Thursday, September 8, 2011

လက်တွဲလို့ ခေါ်ပါ

အလင်းကို ဝါးမြိုကာ အမှောင်တို့ တစစ ကြီးစိုးလာချိန် လူငယ်လေး လေးယောက်သည် ရပ်ကွက်ထိပ်ရှိ အုတ်ခုံလေးတွင် ဂစ်တာ ထိုင်တီးနေကြသည်။ အထက်တန်း စာမေးပွဲ ဖြေပြီးကာစ လွတ်လပ်ရေးရနေသော လူငယ်လေးများ ဖြစ်သည်။ လူငယ်လေးများသည် ယနေ့ ခောတ် နာမည်ကြီး အဆိုတော် ကိုလေးဖြူ၏ သီချင်းတစ်ပုဒ်ကို ခပ်မှန်မှန်ဖြင့် သံစုံ သီဆိုနေကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် လူငယ်လေးများ ဂစ်တာ ထိုင်တီးနေသော ရှေ့လမ်းမကြီးအတိုင်း ရပ်ကွက်ထဲမှ ပိုက်ဆံချမ်းသာသော သားအမိ နှစ်ယောက် စက်ဘီးနင်းရင်း ဖြတ်သွားကြသည်။
ဂစ်တာတီးနေသော ကောင်လေးများ ရှေ့အရောက်တွင် စက်ဘီးနင်းလာသော ကောင်မလေးက ဂစ်တာတီးနေသော ကောင်လေးများကိုလှည့်ကြည်ကာ ပြုံးပြလိုက်သည်။ ကောင်မလေး ပြုံးပြသည်ကို မြင်လိုက်ရသော ကောင်လေး တစ်ယောက်ကလဲ ကောင်မလေးကို ပြန်ပြုံးပြ လိုက်သည်။ ဒါကို စက်ဘီးနောက်မှ လိုက်လာသော မိခင်ဖြစ်သူက မြင်သောအခါ လေသံ တိုးတိုးဖြင့်-
“သူတို့ က ဘယ်သူတွေလဲ သမီး အသိတွေလား”
“ဟုတ်တယ် မေမေ သမီးတို့ အခန်းထဲက သမီး သူငယ်ချင်းတွေပါ”
“သမီးတို့ အခန်းထဲမှာလဲ ဒီလို ကောင်လေးတွေ ရှိတယ်လား”
“အဲဒီလို မဟုတ်ဘူး မေမေ သူတို့ တွေက အေးပါတယ် စာလဲတော်ကြတယ်”
“အို… ဘာဖြစ်ဖြစ် လမ်းဘေးက ဒီလို လမ်းဘေးက ကောင်လေးတွေနဲ့ အပေါင်းအသင်း လုပ်တာတော့ မေမေ မကြိုက်ဘူး။ နောက်လမ်းတွေ့ ရင် နှုတ်ဆက်စရာ မလိုဘူး။ ကြားလား သမီး…”
ကောင်မလေးက မျက်နှာ မကြည်မသာဖြင့် ခေါင်းညိတ် ပြလိုက်သည်။ ခပ်တိုးတိုး လွင့်ပျံ့ လာသော စကားလုံးတို့ ရိုက်ခတ်မှုကြောင့် ပြုံးနေသော ကောင်လေး မျက်နှာပေါ်မှ အပြုံးရိပ်တို့ ပျောက်ကွယ် သွားသည်။ သူ့ မျက်နှာပေါ်တွင် ခံပြင်းသော အရိပ်တချို့  ဖြတ်ပြေးသွားသည်။ ဒါပေမယ့် ကောင်လေးက ဘာမှ ပြန်မပြောဘဲ သူငယ်ချင်းများနှင့် ကိုယ့်သီချင်းကို ဆက်ဆိုနေကြသည်။

ကောင်လေးများသီချင်း ဆက်ဆိုနေစဉ် အုတ်ခုံလေး ရှေ့သို့ ကားတစ်စီး ထိုးဆိုက်လာသည်။ ကားပေါ်တွင် ပါလာသည်က သူတို့ ရပ်ကွက်နားက နိုင်ငံပိုင် စက်ရုံကြီးမှ အရာရှိ တစ်ယောက် ဖြစ်သည်။ အရာရှိကြီးက ကောင်လေးများထဲမှ တစ်ယောက်ကို-
“ဟေ့… ကောင်လေး မင်း အဖေ အိမ်မှာ ရှိလား”
“ဟုတ်ကဲ့ ကျွန်တော် အိမ်က ထွက်လာတုန်းကအထိတော့ ရှိပါတယ်”
“အေး… အေး… ဒါဆို ဦးခဏဝင်တွေ့ လိုက်ဦးမယ်”
အရာရှိကြီးက ပြောရင်း မျက်မှောင်ကြုတ်ကာ နာရီကို တချက်ကြည့်သည် ပြီးတော့ ကောင်လေးကို တခါ ပြန်ကြည့်ပြီး-
“ကောင်လေး အိမ်မပြန်သေးဘူးလား ဘယ်အချိန်ရှိနေပြီလဲ ဦးနဲ့ တခါတည်း ပြန်လိုက်ရင် လိုက်ခဲ့ပါလား။ ဦးလဲ မင်းအဖေနဲ့ ဝင်တွေ့ ပြီး ပြောစရာလေးရှိလို့ ”
“ဟုတ်ကဲ့ဦး ကျေးဇူးပါပဲ။ ဒါပေမယ့် ကျွန်တော် သူငယ်ချင်းတွေနဲ့ ခဏနေလိုက်ဦးမယ်”
အရာရှိကြီးက ကောင်လေးများကို တချက်ဝေ့ကြည့်ပြီးနောက် နှာခေါင်း တချက်ရှုံကာ-
“မင်းကတော့ မိဘသိက္ခာကျအောင် လုပ်နေတာပဲ။ ဒီလို လမ်းဘေးက ကောင်တွေနဲ့ ပေါင်းနေလို့ ကတော့ မင်းလဲ လမ်းဘေးရောက်သွားမှာဘဲ”
အရာရှိကြီးက ကားကို “ဝူး” ကနဲ မောင်းထွက်သွားသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ကျန်ခဲ့သည်။ ဂီတာသံ ရပ်သွားသည်၊ သီချင်းဆိုသံများ တိတ်သွားသည်။ အုတ်ခုံလေးက တဒင်္ဂ တိတ်ဆိတ်ငြိမ်သက် သွားသည်။ ခဏနေတော့မှ ဂစ်တာတီးနေသည့် ကောင်လေးက ဟင်း… ခနဲ သက်ပြင်းချကာ ဂစ်တာကို ပြန်တီးသည်။ သီချင်းသံစဉ်က ခပ်မျှင်းမျှင်း မှန်မှန်လေး ပြန်ထွက်လာသည်။ ဂီတသံ၊ သီချင်းသံစဉ်များ ထဲတွင် လူငယ်များ ပြန်လည် စီးမျောဝင်သွားပြန်သည်။
“ဟေ့… ဘယ်ကောင်တွေလဲကွ လမ်းမပေါ်မှာ ဆူညံ ဆူညံ လုပ်နေတာ”
စကားသံဖြင့် အတူ လူနှစ်ယောက် ဂစ်တာ တီးနေသော ကောင်လေးများ ရှေ့သို့ ရောက်လာသည်။ အကျီ င်္ပေါ်တွင် ရာထူး အဆင့်အတန်းများကို ဖော်ပြနေသော ယူနီဖောင်းကို ဝတ်ဆင်ထားသော အစိုးရ အာဏာပိုင် ဝန်ထမ်းများ ဖြစ်ကြသည်။ ခြေလှမ်းတွေက မမှန်၊ လူတွေက ရွှဲ့စောင်းလို့ အရက်နံက တထောင်းထောင်း ထွက်နေကာ တစ်ယောက်ကို တစ်ယောက် အမှီသဟဲ ပြုရင်း လျှောက်လာနေကြသည်။ တစ်ယောက်က ဂစ်တာ တီးနေသော ကောင်လေးများကို လက်ညှိုးငေါက်ငေါက် ထိုးကာ-
“ဟေ့… မင်းတို့ ဘယ်က ကောင်လေးတွေလဲ။ ဒီမှာ ဘာထိုင်လုပ်နေကြတာလဲ”
“ကျွန်တော်တို့ ဒီရပ်ကွက်ထဲကပါပဲ။ ကျွန်တော်တို့ ဘာမှ မလုပ်ပါဘူး သူငယ်ချင်းတွေစုပြီး ဂစ်တာ တီးနေကြတာပါ”
“ဟေ့ ဘယ်အချိန်ရှိနေပြီလဲ မင်းတို့ ကို မှောင်ရိပ်ခိုမှုနဲ့ ဆွဲစိလို့ ရတယ်ကွ သိလား။ ငါ့ကို ဘာမှတ်နေလဲ အေ့… မင်းတို့ မိဘ နာမည်တွေ ပြောစမ်း။ ဒါငါ့နယ်ကွ ငါ့နယ်မှာ ရုတ်ရုတ် ရုတ်ရုတ်တော့ လာမလုပ်နဲ့ သေသွားမယ်”
“လာပါ သူငယ်ချင်းရာ… လမ်းမပေါ်မှာ ဂစ်တာ တဒေါင်ဒေါင်နဲ့ လမ်းသလားနေမှတော့ မိမဆုံးမ ဖမဆုံးမလေးတွေ ဖြစ်မှာပေါ့။ ဒီတော့ သူတို့ မိဘနာမည် မေးပြီးတော့ကော ဘာလုပ်မှာလဲ”
မေးသူကမေး ဖြေသူက ဖြေပြီး နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် မှီခိုရင်း ဆက်သွားကြသည်။ “ထောက်” ကနဲ ဂစ်တာကြိုး ပြတ်သံက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည် ထင်ရသည်။ ထို့ နောက် ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်ကျ တိတ်ဆိတ်သွားသည်။ လက်တစ်စုံက ပြတ်သွားသော ဂစ်တာကို ဖလက်တံမှ ပြောင်းပြန် ကိုင်ကာ ဆတ်ကနဲ ထရပ်လိုက်ပြီး နောက်က ပြေးလိုက်ရန်ပြင်သည်။ ဒါကို မြင်သော ကောင်လေးတစ်ယောက်က လက်ကို ဖမ်းဆွဲလိုက်ရင်း ခေါင်းခါပြသည်။
“လူမိုက်နဲ့ ဖက်ဖြစ်လို့ ကတော့ ကိုယ်လဲ လူမိုက် ဖြစ်တော့မှာပေါ့ ထားလိုက်ပါ သူငယ်ချင်း…”
“ဟုတ်တယ် သူငယ်ချင်း… လောကကြီးမှာ ကိုယ့်ကိုယ်ကို မကြည့်ဘဲ သူများကို လက်ညှိုးထိုးချင်ကြတဲ့ လူတွေက အများသားလား။ စိတ်ထဲ ထားမနေပါနဲ့ ကိုယ်ဘဲ ပူလောင်နေရလိမ့်မယ်”
“ခုချိန်မှာ ငါတို့ စိတ်ကို လွှတ်ပေးလိုက်ရင် ငါတို့ ဘဝတွေ အညွှန့် ကျိုးသွားလိမ့်မယ်။ အချိန်တန်ရင် သူ့ အရည်အချင်း အလိုက် သူ့ အဆင့်နဲ့ သူ လောကကြီးထဲမှာ နေသားကျသွားမှာပါကွာ။ မင်းက ခုကတည်းက ကိုယ့်အဆင့် ကိုယ်သတ်မှတ်တော့ မလို့ လား။ နေပါဦး စောပါသေးတယ်၊ ခုတော့ ဒီအတိုင်းဘဲ ထားလိုက်ပါဦး”
ဂစ်တာကို ကိုင်ရင်း ကောင်လေး ငိုင်သွားသည်-
“အေးပါကွာ ငါလဲ နားလည်ပါတယ်။ ဒါပေမယ့် မင်းတို့  မြင်တဲ့ အတိုင်းဘဲလေ ခုလိုဘလိုင်းကြီး အစော်ကားခံ အပြောခံရတော့ နဲနဲတော့ တင်းတာပေါ့”
“တင်းတာတော့ တင်းတာပေါ့ကွာ။ စိတ်ဆိုတာက တင်းတိုင်း လွှတ်ပေးလို့ ကောင်းတဲ့ အရာမှ မဟုတ်တာ”
“အေးပါကွာ ငါမှားသွားတယ်။ ထားပါ ဒါပေမယ့် ငါ နဲနဲတော့ ညစ်သွားတယ်ကွာ။ ငါတို့ စိတ်ထွက်ပေါက် ရလိုရငြား အရက်သွားသောက် ကြရအောင်လား”
“ဘာကြောင့် အရက်သွားသောက်ရမှာလဲ။ ခုလို အနေအထားနဲ့ အရက် သွားသောက်ရင် ငါတို့ ပို အပြောခံရမှာပေါ့။ ခုတောင် ငါတို့ ကို လူတွေက စောင့်ကြည့်နေကြတာ။ ဒီအချိန်မှာ ငါတို့ အနေအထားက အမှားမခံဘူး။ ဘာမှ မမှားဘဲနဲ့ တောင် ပြောချင်နေကြတာ တစ်ခုခုမှားတာနဲ့ ပတ်ဝန်းကျင်ရဲ့ အပြောအဆိုကို ခံရမှာဘဲ”
“အေး… ဟုတ်တယ် ငါတို့ အနေအထိုင် အသွားအလာ ဆင်ခြင်သင့်တယ်။ ခုအဖြစ်အပျက်တွေကို နမူနာယူပြီး ငါတို့ ဘဝတက်လမ်းကို အကောင်းဆုံး ဖြစ်အောင် ဖန်တီးရမယ်”
“ဟုတ်တယ် ပြီးတော့ ငါတို့ ဘယ်တုန်းက အရက်သောက်ဖူးလို့ လဲ။ စိတ်ညစ်တိုင်းသာ အရက်သောက်ရမယ် ဆိုရင် ငါတို့ လဲ အရက်သမားဖြစ်ပြီး ခုနက လူတွေလို ဖြစ်သွားတော့မှာပေါ့”
“အေးပါကွာ ငါမှားသွားတယ်။ ဒီတော့ ငါတို့ ခု ဘယ်သွားကြမလဲ”
“ထုံးစံအတိုင်း ငါတို့ ထိုင်နေကျ လက်ဖက်ရည်ဆိုင် သွားကြတာပေါ့။ ပြီးရင် လက်ဖက်ရည်သောက် စကားစမြည်ပြောဆိုပြီး လေကန် ကြတာပေါ့။ ကဲ… ထကြ လက်ဖက်ရည်ဆိုင် သွားကြရအောင်”
လူငယ်လေးယောက် တစ်ယောက်ကို တစ်ယောက် နှစ်သိမ့်ဆုံးမရင်း တစ်ယောက်ပခုံး တစ်ယောက်ဖက်ကာ တရွေ့ ရွေ့ ထွက်ခွာသွားကြသည်။ အနှစ်ချုပ်လိုက်တော့ သူတို့ လေးတွေထဲက တစ်ယောက်က ဆယ်တန်းတွင် အောင်ချက်ကောင်းသောကြောင့် ဆေးလိုင်းဝင်ကာ ခုဆိုရင် ဆရာဝန်ပေါက်စပင် ဖြစ်နေပြီ။ ကောင်လေး တစ်ယောက်ကတော့ ရေကြောင်းတက္ကသိုလ်တက်ပြီး သင်္ဘောလိုက်နေပြီး နောက်တစ်ယောက်ကတော့ BE ဘွဲ့ ရပြီး စင်ကာပူ နိုင်ငံတွင် အလုပ်လုပ်နေသည်။ သူတို့ ထဲကတစ်ယောက်ကတော့ မိဘလက်ငုပ်လက်ရင်း အလုပ်များကို ဦးစီးရင်း စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဖြစ်လာခဲ့သည်။
တကယ်လို့ သူတို့ သာ စိတ်အလိုလိုက်ခဲ့ရင် ဒီလို နေရာ တစ်နေရာ ရလာနိုင်ပါ့ မလား။ သူတို့ ကိုယ်ပိုင် အသိဥာဏ်လေးတွေနဲ့ ခွဲခြမ်း စိတ်ဖြာပြီး သူတို့ ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းအတိုင်း လျှောက်နိုင်ခဲ့လို့ သူတို့ အတွက် နေရာ တစ်နေရာကို ဖန်တီးနိုင်ခဲ့တယ်လို့ ပြောရမှာပါ။ တကယ်တော့ ဆယ်တန်းဖြေပြီးကာစ လူငယ်လေးတွေဟာ အညွှန့် တလူလူ တက်နေတဲ့ လူငယ်လေးတွေပါ။ ပြောရရင် မသွေးရသေးတဲ့ ကျောက်ရိုင်းတွေနဲ့ တူပါတယ်။ မသွေးရသေးတဲ့ ကျောက်ရိုင်းတုံးကို တန်ဖိုးဖြတ်ဖို့ ခက်သလို အရွယ်ရောက်လာတဲ့ လူငယ်တစ်ယောက်ရဲ့ ကိုယ်ပိုင် အရည်အချင်းကို အလွယ်တကူ တန်ဖိုးဖြတ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပတ်ဝန်းကျင်က လူတွေ အနေနဲ့ သူတို့ လေးတွေ စိတ်ဒဏ်ရာ ရသွားအောင်၊ သူတို့ လေးတွေ အညွှန့် ကျိုးသွားအောင် ကိုယ်အမူအရာ ဖြင့်သော်လည်းကောင်း၊ အပြောအဆို ဖြင့်သော်လည်းကောင်း မလုပ်သင့်ပါဘူး။ ဒီအရွယ်လေးတွေ အတွက် ပတ်ဝန်းကျင်က အဓိကကျပါတယ်။ ပတ်ဝန်းကျင်ကြောင့် လူတော်လူမွန်လေးတွေ ဖြစ်လာနိုင်သလို ပတ်ဝန်းကျင်ကြောင့်ဘဲ လူဆိုးလူသွမ်းလေးတွေ ဖြစ်လာနိုင်ပါတယ်။
လမ်းဘေးမှာ ဂစ်တာ တဒေါင်ဒေါင် ခေါက်နေတာ မြင်တိုင်း လူရမ်းကားလေးတွေလို့ သတ်မှတ်တော့မှာလား။ မြန်မာနိုင်ငံရဲ့ နံပါတ်တစ် အဆိုတော် ကိုလေးဖြူဆိုရင်လဲ ငယ်ငယ် ကျောင်းသား ဘဝက ကောင်မလေးတွေ အဆောင်ရှေ့မှာ သီချင်းတွေ ဆိုခဲ့တယ် ဆိုတာ သူ့ စကားတွေ အရ သိနိုင်ပါတယ်။ ကျောင်းသား လူငယ်ဘဝမှာ အိုဘားမားကို နောင်တချိန်မှာ အမေရိကန် သမ္မတ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ပြောရဲမှာလဲ။ အညွှန့် တလူလူ တက်နေတဲ့ လူငယ်တိုင်းမှာ သူ့ တန်ဖိုးနဲ့ သူ ရှိနေမှာပါ။ စာမှာ ညံနေပေမယ့် အားကစားဘက်မှာ ထူးချွန်ပြီး နိုင်ငံဂုဏ်ကို ဆောင်ချင် ဆောင်နိုင်မှာပါ။ ဒါမှမဟုတ် စီးပွားရေး နယ်ပယ်၊ လူမှုရေး နယ်ပယ်မှာ အောင်မြင်ချင် အောင်မြင်မှာပါ။ ဒါကြောင့် ကလေးက ကလေးလို နေစမ်းပါကွာ ဆိုတဲ့ စကားနဲ့ လူငယ်တွေရဲ့ စိတ်ကို ဒဏ်ရာ ရအောင်လုပ်သင့် ပါသလား။ လူကြီးတွေ အနေနဲ့ လူငယ်တွေကို လက်တွဲခေါ်သင့်တယ်လို့ မထင်ဘူးလား။ လူငယ်ဆိုတာ အနာဂါတ် တိုင်းပြည်အတွက်အားပါ။ ဒီအားတွေကို လူငယ်တွေကို အရာမသွင်းချင်စိတ်နဲ့ ဖျက်ဆီး ပစ်သင့်ပါသလား။ လူတိုင်း ဘယ်သူမှတော့ မွေးကတည်းက တတ်မလာပါဘူး။ မသိတာကို သိအောင်၊ မတတ်တာကို တတ်အောင် သင်ပေး၊ ပြပေးပြီး လူငယ်တွေကို လက်တွဲ မခေါ်သင့်ဘူးလား။ ဒါကြောင့် အညွှန့် တလူလူ တက်နေသော လူငယ်လေးတွေကို လူတော်လူမွန်လေးတွေ ဖြစ်စေရန်၊ ဖေးမ ကူညီရင်း လက်တွဲခေါ်ယူကာ လူနှင့် လူ့ပတ်ဝန်းကျင်ကို ထိန်းသိမ်း သွားနိုင်ကြဖို့သာ လိုအပ်ပါတော့သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...