Thursday, September 8, 2011

ဟောပြောပွဲအတွေ့အကြုံ (၁၀၂)

by Moenge Aung on Thursday, September 8, 2011 at 4:33pm


The Voice Weekly Originally posted 25/05/2011 14:18PM
တနေ့က ဖေဖေ UMFCCI မှာ ဟောပြောပွဲ တစ်ခု ကျင်းပခဲ့တယ်။ အခုလို ကျင်းပရတာကို သိပ်ပြီး ကျေနပ်မိတယ်။ ကျေနပ်ရတဲ့ အကြောင်းက  အမျိုးမျိုး ဖြစ်ပါတယ်။ ပထမ အကြောင်းကတော့ ဒီဟောပြောပွဲကို UMFCCI နဲ့ ကြိုတင်ညှိနှိုင်း တိုင်ပင်ပြီး လုပ်ခဲ့တာကြောင့် ဖြစ်တယ်။
 ဖေဖေရယ်၊ UN Resident Coordinator Mr.Bishow Parajuli ရယ် UMFCCI က အမှုဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်။ အမှန်တော့ အခုလို တွေ့ဆုံဖို့ ဖေဖေ ကြိုးစားနေခဲ့တာတော့ ကြာခဲ့ပါပြီ။ အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ဘူး။ သူတို့ဘက်ကလည်း မအား၊ ဖေဖေတို့ဘက်ကလည်း အမြဲ အလုပ်ရှုပ်နေတာနဲ့ မတွေ့ဖြစ်ခဲ့ပါဘူး။
ဒါပေမဲ့ သမီးသိသလို (Better late than never) လုံးဝ မတွေ့ဖြစ်တာထက် စာရင် နောက်ကျပြီးမှ တွေ့တာက တော်သေးတာပေါ့သမီး။ UMFCCI အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ မောင်မောင်လေးက စီစဉ်ပေးခဲ့ပါတယ်။ UMFCCI အစည်းအဝေး ခန်းမထဲရောက်တော့ တာဝန်ရှိတဲ့ အမှုဆောင် လူကြီးတွေ ဖေဖေတို့နှစ်ယောက်ကို စောင့်နေကြတယ်။ ဒုတိယ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အမှုဆောင် လူကြီး သုံးဦးက ပျူပျူငှာငှာ ကြိုဆိုပါတယ်။ UMFCCI အဖွဲ့အစည်းကြီးဟာ နိုင်ငံအတွက် အလွန်အရေးပါတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ လုပ်ငန်းရှင်တွေ၊ စီးပွားရေး သမားတွေ စုစည်း ဖွဲ့စည်းထားတာမို့ နိုင်ငံ စီးပွားရေး အဆောက်အဦ အတွက် အလွန် အရေးပါလှတယ်။ အစည်းအဝေးမှာ UMFCCI က ဘာတွေလုပ်နေတယ်၊ UN က ဘာတွေ လုပ်နေတယ်ဆိုတာတွေကို တစ်ဖက်နဲ့တစ်ဖက် ပိုသိအောင် မျှဝေခွင့် ရခဲ့ပါတယ်။ အစည်းအဝေးမှာ ဆွေးနွေးတာတွေကတော့ အများကြီးပါ။
 အကြောင်းအရာ တစ်ခုကတော့ ဖေဖေ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲနဲ့ သက်ဆိုင်ပါတယ်။ ဖေဖေက Corporate Social Responsibility (CSR) နဲ့ပတ်သက်ပြီး UN အဖွဲ့အစည်းများနဲ့ UMFCCI က ပူးပေါင်း ဆောင်ရွက်သင့်တာကို တင်ပြခဲ့ပါတယ်။ ဒီတင်ပြချက်ကို UMFCCI က ချက်ချင်းပဲ လက်ခံလိုက်ပြီး တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာဦးမျိုးသက်ကို ဖေဖေနဲ့ တိုင်ပင်ပြီး စီစဉ် ဆောင်ရွက်ပါလို့ သဘောတူညီခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီဆွေးနွေးပွဲ စီစဉ်နိုင်ခဲ့ပါတယ်။ ဒုတိယ အကြောင်းရင်းကတော့ အခုလို ဖေဖေ UMFCCI နဲ့ တွဲပြီး လုပ်မယ့်ကိစ္စကို မြန်မာနိုင်ငံ စီးပွားရေး ဘွဲ့ရများ အသင်း (MIEGA)က ဥက္ကဋ္ဌဖြစ်တဲ့ ဦးတင်ဝင်းအောင်နဲ့ အတွင်းရေးမှူး ဦးရဲမြင့်တို့နဲ့ တိုင်ပင်တော့ သူတို့ကလည်း ကျေကျေနပ်နပ်နဲ့ တွဲပြီး ဆောင်ရွက်ဖို့ သဘောတူညီခဲ့ပါတယ်။ ဟောပြောပွဲကို Sponsor လုပ်ပေးမယ့် MIEGA အဖွဲ့ဝင် ဦးကြည်ထွန်းရဲ့ အကူအညီကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။ နောက်ဆုံး အကြောင်းအရင်းကတော့ ဟောပြောခွင့်ရတဲ့ အကြောင်းအရာဖြစ်တဲ့ CSR ကြောင့်ပဲဖြစ်ပါတယ်။ ဖေဖေ့အနေနဲ့ CSR ကို မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေချင်ခဲ့ပါတယ်။
 နယ်မှာရှိတဲ့ ကန်ဘောက်ကို သွားခွင့်ရခဲ့ပါတယ်။ သမီး သိတဲ့အတိုင်း ကန်ဘောက်မှာ အပြည်ပြည်ဆိုင်ရာ ရေနံ ကုမ္ပဏီ TOTAL က ရတနာ ဓာတ်ငွေ့ လုပ်ငန်းကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကမ်းလွန်ပင်လယ်မှာ တူးဖော်နေတဲ့ ဓာတ်ငွေ့တွေကို ပိုက်လိုင်းတွေက တစ်ဆင့် ကန်ဘောက် ဗဟိုဌာနကို ပို့လွှတ်နေတာ ဖြစ်ပါတယ်။ ကန်ဘောက်ကနေတစ်ဆင့် ပြည်တွင်း ပြည်ပကို ပိုက်လိုင်းတွေ သွယ်ပြီး တစ်ဆင့် ပြန်ပို့လွှတ်နေပြန်တယ်။ အခုလို TOTAL ကုမ္ပဏီက နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့ နေရာမှာ ထူးခြားတဲ့ ဝန်ဆောင်မှု တစ်ခုကတော့ ကန်ဘောက်ရွာ ဒေသအတွက် လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်ချက်တွေ ဖြစ်ပါတယ်။ ဒါတွေကို TOTAL ကုမ္ပဏီက CSR အဖြစ် သတ်မှတ်ထားပါတယ်။ ပိုပြီး ထူးခြားတဲ့ တိုက်ဆိုင်မှုက ဖေဖေ ကန်ဘောက်ကို မသွားမီ MRTV-4 အစီအစဉ်မှာ ကန်ဘောက်ရတနာ ဆောင်ရွက်မှုတွေကို ထုတ်လွှင့်တာကို ဖေဖေ ကြည့်လိုက်ရပါတယ်။
 ကန်ဘောက်ရောက်ရင်း ကန်ဘောက်ရွာကို ရောက်ခဲ့ပါတယ်။ ခင်းထားတဲ့ လမ်းတွေကလည်း သိပ်ကောင်းလှတာ တွေ့ရပါတယ်။ ကျောင်းတွေရော၊ ဆေးရုံဆေးခန်းတွေရော အဆင့်အတန်း မြင့်မားလှတာ တွေ့ရပြန်တယ်။ ဒါတွေအားလုံးဟာ CSRရဲ့ ရလဒ်တွေပဲ ဖြစ်ပါတယ်။ ဟောပြောပွဲကို UMFCCI ခန်းမမှာ လုပ်တာမို့ သိပ်ကို အဆင်ပြေလှပါတယ်။ သွားရေးလာရေး လွယ်ကူ ချောမွေ့ရုံ သာမက ခန်းမကြီးက ခမ်းနား ကြီးကျယ်လှတဲ့အပြင် ပရိသတ် အရေအတွက် အများကြီး ဆံ့တာမို့ ဖေဖေပေးချင်တဲ့ အကြောင်းအချက်တွေကို အများကို ပေးနိုင်မှာ ဖြစ်ပါတယ်။ ဟောပြောပွဲမှာ ထူးခြားတဲ့ အချက် တစ်ခုက ဖေဖေတို့ဟောပြီးရင် UMFCCI အမှုဆောင် အထူး အစည်းအဝေး ပြုလုပ်မှာမို့ တာဝန်ရှိသူတွေ အများကြီး ရောက်ရှိနေတာကိုလည်း တွေ့ရပါတယ်။ ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ဦးမြတ်ဝင်းမြင့်၊ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ မောင်မောင်လေး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ မျိုးသက်တို့ တက်ရောက်ကြပါတယ်။ ပရိသတ်တွေ အထဲမှာ လူငယ်တွေကလည်း ထုံးစံအတိုင်း များနေတာ တွေ့ရပါတယ်။
 ဟောပြောပွဲ အတွက် MIEGA အသင်း ဥက္ကဋ္ဌ ဦးတင်ဝင်းအောင်က အဖွင့်အမှာစကား ပြောကြားပေးပါတယ်။ သူမိန့်ခွန်း ပြောပြီးတော့ ဖေဖေက ပြင်ဆင်ထားတဲ့ တင်ပြမှု ပြုလုပ်ပေးခဲ့ပါတယ်။ CSR and Beyond လို့ အမည်ပေးထားတာ အကြောင်း ရှိပါတယ်။ CSR တစ်ခုတည်း ဆွေးနွေးနေတာ မဟုတ်ဘဲ CSR အလွန်လို့ ပြောထားတဲ့အတိုင်း CSR တင်မက ပတ်သက်နေတဲ့ အကြောင်းအချက် နှစ်ခုကို တစ်ပါတည်း တင်ပြခဲ့ပါတယ်။ ပထမဆုံး Slide မှာဖေဖေရှိစေချင်တဲ့ လူ့အဖွဲ့အစည်းရဲ့ ပုံစံ တစ်ခုကို ဖော်ထုတ်ခဲ့ပါတယ်။ မျက်မှောက်ခေတ် ကာလမှာ အောင်မြင်တိုးတက်မယ့် လူ့အဖွဲ့အစည်းဟာ တစ်ဦးအပေါ် တစ်ဦး အပြန်အလှန် လေးစား ကြည်ညိုကြပြီး တစ်ဦးတစ်ယောက်ချင်း အနေနဲ့ လည်းကောင်း၊ စုပေါင်းပြီးလည်းကောင်း တစ်ဦးနဲ့တစ်ဦး တူညီတဲ့ တန်ဖိုးရှိတာကို အသိအမှတ်ပြုပြီး ကူညီပံ့ပိုးရမှာ ဖြစ်ပါတယ်။ ဖေဖေ တင်ပြခဲ့တာက ပထမပိုင်းမှာ CSR အကြောင်း ဖြစ်ပါတယ်။ လုပ်သင့်လို့ လုပ်တာ မဟုတ်ဘဲ၊ သူများက စေခိုင်းလို့ လုပ်တာ မဟုတ်ဘဲ မိမိရဲ့အကျိုးရှိတာကြောင့် ဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းကို ဆောင်ရွက်ရာမှာ မိမိကိုယ်မိမိ ထိန်းချုပ်တဲ့ ပုံစံအဖြစ် သတ်မှတ်ထားတဲ့ ဥပဒေများ လိုက်နာခြင်း၊ လူ့ကျင့်ဝတ်နဲ့ ညီညွတ်အောင် ထိန်းသိမ်း စောင့်ရှောက်ခြင်းနဲ့ ရှိတဲ့ စံသတ်မှတ်ချက် ဘောင်အတွင်း လှုပ်ရှားခြင်း ဖြစ်ပါတယ်။
 မိမိလုပ်ငန်းရဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေကြောင့် ပတ်ဝန်းကျင်အပေါ် လည်းကောင်း၊ စားသုံးသူများအပေါ် လည်းကောင်း၊ ဝန်ထမ်းများအပေါ် လည်းကောင်း၊ ပြည်သူ ပြည်သားများအပေါ် လည်းကောင်း မှန်ကန်မှုရ Sdaom ပြောင်းလဲမှုတွေဖြစ်အောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဖေဖေ တစ်ခါက ပြောခဲ့သလို လုပ်ငန်းဟာ ဦးတည်ချက် သုံးရပ်ကို တစ်ပြိုင်တည်းရအောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒါတွေကတော့ အမြတ် (Profit)၊ လူသားများ (People) အတွက်နဲ့ ပတ်ဝန်းကျင်(Planet) အတွက်တို့ ဖြစ်ပါတယ်။ CSR နဲ့ ပတ်သက်တဲ့ အတွေးအခေါ်ဟာ ၁၉၆ဝ ပြည့်နှစ်လောက်မှာ ပေါ်ပေါက်လာခဲ့ပါတယ်။ အခုလို ဆောင်ရွက်တဲ့ နေရာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီတာ တွေ့ရှိရပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ကျင့်သုံးတဲ့ ပုံစံဟာ ဥရောပ နိုင်ငံတွေမှာ ကျင့်သုံးတဲ့ ပုံစံများနဲ့ မတူတာ တွေ့ရပါတယ်။ အခုလို ဆောင်ရွက်ရာမှာ စီးပွားရေး လုပ်ငန်းများဟာ အလှူအတန်း ပေးခြင်းနဲ့ စခဲ့ကြပါတယ်။ အလှူအတန်း ပေးမှုကတော့ ဖေဖေ့နိုင်ငံအတွက် အထူးအဆန်း မဟုတ်တော့ပါဘူး။ အလှူအတန်းပေးရုံ မဟုတ်ဘဲ နောက်တစ်ဆင့်မှာတော့ ကျေးရွာ ရပ်ကွက်များရဲ့ တိုးတက်ဖွံ့ဖြိုးမှု အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ကြပါတယ်။ နောက်ဆုံး အဆင့်ကတော့ CSRနဲ့ ပတ်သက်တဲ့ မဟာဗျူဟာကို လုပ်ငန်းရဲ့ မဟာဗျူဟာအတွင်း တစ်ပါတည်း ထည့်သွင်း စဉ်းစားခြင်း ဖြစ်ပါတယ်။
 CSR အကောင်အထည် ဖော်ခဲ့တဲ့အတွက် ကုမ္ပဏီများရဲ့ အကျိုးကျေးဇူးများကို တိုင်းတာ တွက်ချက်ဖို့ မလွယ်လှတာ တွေ့ရပါတယ်။ တိုင်းဖို့ ခက်ပါတယ်။ ဒါပေမဲ့ အခုလို CSR ကျင့်သုံးတဲ့ ကုမ္ပဏီဟာ တခြား လုပ်ငန်းများနဲ့ မတူဘဲ ထူးခြားနေမှာသာ ဖြစ်ပါတယ်။ CSR ကို ဝေဖန်သူတွေ ရှိပါတယ်။ နာမည်ကျော် နိုဘယ်လ်ဆုရ ပါမောက္ခ Friedman က စီးပွားရေးဟာ အမြတ်ရဖို့သာ လုပ်တာဖြစ်ပြီး တာဝန် ရှိတယ်ဆိုရင် အစုရှင်များ အပေါ်သာ ရှိတယ်လို့ ပြောခဲ့ပါတယ်။ တချို့ကုမ္ပဏီများဟာ အများ အထင်ကြီးအောင် စိတ်ထဲက မပါဘဲ CSR ကို လုပ်ပြနေတာလည်း တွေ့ရပါတယ်။ CSR ကျင့်သုံးတဲ့ ကုမ္ပဏီများကို ဖေဖေက နမူနာတွေ ပေးခဲ့ပါတယ်။ ဒါတွေကြည့်ရင် CSR ကို လက်တွေ့မှာ အကောင်အထည် ဖော်နိုင်မယ် ဆိုတာကို ယုံကြည်မိပါတယ်။ မြန်မာနိုင်ငံမှာတော့ နမူနာပြတဲ့ အနေနဲ့ TOTAL ရေနံ ဓာတ်ငွေ့ ကုမ္ပဏီကို ပြရမှာ ဖြစ်ပါတယ်။ CSR ကို တာဝန်ယူနေတဲ့ ဒေါက်တာ သန်းလွင်ဌေးက MRTV-4 မှာTOTAL ရဲ့ လှုပ်ရှားမှုတွေကို ပြောပြခဲ့တာ ဖေဖေ အမှတ်ရနေပါတယ်။ ကန်ဘောက်ဒေသ ဖွံ့ဖြိုးရေး အတွက် လမ်းတွေ ဖောက်ပေးခဲ့သလို ဆေးခန်းတွေ၊ ကျောင်းတွေကိုလည်း ကျကျနန ဆောက်ပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့များက တာဝန်ယူနေတဲ့ Global Compact အကြောင်း တင်ပြခဲ့ပါတယ်။
 ဒီ အစီအစဉ်ကို ကုလသမဂ္ဂ အဖွဲ့အစည်း အနေနဲ့ တစ်ကမ္ဘာလုံးမှာ လုပ်ငန်းအဖွဲ့အစည်းများ လူမှုရေး တာဝန်ကျေအောင် တိုက်တွန်းဆောင်ရွက်ခြင်း သာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ UN အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းများ၊ အလုပ်သမား အစည်းအရုံးများနဲ့ လူမှုရေး အဖွဲ့အစည်း အနေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ တိုက်တွန်း အားပေးခြင်းသာ ဖြစ်ပါတယ်။ Global Compact မှာ ဦးတည်ချက် နှစ်ရပ် ရှိပါတယ်။ ပထမ ဦးတည်ချက်က အခြေခံမူ ၁ဝ ရပ်ကို စီးပွားရေး လုပ်ငန်းများ အနေနဲ့ လိုက်နာ ကျင့်သုံးနိုင်ဖို့ ဖြစ်ပြီး ဒုတိယ ရည်ရွယ်ချက်ကတော့ အခုလို ဆောင်ရွက်ရင်း UN ထောင်စုနှစ် ရည်မှန်းချက်များကို ပြည့်မီရေးပဲ ဖြစ်ပါတယ်။ Global Compact ကို ၂ဝဝဝ ပြည့်နှစ်မှာ စတင် အကောင်အထည် ဖော်ခဲ့ပြီး UN အဖွဲ့အစည်း ခြောက်ခု ရှိပါတယ်။ သူတို့သဘော UNOHCHR, UNEP, ILO, UNDP, UNIDO နဲ့UNODC ပါဝင်ပါတယ်။ ဒီ Global Compact ဟာ ကြီးကြပ်နိုင်တဲ့ အာဏာမရှိဘဲ ညှိနှိုင်းဆွေးနွေးမှုကို ဖန်တီးပေးခြင်းသာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း ကွန်ရက်တစ်ခု ဖော်ထုတ်ပေးခဲ့ပါတယ်။
 အခြေခံမူ ၁ဝ ရပ်ကနေ ပထမ အခြေခံမူနှစ်ရပ်က လူ့အခွင့်အရေးနဲ့ ပတ်သက်နေပါတယ်။
အခြေခံမူနံပါတ် (၁) မှာ လုပ်ငန်း အဖွဲ့အစည်းများဟာ နိုင်ငံတကာက သဘောတူညီမှု ရခဲ့တဲ့ လူ့အခွင့်အရေးများကို၊ စီးပွားရေး လုပ်ငန်းများကို ထိန်းသိမ်း စောင့်ရှောက်ဖို့ လည်းကောင်း၊ လေးစားဖို့လည်းကောင်း ဖြစ်ပါတယ်။
အခြေခံမူ နံပါတ်(၂)ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းများ အနေနဲ့ အလိုတူ အလိုပါ မဖြစ်ဖို့ ဖြစ်ပါတယ်။

နောက် အခြေခံမူလေးရပ်ကတော့ လုပ်သားများနဲ့ ပတ်သက်ပါတယ်။
အခြေခံမူနံပါတ် (၃) ကတော့ စီးပွားရေး လုပ်ငန်းများ အနေနဲ့ အလုပ်သမားများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုဖို့ ဖြစ်ပါတယ်။ အခြေခံမူ နံပါတ်(၄) ကတော့ အတင်းအဓမ္မ လုပ်သားများကို ဖိနှိပ်ခြင်းမှ ရှောင်ရှားရန် ဖြစ်ပါတယ်။
အခြေခံမူနံပါတ် (၅) ကတော့ ကလေးလူငယ်များ အလုပ်လုပ်မှုကို တားမြစ်ခြင်း ဖြစ်ပါတယ်။
အခြေခံမူနံပါတ် (၆) ကတော့ လုပ်ငန်းခွင်မှာ ဘက်လိုက်ခြင်းများကို ပပျောက်စေရေး ဖြစ်ပါတယ်။

နောက် အခြေခံမူသုံးရပ်က ပတ်ဝန်းကျင်နဲ့ ပတ်သက်ပါတယ်။
အခြေခံမူနံပါတ် (၇) ကတော့ ပတ်ဝန်းကျင်နဲ့ ပတ်သက်သော စိန်ခေါ်မှုများကို လုပ်ငန်းများ အနေနဲ့ ကာကွယ်တားဆီး ရင်ဆိုင်ဖို့ ဖြစ်ပါတယ်။
အခြေခံမူနံပါတ် (၈) ကတော့ လုပ်ငန်းများဟာ ပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ တာဝန်ယူဖို့ ဖြစ်ပါတယ်။
အခြေခံမူနံပါတ် (၉) ကတော့ လုပ်ငန်းများဟာ ပတ်ဝန်းကျင်ကို လေးစားတဲ့ နည်းပညာများကို ဖော်ထုတ်ဖို့ဖြစ်ပါတယ်။
နောက်ဆုံး-အခြေခံမူနံပါတ် (၁ဝ) ကတော့ အဂတိ လိုက်စားမှုကို လုပ်ငန်းများအနေနဲ့ ရှောင်ရှားဖို့ ဖြစ်ပါတယ်။

 နောက်ဆုံးပိုင်းမှာ ဖေဖေ ပါတယ်။ စီးပွားရေး လုပ်ငန်းတွေ အောင်မြင်မှု ရှိလေလေ ပတ်ဝန်းကျင် အတွက် အကျိုးရှိလေလေ ဖြစ်ပါတယ်။ စီးပွားရေး အောင်မြင်မှုကို လူမှု ရေးတိုးတက်မှုနဲ့ တွဲဖက်ခြင်း ဖြစ်ပါတယ်။ ဒီ CSV အတွေးအခေါ်ဟာ ၂၁ ရာစုအတွက် အလွန် အရေးပါတဲ့ စီးပွားရေး အချက်တစ်ခု ဖြစ်ပါတယ်။ အများအတွက် ကောင်းတာလုပ်ရင် မိမိလုပ်ငန်း အတွက် ကောင်းအောင် ကြိုးစားတာ ဖြစ်ပါတယ်။ နိဂုံးချုပ် အနေနဲ့ ဖေဖေက တက်ရောက်လာတဲ့ ပရိသတ်တွေကို အားပေးခဲ့ပါတယ်။ လှေကားကို အဆုံးမ တွေ့ရပေမယ့် ရဲရဲဝံ့ဝံ့နဲ့ ပထမခြေလှမ်းကို လှမ်းဖို့ တိုက်တွန်းခဲ့ပါတယ်။ စဉ်းစားဖို့ သတ္တိရှိဖို့ အားပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဖေဖေ ဟောပြောပွဲ ပြီးတဲ့အခါ ပရိသတ်တွေ အထဲက မေးခွန်းများ၊ ဆွေးနွေးမှုများ ပြုကြပါတယ်။ UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်ကိုယ်တိုင် ပါဝင် ဆွေးနွေးခဲ့ပါတယ်။ လူကြီးတွေရော၊ လူငယ်တွေပါ စိတ်ပါဝင်စားစွာ ဝင်ရောက် ဆွေးနွေးကြပါတယ်။ ဖေဖေက သိပ်အားရမိပါတယ်။ အခုလို အတွေးအခေါ် အသစ်တွေကို အများပြည်သူ ပရိသတ်တွေအကြား တင်ပြမျှဝေခွင့် ရတာကို ကျေနပ်မိတာ အမှန်ပါပဲ သမီး။
 ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...