Tuesday, May 10, 2011

ပုခက်လွှဲတဲ့ လက်ပိုင်ရှင် အမေ

ရုတ်တရက်ပေါ့ ရင်ဘတ်ထဲမှာအနေခက်
ပျို့တက်လာမှုရဲ့ဒဏ် အမေ့ထံပါးရောက်ရှိ
အန်ကြည့်လိုက်တော့လည်း လေပဲပါ၊
အမေ့ဆီကို ကျွန်တော်လာတဲ့အကြောင်း
သတင်းလေးပေးတဲ့နေ့ကပေါ့။။။
အဖေနဲ့အတူ ဆေးခန်းကအပြန်
အမေ့မျက်နှာပြုံးနေဟန်က ကျွန်တော်မမြင်ရပေမယ့်
ခံစားသိနဲ့သာ သိခွင့်ရမယ်ဆို
တော်တော်ကိုလှမှာ သိနေပါတယ်။။။

ဒီလိုနဲ့ပေါ့ ဘယ်ဆီနေမှန်းမသိသေးတဲ့
ကျွန်တော့်ကို ဂရုစိုက်ရင်း အမေ့ရဲ့နေ့စဉ်နေထိုင်ခြင်းက
အရမ်း၊အရမ်းကို ကျဉ်းကျပ်ခဲ့ရတာလေ။။။
ငရုတ်သီးစပ်စပ်နဲ့ ငါးပိချက်လေးတစ်ခွက်
ရှေ့တည့်တည့်က ကတက်ချဉ်ရွက်နဲ့ တညင်းသီးပြုတ်စီးစီး
အမေတကယ်ကြီးကိုကြိုက်တာတွေ
ဗိုက်ထဲကကျွန်တော်အနေခက်မယ်တဲ့
အမေလေ...
လက်နဲ့တောင်မတို့မထိ သတိကြီးကြီးနဲ့ကိုရှောင်ခဲ့ရှာတာ။။။
အပူ၊အငံ၊အစပ်၊အခါး အခါခါရှောင်ရှားရင်း
ကိုးလလွယ်ပြီး၊ဆယ်လအပြည့်မှာ ကျွန်တော့်ကိုဖွားခဲ့
အမေ့ရဲ့နေ့ရက်တွေဟာ အင်ပါယာသခင်မလို
ကျွန်တော့်မျက်နှာမြင်ရရုံနဲ့ အရာရာပြည့်ဝခဲ့တယ်တဲ့။။။


အမေ့ရဲ့ဒုက္ခအိုးလေးကျွန်တော် မွေးကတည်းကဇာတိပြ
တော်တော်ကိုဆိုးခဲ့တာတဲ့လေ၊
ညညတွေမအိပ်ပဲအော်တဲ့ ကျွန်တော့်ကို
အမေဆိုဆိုပြတဲ့ ကြောင်ကြီးမြီးတံတိုက
ငိုသံတွေတိတ်ပြီး အိပ်စက်စေခဲ့တာပါ။။။
အမေဆိုတာ လက်ဦးဆရာတဲ့
ပတ်ဝန်းကျင်ဆိုးဆိုးမှာ ဆဲနည်းအမျိုးမျိုးကိုကြားနေရပေမယ့်
လျှာဖျားကိုထိုးတဲ့ အမေ့အပ်က
ကျွန်တော့်ပါးစပ်ကို ထိန်းချုပ်စေခဲ့တယ်။။။
အရွယ်ရောက်လာတဲ့ကျွန်တော် အသုံးမတတ်လို့
အမေ့ဆီကပြန်ပြန်ခိုးတတ်တဲ့ရက်တွေကိုလည်း
လက်နှစ်ဖက်ကို မှတ်လောက်အောင်ရိုက်ပြီး
မိုက်မဲတဲ့ကျွန်တော့်ရဲ့ အိမ်တွင်းသူခိုးဇာတ်
အမေကပဲအဆုံးသတ်ပေးခဲ့တာပါ။။။


အသေးအဖွဲဆိုတာမရှိ အရာရာကိုအလေးနက်ထားတဲ့
အမေ့ရဲ့သွန်သင်စည်းကြပ်မှုအောက်မှာ
ကျွန်တော်လူလားမြောက်ခဲ့ပါပြီအမေ။။။
အမေ့သွန်သင်မှုတွေနဲ့ ကြီးပြင်းခဲ့ရခြင်းဟာ
အလွန်ကြီးမားတဲ့ ကံကောင်းခြင်းလို့လည်း
ကျွန်တော်နားလည်နေခဲ့ပါပြီ။။။
အခြေစိမ်း၊အနေစိမ်းမှာ လေစိမ်းတွေပဲတိုက်တတ်တဲ့
လူစိမ်းတွေကြားမှာ အမေ့ရင်ခွင်ဆိုတာကို
ဘယ်လိုတမ်းတမှန်းမသိအောင်လည်း
တမ်းတတတ်နေခဲ့ပါပြီအမေ။။။
အမှန်အမှားတွေတိုင်းအတွက်လည်း
အမေကပဲထပ်တူခံစားပေးခဲ့၊
ဘယ်လိုလူက အမေ့ထက်ပေးဆပ်နိုင်မှာလဲ
သည်းသည်းကွဲကွဲကို သိခဲ့ပါပြီ။။။


လူမှန်ရင် ယုံကြည်ချက်ရှိရမယ်တဲ့
အမေ့နှုတ်ထွက်စကားနဲ့အညီ
ယုံကြည်ရာဆီ ရွက်လွှင့်ထွက်ရင်း
ဒဏ်ရာတွေကိုအကြိမ်ကြိမ် အားတင်းဖြတ်ကျော်နေဆဲမှာ
အမေဘာလို့သားကို ထာဝရခွဲထွက်သွားတာလဲအမေ။။။
လှေလှော်တုန်း တက်ကျိုးတာပါအမေ
လမ်းလျောက်ဆဲမှာ လမ်းပျောက်တာပါ၊
ကျွန်တော့်ဘဝအတွက်တော့
မြင့်မိုရ်တောင်မင်း တစ်ခြမ်းပြိုသွားတာပါအမေ။။။
ကျေးဇူးဆပ်ခြင်းကို အမေမခံယူခဲ့တာ
ကံကြမ္မာက ရက်စက်တာလား
ကျွန်တော့်ကံကပဲ ဆိုးနေတာလား
အခုထိကိုလည်း စဉ်းစားလို့မရသေးပါဘူး။။။
အမိမဲ့သား ရေနည်းငါးတဲ့
ကျွန်တော့်ရင်ထဲလည်း စိတ္တဇတစ်ခုစွဲထင်
ပျော်ရွှင်နေကြတဲ့ မိသားစုတွေကိုမြင်တိုင်း
အားငယ်စိတ်နဲ့ မျက်ရည်ဝိုင်း
အတိုင်းမသိတဲ့ ဝမ်းနည်းစိတ်တွေနဲ့
အကြည့်တွေကိုလွှဲဖယ် အလိုလိုမျက်နှာငယ်နေတတ်ပြီအမေ။။။
ဘယ်လိုပဲဖြစ်ဖြစ် အမေမျှော်လင့်တဲ့နေ့ရက်ဆီထိ
အားတင်းဖြတ်သန်းရင်း သားယုံကြည်တဲ့နေ့ရက်
အမေဖြစ်စေချင်ခဲ့တဲ့ အိပ်မက်ကို
အကောင်အထည်ဖော် ရုပ်လုံးတောင်တော်တော်ပေါ်ခဲ့ပါပြီအမေ။။။
နေ့စဉ်မပြတ် တမ်းတခြင်းနဲ့အတူ
အမေ့အတွက်ပြုတဲ့ ကုသိုလ်အဝဝ
အမေအမျှရမယ်လို့လည်း ယုံကြည်ပါတယ်၊
တရားနဲ့သာမွေ့လျော်၊ ဗုဒ္ဓရဲ့အဆုံးအမမှာပျော်တဲ့အမေ
ကောင်းမွန်မြင့်မြတ်တဲ့ဘဝမှာ ပျော်နေမယ်လို့လည်း
ယုံကြည်ပါတယ်အမေ။။။


အမေများနေ့တဲ့ အထိန်းအမှတ်တစ်ခုသတ်မှတ်
တစ်ကမ္ဘာလုံးက အမေတွေကိုပူဇော်တဲ့ရက်မြတ်မှာ
တစ်သက်တာလုံးအတွက် ဆပ်မကျေနိုင်တဲ့
ကျေးဇူးဂုဏ်အနန္တကို မှန်းဆ၊အာရုံပြုလို့
ကျွန်တော်ကလည်း ဦးခိုက်ပူဇော်မှုပြုပါတယ်အမေ။။။
ကျွန်တော့်ရဲ့အမေ ဘဝအသစ်မှာ ပျော်ပါစေ။။။
တစ်ကမ္ဘာလုံးကအမေတွေ ကျန်းမာပကတိ၊ချမ်းသာစွာရှိကြပါစေ။။။
ပုခက်လွှဲသော လက်ပိုင်ရှင်များအစွမ်းနဲ့
ကမ္ဘာတစ်ဝှမ်း အေးချမ်းကြပါစေ။။။။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...