Tuesday, September 20, 2011

EIA (environmental impact assessment) နှင့် BANCA

by Naing Htoo Aung on Monday, September 19, 2011 at 7:09pm
 
EIA (environmental impact assessment) ဆိုတာ လုပ်ငန်းတစ်ခု လုပ်တော့မယ်ဆိုရင် သဘာဝ ပတ်ဝန်းကျင် အပေါ်မှာပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်း ပေါ်မှာပဲဖြစ်ဖြစ်၊ နိုင်ငံ ဒါမှမဟုတ် ဒေသခံလူထုရဲ့ စီးပွားရေး အခြေအနေတွေ ပေါ်မှာပဲဖြစ်ဖြစ် အကျိုးသက်ရောက်လာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးတွေကို လေ့လာသုံးသပ်တဲ့ ကိစ္စလို့ နားလည်ထားပါတယ် အကျိုးအပြစ်လို့ ဆိုထားတဲ့ အတွက် အကောင်းလဲ ရှိမှာပါပဲ အဆိုးလဲ ရှိမှာပါပဲ အခုလို လေ့လာသုံးသပ်တဲ့ ကိစ္စမျိုးကို နိုင်ငံနဲ့ချီတဲ့ လုပ်ငန်းဆောင်တာတွေမှာ အဓိကထားပြီး လုပ်ကြပါတယ။
် ဘာလို့လဲဆိုတော့ သာမန် အဆောက်အဦးတွေ ဆောက်လုပ်တဲ့နေရာမှာ နိုင်ငံရဲ့ သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်တွေ အတွင်းက ဘောင်ဝင်အောင် လုပ်ဆောင်ရုံနဲ့ လုံလောက်ပေမယ် နိုင်ငံတော်အဆင့်ဖြစ်တဲ့ အဓိကလမ်းမကြီးတွေ၊ တံတားကြီးတွေ၊ ဆည်မြောင်း တာတမံကြီးတွေ၊ လျှပ်စစ်ဓါတ်အား ပို့လွှတ်တဲ့ တာဝါတိုင်ကြီးတွေ စတဲ့စတဲ့ လုပ်ငန်းကြီးတွေ လုပ်ဆောင် တည်ဆောက်တဲ့ နေရာမှာတော့ အထက်ကပြောတဲ့ အကျိုးအပြစ်တွေကို လေ့လာဖို့ လိုအပ်လာပါတယ်။

တည်ဆောက်မယ့် နေရာအနေအထား ပေါ်မူတည်ပြီး ရရှလာမယ့် အကျိုးရလဒ်ဟာ ဘယ်လိုမှ မတူညီနိုင်ဘူးဆိုတာ လူတိုင်း နားလည်ပါတယ်။ အဓိက အခုလိုလေ့လာ သုံးသပ်ရတဲ့ ရည်ရွယ်ချက်ကတော့ decision makers တွေအနေနဲ့ ပတ်ဝန်းကျင်ပေါ် သက်ရောက်မယ့် နောက်ဆက်တွဲ အကျိုးအပြစ် အခြေအနေတွေကို မူတည်ပြီး တည်ဆောက်သင့် မသင့်၊ ဒါမှမဟုတ် ဆိုးကျိုး အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ကိုင်ရမလဲ၊ ဒါမှမဟုတ် ဘယ်လို လုပ်ငန်းစဉ်တွေနဲ့ ပြန်လည်ကုစားပေးရင် အကောင်းဆုံး ဖြစ်မလဲဆိုတာတွေကို တည်ဆောက်ခြင်း မပြုမီ စဉ်းစားသုံးသပ်နိုင်ဖို့ ပဲဖြစ်ပါတယ်။ ဖွံဖြိုးပြီးတဲ့ နိုင်ငံတိုင်းလိုလိုနဲ့ ဖွံဖြိုးဆဲနိုင်ငံတစ်ချို့မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေတွေရှိပါတယ်။ ဒီဥပဒေတွေကို အခြေခံပြီး EIA Report ကို လေ့လာ ရေးသားရပါတယ်။ ဒီလိုဥပဒေမရှိတဲ့ နိုင်ငံမျိုးဆိုရင် အခြားဥပဒေရှိတဲ့နိုင်ငံ၊ မိမိနိုင်ငံနဲ့ ပတ်ဝန်းကျင် သဘာဝ အခြေအနေ အနီးစပ်းဆုံးဖြစ်တဲ့ နိုင်ငံတွေရဲ့ ဥပဒေကို မှီငြမ်းရေးသားကြရပါတယ်။ ဒီလိုမှီငြမ်းတဲ့နေရာမှာ ဒီကလိုချင်တာနဲနဲယူ မလိုတာပယ် ဟိုစပ်စပ် ဒီစပ်စပ်နဲ့ အရူးအသုပ်စုံရောင်းတိုင်း ကစားသလိုလုပ်လို့ မရပါဘူး မှီငြမ်းတယ် ဘာကြောင့် မှီငြမ်းရသလဲဆိုတဲ့ ခိုင်မာပြီး အကျိုးအကြောင်း သင့်လျော်တဲ့ ကျိုးကြောင်းပြဆိုမှု ရှိရမှာဖြစ်ပါတယ်။

ဖွံဖြိုးပြီးနိုင်ငံတွေမှာ ဒီကိစ္စကိုအထူး အရေးပေးပြီး ဆောင်ရွက်တာကို တွေ့ရပါတယ်။ ချွင်းချက်အနေနဲ့ တရုပ်ပြည်သူ့ သမ္မတနိုင်ငံကို ချန်လှပ်ထားခဲ့ ချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် တရုပ်ကုမ္မဏီ အများစုဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို အမြဲချန်လှပ်ပြီး စဉ်းစာလုပ်ဆောင်ရာမှာ အတော်ပင် နာမည်ထွက်ပါတယ်။ ဘာကြောင့် ဒီသဘာဝပတ်ဝန်းကျင် ထိရောက်မှုကို အလေးထား ဆောင်ရွက်ရတယ်ဆိုတာကို ပြန်ကောက်ရရင် အဆိုပါနိုင်ငံတွေရဲ့ ဖွံဖြိုးတိုးတက်ဖို့ အလေးထာပြီး တည်ဆောက်ခဲ့တဲ့ အခါကဆိုရင် အခုလိုပဲ အခြေခံ အဆောက်အဦတွေ စီပွားရေးနဲ့ ဖွံဖြိုးတိုးတက်မှုကို အသားပေးပြီး တည်ဆောက် ခဲ့တာတွေ ကနေ ဖြစ်ပေါ်လာတဲ့ အကျိုးဆက် (ဆိုးကျိုး) တွေကို ရင်ဆိုင်လာရလို့ပါပဲ။ အရင် တည်ဆောက်စဉ် ကာလတုန်းက ထည့်သွင်း စဉ်းစားခဲ့မယ်ဆိုခဲ့ရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ပြန်လည်အသုံးပြုရတဲ့ ငွေပမာဏကို အများကြီး သက်သာစေမယ့် အပြင် ပတ်ဝန်းကျင် ထိခိုက်မှုတွေကိုလည်း ရှောင်လွှဲနိုင်ခဲ့မှာဖြစ်ကြောင်း နားလည်လာခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ ဖွံဖြိုးဆဲနိုင်ငံတွေအတွက် တန်ဖိုးကြီးတဲ့ ရင်းနှီးမှုတစ်ခုပဲဖြစ်ပါတယ်။ တော်တော်များများသော ဖွံဖြိုးဆဲနိုင်ငံတွေဟာဆိုရင် ခုလိုကိစ္စမျိုးအတွက် အကုန်အကျမခံလိုကြပါဘူး။ နောက်ပြီး ဆောက်လုပ်ရေးဆိုင်ရာပညာရှင်များနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများဟာ ကမ္ဘာ့ရန်လို့တောင်ပြောလို့ရပါတယ်။

မြစ်ဆုံဘယ်လှည့်ကြရအောင်....

မြစ်ဆုံကိစ္စမှာ ပြောရမယ်ဆိုရင် EIA Report ကို Third Party ဖြစ်တဲ့ မြန်မာနိုင်ငံက BANCA အဖွဲ့ကို ငှားရမ်း အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ အခုလိုငှားရမ်း အသုံးပြုတာကို ကြည့်ရမယ်ဆိုရင် ခုဖြစ်နေသလို ကိစ္စတွေရှိလာရင် ငါလုပ်တဲ့အလုပ် ငါ့ယောက်ဖ စစ်ခိုင်းထားတယ် ဆိုတာမျိုးမဖြစ်အောင် အခြားနိုင်ငံတွေမှာ လုပ်သလို စနစ်တကျယောင်ယောင် လုပ်ထားတဲ့ အလုပ်မျိုး ဖြစ်နေပါတယ်။ တရုပ်ကုမ္မဏီဖြစ်တဲ့ CPI ကလဲ မျိုးရီုးဂုဏ်ကို ထိန်းသိမ်းသောအားဖြင့် အဖြစ်သဘောလောက်ပဲ လုပ်ခဲ့ဟန်တူပါတယ်။ ဘာနိုင်ငံတကာဥပဒေ ဘာကိုယ့်နိုင်ငံကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ ဥပဒေမရှိတဲ့နိုင်ငံ အနေနဲ့ကတော့ နှပ်ချခံရပြီးချင်း ခံနေရတော့တာပါပဲ။ အခုအသံတွေ ထွက်လာတော့မှ BANCA အဖွဲ့အနေနဲ့ အချိန် မလောက် မငှတာ မှီငြမ်းစရာ မပြည့်မစုံဆိုတာမျိုးတွေ သိရတာပါ။

ဒီနေရာမှာ BANCA အဖွဲ့ကို ဝေဖန်ချင်တာရှိပါတယ်၊ တကယ်တမ်းပြောရရင် ဗဟုသုတနည်းလို့ ရှိလို့ရှိမှန်းတောင်မသိပါဘူး ခုမှကြားဖူးတာပါ။ ဒါပေမယ့် Professional အဖွဲ့အစည်းတစ်ခုဆိုတာ ပညာရပ်ပိုင်းဆိုင်ရာမှာ ဈေးဆစ်လို့မရသလို ဈေးလျော့ပေးလို့လဲ မရပါဘူး။ အချိန် (၇) လလောက် ယူရမယ့်ကိစ္စမှာ (၅) လနဲ့လုပ်ခဲ့ရတာ၊ မှီငြမ်းစရာ အကိုးအကား မပြည့်စုံတာတွေဟာ ဒီလိုအဖွဲ့အစည်းက ပြောရမယ့် စကားတွေ မဟုတ်ပါဘူး။ လေ့လာဆန်းစစ်ပေးရတဲ့ အဖွဲ့အစည်းတစ်ရပ်ဆိုတာ အရည်အသွေးထိန်းသိမ်းရတဲ့ အလုပ်လုပ်နေတာနဲ့ အနှစ်သာရချင်းတူတူပါပဲ Customer က ဒါလေးလိုချင်ရင် ရပါရစေမယ် ဖြစ်အောင်လုပ်ပေးပါ့မယ် ဆိုတာတွေက Professional မဆန်ပါဘူး။ ပြောရရင် အဆင့်မရှိပါဘူး လို့ပြောချင်ပါတယ်။ နိုင်ငံနဲ့ယှဉ်ပြီး အင်မတန်ကြီးမားလှတဲ့ လုပ်ငန်းကိစ္စတစ်ခုမှာ ငွေမျက်နှာတစ်ခုတည်းနဲ့ လုပ်ကိုင်ခဲ့တာကို အရှက်ရခြင်း ရှိမရှိမေးချင်ပါတယ်။ မလုပ်နိုင်ရင်မလုပ်ပါနဲ့ ကိုးကားစရာမရှိမှန်း အလုပ်လက်မခံခင်ကတည်းက မသိပေးဘူးလား၊ နောက်ပြီး အချိန်မလောက်တာကို ခုမှအကြောင်းပြနေတာဟာ အဆင့်အတန်းရှိတဲ့ သူတွေရဲ့ ဖြေရှင်းချက် မဟုတ်ပါလို့ပဲ ပြောချင်ပါတယ်။

အစိုးရအနေနဲ့လည်း ဘာကြောင့်အခုလို အတွေ့အကြုံမရှိတဲ့ (သို့) ပြည်တွင်းအဖွဲ့အစည်းတစ်ရပ်ကို လက်သိပ်ထိုး တာဝန်ပေးအပ်သလဲဆိုတာလဲ ဒွိဟဖြစ်စရာတွေ အများကြီးပါ။ လိုသလို ခိုင်းစေလို့ရလို့လား၊ တော်လို့ (အမျိုး)၊ တက်လို့ (အလိုက်သိ)များလား နောင်တစ်ချိန် ထိုးကျွေးစရာ တစ်ခုအနေနဲ့ သုံးချင်လို့များလား၊ EIA Report ကို အဆင့်အတန်းရှိရှိနဲ့ လေ့လာရေးသား တင်ပြပေးနိုင်မယ့် Professional ဆန်ဆန် အဖွဲ့အစည်းကို ရှာလို့မတွေ့လို့များလား၊ ဒါမှမဟုတ် အားလုံးကြောင့် များလား စသဖြင့် များလားပေါင်းများစွာနဲ့ တွေးရင်တွေးရင် အဖြေမထုတ်တက်ပါခင်ဗျာ။

သို့ပေမယ့် BANCA အနေနဲ့ ရသလောက် အချိန်လေးအတွင်းမှာထည့်သွင်းစဉ်းစားရမှာတွေ ချပြပေးနိုင်ခဲ့တယ်လို့ ကြားပါတယ်။ အစိုးရကတော့ လိုက်နာဆောင်ရွက်ခြင်းရှိမရှိဆိုတာဟာလဲ ဝိဝါဒကွဲစရာတွေ အများကြီးရှိနေပါသေးတယ်။

ဘာပဲပြောပြော EIA Report ဆိုတာက အထက်ကပြောခဲ့တဲ့ အတိုင်း၊ လိုက်နာဆောင်ရွက်ရန်မဟုတ်၊ ဆုံးဖြတ်ချက်ချသူတွေအနေနဲ့ မည်သို့သော စီမံချက်တွေထည့်သွင်းမယ်၊ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် မည်ကဲ့သို့ တည်ဆောက်မယ် စတာတွေကို ထည့်သွင်းစဉ်းစားဖို့ အတွက် မှီငြမ်းစရာ တစ်ခုအနေနဲ့ပဲ ရပ်တည်နိုင်ပါတယ်။

EIA ကိစ္စအနေနဲ့ အပြင်မှာပေါက်ကြားနေတယ်ဆိုတဲ့ EIA ဆိုတာကကော အစစ်ဟုတ်ရဲ့လား၊ တကယ်လို့ မဟုတ်ခဲ့ရင်ရော.... စသဖြင့် ဝေဝါးနေတဲ့ ကိစ္စတွေက အများကြီးပါပဲ။ EIA ကိုထုတ်ပြန်ရင် တရားစွဲလို့ရတယ်ဆိုပေမယ့် ဘာတွေကို ကိုးကားပြီး လုပ်ခဲ့တယ် ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရတယ် ဘယ်လိုတွေ အလျော့အတင်းလုပ်ခဲ့ရတယ်ဆိုတာတွေတော့ ပြောလို့ရမယ်ထင်တာပါပဲ။ ဒီအချက်အလက်တွေကလဲ အတော်လေး ထိရောက် အရာဝင်နိုင်ပါတယ်။ မိမိမှာ အခုကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိတယ် တာဝန်ယူရဲတဲ့ စိတ်ဓါတ်ရှိခဲ့ရင် ပြောပါတယ်။

နောက်ပြောချင်တာက အစီုးရအာဏာပိုင် အဖွဲ့အစည်းဆိုတာ ဘာပဲပြောပြော အဖက်ဖက်က ပြည်သူထက်သာနေတဲ့သူတွေပါ။ ဓါးဓါးချင်း၊ ဒုတ်ဒုတ်ချင်း စိန်ခေါ်တဲ့ကိစ္စဟာ အင်မတန်ရုပ်ဆိုးပါတယ်။ စကားယှဉ်ပြောလို့ နိုင်သွားတာဟာ လက်ခံသွားတာနဲ့ ဘာမှ ဆိုင်ပါဘူးဆိုတာလေးကို သိစေချင်တာပါ။ ကိုယ်ထင်တာအမှန်လို့ သဘောထားပြီး ဆွေးနွေးတာဟာ ညှိတာလို့ ဘယ်ခေါ်နိုင်မလဲနော်.... ဇွတ်အတင်း သွပ်သွင်းတယ်ပဲ အမည်တပ်ရတော့မှာပေါ့....

ဆက်ပါဦးမည်.....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...