Saturday, September 17, 2011

အမျိုးသားပညာရေး [ဦးသန့် ]

by The River Club on Sunday, September 18, 2011 at 12:37am

[ဦးသန့် လက်ရွေးစင်စာများ]   ကြီးပွားရေး မဂ္ဂဇင်း၊ တွဲ ၉ မှတ် ၇ (သြဂုတ် ၁၉၄၁)
အမျိုးသားပညာရေး


 မည်သည့် အမှုကိစ္စ၌မဆို အကောင်းနှင့်အဆိုး ဒွန်တွဲလျက် ရှိကြပေသည်။ ခရစ်နှစ် ၁၉၂၀ - ပြည့်နှစ်တွင် တစ်ကြိမ်၊ ၁၉၃၆ - ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၃၈ - ခုနှစ်တွင် တစ်ကြိမ်ကျောင်းများကို သပိတ်မှောက်ကြခြင်း တွင်လည်း အကျိုးနှင့်အပြစ်တို့သည် ဒွန်တွဲလျက်ရှိကြပေသည်။ ရရှိသော အကျိုးတို့ကား (၁၉၂၀) ပြည့်နှစ် သပိတ်ပေါ်ပေါက်ပြီးနောက် မြန်မာပြည်အနှံ့အပြားပင် အမျိုးသားကျောင်းသားများ ပေါ်ပေါက်လာပြီးနောက် လူငယ်လူရွယ်တို့တွင် အမျိုးသားကျောင်းသားများ ပေါ်ပေါက်လာပြီးနောက် လူငယ်လူရွယ်တို့တွင် အမျိုးသားစိတ်ဓာတ်များ ပြုစုပျိုးထောင်ခဲ့နိုင်ကြပေသည်။
(၁၉၃၆) ခု သပိတ်၏ အကျိုးကား တက္ကသိုလ် ကျောင်းကြီးတွင် မည်သူတစ်ဦးတစ်ယောက်မှ ကြိုတင်ခန့်မှန်းချက်မရှိဘဲ မြန်မာကျောင်းအုပ်ကြီး ဦးစီး အုပ်ချုပ်ရခြင်းပင် ဖြစ်ပေသည်။ (၁၉၃၈) ခုနှစ်သပိတ်၏ အကျိုးကား တက္ကသိုလ် အုပ်ချုပ်ရေးဥပဒေသစ် ပေါ်ပေါက်လာ၍ တိုင်းသူပြည်သားများသည် တက္ကသိုလ်ကျောင်းများ အုပ်ချုပ်ရေးတွင် အရေးပါ အရာရောက်လာခြင်းပင် ဖြစ်ပေသည်။

အထက်ပါ သပိတ်ကိစ္စတို့၏ အပြစ်တို့သည်လည်း များပြားလှပေသည်။ သို့ရာတွင် ဤဆောင်းပါးတွင် နေရာရမည် မဟုတ်၍ မဖော်ပြပေတော့အံ့။ အထက်ပါ သပိတ်တို့အနက် ပထမသပိတ်သည် ဒုတိယနှင့် တတိယသပိတ်တို့၏ ရေသောက်မြစ်ဖြစ်သဖြင့် အရေးအကြီးဆုံးဟု ဆိုရပေမည်။ တစ်နည်းအားဖြင့်လည်း ပထမသပိတ် မပေါ်ပေါက်ခဲ့လျှင် ဒုတိယနှင့် တတိယ သပိတ်တို့၏ အကြောင်းတရားတို့သည်လည်း ပေါ်ပေါက်ပေမည် မဟုတ်ပေ။ ယခုဆောင်းပါးတွင် ပထမသပိတ် ပေါ်ပေါ်လာသဖြင့် ရရှိသော အကျိုးတရားဖြစ်သော အမျိုးသားပညာရေးကို စိစစ်ပါအံ့။ အမျိုးသားကျောင်းများ တည်ထောင်ဖွင့်လှစ်ခဲ့သည်မှာ ယခုအနှစ်(၂၀) တင်းတင်း ပြည့်ခဲ့ပေပြီ။ ထိုကာလအတောအတွင်း၌ အမျိုးသားပညာရေး၏ တိုးတက်ပုံ၊ သို့မဟုတ် ဆုတ်ယုတ်ပုံကို ချင့်ချိန်နှိုင်းဆရန် သင့်လျော်ပေလိမ့်မည်။

ပေါ်ပေါက်စက အမျိုးသားကျောင်းပေါင်း ၉၃ ကျောင်းရှိ၍ ကျောင်းသားပေါင်းနှစ်သောင်းနီးပါးရှိခဲ့လေသည်။ ယခုအခါတွင်မူကား ကျောင်းပေါင်း (၅၀) မျှရှိ၍ ကျောင်းသားပေါင်း တစ်သောင်းနီးပါးမျှသာ ရှိပေတော့သည်။ ထို့ကြောင့် အရေအတွက်ဖြင့် ကြည့်မူဆုတ်ယုတ်သည်ဟု ယူဆရပေမည်။ ထိုသို့ အရေအတွက်  ဆုတ်ယုတ်ရသော အကြောင်းအများအနက် အရေးအကြီးဆုံးအကြောင်းကား အစိုးရ အထောက်အပံ့ငွေကို လက်မခံခြင်းပင်ဖြစ်၏။ ပထမပေါ်ပေါက်သော အမျိုးသားကျောင်း (၉၀) ကျော်တို့ကို အမျိုးသားပညာရေးအဖွဲ့က အုပ်ချုပ်လာခဲ့ရာ သုံးနှစ်မျှကြာသောအခါ အမျိုးသားကျောင်းများအတွက် အစိုးရထံမှ အထောက်အပံ့ငွေရရန် အဖွဲ့ချုပ်က စီမံတောင်းခံလေသည်။

အချို့သော ကျောင်းများက အစိုးရထံမှ အထောက်အပံ့ငွေကို မယူလို။ ယူလိုက်လျှင် အစိုးရ၏ အအုပ်အချုပ်ကို ခံရ၍ အစိုးရပြဌာန်းချက်ကို လိုက်နာဆောင်ရွက်ရမည် ဖြစ်သောကြောင့် အစိုးရကျောင်းများ ဖြစ်သွားမည် စိုးရိမ်ပြီးလျှင် မယူလိုခြင်းပင် ဖြစ်ပေသည်။ သို့ရာတွင် များစွာသော အမျိုးသားကျောင်းတို့သည် အထောက်အပံ့ငွေကို ယူကြ၏။ ယူသောအကြောင်းကား ထိုအထောက်အပံ့ငွေမှာ တိုင်းပြည်၏ ငွေဖြစ်သည်။ ၎င်းငွေကို အစိုးရက သိမ်းထားရခြင်းမျှသာဖြစ်သည်။ မိမိတို့ရသင့်ရထိုက်သော ငွေဖြစ်သောကြောင့် မယူလျှင်နစ်နာခံရုံမျှသာ ဖြစ်ပေလိမ့်မည်ဟု ဆို၍ ယူရန် ဆုံးဖြတ်ကြလေသည်။

ထိုကဲ့သို့ အထောက်အပံ့ယူသော ကျောင်းနှင့် မယူသောကျောင်းဟူ၍ အမျိုးသားကျောင်းနှစ်မျိုး ကွဲပြားလျက်ရှိခဲ့ရာ များမကြာမီပင် မယူသော ကျောင်းများသည် အင်နှင့်အား မြားနှင့်လေး ဆိုသကဲ့သို့ တာဝန်ကကြီး ပစ္စည်းကနည်းလျက် ပျက်စီးကြရလေသည်။ အချို့မယူသော ကျောင်းများကား မပျက်စီးမီပင် အထောက်အပံ့ကို ရယူကြလေသည်။ ထိုသို့အထောက်အပံ့မယူဘဲ နေရခြင်းသည် အမျိုးသားကျောင်း အရေအတွက် ဆုတ်ယုတ်ခြင်း၏ အကြောင်းကြီး တစ်ရပ်ဖြစ်ပေသည်။ အထောက်အပံ့ရယူပုံမှာ ပထမနှစ် ကျောင်းသားတစ်ယောက်လျှင် တစ်နှစ်အတွက် ၁၅ - ကျပ်နှုန်း တွက်ပေး၏။ နောက်နှစ်များအတွက်မူကား အရှုံး၏ တစ်ဝက်ကို တွက်၍ ပေးပေသည်။ လွန်ခဲ့သော ၂ - နှစ် လောက်ကစ၍ အထောက်အပံ့ခံကျောင်းဟုသမျှ၏ အရှုံး၏ သုံးပုံနှစ်ပုံတွက်၍ ပေးပေသည်။ ထိုသို့တွက်၍ ပေးသဖြင့် အမျိုးသားကျောင်းတို့၏ ငွေရေးကြေးရေးမှာ ရှေးကထက် အနည်းငယ် သက်သာချောင်ချိလာသည်ဟု ဆိုရပေမည်။

သို့ရာတွင် ကျောင်းကော်မတီတို့၏ ငွေရေးကြေးရေး တာဝန်ကား အနည်းငယ်မျှသာ သက်သာရာရပေသည်။ ရှင်းဦးအံ့။ အမျိုးသား ကျောင်းတစ်ကျောင်းတွင် တစ်နှစ်အတွက် ကုန်ကျသော ငွေစုစုပေါင်းမှာ နှစ်သောင်းဖြစ်အံ့၊ ကျောင်းသားများထံမှရသော ကျောင်းလခသည် ရှစ်ထောင်ဖြစ်အံ့၊ ထိုကျောင်း၏ အရှုံးသည် တစ်သောင်းနှစ်ထောင် ဖြစ်ပေသည်။ ယခုအစိုးရထောက်ပံ့သောငွေမှာ ထိုအရှုံး၏ သုံးပုံနှစ်ပုံ (ဝါ) ရှစ်ထောင်ဖြစ်ပေသည်။ ကျန်သော လေးထောင်ကို ကျောင်းကော်မတီက ရှာကြံဖြည့်စွက်ရပေသည်။ အချို့သော ကျောင်းများ၌ လိုသောငွေကို ကျောင်းကော်မတီက လုံးဝ မစိုက်ထုတ်နိုင်သဖြင့် ဆရာများက သဒ္ဓါသ၍ ထည့်ဝင်လှူဒါန်းရပြန်သည်။ ဥပမာ လခယ တစ်ရာရသော ဆရာက ရှစ်ဆယ်လောက်ယူ၍ နှစ်ဆယ်ကို ကျောင်းသို့ လှူဒါန်းရလေသည်။ ရုရှားပြည်မှာကဲ့သို့ ပညာသင်ကြားရေးသည် အစိုးရ၏ တာဝန်လုံးလုံးဟူ၍ မယူဆသမျှ ကာလပတ်လုံး အထောက်အပံ့ခံ ကျောင်းများ၏ တည်တံ့ရေးသည် စိတ်မချရသေးပေ။

အမျိုးသားကျောင်းများသာ အစိုးရ၏ အထောက်အပံ့ငွေကို ယူသဖြင့် အစိုးရသည်မည်မျှ ချုပ်ချယ်နိုင်သနည်းဟူသော ပြဿနာပေါ်ပေါက်လာပေသည်။ ၁၉၃၂ -ခု မတ်လတွင် အမျိုးသားပညာရေးအဖွဲ့ချုပ်က အစိုးရထံသို့ ကျောင်းများအတွက် အထောက်အပံ့ငွေကို တောင်းဆိုခဲ့ရာ ထိုနှစ်ဧပြီလတွင် အစိုးရနှင့် အမျိုးသားပညာရေးအဖွဲ့ချုပ် ကိုယ်စားလှယ်တို့သည် မျက်နှာစုံညီစည်းဝေး၍ ကိစ္စအရပ်ရပ်တို့ကို ဆွေးနွေးကြပေ၏။ ထိုအစည်းအဝေးတွင် ပညာရေးဝန်ကြီးချုပ် ဦးမောင်ကြီးက နာယကပြုလျက် အမျိုးသားပညာရေးအဖွဲ့မှ ဦးဘဘေ၊ ဦးမောင်မောင်အုံးခိုင်နှင့် ဆရာဝန်ကြီးဦးဘရင် (နောက် ပညာရေးဝန်ကြီးချုပ်ဖြစ်သူ) တို့ ပါဝင်ဆွေးနွေးကြလေသည်။ ထိုဆွေးနွေးပွဲတွင် ကတိတစ်ခုကို ပြုလုပ်ကြရာ အောက်ပါ အရေးကြီးသော အချက်များ ပါဝင်ပါသည်။

  • ၁။ ကျောင်းများအတွက် ပြဌာန်းထားသော ပညာရေးဥပဒေများကို နှစ်ဖက်သဘောကျ ပြင်တင်ညှိနှိုင်း၍ ထုတ်ဝေရန်။
  • ၂။ အစိုးရက ပညာရေးအဆင့်အတန်းကို အနည်းဆုံး စည်းမျဉ်းသတ်မှတ်ပေးရန်။ ထိုအနည်းဆုံး စည်းမျဉ်းထက် မနိမ့်သော ပညာသင်ကြားရေးကို အမျိုးသားကျောင်းနှင့် အခြားကျောင်းများက လိုက်နာသင်ကြားနိုင်ရန်။
  • ၃။ အမျိုးသားကျောင်းများတွင် သင်ကြားရမည့် ပညာရပ်များကို အမျိုးသားပညာရေးအဖွဲ့က ရေးဆွဲသတ်မှတ်ပေးရမည်။
  • ၄။ အမျိုးသားကျောင်းများကို အမျိုးသားပညာရေးအဖွဲ့က အုပ်ချုပ်၍ ၎င်းအဖွဲ့ကသာလျှင် ပညာရေးဌာနနှင့် ဆက်သွယ်အလုပ်လုပ်ရန်။
  • ၅။ အထောက်အပံ့ခံယူလိုသော အမျိုးသားကျောင်းများသည် အမျိုးသားပညာရေးအဖွဲ့မှတစ်ဆင့် လျှောက်ထား၍ အစိုးရက ပေးသင့်မပေးသင့် ပညာရေးအရာရှိ တစ်ဦးတစ်ယောက်ကိုလွှတ် စစ်ဆေးရန်။
  • ၆။ အထောက်အပံ့ရသော ကျောင်းများသို့ ပထမနှစ်အတွက် ကျောင်းသားတစ်ယောက်လျှင် ၁၅ -ကျပ်နှုန်းတွက်၍ အထောက်အပံ့ပေးရန်၊ နောက်နှစ်များတွင် ဥပဒေက သတ်မှတ်ထားသော နှုန်းအတိုင်းပေးရန် (အရှုံးတစ်ဝက်ကို ဆိုလိုသည်)။
  • ၇။ အမျိုးသားကျောင်းများမှ ကျောင်းသားများကို အစိုးရစစ်သော အလယ်တန်းနှင့် အထက်တန်းစာမေးပွဲများတွင် ဝင်ရောက်ဖြေဆိုနိုင်ခွင့်ပြုရန်။
ထိုကဲ့သို့သော သဘောတူညီချက်အရ အမျိုးသားကျောင်းများကို တည်ထောင်လာခဲ့ပေသည်။ အမျိုးသားပညာရေးအဖွဲ့က ဆောင်ရွက်ချက်ဖြင့် အမျိုးသားကျောင်းများတွင် ဘာသာရေး တိုင်းရေးပြည်ရေးနှင့် အထူးမြန်မာစာ ဘာသာတို့ကို သင်ကြားနိုင်ပေသည်။ တိုင်းရေးပြည်ရေးမှလွဲ၍ အခြားဘာသာများကို ယခုအခါ အခြားကျောင်းများ၌လည်း သင်ကြားခွင့် ရကြပေပြီ။ တိုင်းရေးပြည်ရေးဘာသာမှာ ယခုထက်တိုင် အစိုးရကျောင်းများ၌ မသင်ကြားနိုင်သေးပေ။

အမျိုးသားကျောင်းများ ပေါ်ပေါက်လာ၍ ရရှိသော အခြားအခွင့်အရေးတစ်ခုမှာ အချိန်ကုန်နည်း၍ စရိတ်ကုန်သက်သာခြင်း ဖြစ်ပေသည်။ အခြားကျောင်းများတွင် ဆယ်နှစ်၊ ဆယ့်တစ်နှစ် သင်ကြားရသော အလယ်တန်းပညာကို အမျိုးသားကျောင်းများတွင် ငါးနှစ်၊ ခြောက်နှစ်၊ ခုနှစ်နှစ်မျှ သင်ကြားပေးနိုင်၏။ ယခုစာရေးသူ၏ ကျောင်းတွင် လေးနှစ်မျှသင်ကြားရုံနှင့် ဆယ်တန်းအောင်သော ကျောင်းသားများလည်း ရှိခဲ့ပေသည်။ အမျိုးသားပညာရေးအဖွဲ့၏ ဆောင်ရွက်ချက်ဖြင့် ယခုအခါ၌ အင်္ဂလိပ်မြန်မာ နှစ်ဘာသာသင်ကျောင်းများ၌ အင်္ဂလိပ်ဘာသာမှတစ်ပါး အခြားဘာသာတို့ကို မြန်မာဘာသာဖြင့် သင်ကြားခွင့် ရကြသည်။ ဤအချက်၌ မြန်မာဘာသာကို အရေးယူခြင်း၊ ပညာရပ်များကို အတက်မြန်ခြင်းစသော အကျိုးထူးများ ပေါ်ပေါက်လာပေသည်။

များမကြာမီ တက္ကသိုလ်၌ပင် အင်္ဂလိပ်ဘာသာမှလွဲ၍ အခြားဘာသာများကို မြန်မာဘာသာနှင့် သင်ကြားပေးနိုင်ရန် မျိုးချစ်ပုဂ္ဂိုလ်များက စီစဉ်နေသည်မှာ ဝမ်းမြောက်ဖွယ်ပင် ဖြစ်ပေသည်။ အမျိုးသားကျောင်းများအတွက် သင်ကြားသော စာအုပ်များကိုလည်း ပညာရေးအဖွဲ့က ပြဌာန်းပေးရသည်။ အခြားကျောင်းများမှာကဲ့သို့ ပညာမင်းကြီးက ပြဌာန်းပေးသည် မဟုတ်ပေ။ အထက်ပါ အကျိုးများထက် အဆရာထောင်မက ကြီးမားသော အကျိုးကား အမျိုးသားကျောင်းများသည် အမျိုးသားစိတ်ဓာတ်ပေးသော စက်ရုံကြီးများလည်း ဖြစ်ပေသည်။ အမျိုးသားကျောင်းထွက်များသည် အခြားကျောင်းထွက်များထက်သာသော အရာကား မျိုးချစ်စိတ်ရှိခြင်းပင်တည်း။ ဤကား အမှတ်တမဲ့ မသိနိုင်သော အကျိုးထူးကြီးဖြစ်၏။ ဝါတာလူးစစ်ပွဲကို အင်္ဂလိပ်တို့သည် (အီတန်) ကျောင်း ကစားကွင်းကြီး၌ နိုင်သည်ဟု ဆိုရိုးရှိ၏။

မြန်မာပြည်၏ လွတ်လပ်ရေးကိုလည်း အမျိုးသားကျောင်းများမှ အနိုင်ယူမည်ဟု ပြောစမှတ်ပြုကြရပေသည်။ အမျိုးသားကျောင်းများသည် မှန်းထားသလောက် ထူးထူးချွန်ချွန်မလုပ်နိုင်ကြခြင်းသည် ငွေကြောင့်ပင် ဖြစ်ပေသည်။ လောက၌ ငွေမရှိလျှင် လုပ်ချင်သလို မလုပ်နိုင်ပေ။ အမျိုးသားကျောင်းများကို အုပ်ချုပ်လျက်ရှိသော အမျိုးသားပညာရေး အဖွဲ့သည်လည်း ငွေရေးကြေးရေး မချောင်ချိလှ။ ထိုပညာရေးအဖွဲ့၏ ဝင်ငွေမှာ အမျိုးသားကျောင်းများမှ ကျောင်းသားဦးရေကိုလိုက်လျက် ရရှိသောငွေပင်ဖြစ်တော့သည်။ ယခုအခါ၌ ကျောင်းသားတစ်ယောက်လျှင် တစ်နှစ်လျှင် ၂-ကျပ်နှုန်းကျတွက်၍ ပညာရေးအဖွဲ့သို့ ပေးကြရ၏။ သို့ရာတွင် ထိုနှုန်းကိုမျှ မပေးသော ကျောင်းများလည်း ရှိပေသေးရာ အမျိုးသားပညာရေးအဖွဲ့သည် ကြီးစွာသော အခက်အခဲကို တွေ့ကြုံနေရပေသည်။

ထို့ကြောင့် အမျိုးသားပညာရေးအဖွဲ့ တည်တံ့မှုအတွက် ငွေရေးကြေးရေး ကိစ္စသည် အရေးအကြီးဆုံး ဖြစ်လာပေသည်။ သတ်မှတ်ထားသောနှုန်းကို မပေးသော ကျောင်းများအား အရေးယူရန် ကိစ္စမှာလည်း မလွယ်လှပေ။ ထိုသို့မပေးကျောင်းများအား ပညာရေးအဖွဲ့ချုပ်၏ အုပ်ချုပ်ခြင်မှ ရပ်စဲပါမည်လော။ ထို့သို့ပြုလုပ်လျှင်လည်း ကြမ်းလွန်းပေလိမ့်မည်။ အရေးယူရန် သင့်လျော်သော နည်းလမ်းများကို ယခုထက်ထိရှာဖွေ၍ မတွေ့ရသေးပေ။ အချို့သော ကျောင်းများမှာမူကား ပေးနိုင်လျက်နှင့် မပေးဘဲ ဇွတ်နေကြသည်။ ဤပြဿနာနှင့် အခြားအရေးကြီးသော အမျိုးသားပညာရေး ပြဿနာများကို နောက်လတွင် ဆက်လက်ဆွေးနွေးပါအံ့။

[ ဦးသန့်၏ ပြည်ရေးပြည်ရာ သင်ကြားနည်း နောက်ဆက်တင်ပါမည်]

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...