောအဆို အနေအထိုင်နဲ့ အတွေးအခေါ်ကအစ မတူဘူး။ ပအိုဝ်းလူမျိုးတမျိုးထဲအရေးကို ကွက်ပြီးမစဉ်းစားတတ်ဘူး။ စာဖတ်လို့ထင်တယ် အမြင်မကျဉ်းဘူး။ ကျနော်တို့ ကျောင်းသားတွေနဲ့ဆို တသားထဲပဲ။ သူကိုယ်တိုင် ကျောင်းသားဘ၀က လာခဲ့တာကိုး။ ကျနော်တို့နဲ့ တွဲရပြီးသိပ်မကြာပါဘူး တိုက်ပွဲတပွဲမှာ ကျသွားတယ်။ သူ အသက်မထွက်ခင်လေးမှာ ပြောခဲ့တဲ့ စကားလေး ပြန်ကြားယောင်နေသလိုပဲ။
 ‘ ကျနော် နောက်ဘ၀ လူပြန်ဖြစ်ရင်၊ ခင်ဗျားတို့ကျောင်းသားတွေနဲ့အတူ တိုက်ပွဲပြန်ဝင်ချင်သေးတယ်ဗျာ ’ တဲ့။  တကယ်လို့များ ကျနော်လည်းအခု သူ့လို နောက်ဆုံးအချိန်ရောက်နေပြီဆိုရင် ဘာတွေပြောခဲ့ရင်ကောင်းမလဲ၊ ဘာဆုတွေ တောင်းခဲ့ရမလဲ။
အဆက်မပြတ် စူးစူးရှရှ အော်နေကြတဲ့ ပတ်ဝန်းကျင်တခွင်က ပုစဉ်းရင်ကွဲသံတွေကို ကျနော်လေ ကြားတချက် မကြားတချက် …
၂၀ ၊ ၉ ၊ ၁၁
(ဒုတိယအကြိမ်ရှင်သန်ခွင့်လေးရရှိရေးအတွက် သတိမေ့မျောနေသော ကျနော့်အား ကေအန်ယူတပ်စခန်း ရှိရာကို သယ်ဆောင်ပေးသွားခဲ့ကြသော  ကျေးဇူးရှင် တောင်ပေါ်ဘွဲကရင်ရွာသားများအား အမှတ်တရရေးဖွဲ့ ပါသည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...