ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၁) ၊ အပိုင်း(၂)
လူဆိုသည်မှာ (၁)
ဗီဇအသိ
(၂)
ယဉ်ကျေးမှု
နှင့်
(၃)
အသိဥာဏ်
တို့အားဖြင့်
ပြုမူကျင့်ကြံနေထိုင်သည့်
သတ္တ၀ါတစ်မျိုးဖြစ်သည်ဟု
အဓိပ္ပါယ်သတ်မှတ်နိုင်သည်။
အသိဥာဏ်ကို ပိုင်ဆိုင်သောကြောင့် လူသားတို့နေဖြင့် မိမိတို့၏ဗီဇအသိနှင့် ယဉ်ကျေးမှုတို့မှ လုံးဝဥဿုံ သီးခြားကင်းကွာပြီးနေ၍ ရနိုင်ကောင်းသည်ဟု မဆိုလိုပါ။ ဤကိစ္စမျိုးသည် မလိုလားအပ်သည့်အပြင် ဖြစ်လည်းမဖြစ်သင့်ပေ။ သို့ရာတွင် လူသားတို့အနေဖြင့် မိမိတို့၏ အတွင်းသန္တာန်နှင် ပတ်ဝန်းကျင်တို့တွင် ဖြစ်ပျက်နေသမျှကို နားလည်းသဘောပေါက်နိုင်စေရန်အတွက် ဗီဇအသိနှင့် ယဉ်ကျေးမှုတို့အကြား အရေးပါသော ခြားနားချက်ကို သိနိုင်စွမ်းတော့ ရှိရပေမည်။
ဝေဖန်သုံးသပ်နိုင်စွမ်း၊ တန်ဖိုးဖြတ် ဆန်းစစ်နိုင်စွမ်းနှင့် လွတ်လပ်စွာတွေးခေါ်နိုင်စွမ်းတို့သည်။ လူသားတို့၏ ထူးခြားသောဂုဏ်အင်္ဂါရပ်များ ဖြစ်ကြသည်။ တိရစ္ဆာန်များ တွင် ဗီဇအသိရှိပြီး အချို့ကိစ္စရပ်များ၌ ဘာသာစကားချို့တဲ့မှုကြောင့် လူ့ယဉ်ကျေးမှုနှင့် သဏ္ဍာန်မတူသည့် တိုင်အောင် တစ်မျိုးတစ်မည်သော ယဉ်ကျေးမှုတို့ အစပျိုးပေါ်ထွန်းလျက်ရှိကြောင်း တွေ့ရသည်။ ကျွန်ုပ်တို့ လေ့လာသိရှိခဲ့ရလောက် ဆိုလျှင် တိရစ္ဆာန်များသည် လူများကဲ့သို့ တွေးတောခြင်းနှင့် ထိရောက်စွာဆင်ခြင်သုံး သပ်ခြင်းတို့ကို မပြုလုပ်နိုင်ကြပေ။ သူတို့တွင် အသိဥာဏ်မရှိကြပေ။
ဝေဖန်သုံးသပ်နိုင်စွမ်း၊ တန်ဖိုးဖြတ် ဆန်းစစ်နိုင်စွမ်းနှင့် လွတ်လပ်စွာတွေးခေါ်နိုင်စွမ်းတို့သည်။ လူသားတို့၏ ထူးခြားသောဂုဏ်အင်္ဂါရပ်များ ဖြစ်ကြသည်။ တိရစ္ဆာန်များ တွင် ဗီဇအသိရှိပြီး အချို့ကိစ္စရပ်များ၌ ဘာသာစကားချို့တဲ့မှုကြောင့် လူ့ယဉ်ကျေးမှုနှင့် သဏ္ဍာန်မတူသည့် တိုင်အောင် တစ်မျိုးတစ်မည်သော ယဉ်ကျေးမှုတို့ အစပျိုးပေါ်ထွန်းလျက်ရှိကြောင်း တွေ့ရသည်။ ကျွန်ုပ်တို့ လေ့လာသိရှိခဲ့ရလောက် ဆိုလျှင် တိရစ္ဆာန်များသည် လူများကဲ့သို့ တွေးတောခြင်းနှင့် ထိရောက်စွာဆင်ခြင်သုံး သပ်ခြင်းတို့ကို မပြုလုပ်နိုင်ကြပေ။ သူတို့တွင် အသိဥာဏ်မရှိကြပေ။
နိုင်ငံရေး၊
ယဉ်ကျေးမှုနှင့် အသိဥာဏ်
နိုင်ငံရေးကို အာဏာနှင့် အုပ်ချုပ်စီရင်ပိုင်ခွင့် တို့အားဖြင့် အရိုးစင်းဆုံးနှင့် အခြေခံအကျဆုံး အဓိပ္ပါယ် သတ်မှန်နိုင်ပါသည်။ အလွန်ရှေးကျ၍ ရိုးစင်းလွန်းသော လူ့အသိုက်အ၀န်းတို့မှလွဲ၍ အခြားလူ့အဖွဲ့အစည်း အများစုတို့ ပါဝင်သော နိုင်ငံရေးအဖွဲ့အစည်းတစ်ခုသည် “နိုင်ငံတော်” တစ်ရပ်ကို ပိုင်ဆိုင်သည်။ “နိုင်ငံတော်” ဆိုသည်မှာ ဌာနတစ်ရပ်ဖြစ်၍-
(၁) ပုံမှန်အားဖြင့် တိကျစွာ သတ်မှတ်ထားသော ပိုင်နက်နယ်မြေတစ်ခုအတွင်းရှိ သက်ဆိုင်ရာလူ့အဖွဲ့အ စည်းတစ်ရပ်၏ အချုပ်အခြာအာဏာကို ပြိုင်ဖက်ကင်းမဲ့စွာ ပိုင်ဆိုင်သည်။ တစ်နည်းအားဖြင့် နိုင်ငံတော်သည် ပုံသေသတ်မှတ်ထားသော နယ်နိမိတ်များရှိသည့် နယ်မြေတစ်ခုအတွင်းတွင် နေထိုင်ကြသည့် လူသားအုပ်စု များကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။
(၂) သဘောတရားရေးရာအရ ဖြစ်စေ၊ အုပ်စုသဘောအရ ဖြစ်စေ၊ တူညီသောလူမှုရေး ဦးတည်ချက်အရ ဖြစ်စေ၊ သို့မဟုတ် ဘာသာရေးအရ ဖြစ်စေ၊ ၎င်း၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုသည် “တရားဝင်ကြောင်း” ထုတ်ဖော် ကြေငြာလေ့ရှိသည်။ တနည်းဆိုရသော် နိုင်ငံတော်တစ်ရပ်သည် ယင်းတွင်အာဏာသာမက တရား ၀င်အုပ်ချုပ်ပိုင်ခွင့် ပါရှိကြောင်း ထုတ်ဖော်ကြေငြာလေ့ရှိသည်။
ကျွန်ုပ်တို့သည် အလွန်အအခြေခံကျသော အဓိပ္ပါယ်သတ်မှတ်ချက် နှစ်ခုကို ဖွင့်ဆိုသတ်မှတ်ခဲ့ပြီး ဖြစ်သည်။ ယင်းတို့ကို ပြန်လည်ဖော်ပြရလျှင်-
(၁) လူဆိုသည်မှာ ဗီဇအသိ၊ ယဉ်ကျေးမှုနှင့် အသိဥာဏ်ဟူသည့် အဆင်သုံးဆင့်တို့အားဖြင့် ပြုမူကျင့်ကြံ နေထိုင်ကြသည့် သတ္တ၀ါများဖြစ်သည် ဆိုသည့် အဓိပ္ပါယ်သတ်မှတ်ချက်နှင့်
(၂) နိုင်ငံတော်ဆိုသည်မှာ နိုင်ငံရေးဌာနတစ်ရပ်ဖြစ်၍ အာဏာကိုကျင့်သုံးသည့်အပြင် ယင်း၌ တရားဝင် စီရင်အုပ်ချုပ်ပိုင်ခွင့် ပါရှိကြောင်း ထုတ်ဖော်ပြောဆိုလေ့ရှိသည် ဆိုသည့် အဓိပ္ပါယ်သတ်မှတ်ချက်များ ဖြစ်ကြ သည်။
သို့ဖြစ်လျှင် ကျွန်ုပ်တို့အနေဖြင့် နိုင်ငံရေးနှင့် လူ့သဘာဝကို မည်ကဲ့သို့ ဆပ်စပ်ပေးကြမည်နည်း။ ဆက်စပ်ကြည့်နိင်သော နည်းလမ်းတစ်ရပ်မှာ “ဒီမိုကရေစီနိုင်ငံရေး”သို့မဟုတ် “တပြေးညီသဘောဆောင်သည့် နိုင်ငံရေး” နှင့် “အာဏာရှင်နိုင်ငံရေး” သို့မဟုတ် “ထက်အောက် ဒေါင်လိုက် သဘောဆောင်သည့် နိုင်ငံရေး တို့အား ခွဲခြားရှုမြင်ခြင်းဖြစ်သည်။
“ဒီမိုကရေစီနိုင်ငံရေး” ဆိုသည်ကို လူသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး အခြေခံအားဖြင့် “တူညီမျှတ စွာ” ဆက်ဆံကြသည့် လူနေမှုဘ၀ တစ်ရပ်အဖြစ် အဓိပ္ပါယ်သတ်ဖွင့်ဆိုနိုင်ပါသည်။ “တပြေးညီ ဆက်ဆံရေး” ဟုဆိုထားသည့်အတိုင်း လူသားအချင်းချင်းတို့၏ ဆက်ဆံရေးသည် အခြေခံအားဖြင့် အပြန်အလှန်လေးစားမှု ရှိကြသည်။ လူတို့သည် တန်းတူသော အဆင့်အတန်းနှင့် ညီမျှသော အခွင့်အရေးတို့အား နိုင်ငံတော်က အာဏာဖြင့် ကာကွယ်စောင့်ရှောက်ပေးသည်။ ဤအချက်သည် လူ့အခွင့်အရေးနှင့် နိုင်ငံသား အခွင့်အရေးတို့၏ အခြေခံအုပ်မြစ်ဖြစ်သည်။ ယင်းကို နောင်လာမည့်အခန်းတွင် ဆွေးနွေးတင်ပြ သွားပါမည်။ ဆိုခဲ့သော ဒီမိုကရေ စီနည်းကျ လူ့အဖွဲ့အစည်းတစ်ရပ်တွင် လူတို့အား ၎င်းတို့၏ ဗီဇအသိနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို သာမက နိုင်ငံတော်၏ မူဝါဒများကို ဝေဖန်နိုင်စွမ်း၊ တန်ဖို့ဖြတ် သုံးသပ်နိုင်စွမ်းနှင့် လူ့အဖွဲ့အစည်း၏ ပြဿနာ ရပ်များကို ဖြေရှင်းနိုင်စွမ်း စသည်တို့ပါဝင်သည့် အသိဥာဏ်ကိုပါ အသုံးချရန် အားပေးခြင်းအားဖြင့် မိမိတို့၏ လူ့အအဖွဲ့အစည်းကို စီမံအုပ်ချုပ်သော နိုင်ငံရေးဘ၀တွင် ပါဝင်ဆောင်ရွက်ခွင့် ရစေသည်။
ဂရိတွေးခေါ်ပညာရှင် ပလေတို့ (Plato
၄၂၈-၃၄၈ဘီစီ)
ရေးသားခဲ့သော
ကျော်ကြားထင်ရှားလှသည့်
The
Republic အမည်ရှိ နိုင်ငံရေးအတွေးအခေါ် စာအုပ်တွင် ဒီမိုကရေစီနှင့် ပတ်သက်သော ရှုထောင့်တခုကို ယခုကဲ့သို့ ဖော်ပြထားလေသည်။
“ပထမဆုံးအနေဖြင့် ဒီမိုကိရေစီနိုင်ငံသားတို့သည် လွတ်လပ်ကြသည်။ လွတ်လပ်မှုနှင့် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်သည် နေရာအနှံ့တွင်ရှိသည်။ လူတိုင်းတွင် မိမိကြိုက်နှစ်သက်ရာကို မိမိလုပ်ပိုင်ခွင့်ရှိသည်”။
“မှန်ပါသည်။ ထိုအတိုင်းပင် ကျွန်ုပ်တို့ ကြားသိခဲ့ရသည်”။
“ဤသို့ဆိုလျင် လူတိုင်းသည် မိမိတို့၏ဘ၀ကို မိမိတို့ ကျေနပ်သလိုစီစဉ် ကြပေလိမ့်မည်။ ရလဒ်အား
ဖြင့်
အခြားသောအုပ်ချုပ်ပုံစနစ်များအောက်တွင် ရှိကြသော
လူပုဂ္ဂိုလ်တို့ထက်
ပိုမိုများပြားစုံလင်သော
ပုံသဏ္ဍာန်အသီးသီးတို့
ရှိနေခြင်းကြောင့်
ဤအရာအား အကောင်းဆုံးဟု ဆိုနိုင်ဖွယ်ရှိလေသည်။ ၀တ်စုံတစ်ခု တွင် အရောင်အသွေားမျိုးဆုံတို့ ပါဝင်ယှက်နွယ်နေခြင်းကို အမျိုးသမီးများနှင့် ကလေးများက ကြိုက်နှစ်သက် ကြသကဲ့သို့ လူများစုကလည်း ဒီမိုကရေစီအုပ်ချုပ်ပုံကို အကောင်းဆုံးဟု ယူဆကြပေလိမ့်မည်။” (Plato Republic : Book viii,
557)
ပလေတိုကိုယ်တိုင်မှာမူ ဒီမိုကရေစီကို အထူးတလည် မြတ်နိုးလှသူတစ်ဦး မဟုတ်ခဲ့ပါ။ ၎င်းသည် အတိုင်းထက်အလွန် ဥာဏ်အမြော်အမြင်ကြီးမားသော တွေးခေါ်ရှင် ရှင်ဘုရင်များ အုပ်ချုပ်သည့် နိုင်ငံတစ်နိုင်ငံ ၏ စနစ်ကျမှုနှင့် စည်းကမ်းသေ၀ပ်မှုတို့ကို ပို၍ နှစ်သက်သူဖြစ်သည်။ သို့ရာတွင် အထက်ပါကောင်နှုတ်ဖော်ပြ ချက်၌ အရေးကြီးသောအချက် တစ်ချက်ပါဝင်ပါသည်။ ၄င်းမှာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းများတွင် လူတို့သည် မိမိတို့ကိုယ်တိုင်နှင့် အခြားသူတို့၏ ကောင်းကျိုးအတွက် မိမိယုံကြည်ရာကို အသိဥာဏ်နှင့်ယှဉ်၍ ဆောင်ရွက် ခွင့်ရှိသောကြောင့် ၊ ဤလူ့အဖွဲ့အစည်းများသည် ကွဲပြားခြားနား၍ အရောင်အသွေးစုံလင်ကြသည် ဟူသော အချက်ဖြစ်သည် မည်သို့ဆိုစေ ပလေတိုသည် ဒီမိုကရေစီနိုင်ငံရေးကို အာဏာရှင် နိုင်ငံရေးထက် များစွာပို၍ နှစ်ခြိုက်ခဲ့ပါသည်။
အာဏာရှင်နိုင်ငံရေးတွင် လူသားတစ်စု၏ လူမှုဆက်ဆံရေးသည် အခြေခံအားဖြင့် ထက်အောက်ဒေါင် လိုက် တည်ရှိနေသည်ဟု ရိုးစင်းစွာ အဓိပ္ပါယ်သတ်မှတ်၍ ရနိုင်ပါသည်။ (ဤနေရာတွင် လူ့အသိုက်အ၀န်း ဟူသော ဝေါဟာရကိုသုံးရန် လက်တွန့်မိ၍ လူသားတစ်စုဟု သုံးနှုန်းရခြင်း ဖြစ်ပါသည်) နိုင်ငံရေးနှင် လူမှုရေး စဉ်ဆက်စနစ်အရ၊ အထက်လွှာမှ နိုင်ငံရေးနှင့် လူမှုရေးထိပ်ပိုင်း ပုဂ္ဂိုလ်များသည် စစ်ရေးအောင်မြင်မှု၊ စီးပွားရေး ဖွံ့ဖြိုးမှု၊ သူတို့ကိုယ်ပိုင်ဥစ္စာဓနနှင့် စည်းစိမ်ချမ်းသာတိုးပွားမှု စသည့် ရည်ရွယ်ချက်များ ပြည့်ဝစေရေး အတွက် အောက်လွှာမှ အဆင်နိမ့် ပဂ္ဂိုလ်များကို အသုံးချလေ့ရှိသည်။ ဤစနစ်အရ အောက်လွှာမှ ပုဂ္ဂိုလ်များ အသုံးချခံရသည် ဟုဆိုရာတွင်၊ နိုင်ငံတော်က သူတို့၏ အသိဥာဏ်ကို အသုံးချခွင့်မပေးဘဲ ဗီဇအသိအားဖြင့် သာ အထက်လွှာတို့၏ ယဉ်ကျေးမှုပုံစံနှင့်အညီ လှုပ်ရှားဆောင်ရွက်ကြရသည်ကို ဆိုလိုရင်းဖြစ်သည်။ သူတို့၌ ကိုယ်ပိုင်တွေးခေါ်ပိုင်ခွင့်နှင့် ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့်
ဟူ၍
မရှိ။ အကျိုးဆက်အားဖြင့် အသိဥာဏ်ပညာနှင့် ပတ်သက်လာသော အရာကိစ္စ
မှန်သမျှတို့ကို မိမိတို့၏
အထက်မှ ပုဂ္ဂိုလ်ကသာ စီမံဆောင်ရွက်လိမ့်မည်ဟု ယံကြည်လေ့ရှိသည့်အမေးအမြန်းမဲ့စွာအမိန့်နာခံတတ်သော နောက်လိုက်ကောင်းများ ပေါ်ထွန်းလာခြင်းပင် ဖြစ်သည်။
မကြာသေးမီက ပုံနှိ့်ထုတ်ဝေခဲ့သော နိုင်ငံပြင်ပရောက် မြန်မာတစ်ဦး၏ စာတမ်းတစ်စောင်၌ ထက် အောက်ဒေါင်လိုက် (သို့မဟုတ်) အာဏာရှင်နိုင်ငံရေး၏ သရုပ်သကန်အကြောင်းကို ယခုကဲ့သို့ ထင်ရှားစွာ ဖော်ပြထားပါသည်။
“၂၀ ရာစုနှစ် ကုန်လုနီးပါးဖြစ်သော်လည်း မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၌ ထက်အောက်စဉ်ဆက် ရိုးရာလူမှုရေးစနစ်မှ ဆက်သက်လာသော အထက်လွှာ-အောက်လွှာ စိတ်ဓါတ်သည် နိုင်ငံရေးလောက တစ်ခုလုံးကို လွှမ်းမိုးထားဆဲ ဖြစ်သည်။ ထိုကဲ့သို့သော လူ့အဖွဲ့အစည်းများ သို့မဟုတ် ဂုဏ်းထူးဝိသေသ ခွဲခြားသည့် စနစ်များအောက်တွင် တန်းတူညီမျှသော လူတို့၏ နိုင်ငံတစ်ခုဖြစ်တည်ရန်
အခွင့်အလမ်း
မရှိသ လောက်ပင်။ လူတစ်ဦးတစ်ယောက်သည် အသက်အရဖြစ်စေ၊ ဆွေမျိုးတော်စပ်မှုအရဖြစ်စေ၊ လူမှုရေးအဆင့် အတန်းအရဖြစ်စေ၊ အာဏာပိုင်ဆိုင်မှုအရဖြစ်စေ၊ (ဗုဒ္ဓဘာသာဝင်ဖြစ်လျှင်) ပါရမီကံ ရင့်ကျက်မှုအရ ဖြစ်စေ ဆူကြုံနိမ့်မြင့် ရှိမည်သာ ဖြစ်သည်။
ဤအထက်လွှာ-အောက်လွှာ စိတ်ဓါတ်သည် နိုင်ငံရေးကိုလည်း အတိုင်းအတာတစ်စုံတစ်ခု အထိ လွှမ်းမိုး၍ ပုံသွင်းတတ်လေသည်။ ဥပမာအားဖြင့် ရာထူးနှင့် အာဏာရှိသော နိုင်ငံရေးသမားများကို သာမန် လူတို့ထက် မြင်ြ့မတ်သော အထက်လွှာစာရင်းဝင် ထိပ်တန်းပုဂ္ဂိုလ်များ အဖြစ် အလိုအလျောက် သတ်မှတ်ကြ သည်။ သို့ဖြစ်ရာ ခေါင်းဆောင်ဟူသည် ဘုန်းတန်ခိုး သြဇာ အာဏာ ရှိသည်သာမက ထူးခြားကောင်းမွန်သော ပါရမီ လည်းရှိသည်ဟု ယူဆခံရသည်။ အကျိုးဆက်အားဖြင့် ထိုခေါင်းဆောင် သည် မိဘအသွင်သို့ ရောက်ရှိလာကာ တန်ခိုးအာဏာရှိပြီး အနည်းငယ်မြင့်မြတ်ထူးခြား သူ ဖြစ် လာတော့သည်။ သာမန်လူတို့အနေ ဖြင့် ထိုပုဂ္ဂိုလ်ဦးဆောင်ရာနောက်သို့ ဆင်ကန်းတောတိုး လိုက်ရသည့် အပြင်၊ သူ့အား တနည်းနည်းဖြင့် ဝေဖန် ရှုတ်ချခြင်းမျိုးကို သော်လည်းကောင်း၊ အရိုအသေတန်အောင် ဆက်ဆံခြင်းမျိုးကိုလည်းကောင်း ပြုလုပ်ခွင့် မရှိတော့ပေ။
သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် တတိယကမ္ဘာ နိုင်ငံများတွင် နိုင်ငံရေးသမားများနှင့် ခေါင်းဆောင်များ သည် အဆင့်မြင့် လူသာများသဖွယ် ဖြစ်လာကြပြီး ဥရောပအလယ်ခေတ်မှာ မင်းမျိုးမင်းနွယ်များကဲ့သို့ အခွင့်ထူးရ လာကြသည်။ ၎င်းတို့အပါးတွင် အတွင်းရေးမှုးများ၊ လက်ထောက်များ၊ ကိုယ်ရံတော်များ၊ အစေခံများ၊ ကပ်ပါးရပ်ပါးများနှင့် ဖေါ်လံဖါးများ အမြဲတစေ ၀န်းရံလျက်ရှိသည်။ ထိုသို့ဝန်းရံနေသူများက လမ်းရှင်းပေးခြင်း ၊ ကမ်းလှမ်းပေးခြင်း၊ ကုလာထိုင်ဆွဲပေးခြင်းနှင့် သာမန်လူများကို ခေါင်းဆောင်၏ အနားမကပ်နိုင်အောင် သဟောက်သဟပြုခြင်း စသည်တို့ကို ယင်းခေါင်းဆောင် အိမ်တွင် နေ့စဉ်သော် လည်းကောင်း၊ ခရီးသွားလာစဉ် သော်လည်းကောင်း ပြုမူကြသည်။ ထူးခြားဆန်းပြားသော ၀တ်စုံကိုဝတ်ဆင်၍ဖြစ်စေ၊ ရတတ်သမျှ ဘွဲ့ထူး ဂုဏ်ထူးဆိုင်ရာ ရောင်စုံဖဲပြားတန်းများကို ရင်ဘတ်အပြည့် တပ်ဆင်၍ဖြစ်စေ၊ မိမိသာ အရေးကြီးသယောင် မော့မော့ကြွားကြွား လမ်းလျှောက်ကာ လေလုံးထွားနေတတ်သော အရေးကြီးပုဂ္ဂိုလ် (VIP) ဆိုသူများကို၊ သူတို့ အား ဖော်လံဖါးလျက် ရှိသည့် လက်အောက်ငယ်သားများ အကြား၌ တွေ့ရလေ့ရှိသည့်မြင်ကွင်းမှာ ရီစရာ ကောင်းလွန်းလှသည်။
ထိုကဲ့သို့သော အာဏာရှင်ဆန်ဆန် စိတ်ဓါတ်မျိုး၏ လွှမ်းမိုးချယ်လှယ်မှုအောက်မှ လွတ်မြောက်နိုင်ရေး သည် မြန်မာနိုင်ငံ၏ အခက်အခဲဆုံးသော နိုင်ငံရေးစိန်ခေါ်မှု တစ်ရပ်ပင်ဖြစ်သည်။ ဤစာတမ်းသည် အထက် ဖော်ပြပါ လွတ်မြောက်ရေးကို အရယူနိုင်မည့် နည်းလမ်းများကို ကြိုးစားဖော်ထုတ်၍ တင်ပြထားခြင်းမျှသာ ဖြစ်ပါသည်။ ထိုသို့ တင်ပြရာတွင် ဒီမိုကရေစီနိုင်ငံရေး၏ သဘောသဘာဝနှင့် ၀ိသေသလက္ခဏာတို့ကို အဓပ္ပါယ်သတ်မှတ် ရှင်းလင်းခြင်းအားဖြင့် တင်ပြသွားမည်ဖြစ်သည်။
ဆက်လက်ဖေါ်ပြပါမည်။
ကက်နက်အေ မက်ကေးရေးသား၍ ဒေါင်းညိုဘာသာပြန်ဆိုသော
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။
0 comments:
Post a Comment