Friday, August 22, 2014

ဒီလိုကိုး

ကျနော်ထိုင်နေကျ ဒီ လ္ဘက်ရည်ဆိုင်လေးကနေ ကြည့်လိုက်ရင် ကန်ပတ်လမ်းလေးကို လှမ်းမြင်နေရတယ်။

မနက်စောစော ဒီဆိုင်လာပြီး လဘက်ရည်သောက်ရင်း ဆိုင်ရှေ့က ဖြတ်သွားသမျှ လူတွေကို ထိုင်ကြည့်တတ်၊ တောင်တောင်အီအီ စဉ်းစားနေတတ်တာ ကျနော့်အကျင့်ပေါ့...

တရက်တော့...
အသားကပ်ဘောင်းဘီကြပ်ကြပ်၊ စပို့ရှပ်ဖြူလွှလွှလေးနဲ့ လျှာထိုးဦးထုပ်လေး ဆောင်းထားတဲ့ ကောင်မလေးတစ်ယောက် ကန်ပတ်လမ်းအတိုင်း လမ်းသွက်သွက်လျှောက်နေတာ တွေ့လိုက်တယ်။ 
မနက်စောစော ကျန်းမာရေးအတွက် လမ်းလျှောက်ထွက်လာပုံပဲ။
ကလေးမက ကျောပိုးအိတ်လေးလည်း လွယ်ထားသေးတယ်

အဲဒီအချိန်မှာပဲ ကောင်မလေးနဲ့ မျက်နှာခြင်းဆိုင်ကနေ 
ကျနော်တို့လမ်းထိပ်က အထူးကုဆရာဝန်ကြီး လမ်းလျှောက်လာတာကို တွေ့လိုက်ရတယ်။
ဘာရယ်မဟုတ်ဘူး... မျက်စေ့ထဲမြင်နေတာကို ကြည့်နေမိတာ

အဲဗျ... ...
သူတို့နှစ်ယောက် မျက်နှာခြင်းဆိုင် ဖြတ်ကြတော့
လမ်းလျှောက်လာတဲ့ ဆရာဝန်ကြီးက ခြေအစုံကို ရုတ်တရက်ရပ်လိုက်ပြီး ကောင်မလေးဘက်ကို လက်အုပ်လေးချီလိုက်တာ တွေ့လိုက်တယ်
ကောင်မလေးကလည်း ခဏတန့်ကနဲ ဖြစ်သွားပြီး ခေါင်းလေးညိမ့်ပြုံးပြရင်း ဆက်လျှောက်သွားတယ်။
ဆရာဝန်ကြီးလည်း သူ့လမ်းသူ ဆက်လျှောက်သွားတာ တွေ့လိုက်ရတယ်။

ဘာလဲ မသိ?
ခက်တော့ ခက်နေပြီ

ပိုပြီးစဉ်းစားလို့ မရတာက...
နောက် ၂ရက် ၃ရက်နေတော့လည်း အဲလိုပဲ
ကောင်မလေးနဲ့ ဆရာဝန်ကြီးနဲ့ ကန်ပတ်လမ်းမှာ မျက်နှာခြင်းဆိုင် ဆုံကြပြန်တယ်။
ဆရာဝန်ကြီးက ခြေအစုံရပ်ပြီး ကောင်မလေးဘက်ကို လက်အုပ်ချီတယ်။
ကောင်မလေးက တန့်ကနဲခဏရပ်ပြီး ခေါင်းလေးညိမ့်ပြုံးပြရင်း ဆက်လျှောက်သွားတယ်။

ဒီမြင်ကွင်းကို တစ်ခါကနေ နှစ်ခါ၊ နှစ်ခါကနေ သုံးခါ တွေ့လာရတော့ ကျနော်မှာ နေမထိ ထိုင်မသာ ဖြစ်လာတယ်။

ကောင်မလေးက ဘာလဲ?
ဆရာဝန်ကြီးကရော ဘယ်လိုလဲ၊ ဘာလို့ သူ့ထက်ငယ်တဲ့ ကလေးမကို လက်အုပ်ချီရတာလဲ?

အင်း... ကြာရင် ငါရူးတော့မယ်
မိန်းမ မရခင် အရူးတော့ အဖြစ်မခံနိုင်ဘူး။
ဒီကိစ္စ သိအောင်လုပ်မှ.. လို့ အကြံထုတ်တယ်။

နောက်ဆုံးတော့...
ဖျားချင်ယောင်ဆောင်ပြီး ဆရာဝန်ကြီးဆေးခန်းကို သွားပြတယ်။
ခေါင်းကိုက်တယ် ဖင်ကိုက်တယ် လျှောက်ပြောတော့ ဆရာကြီးက စမ်သပ်ကြည့်ပြီး သောက်ဆေးတချို့ပေးတယ်။

ကျသင့်ငွေ ရှင်းပေးရင်း အမှုမဲအမှတ်မဲသဘောမျိုးနဲ့ ဆရာဝန်ကြီးကို စကားစရတယ်... ...

"ဆရာကြီးကို မနက်တိုင်း ကန်ပတ်လမ်းမှာ တွေ့တွေ့နေတယ်နော်"
"ဟုတ်တယ်ဗျာ... ကျန်းမာရေးအတွက် လမ်းလျှောက်ထွက်ရတာပေါ့"

"ဟုတ်ကဲ့... ဒါပေမယ့် ကျနော်တစ်ခုလောက် မေးချင်တယ် ဆရာကြီး"
"မေးပါ..."

"ကန်ပတ်လမ်းမှာ ဆရာကြီးအနေနဲ့ ကောင်မလေး တစ်ယောက်ကို တွေ့မိတယ်မလား"
"အင်း... သူလည်း အမြဲလမ်းလျှောက်နေကျ ထင်ပါရဲ့၊ တစ်ပတ်မှာ ၂ ခါလောက်တော့ ဆုံဖြစ်ပါတယ်"

"အဲ... အဲ... ဟိုလေ... အဲ့ကလေးမက ဘာလဲငင်"
"သိဘူးဗျ.. ကျနော်နဲ့က စကားတောင် မပြောဖူးပါဘူး၊ ဘာလို့လဲ ဗျ"

"ဟိုလေ... ဆရာကြီးက သူ့ကို တွေ့ရင်လက်အုပ်လေးချီချီပြီး ကန်တော့နေတာ မြင်မိသလားလို့ အဟီး"
"အော်.... ဟား ဟား ဟား၊ ခင်ဗျားက ဒါကို သိချင်လို့ စကားစရှာနေတာကိုး"

"ဟီး ဟီး ဟုတ်တယ် ဆရာကြီး၊ အဲ့ကိစ္စနဲ့ ကျနော့်မှာ ည ည အိပ်တောင် မပျော်ဘူး"
"အော်... အပူရှာလို့ဗျာ၊ ဒီလိုပါ... "

ဆရာဝန်ကြီး ပြောပြတာက ဒီလို... ...
အဲ့ဒီကောင်မလေးက ခေတ်ဆန်ဆန်ဝတ်စားထားတတ်ပေမယ့် ဘာသာတရား ကိုင်းရှိုင်းပုံရတယ် တဲ့
မနက်တိုင်း လမ်းလျှောက်ထွက်လာရင် သူ့ရဲ့ ကျောပိုးအိတ်ထဲမှာ ကက်ဆက်အသေးလေး ပါလာပုံရတယ်
ကက်ဆက်ကလည်း သီချင်းတွေ၊ ဇာတ်လမ်းတွေ ဖွင့်တာ မဟုတ်ဘဲ ဆရာတော်ကြီးတွေရဲ့ တရားခွေတွေကိုပဲ ဖွင့်တာတဲ့
သူမကလည်း လမ်းလျှောက်ရင်း အချိန် အအားမထားဘဲ တရားနာတယ် ထင်ပ့ါ
ဆရာဝန်ကြီးကလည်း ဘုရားပုံတော်ပဲတွေ့တွေ့၊ စေတီတော်ကိုပဲ တွေ့တွေ့၊ တရားသံပဲ ကြားကြား၊ မြင်ရ ကြားရတဲ့ အရပ်ဆီ မှန်းမျှော်ပြီး လက်အုပ်လေးချီလို့ ဦးချကန်တော့တတ်၊ အရိုအသေပေးတတ်တာ ငယ်ငယ်လေးထဲက အကျင့်တဲ့...

ဒီတော့... ...
မနက်တိုင်း လက်အုပ်ချီပြီး ကန်တော့နေတာ ကောင်မလေးကို မဟုတ်ရပါဘူးတဲ့...
ကောင်မလေး အိတ်ထဲကနေ ထွက်လာတဲ့ တရားသံနဲ့ ဆရာတော်ကြီးတွေကို ဦးချကန်တော့တာပါတဲ့...

အမ်မလေး... ခုမှပဲရှင်းတော့တယ်...
တော်ပါသေးရဲ့..

လူလည်း သူများကိစ္စကို စပ်စုမိတာ
အိပ်ရေးပျက်လို့ မျက်တွင်းတွေလည်း ချောင်လှပြီ

ဒီညတော့ စောစောအိပ်မှ... စောစောအိပ်မှ... ....

(ဆရာဂျွန် June Win - ကိုယ်တွေ့အဖြစ်အား ပြန်ရေးထားတာ ဖြစ်ပါကြောင်း)

သို၎ကန်  နဲ့ သန်၎ကို - ဖောက်သည်ချသည်။
https://www.facebook.com/thanlaykoကျနော်ထိုင်နေကျ ဒီ လ္ဘက်ရည်ဆိုင်လေးကနေ ကြည့်လိုက်ရင် ကန်ပတ်လမ်းလေးကို လှမ်းမြင်နေရတယ်။

လူလည်း သူများကိစ္စကို စပ်စုမိတာ အိပ်ရေးပျက်လို့ မျက်တွင်းတွေလည်း ချောင်လှပြီ
ဒီညတော့ စောစောအိပ်မှ... စောစောအိပ်မှ... ....
(ဆရာဂျွန် June Win - ကိုယ်တွေ့အဖြစ်အား ပြန်ရေးထားတာ ဖြစ်ပါကြောင်း)

သို၎ကန် နဲ့ သန်၎ကို - ဖောက်သည်ချသည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...