Wednesday, September 7, 2011

"စိတ်ညစ်နေသော ဆော့ခရေတီးနှင့် ပျော်ရွှင်နေသော ၀က်တစ်ကောင်"

created the doc: "စိတ်ညစ်နေသော ဆော့ခရေတီးနှင့်...
Cloud Cuckoo Land created the doc:
မာရသွန် အပြေးသမားတို့၏ နှလုံးသည် ကြီး၏။ အသက်ရှည်တာ မတွေ့ရ။ လူသည် ပြေးသော သတ္တ၀ါ မဟုတ်၊ ဥပမာ မြင်းသည် ပြေးသော သတ္တ၀ါ ဖြစ်သည်။ လူသည် ၀သော သတ္တ၀ါ မဟုတ်။ (၀လျှင် ကျန်းမာရေးနှင့် မညီညွတ်) ၀က်သည် ၀သော သတ္တ၀ါ ဖြစ်သည်။ 
(သစ္စာနီ)
စာရေးဆရာ သစ္စာနီ၏ အဆိုအမိန့်များကို အကြွင်းမဲ့ လက်ခံ သဘောတူရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း အထူး တလည် ရှင်းပြဖို့ မလိုဟု ထင်ပါသည်။ သို့ရာတွင် အကြောင်း တိုက်ဆိုင်သည့် အခါ ဒဿန ဆန်ဆန် ပြောတတ်သော သူ၏ သဘော အယူတို့ကို မတူမျှသော်မှ သဘောကျ လိုက်ချင် သလိုလို ဖြစ်မိသည်ကို ရိုးရိုးပဲ ၀န်ခံလိုပါသည်။

“ကျွန်တော်ဟာ အင်မတန် ထူးခြားတဲ့သူပါ။ စားပွဲမှာ အလုပ်လုပ်နေရင်းကနေ ကျွန် တော့်ရှေ့က တီဗွီဇာတ်လမ်းကို ကြည့်လို့ရတယ်။ ဧည့်သည် ပြောနေတာကိုလည်း နား ထောင်လို့ ရတယ်။ တစ်ချိန်တည်းမှာပဲ ရုံးခန်း အပြင်ဘက်က ကျွန်တော့် အတွင်းရေးမှူး မလေး အတင်းအဖျင်း ပြောနေတာတွေကို စိတ်ဝင်တစား နား ထောင်လို့ရတယ်။ အာရုံတွေ ဖြန့်ကျက်ထားနိုင်အောင် ကျွန်တော်က လေ့ကျင့်ထားပြီး သား”

ပညာရပ် တစ်ခု၌ ကျွမ်းကျင် လိမ္မာခဲ့သဖြင့် အတော် အတန် အောင်မြင် ကျော်ကြား နေသော ကျွန်တော့် မိတ်ဆွေ ကြီးတစ်ဦးက သူ့ကိုယ်သူ အလေးအနက် ယုံကြည်မှုရှိ သော အမူအရာဖြင့် ပြောလိုက်သော အခါ ကျွန်တော်သည် ဆရာ သစ္စာနီကို ဖျတ်ခနဲ သတိရလိုက်မိပါသည်။ ဆုံလည် ကုလားထိုင်ပေါ်မှ သူ့ကိုယ်ခန္ဓာကို ကြည့်မိရာ သူသည် ၀က်တစ်ကောင်ကဲ့သို့ ၀ဖြီး မနေသဖြင့် ဇဝေဇ၀ါဖြစ်ခဲ့ ရပါသည်။

“အဲဒီ ငနဲနဲ့ ခင်ဗျားဖက် ဖြစ်မနေနဲ့။ ခင်ဗျားတို့ ကျုပ်တို့က ကိုယ့်သမိုင်း ကိုယ် ရေးခဲ့ ကြတာ။ အဲဒီငနဲက ဘာသမိုင်းမှ ရှိတာ မဟုတ်ဘူး။ ငွေက လွဲလို့ ဘာမှရှိတာ မဟုတ်ဘူး” ဟု ပြောခဲ့ဖူးသော နောင်တော်ကြီး တစ်ဦးမှာ အနည်းငယ်ဝဖိုင့် သည်ဟု ဆိုနိုင်သော သူတစ်ဦး ဖြစ်ပါသည်။ သို့သော် သူမကြာ မကြာ ပြောပြောနေတတ်သည့် သူ့သမိုင်းဆိုတာ မည်သည့် အရာကို ဆိုလိုကြောင်း ကျွန်တော် ကောင်းစွာ မသိပါ။ ကျွန်တော်သည်လည်း ကျွန်တော့် သမိုင်းကို ရေးပြီးသလား ဆိုတာ မသေချာပါ။ သို့ပေမယ့် ကျွန်တော့်ကို သူနှင့် ထပ်တူ ထား၍ အကောင်းပြောနေ သလိုလိုဖြစ်ခြင်းကြောင့် သူ ပြောလိုက်တာကို အကြောက်အကန် ငြင်းဆန်ဖို့ရာ မေ့လျော့ နေခဲ့ပါသည်။

လူဆိုသည်မှာ ကိုယ့်ကိုယ် ကိုယ် “ထင်” တစ်လုံးနှင့် နေတတ်သူချည်းဖြစ် လေသလား။ လူတို့သည် မိမိကိုယ်ကို ထင်တစ်လုံးနှင့် အသက်ရှူ ရှင် သန်ရင်းဘ၀ကို ကျေနပ်စွာ လောင်ကျွမ်း ပျော်ပိုက် နေကြသူများ ဖြစ်လေသလား။ စဉ်းစားစရာပဲ ဖြစ်ပါသည်။
_ _ _
“ဟုတ်လား အဲဒီ လုပ်ပိုင်ခွင့်ကို ကိုရင် ပိုင်တယ်လို့ ထင်တယ်လား။ ခုနေတော့ ကိုရင့် လက်မှတ် တစ်ချက်ကြောင့် လူတစ်ယောက်ရဲ့ ဘ၀အနိမ့် အမြင့်က ပြောင်းလဲသွားနိုင် တယ်။ မိသားစုတစ်စုရဲ့ အဆင်ပြေမှု မပြေမှုက ပြောင်းလဲ သွားနိုင်တယ်။ဒီတော့ အဲဒီလုပ်ပိုင် ခွင့်ကို ကိုရင်ပိုင်တယ်လို့ ထင်ဦးမှာပေါ့လေ။ ဒါပေမယ့် ကိုရင့်လက်မှတ်တစ်ချက်ဟာ ၁၅ ပြားတောင် မတန်တဲ့အခါမျိုး ရောက်တဲ့ အခါမှာတော့ အဲဒီလုပ်ပိုင်ခွင့်ကို ကိုရင်ပိုင် မပိုင် ဆန်းစစ် ကြည့်ဖို့ လိုမယ် လို့ ဆရာထင်တယ်”

အဲဒီလိုဆို ဆုံးမတတ်သော ဆရာကြီး တစ်ဦး၏ တပည့်ဖြစ်ခွင့် ရခဲ့ပါလျက် အငြိမ်းစား ယူခဲ့ပြီးသည့် သီတင်းကျွတ် ကာလများတွင် သူ့ထံ အရင်လို ပျားပန်းခပ်မျှ လာရောက် ကန်တော့ကြသူများ ဖယ်ခွာ စိမ်းကားသွားပြီ ဖြစ်ကြောင်း ၀မ်းနည်းစကား ဆိုသူကို ကရုဏာ သက်ရမည်လား၊ ဥပေက္ခာပြုရမည်လား မသိနိုင်တော့ပါချေ။

“ဒီမယ် စာရေးဆရာရဲ့။ ခင်ဗျား ၀တ္ထုရေးဖို့ အတွက် ကျုပ်ရဲ့ အတွေ့အကြုံတွေကို ပြောပြရဦးမယ် သိလား။ သိပ်ကို အံ့သြစရာ ကောင်းတယ်။ သိပ်ကို စိတ်ဝင်စား စရာကောင်းတယ်။ အဲဒါကိုသာ ခင်ဗျား ၀တ္ထုရေး နိုင်ရင် နိုင်ငံကျော်ကြီး ဖြစ်မှာ သေချာတယ်။ သိပ်ကို ကြီးကျယ် ခမ်းနားသွားမှာ သေချာတယ်”
ကျွန်တော် ၀တ္ထုလေးတွေ တောရေးတောင်ရေး ရေးဖြစ်ခဲ့စဉ်က သူတို့ ကိုယ်သူတို့ အတ္တဂူအိမ်ထဲ လောင်ကျွမ်း ပျော်ပိုက်ရုံဖြင့် အားမရနိုင်ပါ ဘဲ၊ထင်တစ်လုံးကို လူမြင်ကွင်း ထဲ ဆွဲဆွဲသွင်းလာပြီး အကြောက် အလန့် မရှိ ပြောတတ် ဆိုတတ်သူ တချို့နှင့် ကြုံခဲ့ ဖူးပါသည်။“ဟောဟိုမှာ စာရေး ဆရာ လာနေပြီ။ သူ့ရှေ့မှာ စကားဆင်ခြင်ပြောမှ။ သူက ကုန်ကြမ်း ရှာနေတာ။ ၀တ္ထုထဲ ထည့်ရေးလိုက်မှ ဟုတ်ပေ့ဖြစ် နေဦးမယ်” ဟု ပြောတတ်သူတို့လည်း ရှိခဲ့ပါသည်။

တချို့က ကျီစယ်ခြင်း သက်သက်မျှ ဖြစ်သည်။ တချို့ ကတော့ သူ့ကိုယ်သူ ထင်တစ်လုံးနှင့် ပြောခြင်းဖြစ်သည်။ သူ့အကြောင်း ရေးလိုက်လျှင်ပဲ ကမ္ဘာကျော်မည် ထင်တတ်သည်။ သူကြုံခဲ့ရသည်တို့ သာလျှင် အင်မတန် ခမ်းနားဆန်း ပြား၍ လူတကာက စိတ်ဝင်တစား ရှိမည် ထင်တတ်သည်။ ထင်ပေါ်လိုသော စိတ်အခံနှင့် စိတ်ပျက်စရာကောင်းလောက် အောင်နေ တတ်ပြောတတ်သူ များပဲ ဖြစ်ပါသည်။ ၀တ္ထုရေး ဆရာ တစ်ယောက်၏ “လိပ်ပြာ နိုးမှု” ဆိုတာကိုပင်စိုးစဉ်းမျှ ကြားခဲ့ဖူးပုံမရဘဲထင်ရာမြင်ရာ ပြောတတ်သူများပဲ ဖြစ်ပါသည်။

“ထင်တစ်လုံး” ဆိုသည် မှာ ရံဖန်ရံခါ သူတို့ တန်ဖိုး ထားသည့် နှုန်းစံတစ်ခုလည်း ဖြစ်နေတတ်ပါသည်။ “အဲဒီ ပုဂ္ဂိုလ်လေးက အထဲက ပြန် လာတာဆို” ဟူသော မေးခွန်း ကို “အလကားပါ ဒီငနဲက ခြောက်လလောက်နဲ့ ပြန်လာပြီး အကောင် လုပ်နေတာ” ဟု ဖြေသော သူတစ်ဦးကို တွေ့ဖူး သည်။ သူက ငါးနှစ်လောက် နေခဲ့ရသည်ဟု ကြားဖူးသည်။ သူ့အလိုအတိုင်း ဆိုပါက ကိုကိုး ကျွန်းမှာ လက်ပစ်ကူးခဲ့သူကို တွေ့လျှင်ပင် အိပ်ရာခေါင်းရင်း မှာ ချိတ်ဆွဲဖို့ ဓာတ်ပုံတစ်ပုံ တောင်းထားရတော့မလိုဖြစ် နေသည်။

တန်ဖိုးထားသည့် နှုန်းစံ မတူညီသူတို့ကို မိတ်ဖွဲ့ပေးမိ ခြင်းကြောင့် ကသိကအောက် ဖြစ်ရဖူးပုံကိုလည်း အလျဉ်း သင့်သဖြင့် ပြောပြချင်သေး သည်။
ကျွန်တော့်မှာ မိတ်ဆွေ အ၀န်းအ၀ိုင်း နှစ်ခုရှိသည်။ ဘယ်သူက ဘယ်ရာထူး အဆင့် ရောက်မှဟု တွက်ချက် ချိန်ဆ၍ “အရေးတယူပြု” တတ်သော ကော်လာဖြူ မိတ် ဆွေများနှင့် ဘယ်သူက ဘယ်လောက် ဖတ်ထားလို့ ဘာတွေ ရေးပြီးပြီလဲဟု တွက်ချက် ချိန်ဆ၍ “အရေးတယူပြု” တတ်သော စာသမား မိတ်ဆွေ များဖြစ်သည်။ အကြောင်း ကြုံကြိုက်၍ အဲသည်လို မိတ်ဆွေနှစ်ဦးကို မိတ်ဖွဲ့ပေးမိ သည့်အခါ ကော်လာဖြူမိတ် ဆွေကလည်း စုတ်တီးစုတ် ဖတ်နေသော စာသမားကို အပေါ်စီးမှ မှေးစင်းကြည့်သည်။ စာသမား မိတ်ဆွေကလည်း ကမ်နားသစ်ပင်ကို နန်းမ သုံးဆောင် ထင်နေသော ကော်လာ ဖြူကို အပေါ်စီးမှ မှေးစင်းကြည့် သည်။ “ဖုန်ထူသည့် ခြေထောက်နှင့် လှည်းလမ်းကြောင်း ပေါ်မှ နွားကျောင်း သားငယ်ပင်လျှင်လည်း၊ ဆင်စွယ် နန်းတော်ထက်မှ မဟာ ဧကရာဇ်ဘုရင်ကို မော်ကြည့် အံတုရဲသော မာန ရှိသည်သာ ဖြစ်၏”ဟူသော ငယ်စဉ်ဖတ်ဖူး သည့် စာတစ်ပုဒ်ကို သတိရ လိုက်ချင်စရာ ဖြစ်ပါသည်။
ဒိုင်အိုဂျနီး(စ်)နှင့် အလက်ဇန္ဒားသဂရိတ်တို့ တွေ့ ဆုံခန်းကို သတိရမိပါသည်။

ဒိုင်အိုဂျနီး(စ်)က ဂရိ
ခေတ် တွေးခေါ်ရှင် တစ်ဦးဖြစ်သည်။ အိုးမရှိ အိမ်မရှိ၊ ခြေသလုံး အိမ်တိုင်။ နေ့အခါ ဖိနပ် မပါ ခြေဗလာဖြင့် မီးအိမ် တစ်လုံးကို ကိုင်စွဲသွား လာတတ်သူ။ ညဥ့်အခါ စည်ပိုင်းထဲဝင် အိပ်တတ်သူ။ “အရစ္စတိုတယ်က ရှင်ဘုရင် အလိုရှိတဲ့ အချိန် နံနက်စာ စားတယ်။ ဒိုင်အို ဂျနီး(စ်)ကတော့ သူအလို ရှိတဲ့ အချိန်သူ စားတယ်” ဟု ပြောခဲ့ သူ ဖြစ်သည်။

တစ်ခါသော် မက်ဆီဒိုးနီး ယား ဘုရင် အလက်ဇန္ဒားသ ဂရိတ်နှင့် ဒိုင်အိုဂျနီး(စ်)တို့ တွေ့သည်။
“ကျွန်ုပ် အလက်ဇန္ဒားပါ၊ (The Great)လို့ တွဲခေါ်လေ့ ရှိတယ်”

“ကျွန်ုပ် ဒိုင်အိုဂျနီး(စ်)ပါ၊ (The Dog) လို့ တွဲခေါ်လေ့ ရှိတယ်”

အပြန်အလှန် မိတ်ဆွေဖွဲ့ ပြီးသကာလ၊ အလက်ဇန္ဒား ဘုရင်က ဆုတော်လာဘ်တော် ချီးမြှင့်လိုသော သဘောဖြင့် “မိမိထံမှ အလိုရှိရာ တောင်း ခံပါ” ဟု ပြောလိုက်သော အခါ နေပူစာ လှုံနေသော ဒိုင်အို ဂျနီး(စ်)က“ဟုတ်ကဲ့၊ နေရောင် ကွယ်နေလို့ ဘေးဖယ်ပေးပါ” ဟူ၍ တောင်းခံလိုက်သည်။ သို့သော် ပျိုရွယ်သော စစ်ဘုရင် အလက်ဇန္ဒား ဧကရာဇ်သည် ဒိုင်အိုဂျနီး(စ်)ထံ၌ နှစ်ခြိုက် ကျေနပ်ဖွယ်ရာ တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ထင်ရပါသည်။
“ငါအလက်ဇန္ဒား မလုပ် ခဲ့ရင် ဒိုင်အိုဂျနီး(စ်)လုပ်မှာပဲ” ဟု ပြောခဲ့သောကြောင့် ဖြစ်ပါ သည်။
_ _ _
“ပြောရရင် တစ်ဘ၀လုံး ကုန်မယ် သူ့တစ်ကိုယ်လုံးမှာ သူဝတ်လာတဲ့ အင်္ကျီပဲ ကောင်းတယ် ရှုမျှော်ခင်းတွေပါလို့မို့”

မောင်ချောနွယ်၏ ကဗျာ တစ်စက အမျိုးမျိုး အပြားပြားသော လူတို့၏ တန်ဖိုးသင့် တတ်သည့် နှုန်းစံတွေ ပေတံတွေကို မေးခွန်း ထုတ်လိုက် သကဲ့သို့ ထင်ရပါသည်။ ဓနဥစ္စာအားဖြင့်၊ ရာထူး စည်းစိမ်အားဖြင့် မျိုးရိုး ဂုဏ်သိမ်နှင့် ကျော်စောထင်ရှား ဂုဏ်ပကာသနအားဖြင့် အရေး ရောက်၍ ပေါက်မြောက်နေသူ တို့က “ငါနှင့်ငါသာ နှိုင်းစရာ” ဟု ဘ၀င် မြောက်ကာ၊ ကမ္ဘာ လောကကို မှေးစင်းရီဝေသော မျက်လုံးများဖြင့် စီးမိုးကြည့် နေဆဲမှာပင် အစဉ် ထာဝရ ဆိုတာ သင်္ခါရ အလိုပါဟူ၍ ဥာဏ်ပညာနှင့် စောကြောနိုင် သူတို့က သနား ကရုဏာသက် နေတတ်ပါသည်။

အေသင်မြို့ပြ နိုင်ငံများ ခေတ်က ပရမတ္ထတရားကို မယုံကြည်သော၊ ဆင်ခြင်တုံ တရားကို သွေဖည်သော၊ လူ သည် အမှားနှင့် အမှန်ကို နာခံ သေ၀ပ်ရန် မလိုဘဲ ကိုယ် ထင်ရာ ကိုယ်လုပ်ခွင့် ရှိသည်ဟု ယုံကြည်သော၊ ဆိုဖီဆရာ(Sophists) တို့၏ သြ၀ါဒကြောင့် ဂရိ လူ့အဖွဲ့ အစည်း ပျက်စီး ယိုယွင်းလာခဲ့သည်။ ထိုကာလ၌ပင် လူသည် ဆင်ခြင်တုံ တရားနှင့် ဥာဏ်ပညာကို နာခံသေ၀ပ်ရမည်ဖြစ်ကြောင်း၊ အမှန်တရားကို မြတ်နိုးအပ်၍ လူ့အဖွဲ့အစည်းအတွင်း ရိုင်း ပင်းစာနာသင့်ကြောင်း ပြောဟော ပို့ချသူတစ်ဦးပေါ် ပေါက် လာခဲ့သည်။

ဆော့ခရတ္တိပဲ ဖြစ်သည်။
“အို . . .အေသင်မြို့သားတို့၊ သင်တို့ သွားမည့် လမ်းက ရှင်လမ်း၊ ငါသွားမည့် လမ်းက သေလမ်း ဘယ်လမ်းက မြတ်သည်ဆိုတာ သင်တို့လည်း မသိ၊ ငါလည်း မသိ၊ အဂ္ဂဘုံသာ သိရော့မည်”
သူသည် ပြိန်းဖျင်းသော သူတို့ လက်ခံသည့် အယူဝါဒကို လက်မခံ ငြင်းဆန်ခဲ့ခြင်းကြောင့် အေသင်မြို့သား တရားသူကြီးတို့ ကမ်းလင့်သော အဆိပ်ခွက်ကို ကျေကျေ နပ်နပ်ကြီးကိုပဲ မော့သောက် ပစ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ လောကဆိုတာ ပါးစပ်ကြီးတွေနဲ့ တည်ဆောက်ခဲ့တာ မဟုတ်ကြောင်း အကောင်း ဆုံး သက်သေပြချက် တစ်ခု ဖြစ်မည်ထင်သည်။
_ _ _
ဒီမယ်၊ ကျောပြင်ခုံးခုံးနဲ့
တွင်းအောင်းနေတဲ့ အကောင်က
သင် . . .ငှက်လို့ ပြောတိုင်း မယုံဘူး
ကြက် (သို့မဟုတ်) ၀က်တစ် ကောင်ကလည်း
သူ့ကိုယ်သူ ငှက်လို့
ပြောနိုင်တာပဲ မဟုတ်လား။

ဤစာတမ်းငယ်ကို အဆုံး မသတ်မီ စာဖတ်သူကို တောင်းပန်စရာ နှစ်ခုရှိပါသည်။
တစ်ခုမှာ ကုန်လွန်ခဲ့သော နှစ်ကာလများက ရေးဖွဲ့ခဲ့သော ကျွန်တော်၏ ကဗျာတစ်စကို ထည့်သွင်း ဖော်ပြခဲ့ခြင်းနှင့် နောက်တစ်ခုမှာ ကိုယ့်ကိုယ် ကိုယ်ထင်တစ်လုံးနှင့် အိုင်ကျင်း ဖွဲ့ပျော်ပိုက်ကာ လောင်ကျွမ်းဖို့ အသင့်ပြင် နေသူတို့ အကြောင်းကိုသာပဲ ပြန်ပြောပြနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ စင်စစ်စိတ်ညစ် နေသော ဆော့ခရတ္တိကို လည်းကောင်း၊ ပျော်ရွှင်နေသော ဆော့ခရတ္တိကိုလည်း ကောင်း၊ ကျွန်တော် မတွေ့ မမြင်ခဲ့ရကြောင်း ပြန်ပြောပြဖို့ မလိုဘူး ထင်ပါသည်။
သူက နေရာတကာ တွေ့ ရတတ်သော သူမျိုး မဟုတ်ပါ။

Written by မောင်ရင့်မာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...