Saturday, May 14, 2011

"အမျိုးသားတိုးတက်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး

 (မောင်းဆက်)"
[By Wai Maw]

အစိုးရသစ်ဖွဲ့အပြီး၊ သမ္မတသစ်က မိန့်ခွန်းတွေပြောပြီး တိုင်းပြည်ထူထောင်ဖို့ မူဝါဒသစ် လမ်းစဉ် သစ်တွေ ပြောသွားခဲ့ပါတယ်။ လာဘ်ပေး လာဘ်ယူမှုတွေကို အစိုးရအဖွဲ့သစ်အနေနဲ့ သတိထား ရှောင်ကျဉ် ဖို့ပြောတော့ ပြည်သူတွေက သဘောကျကြပါတယ်။

အစိုးရသစ်နဲ့ အမျိုးသားညီညွှတ်ရေးလမ်းစဉ်
          အခြားသောလွှတ်တော်ထဲရောက်မလာတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်မယ်ဆိုတဲ့ သဘောမျိုး ခပ်ဆန်ဆန်ပြောတော့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ တိုင်းရင်းသားများအပါအ၀င် ယုံကြည်ချက်အမျိုးမျိုးနဲ့ လက်နက်စွဲကိုင်ထားသူတွေ၊ ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေ အားလုံးပါဝင်တဲ့ အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသားညီညွှတ်ရေးတို့ကို သမ္မတသစ်နဲ့ အစိုးရသစ်တို့က စဉ်းစားနေပြီလား။ အကောင်အထည်ဖော်တော့မလားဆိုတဲ့ မျှော်လင့်ချက်တွေ နိုးထလာခဲ့ကြပြန်တယ်။


ပြည်သူ့အမြင်၊ ပြည်သူ့အထင်
          ပြည်သူလူထုဆိုတာကေတော့ ခပ်ရိုးရိုးပဲ စဉ်းစားလိုက်ကြတာပဲ။ ဒီလိုများလုပ်မယ်ဆိုရင်တော့ အမျိုးသားရေး အကြိတ်အခဲတွေ ပြေလျော့လာလေမလား တွေးမိပြီး အကောင်းမြင်ကြပါတယ်။ ကိုယ့်ခံစားချက် ပေါ်မှာ အခြေခံပြီး မယုံကြည်ကြတာဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ အပြစ်ပြောလို့မရပါဘူး။ တစ်ခုရှိတာက ဒီကိစ္စဟာ အပြစ်ပြောလို့မရသလို မသိချင်ယောင်ဆောင်နေလို့လည်း မရပါဘူးလို့ ထင်ပါတယ်။
          အထူးသဖြင့်တော့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီတွေက ဒါကိုသေသေချာချာ အလေးအနက်ထား စဉ်းစားရမယ့် အချိန်ဖြစ်ပါတယ်။

နိုင်ငံရေးဟာ အခရာ
          မြန်မာနိုင်ငံဖွံ့ဖြိုးတက်မှုရဲ့ အဟန့်အတားနဲ့ ပြဿနာများကိုကြည့်ရင် နိုင်ငံရေးပေါ်မှာ အခြေခံတာကို တွေ့ကြရမှာပါ။ ဒါကြောင့်နိုင်ငံထူထောင်ရေးလုပ်ရာမှာ နိုင်ငံရေးလမ်းစဉ်မှန်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ပြီးတော့ နိုင်ငံရေးလမ်းစဉ်မှန်ဖို့ဆိုတာကလည်း နိုင်ငံရေးပါတီများအားလုံးအတွက်ပါ အရေးကြီးတာကို ပြောတာပါ။ ဒါပေမယ့် ခက်နေတာက ဘယ်နိုင်ငံရေးလမ်းစဉ်က မှန်တာလည်း ဆိုတာဖြစ်ပါတယ်။ နိုင်ငံရေးလမ်းစဉ်တွေမှာ အမြင်မတူကြ ကွဲပြားကြတာတွေက သူ့ဘက်ကိုယ့်ဘက်မှာမှမဟုတ်၊ ကိုယ့်အချင်းချင်းထဲမှာပါ ကွဲပြားကြတာဆိုတော့ ဘယ်ဟာမှန်သလဲဆိုတာကို အငြင်းပွားခဲ့ကြတာ မြန်မာ့နိုင်ငံရေး သမိုင်းတစ်လျှောက်လုံးပဲ ဆိုပါတော့။

ဘယ်နိုင်ငံရေးလမ်းစဉ်က မှန်တာလဲ
          နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးလမ်းစဉ်ချမှတ်ရာမှာ၊ ပထမဆုံးတော့ တိုင်းပြည်အပေါ်မှာ ပြည်သူလူထုအပေါ်မှာ တကယ်စေတနာထားပြီး ယုံယုံကြည်ကြည်နဲ့ ချမှတ်တဲ့လမ်းစဉ် ဖြစ်ဖို့လိုတယ် ထင်ပါတယ်။ ဒီလိုဆိုတော့ ဘယ်လိုပဲစေတနာတွေထားပြီး ပြည်သူလူထု အကျိုးစီးပွားကို ကြည့်တယ်ပဲဆိုဆို မတူတဲ့နိုင်ငံရေးပါတီတွေက ချမှတ်တဲ့နိုင်ငံရေး လမ်းစဉ်တွေဟာ မတူကွဲပြားမှုတွေ ရှိနေမှာအမှန်ပါပဲ။
          အဲဒီလိုရှိတဲ့အခါမှာ ကိုယ့်ရဲ့နိုင်ငံရေးလမ်းစဉ်နဲ့ မတူရင်၊ ငါပြောတဲ့အတိုင်းမလုပ်ရင်၊ မြောင်းထဲရောက် သွားမယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုအထင်ကြီးလွန်းပြီး သူများကို နစ်နစ်နာနာပြောချင်တဲ့ စိတ်ဓာတ်တွေကို ပစ်ချထားဖို့ လိုပါပြီ။ အတိတ်ကိုပြန်ကြည့်ရင် အဲဒီလိုပြောလိုက်ရုံမျှနဲ့ အပြောခံရတဲ့သူတွေ မြောင်းထဲရောက် မသွားခဲ့သလို အဲဒီလိုပြောတဲ့ လမ်းစဉ်သမားတွေလည်း ဘာမှကြီးကြီးကျယ်ကျယ်တွေ ဖြစ်မလာကြပါဘူး။ လူထုမေတ္တာခံယူရတာနဲ့ ပြီးတာပါပဲ။ ပြည်သူလူထုအဖို့ကတော့ ကိုယ့်အမျိုးသားချင်း တစ်ယောက်နဲ့တစ် ယောက် ရန်လုပ်နေရင် ဘယ်သူ့ကိုမှ သဘောမကျတာ အမှန်ပါပဲ။

ပြည်သူ့ထောက်ခံမှုရတဲ့လမ်းစဉ်
          လက်တွေ့မှာ နိုင်ငံရေးလမ်းစဉ်တစ်ခု ဘယ်လောက်မှန်ကန်ကောင်းမွန်လဲ ဆိုတာကတော့ ပြည်သူ လူထုက ဘယ်လောက်ထောက်ခံကြသလဲဆိုတဲ့ အပေါ်မှာတည်တာပါပဲ။ ဒီတော့ နိုင်ငံရေးလမ်းစဉ် မှန်ကန်ပါ တယ်လို့ ဘယ်လောက်ပဲ ယုံယုံကြည်ကြည်နဲ့ ချမှတ်ထား ချမှတ်ထား ပြည်သူလူထုထောက်ခံမှုရဖို့က အရေး ကြီးဆုံးပါပဲ။ ဒီပြည်သူလူထုထောက်ခံမှုရဖို့ဆိုတာက နိုင်ငံရေးလမ်းစဉ် မှန်ကန်နေရုံမျှနဲ့မပြီး။ စည်းရုံးရေး လမ်းစဉ်ပေါ်မှာ အများကြီးမူတည်နေပြန်တာတွေ့ရမှာပါ။ နိုင်ငံရေးသမားက စည်းရုံးရေးကိုမှ စနစ်တကျမလုပ် နိုင်ရင် ဘယ်လောက်ကောင်းတဲ့လမ်းစဉ်ကိုဖြစ်ဖြစ် အကောင်အထည်ဖော်နိုင်ဖို့ မလွယ်လှပါဘူး။

အမျိုးသားတိုးတက်ရေး ဒီမိုကရေစီရေး ငြိမ်းချမ်းရေး 
          ဒီတော့ချမှတ်ထားတဲ့ နိုင်ငံရေးလမ်းစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် စည်းရုံးရေးကို အဓိက ထားရပါမယ်။ နိုင်ငံရေးလမ်းစဉ်ကလည်း ပြည်သူလူထုကို အကျိုးပြုမယ့် မှန်ကန်တဲ့လမ်းစဉ်ဖြစ်တယ်၊ စည်းရုံး ရေးကိုလည်း မှန်မှန်ကန်ကန်တည်ဆောက်နိုင်တယ်ဆိုမှ တိုင်းပြည်ထူထောင်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး ဆိုတာ မြင်ရမှာဖြစ်ပါတယ်။
          စည်းရုံးရေးမှန်ကန်မှ နိုင်ငံရေးလမ်းစဉ်ကို အကောင်အထည်ဖော်ရာမှာ ပြည်သူလူထုက တက်တက်
ကြွကြွ ပါဝင်ဆောင်ရွက်ကြမှာ မဟုတ်လား။ ဒီတော့မှပဲ အမျိုးသားတိုးတက်ရေး ဒီမိုကရေစီရေး ငြိမ်းချမ်းရေး ပန်းတိုင်ကို ချီတက်နိုင်မှာ မဟုတ်လား။

ဘယ်လိုစည်းရုံးရေးလဲ
          ပြည်သူလူထုမပါဝင်ရင် ဘယ်နိုင်ငံရေးလမ်းစဉ်ကိုမှ အကောင်အထည် မဖော်နိုင်ပါဘူး။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတစ်ခုအနေနဲ့ တိုင်းပြည်ခေါင်းထောင်ထလာဖို့ဆိုတာ နိုင်ငံရေးလမ်းစဉ်ပေါ်မှာ လမ်းစဉ်ရဲ့ခေါင်းဆောင်မှုတွေပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်မှု၊ နိုးကြားတက်ကြွစွာ ပါဝင်လိုစိတ်ရှိမှုတွေ ပေါ်မှာ အများကြီး မူတည်နေမှာပါပဲ။ ပြည်သူလူထုက ရပ်ရွာလုံးကျွတ်၊ မြို့လုံးကျွတ်၊ နိုင်ငံလုံးကျွတ် နိုးနိုးကြားကြား တက်တက်ကြွကြွ ပါဝင်လာအောင် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့  ပါတီတွေက စည်းရုံးလှုံ့ဆော် ကြရမှာ ဖြစ်ပါတယ်။

ပြည်သူ့ဏ္ဍ
ပြည်သူထူထုက ဒီလိုပါဝင်လာကြဖို့ဆိုတာ နိုင်ငံရေး ပါတီတွေက စည်းရုံးရေး လမ်းစဉ်ချမှတ်ပြီး နိုင်ငံရေးအရ စနစ်တကျ ထူထောင်ထားတဲ့ စည်းရုံးရေး အင်းအားအောက်ကနေ သွားမှ ထိရောက် မယ်လို့ထင်ပါတယ်။
ပြည်သူအင်းအားကို အားကိုးတယ် ဆိုင်ရင်တော့ ပြည်သူလူထုရဲ့ နိုင်ငံရေးအသိကို နိုးကြားအောင် လုပ်ပေးဖို့၊ ကိုယ့်ရဲ့နိုင်ငံရေးလမ်းစဉ်ပေါ်မှာ ပြည်သူလူထုက ယုံကြည်မှုတွေ မြင့်မားလာအောင်လုပ်ဖို့ တော့လိုမှာပါပဲ။

ဒီမိုကရေစီရေး အောင်မြင်ဖို့
          ဒါဟာ ပြည်သူထဲက ပြည်သူတစ်ယောက် အနေနဲ့ပြောတာပါ။ ပြည်သူတွေဟာ တိုင်းပြည် ထူထောင်ရေးအတွက် ကိုယ်ပါဝင်လို့ရတဲ့ နေရာက ကိုယ်တတ်နိုင်သမျှ ပါဝင်လိုပါတယ်။ ဒီလိုပဲ ဒီမိုကရေစီ ပန်းတိုင်ကို ချီတက်ရေးမှာလည်း တတ်အားသရွေ့ပါဝင်လိုကြပါတယ်။ အဲဒီပြည်သူတွေရဲ့ အင်အားမပါ ဘဲနဲ့တော့ ဘာမှမဖြစ်နိုင်ပါဘူး။ ပြည်သူ့အင်အားဖြင့်သာ အမျိုးသားတိုးတက်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး ပန်းတိုင်ကို ရောက်မယ်လို့ ထင်မိပါတယ်။


မောင်းဆက်
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁ ၊ အမှတ် ၄၂
၁၂ ၊ မေ ၊ ၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...