Sunday, May 1, 2011

အားလုံးအတွက် ပညာရေး (၃)

Written by ပါမောက္ခဒေါက်တာမြင့်မြင့်ခင်  Wednesday, 30 March 2011 21:29
AddThis Social Bookmark Button

လွန်ခဲ့တဲ့ (၄) နှစ်လောက်က ဆေးကျောင်းသားသစ်တွေအတွက် total professional development ဆိုပြီး သင်တန်း(lecture)ရှိလို့ ကျွန်မပေးခဲ့ရပါတယ်။ အခုတော့ဒီ (program) လည်း မရှိတော့ဘူးထင်ပါရဲ့
ဘာမှအသံမကြားတော့ဘူး။
ကျွန်မ ဆေးကျောင်းမှာ ၂၅ နှစ်ကျော်ကျော် စာသင်တဲ့ဆရာ လုပ်စဉ်တုန်းက ကျောင်းသားကလည်း များတယ် ဆိုပေမယ့် အခုခေတ်လောက် မများသေးတော့ ကျွန်မသင်ရတဲ့ လက်တွေ့ဆေးပညာ သင်တန်းက ကျောင်းသားတွေ ပျှမ်းမျတစ်နှစ် ၄၅၀ ရှိမယ်။ အုပ်စုသုံးစုခွဲပြီး ကြီးကြပ်ကူညီဖေးမလုပ်ဖို့ လမ်းစဉ်ကလေးချလိုက်တယ်။


(၁)ရွက်ကြမ်းရေကျိုလို့ ခေါ်ရမယ့် အလယ်အုပ်စု။
(၂) အကြောင်းကြောင်းကြောင့် ဉာဏ်ဖျင်းပြီး စိတ်ပါမ၀င်စားသူ ကျောင်းတက်ပျက်များသူ။

နောက်အနှစ် ၂၀-၂၅ ကျော်မှာ ဆန်းစစ်ကြည့်လိုက်တော့ (၁) အုပ်စုမှာပါတဲ့ ကျွန်မမျှော်လင့်ချက်ကို ဖြည်းဆည်းပေးနိုင်သူ ၄-၅ ယောက် ရှိပါတယ်။ ဒါကလည်း သူတို့တော်လို့ပါ။ ကျွန်မက စောစောစီးစီး အဖြစ်ကိုသိပြီး(diagnose) လုပ်ပြီး လိုအပ် တာလေးတွေ ပြောပြလမ်းညွှန်ရုံပါ။

အုပ်စု(၂)ကတော့ အများစုပါ။ အုပ်စု(၃)ကတော့ လမ်းချော်လေလွင့် ဖြစ်နိုင်ချေရှိတဲ့သူ ၄-၅ ယောက်ကို အဖတ်ဆယ်ပေးလို့ ရခဲ့တယ်လို့ ထင်ပါတယ်။ အလွန် ကျေနပ်ပီတိ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေကို
ခြုံငုံသုံးသက်ရမယ်ဆိုလျှင် အဘက်ဘက်က ချို့တဲ့နေပါတယ်ဆိုတဲ့ ထင်ကြေးနဲ့ ဆန့်ကျင်ချေပ လုပ်နေတဲ့ ထူးချွန်တဲ့သူ မရှိဘူး မပေါ်လာဘူးလားဆို ရှိပါတယ်လို့ ဖြေရမှာပဲ။ ဒီလိုဖြေလို့ ရတာကိုပဲ ၀မ်းသာအားရ ရှိလှပါတယ်။

ဒါပေမယ့် သူတို့တစ်တွေက 'ထူးချွန်'တဲ့သူတွေ ဘယ်မြေမှာချချ ကြီးမားဆန်းကြယ် ထွားကျိုင်း ဖြစ်လာမယ့်သူ ပါရမီရှင်တွေပါ။ (education system, school sytem) ပညာရေးစနစ် ကျောင်းစနစ်ရဲ့ ဦးတည်ချက်က
ကျောင်းသားအားလုံး ဘ၀ကို ရင်ဆိုင်နိုင်အောင် အတတ်နိုင်ဆုံး ဆောင်ကြဉ်းပေးရမှာပါ။ အထက်ပါ သီးခြားထူးခြားရှိတဲ့ သူတွေကို တစ်အုပ်စုထားပြီး ထပ်အဆင့်တက်လာအောင် ကြိုးစားပေးရမှာ ဖြစ်ပါတယ်။ အောက်ဆုံးက အုပ်စုကိုလည်း သူနဲ့စပ်အပ်တဲ့ ပြုပြင်မှုနဲ့ အကူအညီပေး အများဆုံးဖြစ်တဲ့ အဓိကပစ် မှတ်က အလယ်အုပ်စု ဖြစ်တယ်။ သူတို့ရဲ့ အုပ်စုအရည်အသွေးတွေကို မြှင့်တင်ပေးနိုင်ရင်တော့ ရေမြင့်လျင်ကြာတင့် ဆိုသလို အားလုံး ဆေးကျောင်းသားတွေ အဆင့်တက်သွားမှာပါ။

၂။မြန်မာပြည်တွင်းမှာပဲ ငွေကြေးတတ်နိုင်သူတွေက သူတို့ကလေးတွေကို အခြား ကျောင်းတစ်မျိုးတွေမှာ ထားကြတယ်။ ငွေအကြီးအကျယ်ပေးရတဲ့ အဆင့်မြင့် အင်တာနေရှင်နယ်ကျောင်း၊ သံတမန်ကျောင်းနဲ့ အခြား အခုတစ်လော ဖွင့်လာတဲ့ ခေတ် မီစနစ်နဲ့သင်ကြတဲ့ ကျောင်းတွေပါ။ တော်တော်များများ ရှိပါတယ်။ ဈေးအလွန်ကြီးပါတယ်။ မန္တလေးက ကျောင်းတစ်ခုဆို လစဉ်ကြေး ၃၀၀ယ၀၀၀။ -(သုံးသိန်း)ကျပ်ရှိပြီး ထမင်းကျွေးအတွက် နောက်ထပ်(တစ်သိန်း)ကျပ် လို့ ဆိုပါတယ်။ ဘယ်လောက်ကောင်းလဲ ဆိုတာတော့ စိစစ်ပြီး မှတ်ကျောက်တင်ထားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် တတ်နိုင်သူတွေ၊ ခေတ်ဆန်သူတွေက တန်းဝင်နေကြတာပဲ။ ဒါတင်မကသေးပါဘူး။ အင်္ဂလိပ်စာခေတ်မို့ အစိုးရကျောင်းတွေက သင်တာ မလုံလောက်ဘူးထင်လို့ အင်္ဂလိပ်စာ ကျူရှင်တွေကလည်း အသက် (၄၊ ၅)နှစ်ကစ ၁၀ တန်းလွန် အထိပါပဲ။ ဒီတော့ စဉ်းစားသာ ကြည့်ပါတော့။ မိဘတွေအနေနဲ့ ငွေဘယ်လောက် ကုန်လိုက်မလဲလို့။ ရှာလို့ မလောက်ပါဘူး။

ပြည်ပမှ မြန်မာကလေးများရဲ့ သင်ကြားရေး
၃။(က) ပြည်ပမှာ စာသင်နေတဲ့ ကလေးတွေကလည်း မများပေမယ့် တစ်နေ့တခြား တိုးနေပါပြီ။ မိဘတွေ အလုပ်လုပ်သွားရာမှာ လိုက်သွားတဲ့ ကလေးများ မိဘတွေက အထက်မှာ ဆိုခဲ့တဲ့အတိုင်း တိုင်းပြည်က ထွက်ကတည်းက အရေးကြီးတဲ့ ရည်မှန်းချက်ကတော့ ကလေးတွေရဲ့ ပညာရေး ဖြစ်တယ်၊ ချွေတာခြိုးခြံပြီး ကလေးတွေ ပညာရေးအတွက် ပုံအောပြီး အကုန်ခံတယ်။ ကလေးတွေကတော့ အသက်အားဖြင့်ငယ်သူ (၅-၉) နှစ်ကနေ အကြီး တက္ကသိုလ်တန်း တန်းဝင်တွေထိ ရှိမယ်။

(ခ) ပြည်တွင်းက မိဘတွေက နည်းအမျိုးမျိုးရှာပြီး ပြည်ပကို လွှတ်ပြီး သင်သူများ။ ဒါလည်း အခုနောက်ဖက်ပိုင်း(၈-၁၀)နှစ်မှာ ပိုများလာပါတယ်။ အဲဒီထဲက မဆိုစလောက်သော သူတွေကတော့ ပညာသင် ထောက်ပံ့ကြေးရတယ်။ ဥပမာ-(စင် ကာပူမှာ စာသင်ရတဲ့) (ASEAN)မှ ပေးသောဆု။ ဘွဲ့လွန်နှင့် အသက်မွေးဝမ်းကျောင်းအတွက် ကိုယ့်နည်းကိုယ့်ဟန်နှင့် သွားသူများလည်း ရှိပါတယ်။ ခန့်မှန်းလို့မရတဲ့ အရေအတွက် ဖြစ်ပါတယ်။ ထူးခြားတဲ့ ဂုဏ်ပုဒ်တွေ ရှိတယ်လို့ ဆိုရမယ့် အခြား အုပ်စု ရှိပါသေးတယ်။ ဒါကတော့(refugee)လို့ ခေါ်တဲ့ ဒုက္ခသည်များ၊ အိမ်ယာရွှေ့ပြောင်းနေရတဲ့ (displaced persons) သူများ၊ (migrant worker) များလို့ ခေါ်တဲ့ နိုင်ငံကူး အလုပ်လုပ်သူများ သူတို့ အားလုံးရဲ့ သားသမီးများ ဖြစ်ပါတယ်။ ဒီအုပ်စုဟာ အများစုကတော့ မြန်မာထိုင်း နယ်ခြားမှာ နေကြတာ များပါတယ်။ ထိုင်းမှာ မြန်မာလုပ်သားပေါင်း (၃) သန်းကျော်မက ရှိတယ်လို့ အဆိုရှိပါတယ်။ (၂-၃)နှစ်က ခန့်မှန်းအရ အဲဒီထဲက ကျောင်းနေရမယ့် အသက်အုပ်စုက(၄)သောင်းလောက် ရှိတယ်လို့ ဆိုတယ်။ ယခုဆို တိုးသွားနိုင်ပါတယ်။ သူတို့ရဲ့ ပညာရေးကိုလည်း ပစ်ထားလို့ မရနိုင်ပါဘူး။ သူတို့ရဲ့ ဘ၀ကလည်း အင်မတန် အတိဒုက္ခနဲ့ ပြည့်နေတဲ့ ဘ၀ပါ။ ဒီအထဲ ပညာလည်း မရလိုက်ဘူးဆိုရင်ဖြင့်တော့ ဘ၀မှာ အရှုံးကြီးရှုံးရတော့မှာပါ။ ဒေသခံက စေတနာ့ဝန်ထမ်းတွေ (NGO)တွေက တတ်နိုင်သလောက် ကူညီနေတယ်လို့ ကြားရပါတယ်။ ခေတ်မီတဲ့(child psychology) အခြေခံသင်ရိုးတွေနဲ့ သင်တာလည်း ရှိတယ်လို့ ကြားရတယ်။ ဘယ်လောက် ကျယ်ပြန့်စွာ လုပ်နိုင်တယ် ထိရောက်တယ်ဆိုတာ မသိရပါ။ သိရသလောက် သင်ရိုးအချို့တွေကတော့ အထက်မှာ ဆိုခဲ့သလို အထင်ကြီးစရာ အကြောင်းတွေ ရှိပါတယ်။ အခုနက ပြောသလို ပညာမသင်လိုက်ရပဲ ရှိနေသူ ဦးရေများမှာ စိုးရိမ်ရတာ။ များမှာကတော့ သေချာသလောက်ပါပဲ။ လက်ရှိ ပညာသင်ကြားရေး အခြေအနေက ဒီလို ကစဥ့်ကလျား ကမောက်ကမ အထိန်းအချုပ်လွတ် ဖြစ်နေမှတော့ အုပ်စုချင်း ကွာဟမှုရှိမှာ မလွဲဧကန် ဖြစ်တော့မယ်။ အထူးသဖြင့် တိုင်းပြည်အတွက် အလားအလာ ဆိုးလှတဲ့ ကြောက်မက်ဖွယ်ရာ ကွာဟမှုကြီးကတော့ ဆင်းရဲသူ အုပ်စုနဲ့ ချမ်းသာသူအုပ်စု ကွာဟခြင်းပဲ။ သုံးနိုင်တဲ့ငွေ ကွာတယ်ဆိုတော့ အစစအရာရာမှာ ကွာသွားပါတယ်။ ဒီမှာ ပညာရေး ကွာတာကလည်း ပဓာနကျတဲ့ အရေးပါ အကြောင်းရင်း ဖြစ်တယ်။ ဆင်းရဲလို့ ပညာမတတ် ပညာမတတ်လို့ ဘ၀ရဲ့အနာဂတ်ဆုံး ဒါကို လူတိုင်း သတိပြုမိကြမှာပါ။ အခု လောလောဆယ်မှာ ဒီကွာဟမှုကြီး အချိန်လိုက်ပြီး ပိုမိုကျယ်ဝန်းလာလို့ ကြားစေ့ဖို့ရာ ခက်လာပါပြီ။ လောလောလတ် လတ် ဇူလိုင်(၂၀၀၈)မှာ ဒီလိုကွာဟမှု မြင်ကွင်းဟာ ကိုယ့်အိမ်ကိုယ့်မျက်စိရှေ့မှာပဲ 'ကပြ'သွားလို့ ထင်သာမြင်သာ ရှိလွန်းသွားပါတယ်။ အသက် (၁၂)နှစ်ကျော်ကျော် ကလေးမလေး ဆီထမင်းထုပ်ကလေးတွေ စီထားတဲ့ သံဗန်းကလေးကိုရွက် ထီးဟောင်းကလေးဆောင်းပြီး လိုက်ရောင်းနေတယ်။ အချိန်က ညနေ (၅း၁၅) နာရီလောက်၊ ၀ယ်ဖို့ခေါ်လိုက်တော့ အသားလတ်လတ် မိုးစိုနေတဲ့ ထမီအစိမ်းကလေး ပတ်ထားတဲ့(၁၂)နှစ် အရွယ်ကလေး ဘယ်ကလာတာလဲဆိုတော့ သန်လျင်တဲ့။ 'မှောင်ခါနီးပြီ အိမ်ပြန်ဖို့ကောင်းပြီ'ဆိုတော့ ထွက်တာနောက်ကျလို့ အမေတော့ပါတယ်။ ပိတ်ရက်မို့ လိုက်လာခဲ့တာတဲ့။ (၅)တန်း တက်မှာတဲ့။ ကျောင်းပစ္စည်းတွေ ရှိရဲ့လားဆိုတော့ ကျောင်းလုံချည်တော့ လိုတယ်။ သူဝတ်ထားတာက ကျောင်းစိမ်းလုံချည်ဆိုတော့ လုံချည်သိပ်ရှိတာ မဟုတ်လို့ ဒီလိုချဝတ်ရတာ ထင်ပါရဲ့၊ ကျောင်းလုံချည်က ဘယ်လောက်လဲဆိုတော့ တစ်ထောင်ကျပ်လောက်တော့ ရှိမယ်တဲ့။

အဲဒီအချိန်မှာပဲ အပေါ်ထပ် အင်္ဂလိပ်ကျူရှင်က ဆင်းလာတဲ့ ခပ်၀၀ (၆-၇)နှစ်အရွယ် ကလေးလေး သောင်းကျော်တန်မယ့် ကျောပိုးအိတ်ကလေးနဲ့၊ လာကြိုတဲ့သူက လမ်းတစ်ဖက်မှာ ရပ်ထားတဲ့ကားကနေ ကူးလာပြီး ထီးမိုးပြီး ကလေးကို ကူခေါ်သွားတယ်။ ဆီထမင်းသည်ကလေး လမ်းပေါ်မှာဆက်ပြီး လျှောက်မသွားခင် ကလေးငယ်ပါတဲ့ကားက ထွက်သွားတယ်။ ဒါကတော့ အခု ခေတ်ပညာသင်ကြားရေးရဲ့ နှစ်ဖက်စွန်း မြင်ကွင်း ဖြစ်တယ်။ ဒီမြင်ကွင်းမှာ မပါသူတွေကတော့ ကျောင်း ဘယ်လိုမှ မနေနိုင်တဲ့ ကလေးတွေ ဖြစ်တယ်။ သူတို့တွေလည်း နည်းမယ်လို့ ထင်ရပေမယ့် ရှိတော့ရှိမှာပဲ။ ဒီလို အလှမ်းကွာလွန်းလှတာကို ဘယ်လို ကျဉ်းမြောင်းသွားအောင် လုပ်မှာလဲ။ လုပ်တော့ လုပ်ရလိမ့်မယ် နောက်ဆုံး တာဝန်ရှိတာကတော့ အစိုးရမင်းပဲ ဖြစ်တော့မယ်။ မြန်မာတွေဟာ အခြား သူများနည်းတူ သေဖော်ညှိချင်တဲ့စိတ်တော့ ရှိမှာပဲ။ အခါအခွင့်တွေက သိပ်နည်း ချုပ်ချယ်မှုတွေက ကျပ်တည်းလွန်းတော့ ဒီအနှုတ်လက္ခဏာစိတ်ဓာတ်ဟာ ပိုပြင်းပြလာတော့တယ်။ ဒါပေမယ့် သေဖော်ညှိတယ် ဆိုရာမှာလည်း ''ဆွဲချ'' သဘောတော့ မဖြစ်ထိုက်ပါဘူး။ တတ်နိုင်သူတွေက အဆင့်မြင့်ပညာတွေ သင်ကြပြီး သွားနိုင်သူတွေ သွားလျှင်လည်း တိုင်းပြည်အတွက် အကျိုးဖြစ်လာမှာပဲ။ မတတ်နိုင်သူနဲ့ ''ကွာဟ''မှုကို ကျဉ်းသွားစေချင်လျင်တော့ မတတ်နိုင်သူတွေရဲ့ အဆင့်ကို မြှင့်တင်ပေးဖို့ပဲ ရှိပါတယ်။ ကျွန်မတို့ နိုင်ငံဟာ အိမ်နီးချင်းနဲ့စာလျှင် အောက်ကျနောက်ကျ ဖြစ်နေရတာလည်း စနစ်ကြောင့်ပဲလို့ ဆိုရမှာပဲ။ လူတွေက ဉာဏ်ရည်မှာ အခြား အိမ်နီးချင်းတွေနဲ့ ယှဉ်နိုင်လောက်ပါတယ်။ စနစ်ကလည်း ဖွံ့ဖြိုးမှု အစဉ်မတက်လာနိုင်သေးလို့ ဖြစ်တာပါ။ ဒီတော့ အခုအခါမှာတော့ စနစ်ကိုပဲ ပြင်ရတော့မယ်။ ပြင်နိုင်စရာ အကြောင်းတွေလည်း ရှိပါတယ်။

အခုလို အပြောင်းအလဲ မြန်ဆန်လွန်းတဲ့ အခါကာလမှာ လောကအပေါ် အမြင်နဲ့ ယူဆချက်တွေ၊ ဘ၀အပေါ် ခံယူချက်တွေ၊ ရှေ့ရေး(future အနာဂတ်)အတွက် မျှော်လင့်ချက်တွေ၊ ဦးတည်နေတဲ့ ပန်းတိုင်တွေဟာလည်း ပြောင်းလဲသွားတယ်။ ဂလိုဘယ်လိုင်ဇေးရှင်း ကမ္ဘာမှာ တိုင်းပြည်တစ်ပြည်နဲ့တစ်ပြည်မှာ နယ်ခြားစည်းခြား ဆိုတာတွေဟာ မှေးမှိန်လာပါပြီ။ လူတွေရဲ့ ပြောင်းလဲလာတဲ့ပုံ ပုံစံက မတိမ်းမယိမ်းတွေ ဖြစ်လာတာမို့ နောက်ဆုံးပုံစံက ''ပုံစံတူ''(stereotype) ဖြစ်သွားတော့မှာပဲ။ မြန်မာတွေဟာ ပိတ်ထားခံရတဲ့ ကန့်လန့်ကာနောက်က လူတွေပါ။ တံခါးတွေပိတ် ခန်းဆီးတွေ ဆွဲထားတဲ့ အမှောင်ခန်း အတွင်းကနေ အလင်းရောင် ပြည့်နေတဲ့ ပြင်ပ တိုင်းပြည်တွေ အနည်းဆုံး အိမ်နီးချင်းနိုင်ငံတွေကို လှမ်းပြီး ကြည့်ကြည့်ပါဦးလို့ သတိ ပေးချင်ပါတယ်။ သူများနဲ့ ယှဉ်ကြည့်တော့မှ ကိုယ်ဘယ်မှာလဲဆိုတာ သိခွင့်ရမှာ။ မြန်မာတွေက ကိုယ့်ကိုယ်ကို အထင်ကြီးတာတော့ အမှန်ပဲ။ ''ကျွန်တော်သည် အလွန်တော်သော ကျွန်တော်''ဆိုပြီး ကိုယ့်ကျောကိုယ်သပ်ပြီး ချီးမွမ်းခန်း ထုတ်ချင်ကြတဲ့သူတွေ ရှိတယ်။ ''ဒို့တစ်တွေက အခါအခွင့် မရလို့ပါ။ အခွင့်သာရလိုက်စမ်းပါ။ ဗမာပဲ'' လို့လည်း ကြိမ်းဝါးဝင့်ကြွားတာမျိုး အရင်တည်းက ကျွန်မ အကြိမ်ကြိမ် ကြားခဲ့ဖူးပါတယ်။ ''အခွင့်အရေးရအောင် ဘာကြောင့် မလုပ်တာလဲ၊ တကယ်ရလျှင်ကော တကယ်ကြိုးစားမှာလား'' လို့ မေးချင်ပေမယ့် အကျိုးသိပ်ရှိမယ် မထင်လို့ မမေးခဲ့ပါဘူး။ ''ဒစ်ဂျစ်တယ်ကမ္ဘာ''ကို ကျောခိုင်းပြီး အမှောင်ထဲပြန်ပြီး သွားနေတာမျိုး မလုပ်ချင်ပါနဲ့။ လာမယ်ကြာမယ် ဆိုတာမျိုး မလုပ်ပါနဲ့၊ အခု လုပ်နေတာက ''နည်းလွန်းတယ်၊ နောက်ကျလွန်းတယ်''လို့ ပြောရမှာပါ။ အခုခေတ်က ဟိုးရှေးကလို တိုးတက်မှုဆိုတာ ဆယ်စုနှစ်မှတစ်ခါ သိသာလာတာမျိုး မဟုတ်ပါဘူး။ ဘယ်တိုင်းပြည်ပဲဖြစ်ဖြစ် အထင်ကြီးထိုက်တယ်လို့ ကိုယ်ကအထင်ရှိလျှင် အထင်ကြီးမှာပဲ။ တရုတ်ကို အထင်ကြီးတယ်။ စင်ကာပူဆို ပိုပြီး အထင်ကြီးတယ်။ ဒီတိုင်းပြည်တွေ ယခင်က အတုယူခဲ့တဲ့ အင်အားကြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေကိုလည်း အထင်ကြီးတာပဲ။ အဲဒါ ဘာမှ မှားတယ်မထင်ပါဘူး။ ဒီတိုင်းပြည်အားလုံးရဲ့ မကောင်းကွက်တွေကိုလည်း မြင်ပါတယ်။ တရုတ်ပြည်ဆို သူ့ပြည်သားတွေကို ချုပ်ချယ်မှု ရှိသလို သူ့ရဲ့ နိုင်ငံရေးအာဏာသုံးပြီး အခြား နိုင်ငံတွေကိုလည်း သွယ်ဝိုက်တဲ့နည်းနဲ့ ဖိနှိပ်ချင်တယ်။ စင်ကာပူ ဆိုလည်း ဒီမိုကရေစီ မဆန်တာနဲ့ လူ့အခွင့်အရေး မပြည့်ဝတာတွေလည်း ရှိတယ်။ ယူကေ၊ ယူအက်စ်အေနဲ့ ဥရောပမှာလည်း ဒီလို ချို့ယွင်းချက်တွေ ရှိတာပါပဲ။ ဘယ်တိုင်းပြည်မှ ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်ပါဘူး။ ဒီလိုဆို သူတို့ကို အားမကျရဘူးလား၊ အတုမယူသင့်ဘူးလား။ နည်းတွေ မယူရဘူးလား။ ရမယ့် အကူအညီတွေ မယူရဘူးလား။''ခေတ်ခဲစွဲ'' မဖြစ်ချင်ပါနဲ့။ ဒုံးပျံအဟုန်နဲ့ ထိုးတက်နေတဲ့ ဂလိုဘယ်လိုင်ဇေးရှင်းခေတ်မှာ ငြိမ်ငြိမ်နေရပ်နေလို့ ဖြစ်မှာတဲ့လား။ "You have to keep running to be on the same spot'' တစ်နေရာတည်းမှာ တည်နေဖို့အရေးက ပြေးနေရတာ'' (Alice in Wonderland ထဲက) Alice ပြောတဲ့ခေတ်ပါ။ အမီမလိုက်နိုင်ရင်တော့ အမှောင်ခေတ်ထဲ နောက်ပြန်သွားနေတယ်လို့ ဆိုရတော့မှာပဲ။

ဂလိုဘယ်လိုင်ဇေးရှင်းက တောင်းဆိုလာတာကြောင့် ပညာရေးအပေါ် အမြင် ပြောင်းလဲလာပုံများ
ဒီဂလိုဘယ်ခေတ်ဟာ သူ့ထက်ငါ အသာမခံနိုင်တဲ့ အခါ သမယဆိုတော့ တိုင်းပြည်တွေဟာ အမြင်တွေ ပြောင်းလာခဲ့တယ်။ ဒီလို အတွေးအခေါ် သစ်ဆန်းမှု အပိုင်းမှာ အမြဲတမ်း ရှေ့ကပြေးနေတဲ့ စင်ကာပူကတော့ အရှေ့တောင်အာရှ အတွက် မီးရှုးတိုင်လို့တောင် ခေါ်လောက်ပါပေတယ်။ ဇူလိုင်(၂၀၀၈)အလယ်မှာလုပ်တဲ့ "Asia Pacific conference on giftedness"မှာ စင်ကာပူပညာရေးဝန်ကြီး ပြောပြသွားတာကတော့ "(gifted children) အထူးဉာဏ်ရည်ထက်မြက်တဲ့ ကလေးတွေကို ရှာဖွေပြီး မြေတောင်မြှောက် အားပေးကျွေးမွေးပြုစု လုပ်ရမယ်။ သမိုင်းက အကြိမ်ကြိမ် ထောက်ပြခဲ့တာက အထူးဉာဏ်ရည်ကောင်းတဲ့ လူတစ်စုရဲ့ အကြံဉာဏ် တို့ဟာ သန်းပေါင်းချီသော လူတွေပေါ်မှာ အကျိုးသက်ရောက်မှု ရှိနိုင်တယ်။ အခုခေတ်ကလည်း (economy)(စီးပွားရေး) အီကော်နိုမီ ကြီးစိုးတဲ့အခါ အီကော်နိုမီမှာလည်း ဆန်းသစ်တီထွင်ထားတဲ့ (innovation) အကြံဉာဏ်တွေ ရှိဖို့ရာလိုတာ။ ဒီတော့ ဘယ်တိုင်းပြည် နိုင်ငံရေး အရောင်အသွေး ဘယ်လိုရှိပါစေ၊ ဒီလို (gifted) ထူးကဲထက်မြက်တဲ့ ကလေးတွေ အတွက်ကိုတော့ အထူး အစီအစဉ်တွေ လုပ်ပေးဖို့ လိုပါတယ်''တဲ့၊ စင်ကာပူအတွက်တော့ လူ့အရင်းအမြစ်ဟာ တန်ဖိုးအရှိဆုံး၊ အဖိုးအနဂ္ဃ ထိုက်တန်ဆုံး အရင်းအမြစ်ပဲတဲ့။ ဒါ့ကြောင့် ငယ်ရွယ်စဉ် ကလေးဘ၀က စပြီး ဉာဏ်ရည်ကောင်းတဲ့ သူတွေကို ရွေးချယ်စီစဉ်ပြီး ဖွံ့ဖြိုးလာအောင် စီစဉ်ပေးမယ်တဲ့။ စင်ကာပူကတော့ ပြောတဲ့အတိုင်းပါပဲ (ASEAN) အာဆီယံ တိုင်းပြည်ထဲက ကလေးငယ်တွေကို ထောက်ပံ့ကြေး (Scholarship) ပေးပြီး ခေါ်တယ်။ သူတို့ဆီ နေခွင့်ရအောင် လုပ်ပေးတယ်။ မြန်မာကလေးတွေကိုတော့ တော်တော်သ ဘောကျပုံ ရပါတယ်။ ဒီတော့ ကျွန်မတို့ မြန်မာကလေးတွေဟာ မညံ့ကြပါဘူး။ မှန်ကန်ပြီး အားပေးထောက်ကူလုပ်မယ့် စနစ်အတွင်း ရှိနေဖို့သာ လိုတာပါ။ စင်ကာပူဟာ ဦးနှောက်အားကိုးနဲ့ ရပ်တည် ရှေ့သွားတိုးတက်လုပ်နေတဲ့ တိုင်းပြည် ဒီနေရာမှာ သူ့ကို အတုခိုးဖို့ မကောင်းပေဖူးလား။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...