Saturday, September 17, 2011

ဧရာဝတီ မြစ်ဆုံဆည် ကိစ္စ သူတို့ ဘာတွေပြောကြသလဲ

by Lu Cifer on Sunday, September 18, 2011 at 1:22am
 
ဆောက်လုပ်ဆဲ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ နယ်ပယ် အသီးသီးမှ လူများ၏ ထပ်တူညီသော၊ ကွဲလွဲသော အမြင်များ၊ သဘောထားများကို ဧရာဝတီမဂ္ဂဇင်းက စုစည်းကောက်နုတ် တင်ပြခြင်း ဖြစ်ပါသည်။

(ဇေယျာသော်၊ ဟစ်ပ်ဟော့ပ် အဆိုတော်၊ နိုင်ငံရေးအကျဉ်းသားဟောင်း)



မြန်မာနိုင်ငံလို့ ဆိုလိုက်တိုင်းမှာ ဧရာဝတီဆိုတာ အမြဲတမ်းတွဲပြီး ပါလာခဲ့တာပါပဲ။ နိုင်ငံတွေ နိုင်ငံတွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေ ဆိုတာဟာလည်း ဟိုးသမိုင်း အစဉ်အဆက်ကိုပဲ ကြည့်ကြည့်၊ လက်ရှိအခြေအနေကိုပဲ ကြည့်ကြည့် အဓိက မြစ်ကြီးတွေ၊အဲဒီမြစ်ကြီးတွေရဲ့ မြစ်ဝှမ်းဒေသတွေ၊ အဲဒီနေရာကနေပဲ ယဉ်ကျေးမှုတွေ စတင်ပြီးပေါ်ပေါက်လာခဲ့တာပါ။


ဒီလိုပါပဲ မြန်မာနိုင်ငံနဲ့ ဧရာဝတီဆိုတဲ့ဟာကလည်း ဘယ်လိုမှကို ခွဲခြားလို့ မရပါဘူး။ ဒီမြစ်ကြီးစီးဆင်းနေသမျှ ကာလပတ်လုံး ကျနော်တို့ နိုင်ငံရဲ့ သွေးတွေကလည်း ဒီမြစ်ထဲမှာ စီးဆင်းလာသလို ခံစားခဲ့ကြရတာပါ။ အဲအတွက်ကြောင့် မို့လို့ နိုင်ငံကို ချစ်တာနဲ့ တူညီစွာနဲ့ပဲ ကျနော် ဧရာဝတီမြစ်ကိုချစ်ပါတယ်။ တန်ဖိုးထားပါတယ်။

(ဦးအုန်းကြိုင် ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်)

 

ဧရာဝတီ ဆိုတာဟာ မြန်မာနိုင်ငံရဲ့ အသက်ဖြစ်သလို တိုင်းရင်းသား လူမျိုးအားလုံးရဲ့ အသက်သွေးကျောလည်း ဖြစ်တယ်။ အဲဒီတော့ ဒါဟာ စွန့်စားဖို့ မကောင်းတဲ့ တချို့ကိစ္စတွေဟာ လူမျိုးရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်တယ်၊ လူမျိုးရဲ့ သင်္ကေတလည်း ဖြစ်တယ်။ ဒါဟာ အကျိုးအမြတ် တန်ဖိုးဖြတ်ဖို့ အတော်ခက်တဲ့ဟာ ဖြစ်ပါတယ်။

(ဦးဝင်းမျိုးသူ ၊ EcoDov. သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်အဖွဲ့၏ စီမံခန့်ခွဲမှု ဒါရိုက်တာ)

ကျနော့်ရဲ့ သီးခြား ပုဂ္ဂလိက အမြင်နဲ့ ပြောရရင် မြစ်ဆုံဆည် ဆက်ဆောက်မယ်လို့ ပြောတာကို ကျနော် လက်မခံ ဘူးပေါ့ဗျာ၊။ သို့သော်လည်းပဲ ဆောက်ပြီးသားဖြစ်နေတဲ့အတွက် ဒီအပေါ်မှာတော့ ၂ ဖက်မျှအောင် နောက်ပြီး စီးပွားရေးရာနဲ့ ပတ်ဝန်း ကျင်ရေးရာနဲ့ ဒီအပေါ်မှာ ၂ ခု မျှအောင် ထည့်သွင်းစဉ်းစားဖို့တော့ လိုပါတယ်။

(မောင်စိန်ဝင်း (ပုတီးကုန်း)၊ စာရေးဆရာ)



မြစ်ပျောက်ရင် တိုင်းပြည်ပါပျောက်မယ်၊ လူမျိုးပါပျောက်မယ်။ ဧရာဝတီမြစ်နဲ့ ပတ်သက်တဲ့ ကိစ္စက ပါတီနိုင်ငံရေးထက် မြင့်တဲ့ အမျိုးသားရေးကိစ္စလို့ မြင်တယ်။ တမျိုးသားလုံးနဲ့ ဆိုင်တယ်၊ လူတိုင်းနဲ့ ဆိုင်တယ်။

(လားရှိုးသိန်းအောင်၊ အဆိုတော်)



နှလုံးသွေးကြော ဖြတ်ပစ်လိုက်သလိုပဲ။ တိုင်းပြည်နဲ့ ပတ်သက်လာရင် ပြည်သူလူထုကို လစ်လျူရှုထားလို့ မဖြစ်ဘူး။ ရေကာတာ ဆောက်မယ်ဆိုရင် ကောင်း၊ မကောင်း ကြိုရှင်းပြသင့်တယ်။ အခုတော့ နောက်ကွယ်မှာ ဆုံးဖြတ်ပြီး အာဏာကို အလွဲသုံးစား လုပ်တယ်။

(ကိုကို (စက်မှုတက္ကသိုလ်)၊ CEO၊ Yangon Media Group )

ဧရာဝတီမြစ်ဆိုတာ ကျနော်တို့ တနိုင်ငံလုံးရဲ့ အသက်သွေးကြောဖြစ်တယ်။ ကျနော်က သတင်းစာသမားတယောက် ဖြစ်တဲ့အတွက် ဒီမြစ်ဆုံစီမံကိန်းက အကျိုးရှိလား၊ မရှိဘူးလားဆိုတာကို ကျနော်တို့ထက် ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ တွေ့ရှိချက်တွေကို ကိုးကားပြီး ပြောချင်ပါတယ်။ ဒီမြစ်ဆုံ စီမံကိန်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ ဆိုးကျိုး ရှိတယ်ဆိုတာကို ပညာရှင်တွေက တွေ့ရှိထားပါတယ်။

မြစ်ဆုံစီမံကိန်းဟာ ကောင်းတယ်လို့ ရေးထားတဲ့ ပညာရှင်တွေရဲ့ စာတမ်းတော့ ကျနော် တခုမှ မဖတ်ဖူးသေးဘူးဗျ။

အများစုက မကောင်းဘူးလို့ ပြောနေကြတဲ့အတွက် ပြည်သူတွေရဲ့ အသံတွေကို နားထောင်ပြီးမှပဲ ဆောင်ရွက်သင့်တယ်လို့ ကျနော်ထင်တယ်။ ဒီစီမံကိန်းက အရင် အစိုးရ လက်ထက်တည်းက ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ အခုအစိုးရကလည်း အရင်က တသွေး၊ တသံ၊ တမိန့်နဲ့ သွားနေတဲ့ တပ်မတော်အစိုးရကနေ ဒီမိုကရေစီ အစိုးရအဖြစ်နဲ့ သွားနေပြီဖြစ်ပါတယ်။ အများပြည်သူရဲ့ အသံကို နားထောင်ပြီး သွားရတဲ့ ခေတ်မှာတော့ ဒီစီမံကိန်း ရှေ့ဆက်တိုးဖို့ကို ပြည်သူတွေ၊ ပညာရှင်တွေရဲ့ အသံကို နားထောင်ပေးကြပါ။

(ဒုဗိုလ်ချုပ်ကြီး သိန်းဌေး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး)

ရေးအားလျှပ်စစ် ဓာတ်အားဟာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဖြစ်တာကြောင့် ကမ္ဘာက ကြိုဆိုလက်ခံတဲ့ Green energy  ဖြစ်တယ်။ မြစ်ဆုံစီမံကိန်းမှာ ဧရာဝတီမြစ်ရေရဲ့ ၇ ရာခိုင်နှုန်းပဲ သုံးမှာ ဖြစ်တဲ့အတွက် မြစ်ကြောင်း တိမ်ကောရေးအတွက် စိုးရိမ်ပူပန်စရာမလိုဘူး။ စက်မှုနိုင်ငံထူထောင်ရေးမှာ လျှပ်စစ်ဓာတ်အား မရှိမဖြစ် လိုအပ်တဲ့အတွက် ရေအားလျှပ်စစ် စီမံကိန်းများကို ဆောင်ရွက်နေရခြင်း ဖြစ်တယ်။
(စက်တင်ဘာ ၁၅ ရက်နေ့ မြန်မာ့အလင်း သတင်းစာမှ)

(ဒေါက်တာသန်းထွဋ်အောင်၊ CEO, Eleven Media Group )

ဒီမြစ်ဆုံကိစ္စက (၁) environment ရဲ့ issue တစ်ခုတည်းမဟုတ်ဘူး၊ (၂) ဒါဟာ political နိုင်ငံရေးပြသနာ political agenda တစ်ခုမဟုတ်ဘူး။ ဒီဟာဟာ အမျိုးသားရေးပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတကြီးအနေနဲ့ နိုင်ငံ့အကျိုး၊ ပြည်သူလူထုအကျိုးအတွက် ဒီပြဿနာကို တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းစေချင်ပါတယ်။
(Weekly Eleven ဝက်ဘ်ဆိုက်မှ)

(ဦးဇော်မင်း၊ အမှတ် ၁ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး)

ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်ပါမယ်။ ကျတော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။ အဲဒီတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေလို့ နောက်ဆုတ်မှာလားလို့ မေးခွန်းတခု မေးပါတယ်။ နောက်မဆုတ်ပါဘူး။
ဆက်လုပ်မှာ ဖြစ်ပါတယ်။ UN က ထပ်မံစစ်ဆေးဦးမှာလား၊ UN နဲ့ ဒီကိစ္စနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျနော်တို့နိုင်ငံနဲ့ပဲ ဆိုင်ပါတယ်။ ကျနော်တို့သည် ကျနော်တို့နိုင်ငံရဲ့ လျှပ်စစ်မီး ရရှိရေးဟာ ကျနော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား ဖြစ်ပါတယ်။ ဒီအမျိုးသား အကျိုးစီးပွားကို ဆက်ပြီးအောင်မြင်အောင် လုပ်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ လေ့လာခဲ့တဲ့ စီမံကိန်းဟာ Environmental အရရော၊ Tactically အရရော သေချာလေ့လာပြီးသား လုပ်တဲ့စီမံကိန်း ဖြစ်တဲ့အတွက် ကျနော်တို့ ဘယ်တော့မှ နောက်မဆုတ်ဘူး ဆက်လုပ်မှာ ဖြစ်ပါတယ်။ ရောဂါဆန်းဖြစ်နေတဲ့ ဟာတွေကို ရှင်းသွားအောင် ပြောတာ၊ ဆက်လုပ်မယ်။

(လူထုစိန်ဝင်း၊ သတင်းစာဆရာ)

မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရက အကျိုးအမြတ်ရလဒ်တွေကို တိတိကျကျ ပြည်သူကို ချမပြသရွေ့ ကျနော်ကတော့ ဒီစီမံကိန်း ဆက်လုပ်မှာကို ကန့်ကွက်တယ်။ ကျနော်တို့ကို ချပြပါ။ ချပြလို့ တကယ်အကျိုးရှိတယ်ဆိုရင် ကျနော်တို့ စဉ်းစားမယ်။ ထောက်ခံမယ် မပြောသေးဘူးနော်။ စဉ်းစားမယ်လို့ ပြောတာ။
(Weekly Eleven ဝက်ဘ်ဆိုက်မှ)

(ဦးညိုမောင် No၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် (BANCA) )

ဧရာဝတီမြစ်ဆုံ နဲ့ မြစ်ကြီးနားအထက် ရေကာတာစီမံကိန်းမှာ တရုတ်ပညာရှင်တွေနဲ့ အတူတူလုပ်ခဲ့တဲ့ မြန်မာပညာရှင် တယောက်အနေနဲ့ ချိန်ဆလိုက်တဲ့အခါမှာ ဒီမြစ်ဆုံမှာ ရေကာတာဆောက်တာက စီးပွားရေးအရကြည့်ရင် တွက်ခြေကိုက်ပေမဲ့ ပတ်ဝန်းကျင်အရ ကြည့်မယ်ဆိုရင်တော့ ဒီနေရာဟာ မလုပ်သင့်တဲ့ နေရာဖြစ်တယ်လို့ ကျနော်တို့ရဲ့  အစီရင်ခံစာမှာလည်း အတိအကျ ပြောထားပြီးသား ဖြစ်ပါတယ်။ ကျနော်တို့ report ထဲမှာ ပထမတချက် ဒီဟာက cultural heritage လို့ခေါ်တဲ့ ယဉ်ကျေးမှုအမွေအနှစ် နေရာဖြစ်တယ်။
ကချင်လူမျိုးတွေကလည်း သူတို့ရဲ့  မြစ်ဆုံဒေသကို သူတို့ရဲ့  heartland ဖြစ်တယ်လို့ တန်းဖိုးထားတဲ့အတွက် တစ်အချက် မလုပ်သင့်ပါဘူးလို့ ရေးထားပါတယ်။ နောက်တခုက ဘာလဲဆိုရင် environmental အရ ဒီနေရာကဆိုရင် ရှုခင်း landscape value ရှိတဲ့အတွက် ဒီဟာကို မလုပ်သင့်ပါဘူးလို့ ဒုတိယအချက်အနေနဲ့ ပြောထားပါတယ်။
နောက်တခုကတော့ မြစ်ဆုံကို လုပ်မယ့်အစား မြစ်ဆုံရဲ့  အပေါ်ဘက် မေခနဲ့ မလိခမှာ တခုစီ alternative နဲ့ လုပ်ပါလို့ အကြံပေးထားပါတယ်။ Sustainable development အတွက် ဆိုလို့ရှိရင် ဒီလိုကြီးမားတဲ့ dam ဟာ ဧရာဝတီမြစ်ဆုံမှာ မဆောက်သင့်ပါဘူးလို့ အတိအကျ ရေးထားတာ ဖြစ်ပါတယ်။
(VOA နှင့် အင်တာဗျူးမှ)

(ဟာဂျူလီ (ကသာ) ၊ ကာတွန်းဆရာ)



ကျနော်တို့က ဒီကိစ္စကို ကန့်ကွက်နေတယ်ဆိုတာ အမျိုးသားရေး တာဝန်တရပ်အနေနဲ့ ပြောတာ။ ဘယ်အစိုးရတက်တက် ဘယ်သူပဲဖြစ်ဖြစ် ပြောရမှာပဲ။

ကျနော်တို့ ကသာဆိုတာက ဧရာဝတီမြစ်ရဲ့ မြစ်ဖျား။ ဒီနေ့ မြစ်ကြီးနားရေကြီးရင် နောက်နေ့ ကသာရေကြီးမှာ။ ဒါပေမယ့် ဒီအကြောင်းတွေကို အထက်ပိုင်းက လူတွေက သေသေချာချာမသိဘူး။ ဒေသခံတွေကို ဒီထက် ပိုပြီးပညာပေးဖို့ လိုအပ်ပါတယ်။

လူသိများ ထင်ရှားတဲ့ အနုပညာရှင်တွေကနေ တဆင့် ပြောသင့်ပါတယ်။ ကျနော်ကတော့ အာဏာပိုင်တွေကို ဒီဆည်ကြီး ဆက်မဆောက်ဖို့ တောင်းပန်ချင်တယ်။ ပြီးတော့ ဒီလောက် ပျက်ဆီးဆုံးရှုံးမှုတွေ များမယ့် ကိစ္စမို့လို့ အမျိုးသားရေး တာဝန် တရပ်အနေနဲ့ လှုံ့ဆော်ကြတာကို နိုင်ငံရေးထဲ မသွပ်သွင်းပါနဲ့လို့ ပြောချင်တယ်။

ဧရာဝတီ
Friday, 16 September 2011 18:44

http://www.irrawaddy.org/bur/index.php/special/2011-09-15-05-37-50/7352-2011-09-16-11-48-19

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...