Friday, September 16, 2011

ကျခြင်းဝိရောဓိ

by Ramanya Ravika on Tuesday, August 16, 2011 at 3:51am

          မကြာသေးခင်က UTube မှာ လက်ရှိနယူးယောက်မြို့တော်ဝန်က မျက်ကန်းပုံစံနဲ့ တီဗွီအစီအစဉ်တစ်ခုမှာ လူပြက်ဝင်လုပ်ပါတယ်။ အလစကာပြည်နယ်အုပ်ချုပ်ရေးမှူးကို အားကျလို့ ထင်ပါရဲ့။ ဒါပေမယ့် ပရိသတ်အတော်များများက သူ့ကို ထောမနာမပြုကြဘဲ အပြစ်တင်ကြသတဲ့။
          အလစကာပြည်နယ်အုပ်ချုပ်ရေးမှူး ဆာရာပေလင်းတုန်းက လူတွေ ဘာကြောင့် အကြိုက်တွေ့ကြ သလဲ။ သူ့ကိုကျတော့ ဘာကြောင့် မကြိုက်ကြသလဲ။ ဆာရာပေလင်းက မ၊ သူက ကျား ဖြစ်လို့လား။ အချိန်နဲ့အခါ အကြိုက်နဲ့အလိုက် ကွာလို့ပေါ့။

          ပြောလက်စစကားပြတ်သွားလို့။ အခုန နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး။ လူတွေကြိုက်ကြိုက်မကြိုက်ကြိုက် ကျုပ်တော့ ကြိုက်တယ်ဗျ။
          ဘာကြိုက်လဲဆိုတော့…ကျခြင်း။

          သူက မျက်စိမမြင်တော့ ကျခြင်းကိုလည်း မမြင်ပါ။ သူဒီလိုလုပ်လို့ သိက္ခာကျမယ်ကိုလည်း ကြိုမမြင်ပါ။ ဒီနှစ် အမေရိကန်စီးပွားရေးက အခြေအနေမကောင်းဘူး။ ကားကုမ္ပဏီ (၃)ခုကလည်း သူတောင်းစားတွေ ဖြစ်ကုန်တယ်။ သူတို့တောင်းတဲ့နေရာက ကွန်ဂရက်လွှတ်တော်၊ တောင်းတဲ့ပိုက်ဆံက ငါးပြားတစ်မတ် မထင်နဲ့။ ဒေါ်လာသန်းထောင်ချီ၊ အံမလေး…ဒီကောင်တွေ သူတောင်းစား ဖြစ်တာတောင် အဆင့်က မသေးပါလား။ ဒီကုမ္ပဏီ (၃)ခုသာ ပြုတ်သွားယင်တဲ့ အလုပ်သမား (၃)သန်းထက်မနည်း အလုပ်လက်မဲ့ ဖြစ်ကုန်မှာတဲ့။ စီးပွားရေးကလည်း အကျကြီးကျလို့။ အလုပ်လက်မဲ့နှုန်းကလည်း အတက်ကြီးတက်လို့။ အဲ…သူက မျက်စိမမြင်တဲ့လူမို့လို့ ဇယားကွက်ကို ပြောင်ပြန်ကိုင်တယ်။ ၂၀၀၈အလုပ်လက်မဲ့နှုန်းက ထိုးတက်ရမယ့်အစား အကျကြီးကျလို့။ ဒီလောက် လူတွေ အလုပ်ရှာမရလို့ ဒုက္ခရောက်ရတဲ့အထဲ သူက နောက်နိုင်သေးတယ်ဆိုပြီး အချို့ ရီရမယ့်အစား ဒေါသထွက်ကုန်ကြသတဲ့။
          အဲ…ဆရာနန္ဒာသိန်းဇံတပည့်ပီပီ ကျတိုင်း အဆိုးလား တွေးတတ်လာတယ်ဗျ။ သွေးပေါင်ကျတယ်ဆိုယင် မကောင်းတော့ဘူး။ အဲ…သွေးတိုးကျတယ်ဆိုယင် မကောင်းမဟုတ်တော့ဘူး။ အကောင်းဗျ။

          ငွေကြေးဖောင်းပွလို့ တန်ဖိုးကျယင် လူတွေ မဲ့ကုန်မယ်။ ကုန်ဈေးနှုန်းကျတယ်ဆိုယင် အားကီးပျော်တာပေါ့။ အမေရိကမှာ ဓာတ်ဆီတစ်ဂါလံ ၄.၁၀ ဒေါ်လာအထိ တက်တုန်းကဆို လူတွေငြီးလွန်းလို့ နားငြီးတယ်။ အခု တစ်ဂါလံ ၁.၄၈ ဒေါ်လာကျသွားတယ်။ စီးပွားရေးကျလို့ ဓာတ်ဆီဈေးကျတာကို အချို့ ဘယ်သိမလဲ။ ပျော်ကြတယ်လေ။
မြန်မာပြည် အဆင်းရဲဆုံးနိုင်ငံဆိုတာ ကုလသမဂ္ဂက ကြေညာလိုက်လို့သာ သိရတာဗျ။ တစ်ခါတလေ ကျုပ်က နအဖလေသံကို နားယောင်မိလို့လား မြန်မာပြည်ဆင်းရဲတယ်လို့တောင် မထင်ချင်ဘူး ဖြစ်နေတယ်။ နအဖသတင်းဌာနတွေက ကြေညာတယ်မလား။ မြန်မာပြည် မဆင်းရဲဘူးဆိုတာ လာကြည့် Come and See Myanmar တဲ့။ အလုပ်မလုပ်ဘဲ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့လူတွေ အများကြီးတဲ့။ ဟုတ်တာပေါ့…အမေရိကမှာ ဒီလို လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှ မရှိဘူး။ မြန်မာပြည်လို ဘယ်သူမှ မထိုင်နိုင်ဘူး။ ဒါဆို အမေရိက အတော့်ကို မွဲတာပဲ။
ကျုပ်တို့ ရန်ကုန်မှာ နေတုန်းက မြန်မာ့ယဉ်ကျေးမှုကို စောင့်ထိန်းသောအားဖြင့် လက်ဖက်ဆိုင်ထိုင်ခြင်းအမှုကို မပြတ်ပြုကြတယ်။ လက်ဖက်ရည်ဆိုင်ထိုင်ရင်း သစ်ရွက်ကြွေကျတာကို မြင်ပြီး ကျခြင်းဝိရောဓိကို အခြေပြုပြီးသကာလ ဆရာကြီးနန္ဒာသိန်းဇံက စာကြီးပေကြီးဖြစ်အောင် ရေးဖွဲ့နိုင်သေးတာပဲ။ တို့လို ဆရာတူတပည့် ဆိုပြီး အားကျမခံ လက်ဖက်ဆိုင်များများထိုင်လို့ စာသင်ခန်းထဲက အခဲမကြေခဲ့တဲ့ဝိရောဓိတွေကို ဆရာ့လေသံဖမ်းပြီး စစ်ခင်းကြရင်း မွန်းတည့်ရပေါင်းလည်း မနည်းခဲ့။

ဆရာကြီးနန္ဒာသိန်းဇံအကြောင်းကောင်းကောင်းမသိတဲ့လူတွေက ဆရာကြီးက အတွေးအခေါ်ဆရာမို့လို့ အတွေးအခေါ်ကောင်းတယ်လို့ ထင်နေကြတယ်။ အမှန်မတော့ ဆရာကြီးက လူညစ်….အဲ…ဆော်ရီး လူညှစ်ဗျ။ အရမ်းကပ်စေးနည်းတယ်သိလား။ သူက စာပြယင် ပြဿနာသုံးလေးမျိုးလောက် စာသင်ခန်းထဲ ပစ်ထည့်လိုက်တယ်။ လေလွင့်ခွေးတွေရဲ့ရပ်ကွက်ထဲကို မြို့တော်စည်ပင်က အမဲသားတုံးတွေပစ်ထည့်လိုက်ပြီး အဆုံးစီရင်တဲ့ပုံစံအတိုင်းပဲ။ ဘယ်တော့မှ ဖြေဆေးမပါတဲ့ ပုစ္ဆာတွေ။ ကျောင်းသားအချင်းချင်းကို ရန်တိုက်ပေးတယ်။ ကျောင်းသားတွေ ငြင်းနေကြတာကို မသိမသာ နားထောင်ပြီး ပညာကို ခိုးယူတာဗျ။ သူ့ဆီက ဘယ်တော့မှ မရဘူး။ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ခြေရိပ်ပဲ ပြပြီး ဘယ်တော့မှ မကန်တဲ့လူ။ အဲ…ကျောင်းသားတွေ ဆွေးနွေးတဲ့အထဲ သူလိုချင်တဲ့အချက်တွေ မပါဘူးဆိုယင် ညစ်တော့တာပဲ။ တစ်ယောက်ချင်းကို ညှစ်ထုတ်တာ။ တစ်ခါတလေ ဒီကျောင်းသားဆီက ရစရာရှိယင် သူ့ရုံးခန်းကိုတောင် ပြန်ပေးဆွဲပြီး အစ်ထုတ်တတ်တယ်။
တစ်ခါတုန်းက သူမေးတယ်။ ဗမာတွေ ဘာကြောင့် အမဲသားမစားကြတာလဲတဲ့။ အချို့က လယ်တီအဆိုကိုးကားလို့၊ အချို့ နယ်ချဲ့မကောင်းကြောင်းတွေ ပြောလို့၊ ကျောင်းသားတစ်ယောက်က သူလည်း စိတ်ပါဝင်စားလာတာနဲ့ ယုံကြည်ချက်အပြည့်နဲ့ ၀င်ဆွေးနွေးတယ်။
နွားတွေက လူသားတွေအတွက် ကျေးဇူးများလွန်းလို့ပါတဲ့။ ဗမာတွေက နွားကိုပဲ သုံးပြီး လယ်ကို ထွန်ယက်ရတယ်။ ကောက်တွေ သိမ်းရတယ်။ စပါးတွေ နယ်ရတယ်ပေါ့။
သူ့စကားဆုံးလို့မှ မပြီး ဆရာကြီးက ညစ်တော့တာပဲ။

ဒါဆို ဂျပန်မှာ လယ်ထွန်ဖို့ နွားမလိုတော့ဘူး။ နွားကျေးဇူးလည်း မရှိဘူး။ နွားကို အသားစားဖို့ပဲ မွေးထားတယ်။ ဆိုတော့ အမဲသားကို စားလို့ရတယ်။ အပြစ်လည်း မရှိတော့ဘူးဆိုတဲ့သဘောလား။ တပည့်ကျော်က ရောယောင်ပြီး ဟုတ်တယ်လို့ ဖြေလိုက်မိတော့ ပွဲကျသွားသေးတယ်။ (ကျုပ်ဆိုယင် ဂျပန်ကို မပြောတော့ဘူး။ Indiana Logansport က သားသတ်ရုံအကြောင်းပဲ ပြောမယ်။ ဆရာကြီးက ဒီနေရာကျတော့ တပည့်ကျော်ထက် ဒေသန္တရဗဟုသုတ ကျကျနနမသိတော့ ခေတ်နောက်ကျသွားပြီ ဟိဟိ။ အာဏာရှင်အစိုးရအလိုကျမဟုတ်လို့ နိုင်ငံခြားပညာတော်သင်စရင်းက ကျခဲ့တဲ့ အကျိုးဆက်ပေါ့)
လူကို ဆရာကြီးက အဲလိုဖမ်းတယ်။ အဲ…ဆရာကြီးအကြောင်း ပြောရင်းနဲ့ စကားက ဘယ်နားကျသွားလဲ မသိတော့ဘူး။ ကဲ ပြန်ကောက်မယ်…ကျတယ်ဆိုတဲ့ဝိရောဓိ။ အကျနာတယ်…အရက်နာကျတယ်…အသက်ကြီးတော့ လူက ကျလာပြီ။
ကျုပ်လည်း အခုတလော နာမည်ကျနေတယ်။ ဇာတာကျနေတယ်လို့လည်း လူတွေ ပြောနေကြတယ်။ အမေရိကန်စီးပွားရေးနဲ့အပြိုင် ဒီလို နာမည်စောက်ထိုးကျနေတဲ့အချိန်မှာ ဘာမှ မလုပ်နဲ့တဲ့။ (စီးပွားရေးကျလို့ အမေရိကန်အစိုးရက ဘာမှ မလုပ်ဘဲ မနေဘူးနော်) နာမည်ကျချိန် ရေငုံနှုတ်ပိတ်နေပါတဲ့။ ရုန်းလေ နစ်လေတဲ့။ နွံနစ်ယင် ရေတက်ချိန်စောင့်ပါ။ နိုင်ငံရေးဒီရေကျချိန် လုံးဝမလှုပ်ပါနဲ့တဲ့။ အော်..ဖြစ်နိုင်တယ်…ဒါကြောင့် တို့ဒေါ်စု ရေတက်ချိန်စောင့်နေလို့ ထင်တယ်…အခုထိ မရုန်းသေးဘူး အနှစ်နှစ်ဆယ်ကြာညောင်း…ဟောင်း…ဝေါင်း…ဂျောင်း။

ဟုတ်လောက်ပေတယ်။ အခုတလော ကျုပ်အပေါ် မေးခွန်းတွေ အများကြီး ကျနေတယ်ဗျ။
မင်းက မင့်အဖေဆီ လတိုင်း ပိုက်ဆံပို့ပေးနေတယ်…အဲဒါ ဘယ်ကပိုက်ဆံလဲ….
မင်းက ဟိုကလွှတ်လိုက်တဲ့ …….မဟုတ်လား….ဟဲဟဲ ရာထူးက ခပ်ကြီးကြီး။
အချို့က ၀င်ထောက်ခံတယ်။ ဟုတ်တယ် ကျုပ်တို့လည်း ဒီသတင်း ကြားရတာပဲ။ စာနဲ့တောင် ဖမ်းမိတယ်ဆိုပါလား။ သူ့အဖေ ဖျားနေတယ်မလား။ သူ့အဖေ ပိုက်ဆံလိုနေတယ်။ သူ့စီးပွားရေးကျနေတယ်။ အကျကို ကောက်ပြီး ခိုင်းစားခံနေရတာ။
မေးခွန်းပေါင်းများစွာ….လူပေါင်းများစွာ…စွပ်စွဲချက်တွေလည်း များစွာပေါ့။ ကပ်ရောဂါကျနေတဲ့အတိုင်း…ကာကွယ်ဆေးက မထိရောက်တော့။
ကျကို ကောက်ပြီး ခိုင်းစားနေတယ်ဆိုပါလား….
အောင်မယ် ဒီလူတွေ ရန်ကုန်က ခါးပိုက်နှိုက်တွေကျနေတာပဲ။ ကျုပ်အကျကို   သူတို့ပဲ ကောက်စားဖို့ ချောင်းနေကြပုံပဲ။ ဆင်လပြွတ်ဥအကျကို စောင့်နေသော မြေခွေးများကဲ့သို့တည်း။
အော်…အကျကျခြင်း…ကျဆုံး…ကျပမ်း…ကျပျောက်…ကျနော်…ဟဲဟဲ ဘယ်ဆိုးလို့တုန်း အကျများစွာ ထုတ်ပြနိုင်တာပဲ။

ပြီးတော့…လက်ပန်းကျတယ်။ လက်အတော်ကျနေပြီ။ ဒီကောင် လက်ကျတယ်ဗျ။ ပွဲကျကုန်တယ်။ ဒီဈေး လူကျတယ်။ ကြက်ပျံမကျ စည်ကားတယ်။ ဆေးကျရာ အရုပ်ဖြစ်။ ဒီပန်းချီကား လက်ကျလက်နကောင်းတယ်။ ဝေး….စာကြီးပေကြီးထဲမှာ စကားကျဆိုတာလည်း ရှိသပါ့။
အခု မင်းက လူကြမ်းဖြစ်နေပြီ။ မင်းက နေရာဝင်လုတယ်။ အကွက်ဆင်ပြီး ဂုံးချော်တယ်။ (ဝေးလေးလေး မောင်တို့ ၀ါး) ကျုပ်က တစ်ယောက်ယောက်ရဲ့နေရာကို ၀င်လုတယ်တဲ့။ လုမလုသတိပြုမိဖို့ ဒီဇာတ်လမ်းကို ကျကျနန ဖတ်ပါ။
ရန်ကုန်ဘတ်စ်ကား တိုးစီးဖူးလားခင်ဗျား။
ရုံးတက်ရုံးဆင်းချိန် လူကျချိန်ဆိုယင် အုတ်စီထားသလို လူက ပြည့်ကြပ်နေတတ်တယ်။
ကျုပ်တို့လို ကျပုဆိုယင် အပေါ်တန်းကိုလည်း လက်လှမ်းလို့မမှီ ကြမ်းပြားထိလည်း ခြေထောက်ကမကျ ဂွတော့ကျကုန်တာပေါ့။
ဒီလိုမျိုး လူကြပ်ချိန်မျိုးဆိုယင် ဂွင်သမားတွေအတွက် အိုကေမှာ အဆင်ပြေတယ်။ ရေလျှံလို့ ကန်ထဲကငါးကျချိန်ပေါ့။ ဒေါင့်ကောင်းကောင်းနဲ့မိန်းကလေးနားဆိုယင် အာဂယောင်္ကျားတွေက စုလို့ပြုံလို့။ အဲ…ထောက်လှန်ရေးတွေလည်း ပေါပါဘိသနဲ့။

မပြောကောင်းမဆိုကောင်း တစ်ခါတုန်းက ကျုပ်က မြို့ထဲကို ၀ါသနာအလျှောက် ကြံရာပါလို့ မစွပ်စွဲနဲ့နော် (နအဖသူလျှိုလို့ စွပ်စွဲယင် စိတ်ဆိုးချင်မှ စိတ်ဆိုးမှာ ဒီဟာလေး လာမထိနဲ့) ဘတ်စ်ကားကို စီးလို့သွား။ ကျုပ်ခန္ဓာကိုယ်အလေးချိန်က အဲဒီတုန်းက ရှိသမှ အလွန်ဆုံး ၉၆ ပေါင်ထဲရယ်။ ကျုပ်နားရပ်နေတဲ့လူကြီးက အမေရိကမှာ (Wrestling) ကျပမ်းဖမ်းပြီး မြန်မာပြည်ခဏအလည်ပြန်လာလားလို့ အောင်းမေ့ရတယ် အလေးချိန်က ၀က်ဆို အချိန်တစ်ရာမက ထွက်တယ် အနည်းဆုံး ပေါင် (၂၂၀)လောက်ရှိမယ်။ (စကားဆိုတာ နည်းနည်းပိုတတ်တယ်။ မလိုဘဲနဲ့ပိုသွားယင် ဒီအတွက် စည်းလုံးမှုကို ဖြိုခွဲသူအဖြစ် ကင်းပွန်းတပ်ပြီး သိမ်းဇရပ် အဲ ယောင်လို့ ထောင်ဇရပ်ထဲ ပစ်မထားပါနဲ့နော်။ ပေါင်ချိန်အကြောင်း ပြောရုံပါဗျာ။)
အဲ…ဒီလူရဲ့ရှေ့နားကဆိုယင် သေးသေးသွယ်သွယ် မော်ဒယ်ဂဲလ်လိုလို ဘာလိုလိုနဲ့ ကောင်မလေးတစ်ယောက်။ မယ်သီလရင်ဝတ်ပြီး ဆယ်ရက်စခန်းက ထွက်လာတာ ဘာမှမကြာသေးသလို ကိလေသာကုန်းခမ်း ရဟန္တာကျနေတာပဲ ဣနြေ္ဒအပြည့်နဲ့ပေါ့။
          ဘတ်စ်ကားဘီးလှုပ်လာရင်းနဲ့ လူတွေလည်း ခပ်လှုပ်လှုပ်ပေါ့။ သားကောင်သမင်မလေးတွေကို ရှာပုံတော်ဖွင့်ပြီ။ အလုပ်ကြီးအကိုင်ကြီး စပြီးလေ။ အချို့က ကောင်မလေးတွေနားကို မသိမသာ ကပ်ကြကုန်ပြီ။ စပယ်ယာလည်း မှတ်တိုင်တိုင်း ၀ါသနာပါယင် ထပြီးကလို့ရတယ်ဗျို့တဲ့။ တင်လိုက်တဲ့လူတွေ။ ကောင်မလေးတွေလည်း တစ်ယောက်ပြီးတစ်ယောက် ကားပေါ်တက်၊ လူအုပ်ကြားရောက်၊ အသံတိတ် ပျောက်။ အချို့ ချွေးတောင် ပြန်နေပြီ။ (Air Condition ကားဆိုပေမယ့် လေအေးစက်ပျက်နေလို့ပါ တစ်မျိုးမထင်ပါနဲ့။ စကားညှပ်)

          အဲ…လူတွေ သူ့နေရာနဲ့သူ နေရာကျကုန်တာနဲ့ လက်ကျတဲ့လူတွေက လုပ်ငန်းစပြီ။ ကားက နည်းနည်းပဲ လှုပ် သူတို့က အများကြီးလှုပ်၊ ကားက နည်းနည်းပဲ ရမ်း သူတို့က ထောက်လှမ်း၊ ကားက ဘရိတ်မအုပ်ဘဲနဲ့ ကောင်မလေးတွေကို ၀င်အုပ်ကုန်ပြီ။
          အဲတော့….ကိုယ့်အရွယ်ကိုလည်း ကြည့်ပါဦး၊ သင်္ချိုင်းရောက်နေပြီ။ သားသမီးချင်းမှ ကိုယ်ချင်းမစာနာတဲ့။
ဆတ်ဆတ်ထိမခံ ကောင်မလေးတစ်ယောက်၏အသံတည်း။
          အဖြစ်အပျက်ကား မြန်ဆန်လှပါဘိ။ ကျုပ်ဘေးနားက လူကြီးက သူ့ရှေ့က မိန်းကလေးကို မသိမသာမဟုတ်ဘဲနဲ့ ဟုန်မာန်ပြင်းစွာဖြင့် ၀င်အုပ်ခြင်းပေတည်း။
          ကောင်မလေးစကားလည်း ဆုံးရော ဟိုလူကြီးက ဘာလုပ်တယ်ထင်လဲ။ ကျုပ်ဘက် လှည့်လာတယ်ဗျို့။ အတော့်ကို အလိုမကျတဲ့၊ စိတ်ပျက်တဲ့ပုံစံနဲ့ အံမလေး ကျုပ်ကို ရပ်ဟောက်ကရောဗျာ (ထဟောက်တယ်လို့ ပြင်မဖတ်နဲ့။ ဟိုလူက ရပ်ပြီး ဟောက်တာ တကယ်ပါ)။
          ခင်ဗျားလည်း သိပ်မတိုးနဲ့လေဗျာ…..တဲ့။

အမလေးဗျာ ဗျာ…ဗျာ…ဇာတာကျလိုက်တဲ့ ကျုပ်။ ကျုပ်တိုးလို့ ဆင်လောက်ရှိတဲ့သူ့ခန္ဓာကိုယ်က ကောင်မလေးကို သွားပိရသလေဘာသလေ…ကောင်းလှင့်တည်း…ကောင်းလှင့်တည်း။
          ကျုပ်က ဇာတာကျနေပေမယ့် (နွံနစ်နေပေမယ့် ရေတက်ချိန်ကို စောင့်မနေနိုင်ပါ) ပြန်ပက်တယ်။
          ကျုပ်လား ဒီခန္ဓာကိုယ်နဲ့ ခင်ဗျားကို တိုးတာ။ ခင်ဗျား ဟိုဘက်တိုးချင်တာတောင် ကျုပ်က ဆွဲမထားနိုင်ဘူး…။
ဟိဟိ (ဟားဟားတော့ မဟုတ်) လူတွေ ပွဲကျကုန်ကြတယ်။ စောစောက အကြွေးလာတောင်တဲ့မျက်နှာထားနဲ့ ကောင်မလေးမှာလည်း အပြုံးဥက္ကာပျံတစ်ခု ဖြတ်ကနဲ ဖြတ်သန်းလင်းလက်သွားတာ တွေ့လိုက်ရတယ်။ ကျုပ်လည်း သူ့အပြုံးမြင်တာနဲ့ မနောအခွေ့ ရင်ထဲအတွေ့ စွေ့စွေ့ခုန်ကာ ပန်းနာရင်ကြပ်သလိပ်ကပ် ဟွပ်ဟွပ်ရောဂါ စွဲပါလေတော့သတည်း။
          ကိုင်း…ကျုပ်စကားကျကို ကောက်ပြီး ကျခြင်းဝိရောဓိကို အသင်စာဖတ်သူတို့ စားချင်သလိုစား ပေါင်းချင်သလိုပေါင်း နုတ်ချင်သလိုနုတ် မြှောက်ချင်သလိုမြှောက်ပါ။ ကျုပ်ဘာရည်ရွယ်တယ်ဆိုတာ စာဖတ်သူထဲက အနည်းဆုံးတစ်ယောက် သဘောပေါက်ပါတယ်။ (ဒါပေမယ့် ဒီတစ်ခါ ပြောင်းပြန်အနက်ကို ယူပါ)။

          ကျုပ်ကို လူကျပဲဆိုချင်ယင် ကျခြင်းဝိရောဓိကိုလည်း ရှင်းခဲ့ပါဦး။ ချလို့ကျတာလား။ ကျချင်လို့ကျတာလား။ အလိုလိုကျတာလား။ ပယောဂကြောင့် ကျတာလား။ ကျဆိုးလား ကျကောင်းလား။ ခွေးကျကျလား။ ကြောင်ကျကျလား။ မိုးကျရွှေကိုယ်လား။ ဇာတ်လမ်းမှာတော့ ဘယ်လိုပဲကျကျ ကျချင်သလိုကျ အများနဲ့တစ်ယောက် ချယင် အဲဒီတစ်ယောက်က မင်းသားပဲ။ ပစ်တိုင်းထောင်က ပစ်တိုင်းထောင်ပါပဲ။ နေသားကျနေပြီ။ အကျမတော်တာမရှိ။ ခေါင်းမရွှေ့ဘူး။ စိတ်ဓာတ်မကျဘူး။
ဖိတ်ခေါ်ပါရစေ…ကော်ဖီကျကျတစ်ခွက် သောက်ချင်ယင် လာခဲ့ဖို့ မမေ့ပါနဲ့။

(12/23/2008)တုန်းက ရေးခဲ့တဲ့ဆောင်းပါးပါ။

(ဆရာကြီးနန္ဒာသိန်းဇံအား ဤဆောင်းပါးဖြင့် ကျေးဇူးပြုပါ၏။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...