ကျနော်တို့နဲ့အတူ စီးဆင်းနေသော ပင်လယ်များ
ကျနော်တို့နဲ့အတူ စီးဆင်းနေသော ပင်လယ်များ (နိုင်ကျော် - မေ ၉၊ ၂၀၁၁) [By John Glenn] “တခါတခါ မိခင်တယောက်ဟာ ကျနော့်မိခင်လည်း ဖြစ်နေသလို တပြိုင်နက်တည်းမှာ ခင်ဗျားတို့ရဲ့မိခင်လည်း ဖြစ်နေတတ်တယ်၊ ကိုဌေးကြွယ်ရဲ့အမေဟာ ကိုဌေးကြွယ်ရဲ့အမေဖြစ်သလို ကျနော်ရဲ့အမေလ...ည်း ဖြစ်တယ်။ ခင်ဗျားတို့ရဲ့အမေလည်းဖြစ်တယ်လို့ ကျနော် ခံစားရတယ်၊ ဒီသားသမီးတွေရဲ့မိခင်တွေဟာ သူတို့သားသမီးတွေနဲ့ထပ်တူ ဒုက္ခဆင်းရဲမှုတွေနဲ့ သောကတွေကို မျှဝေခံစားခဲ့ကြတယ်။
ခွေးဟောင်သံတွေအတွက် သူတို့သားတွေနဲ့အတူ ရင်တထိတ်ထိတ်နဲ့ အိပ်ရေးပျက်ခဲ့ဖူးကြတယ်၊ အိမ်ရှေ့မှာ ဆိုင်ကယ်တစီး ရုတ်တရက် ရပ်လိုက်ရင်၊ အရှိန်နဲ့မောင်းလာတဲ့ကားတစီး အိမ်ရှေ့မှာထိုးရပ်လိုက်ရင်၊ အချိန်မတော် တံခါးကိုဆွဲလှုပ်တာမျိုးခံရရင် အသက်ရှုရပ်မတတ် သူတို့သားတွေနဲ့အတူ ဖြစ်ခဲ့ဖူးကြတယ်။ တကယ်က သူတို့ကိုယ်တိုင်ဟာ သားသမီးတွေနဲ့အတူ ဒီမိုကရေစီရေးအတွက် ဝိုင်းတိုက်ပေးနေသူတွေ ဖြစ်ပါတယ်။ အမေ ဒေါ်မိမိလေးဟာလည်း ပြည်သူတွေရဲ့ လွတ်မြောက်ရေးအတွက် ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ အနစ်နာခံပြီး တိုက်ပွဲဝင်ရင်းနဲ့ ကွယ်လွန်သွားသူဖြစ်တယ်။ ဒါကြောင့် ဒေါ်မိမိလေးတယောက် ကောင်းရာသုခဘုံကိုရောက်ပြီး ကျနော်တို့ရဲ့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီရေးတိုက်ပွဲကို အားပေးထောက်ခံနေမယ်ဆိုတာ ကျနော် ယုံကြည်တယ်” လို့ နိဒါန်းပျိုးရင်း ကိုဌေးကြွယ်ရဲ့မိခင် ဒေါ်မိမိလေး ကွယ်လွန်ခြင်း ၇ ရက်ပြည့် ဆွမ်းကျွေးအပြီး စကားဝိုင်းကို စတင်ခဲ့ကြတယ်။ လူ ၂၀ လောက်ရှိတဲ့ ဒီစကားဝိုင်းမှာ အများစုက စစ်အုပ်စုရဲ့ အကျဉ်းထောင်ထဲမှာ နှစ်ရှည်လများနေလာခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့တတွေလည်း အမေတွေ၊ အဖေတွေ၊ အဘိုးတွေ၊ အဘွားတွေ သူတို့ ထောင်ထဲမှာရှိနေစဉ် ကွယ်လွန်တာကို ခံစားခဲ့ကြရသူတွေ ဖြစ်တယ်။ ကိုဌေးကြွယ်ဟာ အကျဉ်းထောင်ထဲမှာ ဆယ်စုနှစ်တခုခွဲလောက်နေခဲ့ရသူပါ။ ဒါ့အပြင် အကျဉ်းထောင်တွင်းမှာ ရောဂါဝေဒနာကို အပြင်းအထန်ခံစားရပြီး ပြင်ပဆေးရုံမှာ ခွဲစိတ်ကုသမှုခံခဲ့ရတယ်။ ဝမ်းဗိုက်တောက်လျှောက် အချက်ပေါင်း ၈၀ ကျော် ချုပ်ခဲ့ရတယ်။ ဒီလိုအခြေအနေတွေကို သွားရောက် ကြည့်ရှုအားပေးခဲ့တဲ့အမေ။ အကျဉ်းကျနေရုံမက ဝေဒနာကို မချိမဆန့်ခံစားနေရတဲ့ သားကိုမြင်ရတဲ့ အမေ။ ဘယ်လို ဖြေဆည်နိုင်ပါ့မလဲ၊ သမာဓိအား ကောင်းတယ်ဆိုဦးတော့။ ဒီအခြေအနေမျိုးကို ရင်ဆိုင်ရရင် အလွယ်တကူ ကျော်ဖြတ်နိုင်ပါ့မလား၊ ဒါပေမယ့် အဒေါ် ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ဒါဟာ တကယ့်ကို ဂုဏ်ယူစရာပါ။ ကိုဌေးကြွယ် ပြန်လွတ်လာတော့လည်း ကျန်းမာရေးမကောင်းပေမယ့် ထောင်နှုတ်ခမ်း နင်းပြီး ပြည်သူတွေအတွက် တစိုက်မတ်မတ် ဆက်လုပ်ခဲ့တယ်၊ ဒါကို အမေက နားလည်ပေးခဲ့ပြီး အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့တယ်။ ဘယ်အမေမဆို ၁၅ နှစ်လောက် ခွဲခွာနေခဲ့ရတဲ့သားကို နောက်တခါ ပြန်ခွဲချင်မယ် မဟုတ်ပေဘူး။ အမေဟာ ညသန်းခေါင်သလွှဲ ပြန်ရောက်လာမယ့် သားကို ငုတ်တုတ်ထိုင်စောင့်ခဲ့တဲ့ ရက်တွေများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့အပြင် သားရဲ့ သူငယ်ချင်းတွေကိုတောင် အိမ်ပြန်နောက်မကျစေဖို့ အကြိမ်ကြိမ်သတိပေးရှာတယ်။ ဒါဟာ အဲဒီလို သားသမီးတွေရဲ့ မိခင်တိုင်းမှာ ဖြစ်ပေါ်နေတတ်တဲ့ သောကတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သားတယောက်ကတော့ သန်းခေါင်ထက် ညဥ့်နက်ခဲ့သည့်တိုင် ပြန်မရောက်နိုင်တဲ့ အဖြစ်မျိုးကို ကြုံခဲ့ရပြန်ပါတယ်။ စစ်အုပ်စုက အငြိုးအတေးကြီးစွာ လိုက်လံဖမ်းဆီးနေတာကြောင့် ရှောင်တိမ်းနေခဲ့ရတယ်။ ရှောင်ရင်း တိမ်းရင်းနဲ့ပဲ သူ့ရဲဘော်တွေ၊ သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ချိတ်ဆက်လှုပ်ရှားခဲ့တယ်။ နအဖရဲ့ ထောက်လှမ်းရေးတွေနဲ့ သတင်းပေးတွေက ပိုက်စိပ်တိုက်ရှာဖွေနေတဲ့ နောက်ဆုံးတရက်မှာ အဖမ်းခံလိုက်ရတယ်။ “ငါ့သားလေး ဘေးလွတ်ပါစေ၊ လုံခြုံအေးချမ်းပါစေ၊ ငါ့သားရဲ့လုပ်ဖော်ကိုင်ဖက်တွေလည်း ဘေးလွတ်ပါစေ၊ လုံခြုံအေးချမ်းပါစေ”လို့ ညစဉ် နေ့စဉ် အချိန်ပြည့်ဆုတောင်းနေခဲ့ပေမယ့် အဒေါ် ဆုတောင်း မပြည့်ခဲ့ရှာဘူး။ မိသွားပြီဆိုတဲ့ သတင်းဟာ အဒေါ့်ရောဂါကို ပိုပြီးသည်းစေခဲ့ပါတယ်။ ကျနော် စဉ်းစားကြည့်မိတယ်။ အေးချမ်းတဲ့ မိသားစုဘဝသာရှိခဲ့မယ်ဆိုရင် အဒေါ်ဟာ ဒီထက်ပို သက်တမ်းရှည်အောင် နေရဦးမှာပါ။ ကိုဌေးကြွယ်တယောက် အချုပ်ထဲက ဘယ်လောက် ခံစားနေရမယ်ဆိုတာကို ကိုယ်ချင်းစာလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်လည်း ထောင်ကျစဉ်ကာလမှာ ကျနော့်အမေ ဆုံးပါးသွားခဲ့တာကို ခံစားဖူးလို့ပါပဲ။ အမေတယောက် လောကထဲက ပျောက်သွားခဲ့တာဟာ ဘာနဲ့မှ အစားထိုးလို့မရနိုင်တဲ့ ဆုံးရှုံးမှုတခုပါ။ အကျဉ်းထောင်ထဲမှာ ၃ ရက်လောက်ဆက်တိုက် မအိပ်နိုင်။ မစားနိုင် ခံစားခဲ့ရတယ်။ အကျဉ်းထောင်ထဲမှာဆိုတော့ ပိုလို့သတိရ တမ်းတမိခဲ့တယ်။ နောက်ဆုံးအချိန်မှာတောင် ကျနော် အမေ့မျက်နှာကို တွေ့မြင် ခွင့်မရလိုက်ပါဘူး။ အမေမဆုံးခင်။ ဆုံးလုလုအချိန်တွေမှာ အမေ ကျနော့်အတွက် ဘယ်လောက်များ စိတ်သောက ရောက်ခဲ့ရရှာမလဲ ဆိုတာကို တွေးမိပြီး ပူဆွေးခဲ့ရပါတယ်။ အမေကိုမဆိုထားနဲ့ ကျနော့်ညီမ ကျနော့်ကို ထောင်ဝင်စာ ပထမဦးဆုံး တွေ့ခွင့်ရတဲ့အခါ ကျနော့်ကို ထောင်ပုံစံ အဝတ်အစား၊ ထောင်ဆံပင်နဲ့ တွေ့လိုက်ရတဲ့ ညီမဟာ စကားတလုံးမှ မပြောနိုင်ဘဲ ၅ မိနစ်လောက် မှင်တက်ပြီး မျက်ရည်ကျနေခဲ့တာကို ကျနော် သတိရမိတယ်။ ဒီလိုပဲ ကျန်တဲ့လူတွေလည်း သူတို့ထောင်ထဲနေရစဉ် သူတို့ရဲ့မိခင်တွေ၊ မိသားစုတွေ ကွယ်လွန်ခဲ့တာတွေ ပြန်ပြောပြကြတယ်၊ မိခင်တွေရဲ့ မေတ္တာစွမ်းအားကို ရည်ညွန်း ဖော်ပြလိုက်ကြတာ ကြာလာတော့ ကျနော် ကိုယ်တိုင် မျက်ရည်စမ်းစမ်း ဖြစ်ခဲ့ရတယ်။ ကျနော်တို့တိုက်ပွဲကို နောက်ကွယ်က ကျနော်တို့နဲ့ထပ်တူ။ တခါတခါ ကျနော်တို့ထက်တောင် စိတ်ရောကိုယ်ရော အပင်ပန်းခံပြီး ဝိုင်းတိုက်ပေးနေကြတဲ့ မိခင်တွေရဲ့ အခန်းကဏ္ဍကို တခမ်းအနားနဲ့ ဖော်ပြနေကြတာဟာ စကားကြွယ်လို့ ပြောနေကြတာမဟုတ်ဘဲ တကယ့်ကို စွန့်စွန့်စားစားနဲ့ ပါဝင်နေကြတဲ့ မိခင်တိုင်းအတွက် ထိုက်ထိုက်တန်တန် ဂုဏ်ပြု မှတ်တမ်းတင်နေကြတာ ဖြစ်ပါတယ်။ ဆုံးတော့မယ်ဆိုတာ အသေအချာ သိပေမယ့် မဖြူဖြူသင်းဟာ သူ့အဖေကို သွားကြည့်ခွင့်၊ နောက်ဆုံး အချိန်လေးမှာ သွားကန်တော့ခွင့်မရခဲ့ဘူး။ မဖြူဖြူသင်းရဲ့ ဖခင်ဟာ သူ မျက်စိမမှိတ်ခင် သူ့သမီးကြီးကို တဝကြီး ကြည့်သွားချင်ရှာပေလိမ့်မယ်။ မနီလာသိန်းဟာ ကလေးငိုသံလေးတွေ ဘယ်နေရာက ကြားကြား သူမခွဲချင်ဘဲ ခွဲထားပစ်ခဲ့ရတဲ့ သူ့သမီး လေးကို တမ်းတနေမိပေလိမ့်မယ်။ ခင်ပွန်းသည်ကို ဖမ်း၊ သားအကြီးကို ဖမ်း၊ ဘယ်ကိုခေါ်သွားပြီး ဘယ်မှာ ချုပ်ထားမှန်း မသိလို့ စိတ်ဒုက္ခရောက်နေတုန်း သိပ်မကြာခင်မှာ သားအငယ် (ဆရာတော် ဦးဂမ္ဘီရ)ကို မိသွားပြန်ပြီဆိုတဲ့အခါ အဲဒီမိခင် ဘယ်လိုခံစားသွားရမလဲ။ ဟိုမှာ မိသွားပြန်ပြီ၊ ဒီမှာ မိသွားပြန်ပြီ ဆိုတဲ့အသံတွေကို ကြားတိုင်း ရှောင်တိမ်း ပြေးလွှားနေရတဲ့ သားသမီးတွေအတွက် အပူကြောင့် ခြေတွေလက်တွေ အေးစက်သွားရတဲ့ မိခင်တွေရဲ့သောကတွေ ဘယ်တော့ ငြိမ်းချမ်းမှာပါလဲ။ ကျနော်တို့ရဲ့ ပြည်သူတွေ လွတ်မြောက်ရေးအတွက် ကျနော်တို့ မိခင်တွေ၊ မောင်နှမတွေရဲ့ မျက်ရည်တွေ မရေတွက်နိုင်အောင် ပေးဆပ်ခဲ့ပြီးပါပြီ။ နောင် ဘယ်လောက် ပေးဆပ်ရဦးမှာလဲ၊ ကျနော်တို့ တိုင်းပြည်မှာ အဓမ္မဝါဒီတွေ ကြီးစိုးနေသမျှတော့ ကျနော်တို့ပြည်သူတွေရဲ့ဘဝတွေ ကျိုးကြေသွားအောင် ပေးဆပ်နေကြရပေဦးတော့မယ်။ ငြိမ်းချမ်းတဲ့ တိုင်းပြည်တည်ဆောက်နိုင်မှသာ ဒါတွေကို အပြီးသတ်နိုင်မှာ ဖြစ်ပါတယ်၊ အသက်တွေ၊ မျက်ရည်တွေ၊ ဘဝတွေကို အရင်းတည်ခဲ့ရတဲ့၊ ပေးဆပ်ခဲ့ရတဲ့ ကျနော်တို့ရဲ့ ယုံကြည်ချက်အတွက် ကျနော်တို့ရဲ့ လက်တွေကို ကျစ်လျစ်ခိုင်မြဲစွာ တွဲဆုပ်ရင်း မဆုတ်မနစ် ဆက်လက်လျှောက်လှမ်း ရုန်းကန် တိုက်ပွဲဝင်သွားကြရမယ်လို့ ဒီနေ့ ဒီစကားဝိုင်းမှာ ကျနော်တို့ သန္ဓိဌာန်ချဖြစ်ကြတယ်။ မိခင်တွေရဲ့ မျက်ရည်တွေဟာ ကျနော်တို့နဲ့အတူ စီးဆင်းနေတဲ့ မြစ်ချောင်းတွေ ဖြစ်တယ်။ မိခင်တွေရဲ့ မျက်ရည်တွေဟာ ကျနော်တို့နဲ့အတူ လှုပ်ရှားလှိုင်းထနေတဲ့ ပင်လယ်တွေဖြစ်တယ်။ မိခင်တွေရဲ့ မျက်ရည်တွေဟာ စစ်အုပ်စု အာဏာတည်မြဲနေသမျှ ဘယ်တော့မှ စဲတော့မယ် မဟုတ်ပါ။ မိခင်တွေရဲ့မျက်ရည်တွေကို အသေအချာ သိမ်းဆည်းပေးနိုင်ဖို့ဆိုရင် ကျနော်တို့ သားတွေ၊ သမီးတွေ အလုပ်တွေ အများကြီး အရှိန်အဟုန်မြှင့်ပြီး လုပ်ကြရပါလိမ့်မယ်။ ကိုဌေးကြွယ်ရဲ့အမေ၊ ကျနော့်ရဲ့အမေ၊ ကျနော်တို့ အားလုံးရဲ့ အမေအားလုံးသို့ ဒီဆောင်းပါးနဲ့ ကန်တော့လိုက်ပါတယ်။ ။
နိုင်ကျော်
ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၀၇ မိုးမခ အင်တာနက်စာမျက်နှာ http://moemaka.com/index.php?option=com_content&task=view&id=8821&Itemid=1 မှ တဆင့် လက်ဆင့်ကမ်းဖော်ပြလိုက်ခြင်းဖြစ်ပါသည်။
0 comments:
Post a Comment