Sunday, August 17, 2014

“ဂျွန်ကယ်ရီ၊ဆြာဒင်၊သမ္မတကြီးနှင့်စိန်ခေါ်သံ” (မင်းဒင်

၁၅။သြဂုတ်၊၂၀၁၄နေ့ထုတ် သည်လေးဒီးစ် ဂျာနယ်မှ ။ ။

“ဂျွန်ကယ်ရီ၊ဆြာဒင်၊သမ္မတကြီးနှင့်စိန်ခေါ်သံ”
(မင်းဒင်)

(တစ်)
ပင်လယ်ကမ်းခြေတွင် မေးတင်တည်ရှိနေသည့် ဖူးခက်မြို့နိုင်ငံတစ်ကာလေဆိပ်၏ ထက်ဝဠာကောင်းကင်ယံတခိုတွင် မိုးသားတိမ်လိပ် တို့ ကင်းစင်၍ သာယာလှသောရာသီဥတုဖြစ်လင့်ကစား  အနောက်တိုင်းဝတ်စုံအပြည့်ဖြင့်၊သပ်ယပ်ခန့်ငြားစွာ၊ လေဆိပ်အထူးဧည့်ကြို ခန်းမတွင်းသို့ရောက်ရှိနေသော ဆြာဒင်အဖို့ ခန္ဓာကိုယ်တစ်ခုလုံးကို ပုရွက်ဆိတ်တက်သလို ရွစိရွစိခံစားနေရ၏။

အရေးကြီးပုဂ္ဂိုလ်တို့ကို ကြိုဆိုရန်ဖြစ်၍ ထိုင်းအထူးရဲထောက်လှမ်းရေးများစွာတို့သည်လည်း  ဆြာဒင့်လုံခြုံရေးအလို့ငှာ ခြေချင်းလိမ် လျက်  ထုပ်စည်းတိုးသကဲ့သို့  ရှိနေကြလေရာ၊ဆြာဒင်တစ်ယောက်  နေရထိုင်ရသည်မှာ  ခွတီးခွကျရှိနေချိန်ဖြစ်လေ၏။ဆြာဒင့်  နံဘေးတွင် ကုတ်ချောင်းချောင်းစတိုင်ကိုယ်စီဖြင့် ဆြာလောက်နီးနီးရှိုးထုတ်ထားကြသော တပည့်ကျော်တို့သည်လည်း  ဟိတ်ဟန် သိက္ခာသမာဓိအပြည့်ဖြင့် မနေတတ်ကြရှာလေသောကြောင့်  မျက်နှာပိုးမသေကြပဲ  တီးတိုးတီးတိုး  သဖန်းပိုးလုပ်နေကြပြန်၏။

“ခုလို  ယူရိုပီယံဂိုက်နဲ့ဆိုတော့ ဆြာဒင်က ဟောလီးဝုဒ်ဓာတ်ရှင်မင်းသားနဲ့  နင်လားငါလားပါကလား ၊  ခန့်ချက်ကတော့ဗျာ”

“ဆြာဒင်က ခုလိုတည်တည်ကြီးနေတော့ လူရှိန်တာအမှန်ပဲဗျ၊တစ်ခါတစ်ခါ  ဗလွတ်ရွှတ်တ ပြောတတ်တာကတော့ ခြွင်းချက်ပေါ့   ဆြာ”

“ငတို့ ဆြာ၊ဥပဓိရုပ်ကလည်း ဆိုဖွယ်ရာမရှိပါကလား၊ဖျတ်ကနဲကြည့်ရင် ကွမ်းယာဆိုင်ပိုင်ရှင်လို့ ဘယ်သူမှ မထင်လောက်ဘူး”

ဣနြေ္ဒသမ္ပတ္တိဖြင့်နေရမည့်အချိန်လည်းဖြစ်၊ဟုတ်မှန်သောအချက်များကိုလည်း  ခွန်းတုန့်ပြန်ရန်မလိုသည့်အလျောက် ဆြာဒင်ခပ်မဆိတ် နေလိုက်ချိန်တွင် လေယာဉ်တစ်စီးထိုးဆိုက်လာသံကို ကြားလိုက်ရပြီး၊ထိုင်းဗိုလ်မှူးကြီးတစ်ယောက်   ဦးဆောင်လျက် ဧည့်ခန်းတွင်းသို့ ဝင်ရောက်လာသော အထူးဧည်သည်တော်ကြီးများကို  ဆြာဒင်ခမျာ၊ဆတ်ကနဲ မတ်တတ်ရပ်ရင်း၊ ပျာပျာသလဲ၊ ပဋိသန္ဓာရစကား ဆို လျက် ကြိုဆိုလိုက်ရသည်။

ဆြာဒင်ရှိရာသို့ ပါးစပ်နှင့်နားရွက် တက်ချိတ်မတတ် ပြုံးရွှင်သောမျက်နှာပေးကိုယ်စီနှင့် ရောက်ရှိလာကြသူ များမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့်ယင်း၏လက်ထောက်တစ်ဦး၊ ဆြာဒင်တို့သမ္မတကြီးနှင့် အသစ်စက် စက်  ပြန်ကြားရေးဝန်မင်းတို့ဖြစ်ကြချေ၏။

“ဟေး   ကယ်ရီ  ဟောင်းအာယူ၊နေကောင်းတယ်နော်၊အိုင်ဂလက်တူဆီးယူ၊တွေ့ရတာ ဝမ်းသာချက်”
“လေးစားပါတယ်  သမ္မတကြီးခင်ဗျာ  မာရဲ့နော်”
“ဟား၊ဝန်ကြီးက အပြင်မှာလည်း လူချောလူခန့်ပါပဲကလား၊ရာထူးတိုးသွားတာ ဂုဏ်ယူပါတယ်  ဝန်ကြီးခင်ဗျာ”
“ဟိုင်း၊မစ္စတာ၊ အိုင်အမ်ဆြာဒင်”

(နှစ်)
ဤသို့လျှင် ဆြာဒင်တစ်ယောက် ခါးကိုသွင်သွင်ကျိုးမတတ်ဦးညွှတ်ရင်း၊ပါးစပ်မှ အမြှုပ်တစီစီထွက်လောက်အောင် အလုပ်များရခြင်း၏ အကြောင်းရင်းကား ဆြာဒင်၏ခင်မင်ရင်းနှီးလှသော မိတ်ဆွေ၊အမေရိကန်သမ္မတကလေး အိုဘားမားထံမှ အရေးတကြီးပေးပို့လာသည့် အောက်ပါအီးမေးလ်စာတစ်စောင်ကြောင့်ဖြစ်လေသည်။

အိုဘားမားသည် အားလပ်ချိန်အချို့တွင် အွန်လိုင်းမှနေ၍ မြန်မာစာမြန်မာစကား ကို ဆြာဒင့်ထံမှနည်းခံသင်ယူဖူးလေရာ  ဆြာဒင်၏တပည့်ဟုဆိုသော်  ရနိုင်ကောင်းလေသည်၊(ဤကား စကားချပ်)

သို့
ဆြာဒင်ခင်ဗျား
ဖူးခက်မြို့နေဆြာဒင်တစ်ယောက် ကျန်းမာပကတိ  ချမ်းသာစွာရှိစေရန်  ဆုတောင်းမေတ္တာပို့သလိုက်ပါ၏။

ဆြာဒင့်ထံ အားကိုးတကြီး၊နားပူနားဆာလုပ်လိုသည်မှာ  မြန်မာပြည်တွင် တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ရန် ကျနော်စေလွှတ်လိုက်သော လူရိုးကြီးဂျွန်ကယ်ရီအား မြန်မာ့အရေးနှင့်ပတ်သက်၍  ဂဃနဏသိရှိစေရန်နှင့် မြန်မာသမ္မတကြီးအနေဖြင့် အမေရိကန် အပါအဝင် အနောက်နိုင်ငံများ၏မြန်မာနိုင်ငံအပေါ်ထားရှိသည့်သဘောထားကို ရှင်းလင်းစွာနားလည်သဘောပေါက်စေရန်အလို့ငှာ၊ ရှစ်စပ်ကဂျင် ခြေလည်သည့် ဆြာဒင့်အနေဖြင့် အားလပ်သည့်ရက်  တစ်ရက်ရက်တွင် ၎င်းတို့နှစ်ဦးအား၊ကိုယ်တိုင်ဖိတ်ခေါ်တွေ့ဆုံ၍  သင့်တော်သလို ကြားဝင်ညှိနှိုင်းပေးပါရန် လေးစားစွာ မေတ္တာအပ်ခံအပ်ပါသည်။

တော်သေးပြီ
သစ္စာရှိစွာဖြင့်

သင့်
အိုဘားမား
အမေရိကန်သမ္မတ

ခင်မင်ယုံကြည်စွာ အားကိုးတကြီး  အကူအညီတောင်းခံလာသည်က တစ်ကြောင်း၊ကိုယ်တိုင်ကလည်း လူတွင်ကျယ်လုပ်ချင်သည်က တစ်ကြောင်းတို့ကြောင့် ဆြာဒင့်မှာ ရေငတ်တုန်းရေတွင်းထဲပြုတ်ကျဘိသကဲ့သို့ ကမ်းလှမ်းချက်ကို ဝမ်းသာအားရလက်ခံကာ အဆိုပါ ပုဂ္ဂိုလ်များနှင့်နာရီပိုင်းမျှ တွေ့ဆုံနိုင်ရန်အတွက် တပည့်ကျော်များ၏ဝိုင်းဝန်းမှုဖြင့် အဆောတလျင်  စီစဉ်ခဲ့ရပြန်ချေသည်တမုံ့။
ဆြာဒင်ကား ထိပ်သီးပုဂ္ဂိုလ်များကို ဆြာလုပ်ရမည်ဖြစ်သောကြောင့် အမေရိကန်မြန်မာဆက်ဆံရေးသမိုင်းနှင့်ပတ်သက်သည်များအား ဝီကီပီးဒီးယားအစောင်စောင်မှ၊မှတ်ဖွယ်ရာရာ ထိုထိုစာကို ရှာ၍မပြတ်၊အိမ်တွင် အပူတပြင်းဖတ်ရှုလေ့လာခဲ့ရချေ၏။ 

သည်ကြားထဲ လူထူထူ မျက်လုံးဖြဲပြချင်ကြသည့်  တပည့်ကျော်ဖိုးသင်းမျောက်တို့ကလည်း  မြွေပူရာကင်းမှောင့်ကြပြန်သည်။

“စိတ်တော့မရှိပါနဲ့  ဆြာဒင်၊ကြုံတောင့်ကြုံခဲမို့  ဆြာ့တပည့်တွေလည်း  နားလည်သလောက်  ဝင်ဆွေးနွေးချင်တယ်  ဆြာ”

“ဒီလိုပုဂ္ဂိုလ်ကြီးတွေနဲ့ သာမန်အချိန်ဆို ဆုံနိုင်ဖို့နေနေသာသာ၊အိမ်ရိပ်တောင် နင်းဖို့မလွယ်ဘူးမဟုတ်လား ဆြာဒင်”
အမေရိကန်သမ္မတကြီးကိုယ်တိုင်ပင်လျှင် လမ်းပေါ်မှာလျှောက်သွားရင်း သာမန်ပြည်သူတို့နှင့်တရင်းတနှီးဆက်ဆံနေသည့် ဒီမိုကရေစီ ခေတ်ကြီးဖြစ်လေရာ ဆြာဒင့်ခမျာ  တပည့်ကျော်တို့၏နားပူနားဆာလုပ်မှုကို  မငြင်းဆန်သာပဲ..၊ “မီးစင်ကြည့် ကကြတာပေါ့ကွာ” ဟုသာ ဖြေသိမ့်စကားဆိုပြီးချိန် တခဏ၌ပင် တပည့်ကျော်တို့သည် ဝတ်ကောင်းစားလှကိုယ်စီဖြင့် နောက်တော်မှ ပါခဲ့ကြကုန်၏။

(သုံး)
ဗမာပြည်တွင် အာစီယံဆွေးနွေးပွဲ လက်ခံကျင်းပနေသည့်ကာလမို့ ၊အားလပ်ချိန်နာရီပိုင်းကလေးအတွင်း  ကမန်းကတန်းတက်သုတ်ရိုက် လာခဲ့ကြသော ဧည့်သည်တော်တို့၏  အခြေအနေအရပ်ရပ်အရဆွေးနွေးပွဲကို  ဖူးခက်လေဆိပ်ရှိ တစ်ခုသောကော်ဖီဘားတွင်ပင် ကျင်းပ ခဲ့ရပြီး၊တပည့်ကျော်လေမင်းသားကို အခမ်းအနားမှူးအဖြစ် ပွဲထုတ်မိလေရာ၊ချစ်လှစွာသော တပည့်ကျော်သည် လွှတ်ပြီဟေ့ ဆိုက တည်းက မဏ္ဍပ်တိုင်တက်ကာ  လူစွမ်းပြလေတော့သည်။

လေမင်းသား။ ။ “မစ္စတာဂျွန်ကယ်ရီခင်ဗျား  လူကြီးမင်းရဲ့ဘဝကို အခုလိုတောက်ပြောင်လာအောင်  မြေတောင်မြှောက်ပေးခဲ့တဲ့ လူကြီး မင်းရဲ့ဇနီးသည်ကို ချီးကျူးဂုဏ်ပြုကြောင်း ဦးစွာစကားလက်ဆောင်ပါးလိုပါတယ်။တစ်ဆက်တည်းပြောလိုတာက အခုလူကြီးမင်းရဲ့ ဗမာပြည်ခရီးစဉ်မှာ ပြောကြားခဲ့တဲ့ သတိပေးစကားတွေဟာ အကင်းမပါးသူများအဖို့  ခြိမ်းခြောက်စကားအဖြစ်  မှတ်ယူကြဖွယ်ရှိပါတယ်၊ ကျနော်တို့သမ္မတကြီးဟာ နောက်ကြောင်းပြန်လှည့်မဲ့သူ မဟုတ်ပါဘူး၊ဒီတော့ကာ နှစ်နိုင်ငံကြားမှာ အမြင်မလွဲစေဖို့ ကျနော်တို့ ဆြာ တပည့်တွေ အတတ်နိုင်ဆုံး  ကြားဝင်စေ့စပ်ပေးသွားမှာဖြစ်ပါတယ်”

ပြန်ကြားရေးဝန်မင်း။ ။ “ဟုတ်တာပေါ့၊ကိုလေမင်းသားရယ်၊ရှေ့ဆက်ပါအုံးဗျ”

သမ္မတကြီးကား  ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း နှုတ်ခမ်းပါးလေးနှင့် ပြုံးလျက်ရှိ၏။

လေမင်းသား။ ။ “တကယ်တော့ သမ္မတကြီးကို မယုံရတာမဟုတ်ပါဘူး။သမ္မတကြီးရဲ့  လူကြမ်းအဖွဲ့ဝင်တချို့က မယုံရတာပါ။ဒီတော့  ခေတ်ဟောင်းမှာဆက်ပျော်နေချင်ကြပြီး  မြန်မာပြည်ရှေ့ရေးကို နကန်းတစ်လုံးမှမသိကြတဲ့ သမ္မတကြီးနောက်တော်ပါတချို့ရဲ့  တစ်ဦး ချင်းကိုယ်ကျိုးစီးပွားကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ပစ်မှတ်ထားသင့်ပါတယ်။ “ခင်ဗျားတို့ထင်တိုင်းကြဲနေတာကို အမေရိကန်က လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး”ဆိုတဲ့ တိကျထိရောက်တဲ့သတင်းစကားကို နည်းလမ်းမျိုးးစုံနဲ့ပါးစေချင်ပါတယ်”

ဂျွန်ကယ်ရီ။ ။ “တကယ့်ကို ထိရောက်တဲ့အကြံပြုချက်ပဲဗျာ၊ဒါကြောင့်လည်း အမေရိကန်ဟာ မြန်မာပြည်ကို ၂၀၁၂ခုနှစ်ကနေ အခုအချိန် အထိ အမေရိကန်ဒေါ်လာ သန်းနှစ်ရာကျော်ထောက်ပံ့ထားတာ? သဲထဲရေသွန်အဖြစ်ခံလို့ ဘယ်ဖြစ်ပါ့မတုန်း။အမေရိကန်ဟာ ဗမာပြည်ကို မျက်ကန်းယုံကြည်မှုမျိုးနဲ့ ဆက်ဆံနေတာမဟုတ်ဘူးဆိုတာ ဒိထက်ထင်ရှားအောင် ကျနော်တို့ဆက်ပြီး လုံးပန်းသွားမှာပါ”

ဂျွန်ကယ်ရီ၏လက်ထောက်အဖြစ်လိုက်ပါလာသူ  အမေရိကန်စီအိုင်အေအရာရှိဖြစ်ပုံရသည့်ပုဂ္ဂိုလ်ကား ရှုတည်တည်မျက်နှာပေးဖြင့် မှတ်စုတချို့ကို ရေးခြစ်လျက်ရှိ၏။ဆြာစင်စစ်ဖြစ်ပါလျက် မျှော်လင့်ထားသလို ဗိုလ်ပုံအလယ်တွင် ပညာစွမ်းပြခွင့်မရရှာသည့် ဆြာဒင်မှာ တပည့်ကျော်ကိုစိတ်ဆိုးရအခက်၊ခွင့်လွှတ်ရအခက်ဖြစ်နေချေ၏။

ထိုစဉ်ဂျွန်ကယ်ရီသည် ကြားဖြတ်မေးခွန်းတစ်ခုဖြင့် အမှတ်မထင် ထောက်လိုက်လေရာ သည်တစ်ခါဟန်ကျပေပြီဟူသော အတွေးဖြင့် ဆြာဒင်မတ်တတ်ရပ်ရန် ဖင်ကြွနေဆဲမှာပင်၊ တပည့်ကျော် ကပ္ပလီက တစ်စခန်း ထပြန်လေသည်။

ဂျွန်ကယ်ရီ။ ။”လက်ရှိအနေအထားအရ  မြန်မာပြည်မှာ အထူးသတိချပ်သင့်တဲ့ စိန်ခေါ်ချက်တွေကို လူကြီးမင်းတို့  သဘောပေါက်ကြ မယ်  ထင်ပါရဲ့”

ကပ္ပလီ။ ။“ကောင်းကောင်းကြီးပေါက်တာပေါ့  မစ္စတာကယ်ရီ။အမေရိကန်ဟာ ဗမာပြည်ရဲ့ (၂၀၁၅)ရွေးကောက်ပွဲကို သတိကြီးစွာနဲ့ စောင့်ကြည့်နေတယ်ဆိုတာ ကျနော်တို့အားလုံးသိနေပါတယ်။အမေရိကန်အထက်အောက်လွှတ်တော်တွေမှာ မြန်မာပြည်ပြုပြင်ပြောင်း လဲရေးအပေါ် အယုံအကြည်မရှိတဲ့ အဆိုတွေတင်သွင်းခဲ့တယ်ဆိုတာလည်း ကျနော်တို့ကြားပြီးသားပါ။ရွေးကောက်ပွဲမှာ အားလုံး ပါဝင်ရမယ်။ပွင့်လင်းမြင်သာမှု၊မျှတမှုရှိရမယ်။နိုင်ငံတစ်ကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေရဲ့စစ်ဆေးမှုကို လက်ခံနိုင်ရမယ်၊(၂၀၁၆)မှာ အာဏာကို  အေးချမ်းစွာလွှဲပြောင်းပေးရမယ်ပေါ့ဗျာ။ ဟုတ်ဖူးလား သမ္မတကြီးခင်ဗျ”

သမ္မတကြီး။ ။ “ဟုတ်ပါ့ ကိုကပ္ပလီရယ်၊နောက်ဆုံးကျင်းပသွားခဲ့တဲ့ အင်ဒိုနီးရှားရွေးကောက်ပွဲကို ကျနော်တို့  နမူနာယူမှာပါဗျာ”

(လေး)
သမ္မတကြီးထောက်ခံလိုက်ကာမှ ကပ္ပလီငယ်မှာ စိတ်အားတက်ကြွလာလျက်၊ဆယ်စုနှစ်နှင့်ချီ၍ ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်ပဋိပက္ခ၊ အရပ်ဘက်အဖွဲ့အစည်းများအား ပိုမိုနေရာပေးရန်၊ သတင်းမီဒီယာများအား အကာအကွယ်ပေးရန်၊ မြေယာသိမ်းကိစ္စရပ်များအား ဖြေရှင်းရန်၊ နိုင်ငံတွင်းလူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ မဖြစ်ပေါ်အောင် အကာအကွယ်ပေးရန်၊ပြည်သူတို့၏အခွင့်အရေးကို တရားဥပဒေဖြင့် အကာအကွယ်ပေးရန်တို့မှာ စိန်ခေါ်မှုများအဖြစ်  ရှိနေဆဲဖြစ်သည်ကိုသိရှိကြောင်း၊ အချိန်နှင့်တစ်ပြေးညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း အာပေါင်အာရင်းသန်သန်မြွက်ခြွေနေပြန်ရာ၊လူလည်ကြီးသား ဆြာဒင့်ခမျာ ဝင်ရောက်စွက်ဖက်ရန် အခွင့်မသာ ပြန်ချေ။

ဂျွန်ကယ်ရီ၊သူ၏လက်ထောက်၊ပြန်ကြားရေးဝန်မင်း၊ကပ္ပလီနှင့်လေမင်းသားတို့မှာ မြန်မာပြည်အနာဂတ်ကို ရေပက်မဝင်နိုင်အောင် ဆွေးနွေးလျက်ရှိကြစဉ် ငြိမ်သက်စွာနားထောင်လျက်ရှိသော သမ္မတကြီးသည် တစ်စုံတစ်ခုကိုမေးလိုဟန် အမူအယာပြလိုက်ရာ ဆြာဒင် သည် သည်တစ်ခါတော့ “အကွက်ကောင်းပဟ”ဟူသောအတွေးဖြင့် ဆွေးနွေးရန် စကားလုံးရှာနေဆဲမှာပင် ဖေကြည်ငယ်က ကောက် ကာ ငင်ကာ လက်ဦးမှုရယူပြန်လေသည်။

ဖေကြည်။ ။ “သမ္မတကြီး မေးလိုတဲ့အချက်ရှိရင် အားမနာနဲ့နော်”

သမ္မတကြီး။ ။“သြော်၊အခုဆွေးနွေးပွဲမှာ စိန်ခေါ်ချက်၊စိန်ခေါ်မှုဆိုပြီး  စိန်ခေါ်တာတွေထပ်နေတော့ အဲဒီစိန်ခေါ်ချက်တွေကို မဖြေရှင်းနိုင်ခဲ့ရင် ဘာများဖြစ်မလဲ  သိချင်လို့ပါ”

ဖေကြည်။  ။ “ဒါက ဒီလိုရှိပါတယ် သမ္မတကြီးခင်ဗျာ။သမ္မတကြီးတို့အနေနဲ့  ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ပါ့မယ်လို့ ကမ္ဘာကိုအသိ ပေး ကြေညာပြီးဖြစ်တဲ့အတွက် အမေရိကန်အပါအဝင် အနောက်နိုင်ငံအုပ်စုဝင်နိုင်ငံတွေဟာ မြောက်မြားလှစွာသော ကြွေးမြီတွေကို လျှော်ပစ်တာ၊စစ်ရေး၊စီးပွားရေးအပါအဝင် နည်းပညာကဏ္ဍအသီးသီးမှာ စေတနာဗလဗွနဲ့ ကူညီဖြည့်ဆည်းပေးပြီး၊တရုတ်လောင်းရိပ် အောက်ကနေ  ဖယ်ထုတ်ပေးနေတာဖြစ်ပါတယ်

။ပြုပြင်ပြောင်းလဲရေးကို ဆက်ပြီးပီပီပြင်ပြင်မဆောင်ရွက်ဘူးဆိုရင်၊တရုတ်ကို ပြန်ကပ်ဖို့ စိတ်မကူးပါလေနဲ့။ ဒီအချက်ကို အမေရိကန်ရဲ့အာရှပစိဖိတ်မဟာဗျူဟာအရ လက်မခံနိုင်ပါဘူး။ခုလို စပ်ကူးမတ်ကူးကာလမှာ ပြုပြင် ပြောင်းလဲရေးလမ်းကနေ သွေဖီမယ်ဆိုရင် အနောက်အုပ်စုရဲ့ အကူအညီအားလုံး  ရုတ်ခြည်းရပ်ဆိုင်းလိုက်ခြင်းဖြင့်  အသိအမြင်ပွင့်လင်း စပြုနေတဲ့ ဗမာပြည်သူလူထုရဲ့ အုံကြွမှုနဲ့ မလွဲမသွေရင်ဆိုင်ရမှာဖြစ်ပါတယ်။

စစ်ဝါဒရဲ့ဆိုးကျိုးကို အထိုက်အလျောက်သဘောပေါက်တဲ့ တပ်မတော်သားတွေလည်း လူသိရှင်ကြားပေါ်ထွက်လာပြီမို့ တပ်မတော်ပါအစိတ်စိတ်အမွှာမွှာကွဲပြီး ဗမာပြည်ရှေ့ရေးဟာ မတွေးရဲ လောက်အောင် ဖြစ်သွားနိုင်တာပေါ့ခင်ဗျာ။ဒါကြောင့်  ဖွဲ့စည်းပုံအခြေခံဥပဒေကို  လိုအပ်သလိုပြင်ဆင်ပြီး  ခရီးရှေ့ဆက်ကြရမှာပေါ့”  

သမ္မတကြီးသည် တစ်စုံတစ်ရာကို  အလေးအနက် တွေးတောနေဟန် ခပ်ငိုင်ငိုင်ဖြစ်သွားချိန်တွင် ဆြာဒင့်ရင်ထဲတွင်မူ နွားရှေ့ထွန်ကျူး ကြလေသည့် တပည့်များကို နားရင်းထရိုက်ချင်လောက်အောင် ကျွဲမြီးတိုနေလေပြီ။

(ငါး)
“ဘာဆက်လုပ်ရမယ်ဆိုတာ ကျနော်သိပါပြီ မစ္စတာဂျွန်ကယ်ရီ” ဟူသော သမ္မတကြီး၏နိဂုံးချုပ်စကားဖြင့် ဆွေးနွေးပွဲကား ဆြာဒင် တစ်ခွန်းတစ်ပါဒမျှ မပြောမဆိုလိုက်ရပဲ၊အောင်မြင်စွာ ဆုံးခန်းတိုင်ခဲ့လေသည်။

သည်တပည့်တွေကြောင့် သည်လိုအဖြစ်မျိုးကြုံရလေခြင်း ဟူသောအတွေးဖြင့် ဆြာဒင်တစ်ယောက်၊ကြိမ်မီးအုံးသကဲ့သို့ ဒေါသမီး  တောက်လောင်နေချိန်တွင် လေယာဉ်ပျံကြီးပေါ်သို့  တက်ခါနီး ဆဲဆဲ ဆြာဒင့်ကို ပွေ့ဖက်နှုတ်ဆက်ကြရင်း၊အသီးသီးဆိုကြလေသည့် ဧည့်သည်တော်တို့၏ မှတ်ချက်စကားတို့ကြောင့် ဆြာဒင့်ရင်မှာ လောင် မြိုက်လေသော ဝန်တိုမစ္ဆိယစိတ်သည် ပိန်းကြာဖက်တွင်၊ရေမတင်သကဲ့သို့  ကွယ်ပျောက်ကာ  ရွှင်လန်းမှုအတိဖြစ်ရလေ၏။

“မကြာခင် ပြန်ဆုံချင်ပါသေးတယ် မစ္စတာဒင်၊နာမည်နဲ့လိုက်အောင် ဥာဏ်ကြီးပါပေ့ဗျာ။ဒီပြဿနာလောက်ကို တပည့်တွေနဲ့ကိစ္စပြတ် မှန်းကြိုသိနေသကိုး၊တရုတ်၊အမေရိကန်အားစမ်းမဲ့ မဟာဗျူဟာအစီအမံတွေမှာ ဆြာဒင့်လိုလူမျိုး  ပါလာရင်သိပ်ကောင်းမယ်ဗျာ”

“ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်  ဆြာဒင်ရယ်။ဆြာ့တပည့်တွေတော်လိုက်ပုံများ ဆြာကိုယ်တိုင်  တစ်ခွန်းမှဝင်ပြောစရာ မလိုအောင်ပါကလား။အခွင့်ကြုံတဲ့အခါ သမ္မတအိမ်တော်မှာ ထမင်းဖိတ်ကျွေးချင်ပါရဲ့”

“ဆြာဒင်   ပြန်ကြားရေးမှာလိုတာရှိရင် ပြောနော်၊ကျနော့်ဖက်ကကူညီဖို့ အဆင်သင့်ရှိပါတယ်”

“You are really great man”

 အထူးလေယာဉ်ပျံကြီးးဖူးခက်လေဆိပ်မှ ပျံတက်သွားချိန်တွင်ကား ဆြာဒင်သည် ဆြာ့ဂုဏ်ကို မြှင့်တင်ပေးခဲ့လေသော တပည့်ကျော်တို့ ၏ပခုံးကို ပြုံးရွှင်စွာပွေ့ဖက်ရင်း လေဆိပ်အဆောက်အဦးကြီးအတွင်းမှ ပြန်လည်ထွက်ခွာလာခဲ့ကြပါသည်။

လေဆိပ်အပြင်မှာ အသင့် ရပ်ထားသော ဘေးတွဲဆိုင်ကယ်စံပလောပေါ်တွင်တပည့်ကျော်တို့ကို တင်ဆောင်ရင်း ဖူးခက်မြို့မှနာမည်ကျော် ထိုင်းစားသောက် ဆိုင်တစ်ဆိုင်ဆီသို့ ဆြာဒင်ကိုယ်တိုင်မောင်းနှင်ဦးတည်လျက်ရှိလေ၏။ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလံ၊မင်္ဂလာ မည်သည် မဟုတ်တုံလော။ ။

(တစ်)
ပင်လယ်ကမ်းခြေတွင် မေးတင်တည်ရှိနေသည့် ဖူးခက်မြို့နိုင်ငံတစ်ကာလေဆိပ်၏ ထက်ဝဠာကောင်းကင်ယံတခိုတွင် မိုးသားတိမ်လိပ် တို့ ကင်းစင်၍ သာယာလှသော ရာသီဥတုဖြစ်လင့်ကစား အနောက်တိုင်းဝတ်စုံအပြည့်ဖြင့်၊သပ်ယပ်ခန့်ငြားစွာ၊ လေဆိပ်အထူးဧည့်ကြို ခန်းမတွင်းသို့ရောက်ရှိနေသော ဆြာဒင်အဖို့ ခန္ဓာကိုယ်တစ်ခုလုံးကို ပုရွက်ဆိတ်တက်သလို ရွစိရွစိခံစားနေရ၏။

၁၅။သြဂုတ်၊၂၀၁၄နေ့ထုတ် သည်လေးဒီးစ် ဂျာနယ်မှ ။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...