Saturday, September 17, 2011

တိုးဝါး

by Shey SarSo on Saturday, September 17, 2011 at 10:47pm
 
သူ့နာမည်ကို တိုးဝါးဟုခေါ်သည်။ ထိုနာမည်ကို ကျွန်တော် ပေးခဲ့ခြင်း ဖြစ်သည်။ ကျောင်းမှ နေ့လည်စာစားရန် အိမ်သို့ပြန်အရောက် မီးဖိုချောင်ထဲတွင် အမေ့နား စကားကပ်ပြောနေစဉ် သူ့ကို ကျွန်တော် တွေ့ခဲ့ရခြင်းဖြစ်သည်။ သူ့ကို မြင်တော့ အမေ့အား မေးကြည့်ရာ ဝန်းထဲတွင်နေသော မိဝါမွေးတဲ့ထဲက သူ့ကိုယူထားတာဟု ပြောသည်။ မိဝါဆိုသည်မှာ ဝန်းထဲတွင် နေထိုင်သော ခွေးမကြီး တစ်ကောင်ဖြစ်ပါသည်။ သူ့အဖေကိုတော့ ဝန်းထဲတွင် နေထိုင်သော ခွေးထီးကြီး ဂျော်ကီပင် ဖြစ်လိမ့်မည်ဟု ခန့်မှန်းရပါသည်။ သူ့ကို မြင်လျှင်မြင်ချင်းပဲ ကျွန်တော်တို့နောက်ဖက်အိမ်က သေသွားပြီဖြစ်သော ခွေးကြီး တိုးဝါးကို သတိရမိသဖြင့် တိုးဝါးဟု မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။
ကျွန်တော် ပေးသောနာမည်ကို တစ်အိမ်လုံး၊ တစ်ဝန်းလုံး ဝိုင်းခေါ်ခဲ့ကြသည်။ ထိုသို့ဖြင့် တိုးဝါးနှင့် ကျွန်တော်တို့ စတင် တွေ့ဆုံခဲ့ကြပါသည်။

တိုးဝါးသည် အဝါနှင့်အဖြူရောင် ရောစပ်ထားသော ခွေးထီးတစ်ကောင် ဖြစ်သည်။ သူ့အမေနှင့် အရောင်ဆင်သော တစ်ကောင်ထဲသော အကောင်လည်း ဖြစ်သည်။ တိုးဝါးတွင် ထူးခြားသော လက္ခဏတစ်ခုမှာ သူ့လက်ကလေးတွင် အတက်ပွားလေး ပါနေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အဖေက တစ်ခါတစ်ရံတွင် အတိတ်နမိတ်ကောင်းသော နာမည်လေးကို ပြောင်းခေါ်လေ့ရှိသည်။ အဖေခေါ်ခဲ့သော နာမည်သည် သူ့အား တိုးဝါးအစား တိုးပွားဟု ခေါ်ခြင်းပင်ဖြစ်သည်။ ကျွန်တော်ကတော့ တိုးဝါးသည် တိုးဝါးပင် ဖြစ်သောကြောင့် တိုးဝါးဟုပင် ခေါ်ဆိုခဲ့သည်။

တစ်ခါမှ တိရိတ္တန်မမွေးဖူးသော ကျွန်တော်တို့မှာ တိုးဝါးနှင့် အတော်ကို အလုပ်တွေ စရှုပ်ရပါတော့သည်။ ကျောင်းပြန်လာတိုင်း ကျွန်တော် တိုးဝါးနဲ့အတူတူ ဆော့ခဲ့သည်။ တိုးဝါးကို ကျွန်တော် လက်ကလေး နှစ်ဖက်စလုံး ပေးတတ်အောင် အချိန်ယူပြီး သင်ပေးခဲ့ရသည်။ ကျွန်တော့်ဘဝရဲ့ ပထမဆုံးသော ခွေးကလေး တိုးဝါးသည် တစ်ကယ်ကို လူစကား နားလည်သော ခွေးတစ်ကောင် ဖြစ်မှန်း မသိဖြစ်လို့လာခဲ့သည်ဟု ထင်ပါသည်။

သူ့ကို တစ်ကိုယ်ရေ သန့်ရှင်းမှုများကိုလည်း ငယ်စဉ်ကတည်းက သင်ပေးခဲ့ရသည်။ မဟုတ်လျှင် အခင်းလေး၊ အခင်းကြီးကို အစပိုင်းတွင် သူအဆင်ပြေသလို သွားတတ်သည်။ ထို့ကြောင့် သူ့ကို မသွားရဘူး၊ မလုပ်ရဘူး ဆိုပြီး အတန်တန် ပြောကာ သင်ပေးခဲ့ရဖူးသည်။ တိုးဝါးသည် သူ့စည်းကမ်းကို သူသိခဲ့ပါသည်။ နောင်တွင် ဘယ်တော့မှ သူ့ကိစ္စများကို အိမ်အတွင်းတွင် မဖြေရှင်းခဲ့တော့ပေ။

အချိန်ကာလတစ်ခုအကြာမှာတော့ ကျွန်တော်တို့ နေရာပြောင်းဖို့ ဖြစ်လာခဲ့သည်။ ကလေးသာသာလေးတာ ရှိသေးသော တိုးဝါးကို ကျွန်တော်တို့ နေရာပြောင်းတော့ နေရာသစ်ဆီကို ခေါ်ခဲ့ဖြစ်သည်။ ဒီလိုနဲ့ နေရာသစ်မှာ အကောင်ငယ်လေး တိုးဝါးကို ပတ်ဝန်းကျင်ကလည်း သိရှိလာခဲ့သည်။ အကောင်ငယ်သေးသော တိုးဝါးကို လမ်းထဲ နှစ်အိမ်ကျော်က ဘော်ဘီဆိုသော ခွေးစုတ်ဖွားကြီးက မကြာမကြာ အနိုင်ကျင့်ပါသည်။ ကျွန်တော်သည် ဘော်ဘီ့ရန်က တိုးဝါးအား မကြာခဏ ကာကွယ်ပေးခဲ့ရသည်။ နွေ၊မိုး၊ဆောင်း ရာသီတွေ ပြောင်းလဲလာမှုနဲ့အတူ အကောင်ငယ်လေး တိုးဝါးသည် အရွယ်ရောက်လို့လာခဲ့ပါသည်။

တိုးဝါးသည် ခွေးချော၊ ခွေးဖြောင့် တစ်ကောင်ပင်ဖြစ်သည်။ သူအရွယ်ရောက်လာသည့်တိုင်အောင် ကျွန်တော်နှင့်တော့အဆော့ မပြတ်ခဲ့ပါ။ အဝေးသို့ ပစ်လိုက်သော ပစ္စည်းကိုပြန်ယူလာတတ်အောင် သူ့ကိုသင်ပေးခဲ့သော ကျွန်တော်သည် ကျောင်းအားရက်တွေဆိုလျှင် ထိုကစားနည်းကို ကစားလေ့ ရှိနေမြဲဖြစ်သည်။ ပြီးတော့ သူ့အား လူတွေလို ကြာကြာရပ်နိုင်အောင် မုန့်ဖြင့် ခဏခဏမြားကာ လမ်းလျှောက်ဖြစ်အောင် လုပ်ပေးဖြစ်သေးသည်။ ထို့အပြင် ကျွန်တော်က သူ့လက်ကလေးနားကို တိုးလို့ ဘယ်လက်ပေးဟု ပြောလျှင် တိုးဝါးက အလိုက်သတိ ဘယ်လက်ကလေး ကမ်းပေးလေ့ရှိသလို၊ ကျွန်တော်က ညာလက်ပေးဟု ဆိုလျှင်လည်း တိုးဝါးက ညာဖက်လက်ကလေး ကမ်းပေးလေ့ရှိသော စကားနားထောင်သော သူငယ်ချင်းလေးဆိုလျှင်မမှား။

ကျွန်တော် တိုးဝါးကို ကိုယ်တိုင်ကိုယ်ကျ ကုန်းပေါ်တွင် ရေတစ်ခါသာ ချိုးပေးဖူးသည်။ ဒီ့အပြင် မှတ်မှတ်ရရ တစ်နေ့မှာ ကျွန်တော်တို့ မြစ်ဆိပ်မှာ ရေချိုးတော့ တိုးဝါးကို ခေါ်လာခဲ့ကြသည်။ တစ်ကယ်တမ်း တိုးဝါးက ရေမကြိုက်ပါ။ ဒါပေမယ့် ရေချိုးပေးချင်တာနဲ့ တိုးဝါးကို မြစ်ထဲ ပစ်ချလိုက်ပါသည်။ မြစ်ထဲတွင် ရောက်နေသော ကျွန်တော်သည် မြစ်ထဲတွင် တိုးဝါး ဘယ်လိုလုပ်မလဲဆိုတာကို စောင့်ကြည့်နေခဲ့မိပါသည်။ ထိုအချိန် မြစ်ထဲတွင် တိုးဝါးသည် ကမ်းဖက်တို့ ခေါင်းကလေး ဖော်ကာ လှုပ်တုပ်လှုပ်တုပ်ဖြင့် ကူးသွားခဲ့လေသည်။ သူရေကူးတာကိုလည်း ပထမဆုံး မြင်ဖူးလိုက်ချင်းပင် ဖြစ်သည်။ ခွေးကူးကူးနည်းဆိုတာကိုလည်း တိုးဝါးကူးနေသော ပုံစံကိုကြည့်ပြီး သိလိုက်ရသည်။ ကျွန်တော် ရေမကူးတတ်ခင်မှာပဲ တိုးဝါးက ရေကူးတတ်နေခဲ့လေသည်။

တိုးဝါးသည် အစားအသောက်ကိုလည်း အသားပါမှ စားချင်ပုံရသည်။ သူ့ကို မသိသလိုလေး အသားမပါပဲ ကျွေးကြည့်တိုင်း စားခွက်ကို သူကနမ်းကြည့်ပြီး အသားမပါလျှင် လှည့်ထွက်သွားခဲ့တာကြည့်ပင် ဖြစ်သည်။ ထို့အပြင် အလုပ်ရှုပ်လို့ ထမင်းမကျွေးမိသော ညမျိုးဆိုလျှင် သူကိုယ်တိုင် တောင်းစားတတ်သေးသည်။

ဥပမာတစ်ခု ပြန်ပြောရလျှင် တစ်ညမှာပေါ့ ကျွန်တော်တို့အားလုံး အိမ်အပေါ်ထက်တွင် TV ကြည့်နေကျစဉ် စေ့ထားသောတံခါးအား တိုးပြီး တိုးဝါး အပေါ်သို့တက်လာပါသည်။ တစ်ကယ်တမ်း တိုးဝါးကို အိမ်အပေါ်ထက်သို့ တက်ခွင့်မပြုထားပါ။ ဒါကို တိုးဝါးလည်း သိပါသည်။ ဒါကြောင့် တိုးဝါးသည် အကြောင်းမရှိပဲ တတ်လာလေ့မရှိပါ။ ထိုနေ့ကလည်း ထိုနည်းတူပင် တိုးဝါးအပေါ်ကို တက်လာပြီး  ကျွန်တော်တို့ဖက်ကို လာသလို လုပ်ပြီး လမ်းတစ်ဝက်မှာတင် ခေါင်းပြန်လှည့်ပြီး နောက်ဖက် ပြန်သွားလိုက်၊ တစ်ခါ ခေါင်း ပြန်လှည့်လို့ ရှေ့နားတိုးလာပြီး ခေါင်းကလေး ပြန်လှည့်ကာ နောက်ဖက်ပြန်သွားလိုက် လုပ်ကာ  ပါးစပ်ကလည်း တအီးအီး အသံပြူနေပါသည်။ လက်နဲ့မခေါ်နိုင်ရှာသော တိုးဝါးသည် ခေါင်းကိုအသုံးပြူလို့ အမူအရာပြဟန်ရှိသည်ကို သူဘာလုပ်သလဲ စစချင်းမှာ ကျွန်တော်တို့ သဘောမပေါက်ခဲ့ကြပါ။ နောက်မှ ကျွန်တော်တို့ ထမင်းမကျွေးရသေးဘူးဆိုတာကို သတိရမိတာ သိတော့ ချက်ချင်း သူ့နောက်လိုက်ဆင်းရတော့သည်။ နောင်တွင် သူအဲ့ဒီလို အမူအရာလုပ်နေပြီဆိုလျှင် ကျွန်တော်တို့ ထမင်းမကျွေးရသေးဘူးဆိုတာကို အလိုလို သဘောပေါက်နေကြခဲ့ပါသည်။

ကျွန်တော်သည် တိုးဝါးနှင့်ဆော့တိုင်း တိုးဝါးကို အမျိုးမျိုး စတတ်ပါသည်။ အထူးသဖြင့် တိုးဝါးမကြိုက်တတ်သော အပြုအမူတွေကို ပိုလုပ်တတ်ပါသည်။ တိုးဝါးသည် သူ့နှုတ်ခမ်း ပါးစပ်ကို ပိတ်ထားရင် လုံးဝမကြိုက်တတ်ပါ။ ခဏလောက် ပိတ်ရင်တော့ သူဘာမှ မဖြစ်ပါ။ အကြာကြီး ပိတ်ထားရင်တော့ သူရုန်းပါသည်။ ကြာရင်တော့ သူစိတ်တိုပါသည်။ အရမ်းအစလွန်သွားရင်တော့ သူပြန်ပြီး မာန်ဖီချင်တတ်သည်။ ထို့အပြင် ဗိုက်ကို ကလိထိုးရင်လည်း သူ လုံးဝမကြိုက်ပါ။

တစ်နေ့တွင် ကျွန်တော်သည် ခွေးကလေးလေးတစ်ကောင်ကို မွေးဖို့ အိမ်သို့ ယူလာခဲ့မိသည်။ ထိုခွေးလေးအား ညဖက်တွင် အစာကျွေးဖြစ်သည်။ တိုးဝါးက ဘယ်အချိန်ကတည်းက ကြည့်နေခဲ့သလဲ ကျွန်တော်မသိပါ။ အစာကျွေးချိန်မှာတော့ တိုးဝါးက မရတော့ပါ။ သူက ဟိုခွေးလေးကို မာန်မဲပါတော့သည်။ သူ့အမူအရာက အိမ်တွင် တစ်ခြားခွေးကို မွေးမြူခြင်းကို သူလက်မခံနိုင်ခြင်းပင်ဖြစ်သည်။ ထိုနေ့ညတွင်ပင် ထိုခွေးလေးအား နေရာဟောင်းသို့  ပြန်ပို့လိုက်ရသည်။ တိုးဝါး အလွန် သဝန်တိုတတ်ပါသည်။

ပျင်းတဲ့အခါတိုင်း တိုးဝါးနှင့် လမ်းပေါ်မှာ စလို့ ပြေးတမ်းလိုက်တမ်း ကစား ဖြစ်ပါသည်။ ကျွန်တော်လည်း စသလို၊ သူကလည်း စတတ်ပါသည်။ တစ်ခါတစ်ရံတွင်တော့ သူနှင့်အတူတူ သူ့လက်နှစ်ဖက်ကို အပေါ်ဆွဲတင်ကာ လူလို ခြေနှစ်ချောင်းပဲ ရပ်စေပြီး အတူတူ တွဲကကြပါသည်။ ထိုအခါမျိုးဆိုရင် လျှာလေး တစ်လစ် တစ်လစ်ဖြင့် ခေါင်းလေး ဟိုဖက်ကြည့်လိုက်၊ ဒီဖက်ကြည့်လိုက်လုပ်ကာ ကျွန်တော် ဆွဲခေါ်ရာ သူ့ခြေလှမ်းတွေ လိုက်လှမ်းလို့ ကနေသော သူ့ကို ကျွန်တော်ကြည့်လို့ ပျော်ရွှင်ခဲ့ရပါသည်။

ကျွန်တော်တို့ ရက်ရှည်ခရီးသွားပြီးလို့ ပြန်လာတိုင်း အပျော်ဆုံးသူမှာ တိုးဝါးများ ဖြစ်နေမလားဟု ထင်ရလောက်အောင် လူတွေထက် ပိုပြီး အူမြူးပြတတ်သူပင် ဖြစ်သည်။ ပြန်ရောက်လာတိုင်း လူကို ပြေးပြေးဖက်တတ်သည်။ လူပေါ်ကိုလည်း ခုန်ခုန်တတ်ပြီး လျှာဖြင့် လျက်သေးသည်။ ဒါ့အပြင် လူကို ပတ်ချာလည် အကြိမ်ကြိမ်ပတ်လို့ သွားလေရာ နောက်ကို လိုက်လာလေ့ရှိသူပင်ဖြစ်သည်။

အိမ်အပြင်မှာ အိပ်ရလေ့ရှိသော တိုးဝါး၏  အိပ်ယာဆိုသည်မှာ ဂွန်နီအိတ်အခင်းပင် ဖြစ်သည်။ ဆောင်းတွင်းဖက်တွင် အရမ်းချမ်းသောအခါ တိုးဝါးသည် မနေနိုင်တော့လို့ထင်သည် အိမ်တံခါးကို သူ့လက်ဖြင့် အခါခါ ပုတ်၊ ခြစ်ကာ ကျွန်တော်တို့ကို နိုးလေတော့သည်။ ထိုနောက်ပိုင်း ဆောင်းတွင်းဆိုလျှင် တိုးဝါးသည် အိမ်အတွင်းမှာ အိပ်ဖို့ ပါမစ်ရခဲ့သည်။

အရွယ်ရောက်လာပြီးသော တိုးဝါးသည် ဗမာပြည်က ခွေးတွေလို ခန္ဒာကိုယ် သေးသေးလေး မဟုတ်တော့ပါ။ အတော်ထွားလာခဲ့သည်။ လမ်းထဲတွင် ငယ်စဉ်က သူ့အား အနိုင်ကျင့်ခဲ့သော ဘော်ဘီသည် သူမာန်လိုက်ပြီ ဆိုတာနှင့် အမှီးကုတ်၊ ခေါင်းငုံ့နေခဲ့ရတော့သည်။ တိုးဝါးသည် ဖိုက်တာ ဖြစ်လာခဲ့သည်။ တိုးဝါးသည် ရပ်ကွက်ထဲတွင် ခွေး သုံး၊ လေးကောင်လောက်ကို အသာလေး ယှဉ်ကိုက်လာနိုင်ခဲ့သည်။ သူ့ဆိုရင် ခွေးတင်မဟုတ် လူတွေပါ ကြောက်လာရသည်။

ကျွန်တော်တို့ အိမ်ရှေ့တွင် ပုံမကျ၊ ပန်းမကျ မျက်စိနောက်စရာ ပုံစံဖြင့် ဖြတ်သွားလျှင် တိုးဝါးက ကိုက်ပြီးသားပင် ဖြစ်သည်။ ထိုအခါမျိုးဆိုရင် အိမ်က ဆေးဖိုး လိုက်ပေးရမြဲဖြစ်သည်။ သူကကိုက်ပြီးလျှင် သွားပုန်းနေတတ်သေးသည်။ သူ့ကို ဆူတော့မည်ဆိုတာ သိသောကြောင့် ဖြစ်သည်။ သူကကိုက်လိုက်၊ ဆေးဖိုးလိုက်ပေးရနှင့် တော်တော် ဆိုးပါသည်။ တစ်ခါ မှတ်မိသေး၏ ရှေ့ဖက်အိမ်က မောင်နှစ်မ သုံးယောက်ကို မနက်၊ နေ့လည်၊ ညနေ အချိန်ခွဲကာကိုက်ချလိုက်ခြင်းပင်ဖြစ်သည်။ အိမ်ကလည်း တစ်ရက်ထဲ သုံးကြိမ် ဆေးခန်းလိုက်ပို့ပေးလိုက်ရသည်။

ထိုသို့ခွင့်မလွတ်နိုင်လောက်အောင် ကိုက်တော့ တိုးဝါးကို ဆုံးမချင်မိသည်။ သူ့အား ရိုက်ရန်လိုက်ရှာလျှင် တော်တော်နှင့် မတွေ့တတ်ပါ။ တွေ့လို့ သူ့အပြစ်ကြီး အရမ်းမရှိပဲနဲ့ အရမ်းရိုက်လျှင်တော့ သူက စိတ်ဆိုးပါသည်။ ပြန်ပြီး မာန်ဖီတတ်ပါသည်။ ကျွန်တော့်ကိုလည်း သူကစိတ်ပြန်တိုတတ်သေးသည်။ တစ်ခါတစ်ခါ ပြန်ကိုက်ချင်သေးသည်။ သူဘယ်တော့မှ ဘာမှပြန်မလုပ်ရဲတာဆိုလို့ အဖေပဲ ရှိသည်။ သူက အဖေ့ကိုတော့ ဘာကြောင့်မှန်း မသိ ကြောက်တာလား၊ ရိုသေတာလားတော့မသိ၊ အဖေစိတ်ဆိုးလို့ ရိုက်လျှင်လည်း သူငုံ့ခံနေတတ်သည်။ ကျွန်တော်တောင် သူ့ကို အဲ့လို ဆုံးမလို့ မရခဲ့ပါ။

ထိုသို့သူ့အား ဆုံးမလိုက်လျှင် သူက အိမ်က သုံး ၊လေးရက်ထွက်သွားတတ်ပါသည်။ စိတ်မကောင်း ဖြစ်လို့လား၊ စိတ်တိုလို့လားတော့မသိပါ၊ သေချာတာကတော့ သူအိမ်ပြန်မလာပါ။ သူစိတ်ပြေလောက်တော့မှ အိမ်ပြန်လာတတ်ပါသည်။ ဒီလိုနှင့် လူတော်တော်များများ တိုးဝါးကို ပိုချစ်လာပါသည်။ တိုးဝါးရှိတော့ လမ်းလုံ၊ အိမ်လုံ ဖြစ်လာခဲ့ခြင်းပင်ဖြစ်သည်။ ထိုနည်းတူ လူတော်တော်များများလည်း တိုးဝါးအား မုန်းလာကြပါသည်။

ထို့ကြောင့် တိုးဝါးကို နည်းအမျိုးမျိုးဖြင့် သတ်ဖို့ကြိုးစားကြတော့သည်။ အထူးသဖြင့် အသားပေါ် အဆိပ်လူးပြီး ကျွေးသတ်ကြခြင်းပင်ဖြစ်သည်။ တိုးဝါးကလည်း လည်သည်ဟု ဆိုရမည်။ ဘယ်တော့မှ အဆိပ်ကျွေးပြီး သတ်လို့မရခဲ့ပါ။ ဒါကြောင့် တိုးဝါးအား ဓါးဖြင့် ခုတ်သတ်ကြပါသည်။ တစ်နေ့ တိုးဝါး သူ့ရဲ့ ချောမောတဲ့ မျက်နှာပေါ်မှာ အလျားလိုက် ဓါးခုတ်ခံထားရတဲ့ ဒဏ်ရာကြီးရယ်၊ ခန္ဒာကိုယ်ပေါ်မှာ၊ ခြေထောက်တွေမှာ ဓါးဒဏ်ရာဗလပွရယ်ဖြစ်ကာ သွေးသံရဲရဲ ဖြင့် အိမ်သို့ ပြန်လာခဲ့သည်။ သူ့ဘဝမှာ အကြီးကျယ်ဆုံး ဒဏ်ရာ ဒဏ်ချက်တွေပင် ဖြစ်သည်။ သူဘာတွေ ဖြစ်ခဲ့သလဲ၊ ဘယ်သူတွေ လုပ်လိုက်သလဲ။ ကျွန်တော့်တို့ မသိခဲ့ပါ။ သူ့ကို အကောင်းဆုံး ကုသပေးခဲ့ရသည်။

နောက်ပိုင်း ကျွန်တော်က အိမ်မှာ သိပ်မနေဖြစ်တော့ တိုးဝါးနှင့် သိပ်မတွေ့ဖြစ်တော့ပါ။ အိမ်ပြန်လာလို့ ကျွန်တော့်ကို တွေ့တဲ့အခါတိုင်းတော့ တိုးဝါးက ပျော်ရွှင်ဝမ်းသာစွာ အူလိုက်လှဲလိုက် ကြိုဆိုမြဲဖြစ်သည်။ တစ်နေ့ ကျွန်တော် အိမ်ပြန်လာချိန်မှာ ခါတိုင်းလို တိုးဝါး ထွက်လာကာ နှုတ်ဆက်တာ မတွေ့လို့ မေးချိန်မှာ.....သူတို့က ကျွန်တော့်ကို ပြောကြပါသည်။

"တိုးဝါးက သူသေရင် အိမ်ကလူတွေ စိတ်မကောင်းဖြစ်ကြမှာ သိလို့ထင်တယ် အိမ်ကထွက်သွားပြီးကတည်းက ပြန်မလာတော့ဘူး"

တိုးဝါးထွက်သွားချိန် ကျွန်တော် အိမ်မှာမရှိခဲ့ပါ။ နောက်ဆုံး သူထွက်သွားချိန်မှာ သူသိပ်နေမကောင်းဘူးဟု ပြောကြသည်။ သူထွက်သွားတော့မယ့်အချိန်မှာ ကျွန်တော့်ကို သူသတိရခဲ့ရဲ့လား။ သူ့နောက်ဆုံးအချိန်မှာ ဘယ်လိုနေခဲ့သလဲ။ ကျွန်တော်နဲ့ သူ့ရဲ့ ဆယ်နှစ်တာ သံယောဇဉ်ဆိုတာ ကျွန်တော့်ရင်မှာ တသက်စာ ကျန်နေခဲ့တယ်ဆိုတာကို သူ့ကို သိစေချင်သည်။ သူနဲ့အတူ ဖြတ်သန်းခဲ့ကြရသော အချိန်ကာလတစ်ခုမှာ မမေ့နိုင်တဲ့ အမှတ်တရတွေ၊ ပျော်ရွှင်စရာတွေ အများကြီး ရခဲ့ကြလို့ ကျွန်တော်အပါအဝင် မိသားစုဝင်အားလုံးက သူ့ကို ကျေးဇူးတင်ကြတယ်ဆိုတာ သူ့ကို ပြောပြချင်သေးသည်။

သံသရာတစ်ကွေ့မှာ တခဏသာ တွေ့ကြပေမယ့် ဘယ်ခါမှ မမေ့ပါဘူး တိုးဝါးရယ်လို့...

ရှေးစာဆို
(မှတ်ချက်။ ။ တိုးဝါး မရှိတော့တဲ့နောက်ပိုင်း ဘယ်သတ္တဝါမှာ ထပ်မမွေးဖြစ်တော့ပါ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...