Monday, August 25, 2014

(စ်) ဖေါက်ထွင်း


သော့တုဖြင့် ဖြစ်စေ၊ သော့အား သံဖြတ်လွှဖြင့် ဖြတ်တောက်၍ ဖြစ်စေ၊ သံတူရွင်းဖြင့် ကလန့်ဖျက်၍ ဖြစ်စေ၊ ဖောက်ထွင်းခိုးယူမှု ပြုသူများကို၊ Key Line ဟုလည်း ခေါ်ကြသည်။ သော့ဖျက်ပုံ ဖျက်နည်း၊ သော့ဖြတ်သည့်အခါ ကျန်ရစ်ခဲ့သည့် သံဖြတ်စာအမှုံ့ အနုအကြမ်းကို ကြည့်ပြီး၊ သူတို့အချင်းချင်း၊ ဖေါက်ထွင်းသူ ဘယ်သူဖြစ်ကြောင်းကိုလည်း ပြောနိုင်ကြသည်။
သာယာဝတီထောင်တွင် ထောင်အုတ်ရိုးကျော် ထွက်ပြေးမှုကို လေ့လာကြည့်ရာ၊ အကျဉ်းဆောင်များတွင် ရှေးခေတ်မှ ယနေ့ထိတိုင် အသုံးပြုနေသည့်၊ အင်္ဂလန်မိတ် အာမခံသော့များကြောင့်မဟုတ်ပဲ၊ အကျဉ်းဆောင် (တိုက်)၏ အုတ်နံရံ၌၊ အုတ်စီထားသော ကြားရှိ မဆလာ(ခ)ဘိလပ်မြေကို၊ သံဖြင့် တနေ့ နည်းနည်း အချိန်အားတိုင်း ခြစ်ကာ၊ အုတ်များကို ထုတ်၍၊ ထွက်ပြေးရန် ကြိုတင်ဖေါက်ထားခြင်းကြောင့် ဖြစ်သည်။ ထို့နောက် အုတ်များကို သူ့နေရာအတိုင်း၊ ဟန်ပြအဆာများ ပြန်ထည့်ထားကာ ဟန်ချက်မပျက်၊ ပြန်စီထားပြီး အပေါ်၌၊ ထုံးပြန်သုတ်ထားကြသဖြင့်၊ သာမန်စစ်ဆေးသူများ သတိမထားမိနိုင်တော့ပေ။

နောက်တနည်းမှာ သံဖြတ်လွှဖြင့် လူနေနည်းသည့် ဘာယာခန်း၊ အိမ်သာခန်းတို့တွင်၊ သံပန်းဇကာကို သာမာန်လူများ၊ သတိမထားနိုင်သည့် အောက်ခြေကဲ့သို့ နေရာမျိုးမှ တဖြည်းဖြည်း ဖြတ်တောက်၍၊ ထွက်ပြေးနိုင်ရန်လည်း စီစဉ်ထားတတ်ကြပေသည်။
ဖောက်ထွင်း ဖြတ်တောက်နိုင်မှု မရှိခဲ့သည့် နံမည်ရ၊ အကျဉ်းထောင်သုံး အင်္ဂလန်မိတ် အာမခံသော့များမှာ နှစ်ပေါင်း ရာချီနီးပါး ကြာမြင့်လာပြီ ဖြစ်သည့်အလျောက်၊ တခါတရံ တချို့သော့သည်၊ အကျဉ်းဆောင်များအား ခတ်ပြီးလျှင် ပြန်ဖွင့်မရ၊ ဖွင့်ပြီးလျှင် ခတ်မရနှင့်၊ ဂျမ့် ဖြစ်နေတတ်သည်။ ထိုအချိန်တွင် ထောင်ဝန်ထမ်းသည် ဖောက်ထွင်းမှုကြောင့် အကျဉ်းကျနေသောသူကို၊ ပြန်၍ အကူအညီတောင်းရသည်။ ထိုသူကလည်း မည်မျှ စွမ်းသလဲဆိုလျှင် ဂါထာစုတ်၊ မန်းမှုတ်ပြီး၊ သော့အား ၃ချက်လောက် ရိုက်လိုက်သည်နှင့်၊ ဂျမ့်မဖြစ်တော့ပဲ ပွင့်၏။
မြန်မာနိုင်ငံတွင် နေထိုင်မှု လုံခြုံခိုင်ခန့်ရန် အုတ်တိုက်များ ဆောက်လာကြသည်။ ဖေါက်ထွင်းသမားသည် လူမရှိ ခရီးသွားအိမ်၏ နံရံရှိ၊ အုတ်စီထားသော ကြားရှိ မဆလာ(ခ) ဘိလပ်မြေအား၊ ပြဒါးကို ရေထည့်ထားသော ခွက်တွင် ရောထည့်၍၊ ပက်ကြသည်။ ၅မိနစ်လောက်ကြာသောအခါ၊ ဘိလပ်မြေအာနိသင် မရှိတော့ပဲ၊ အုတ်ကို အချပ်လိုက် ထုတ်ယူ၍၊ ဖောက်ထွင်း ဝင်ရောက်ကြသည်။
“ နောင် တိုက်ဆောက်မည့်သူများသည် သံဇကာကို အတွင်းအပြင် ခံ၍၊ ဘိလပ်မြေဖြင့် ဖုံးအုပ် ဆောက်ကြမည်ဆိုပါက၊ ဖေါက်ထွင်းခံရမှု အန္တရာယ်မှ လျော့နည်းသက်သာပေလိမ့်မည်။”
(ည) ပဲ/ဆန် သူခိုး
တခါတရံ ပင်ပန်းရိုးသားစွာ လုပ်ကိုင်စားသောက်နေကြရှာသည်ဟု ထင်ရသော သူများသည်လည်း၊ သူခိုးများ ဖြစ်နေတတ်ပေသည်။ ကား၊ ရထား၊ သဘောင်္၊ မော်တော်ဆိပ်များတွင်၊ ပြည်တွင်းကုန်တင်ကုန်ချ အထမ်းအလုပ်သမားများကို၊ အပြာရောင်ဝတ်စုံများနှင့် တွေ့ရပေမည်။
ကား၊ ရထား၊ သဘောင်္ မော်တော်တို့ထံမှ ဂိုဒေါင်သို့ဖြစ်စေ၊ ဂိုဒေါင်မှ တခြားနေရာသို့ဖြစ်စေ၊ ဆန်အိတ်၊ ပဲအိတ်များ ထမ်းရာတွင် သူတို့ကိုယ်စီ၌၊ ကြိုတင်ဆောင်ထားသော ဆန်ထိုးပိုက်များဖြင့်၊ ထမ်းနေသောအိတ်ကို ထိုးကာ၊ အကျီ င်္အတွင်း ဆန်၊ ပဲများကို ကျစေသည်။ ဆန်၊ ပဲများ ဆန်ထိုးပိုက်မှ အကျီင်္အတွင်းသို့ တရစပ်ကျနေမှုမှာ၊ ခြေသလုံးတွင် သားရေကြိုးဖြင့် စည်းထားသော ဘောင်းဘီရှည်၏ အောက်ခြေနားတွင်၊ ဂိတ်ဆုံး၏။ ဆေးလိပ်သောက်သလို၊ အပေါ့သွားသလိုနှင့် တနေရာ၌ ပြန်စု၏။ တချို့ ဘောင်းဘီတိုပဲ ဝတ်ကာ ထမ်းကြသော အလုပ်သမားများသည်လည်း၊ ပုခုံးဒဏ် သက်သာရာသက်သာကြောင်း လုပ်ထားသလိုလိုနှင့်၊ ပုဆိုးကို စလွယ်သိုင်းထားကြသည်မှာလည်း၊ ဤဂွင်အတွက် ဖြစ်သည်။ ဆန်နှင့် ပဲများ စလွယ်သိုင်းထားသော ပုဆိုးထဲသို့ ကျလာစေရန် ဖြစ်သည်။
ဤသို့ဖြင့် ကုန်သည်ကိုယ်တိုင် စောင့်ကြည့်မှုနှင့် ကြီးကြပ်သူ တာလီမှတ် စာရေးတို့၊ စာရင်းကို ကိုက်ညှိကြလျှင်၊ ဆန်အိတ်အရေအတွက် ပြည့်ဝမှန်ကန်နေမည် ဖြစ်သော်လည်း၊ လက်ပြောင်းလက်လွှဲ တနေရာရာတွင်တော့ မျက်လှည့်ပြသလိုလို၊ ရာသီဥတုကြောင့် အစိုငွေ့ပြန်သွားသလိုလိုနှင့်၊ ကုန်ချိန်ပြဿနာ တက်ပေလိမ့်မည်။
ညဘက်တွင် ကားအသွားအလာ ကျဲသော၊ လျှပ်စစ်မီးမရှိသည့် အဝေးပြေးလမ်းများတွင်၊ သွားလာနေသော ကုန်ကားကြီး၏ နောက်ပိုင်းကို၊ အိတ်ခွံလွတ်နှင့် လူကို တက်စေကာ၊ (ဟိုက်လတ်ကဲ့သို့ကားကို မီးမထွန်းပဲ၊ ကုန်ကားနှင့် ဘေးယှဉ်မောင်းကာ ကုန်ကား၏ တာလဗတ်မိုးထားသော နောက်ပိုင်းကို တက်ရောက်စေခြင်း) တာလဗတ်ကို ဖြည်၍၊ ဆန်အိတ်၊ ပဲအိတ်များကို ဆန်ထိုးပိုက်ဖြင့် တအိတ်လျှင် နှစ်ပြည်၊ သုံးပြည်ခန့် ထိုးကာ၊ အသင့်ယူလာသော အိတ်ခွံလွတ်တွင်ထည့်၍၊ ပြည့်သည်နှင့်၊ ကားအသွားအလာကို ကြည့်၍၊ လမ်းပေါ်သို့ ကန်ချ၏။ သူခိုးအဖွဲ့ခေါင်းဆောင်က ကားဖြင့်၊ ခပ်လှမ်းလှမ်း နောက်မှနေ၍ လိုက်ကောက်သိမ်း၏။ သူတို့လုပ်ငန်းပြီးလျှင် ကား၏ တာလဗတ်ကို ဟန်မပျက် ပြန်ချည်ပေးထားခဲ့တတ်သည်။
ဤသို့ဖြင့် ပွဲရုံရောက်သောအခါ၊ အိတ်အရေအတွက်ကလည်း အပြည့်၊ ကုန်ချိန်ပေါင်းတော့ မပြည့်။ ပိုင်ရှင်က ဒရိုင်ဘာကို ယိုးစွပ်သည်။ သူခိုးခိုးခံရလျှင်၊ အိတ်အရေအတွက် လျော့နည်းမည် မဟုတ်ပါလား။ ဒရိုင်ဘာက တင်ပေးလိုက်သော အလုပ်သမား၊ ဂိုဒေါင်မန်နေဂျာများကို တဖန်ပြန် ယိုးစွပ်၏။ ဤနည်းဖြင့် သူခိုးများ အဝေးပြေးလမ်းမတချို့၏ လူ၊ ရာသီ၊ အခြေအနေ၊ အချိန်အခါအငိုက် အပိုင်စားထားသော နေရာဂွင်တွင်၊ လက်သည်ပျောက် အန္တရာယ်ကင်း လုပ်စားနေကြပေသည်။
“ ပဲ/ဆန်အိတ်များ တင်ရာတွင် ကွန်တိန်နာဖြင့်၊ သယ်ယူပို့ဆောင်ပါက၊ သူခိုးရန်မှ အထိုက်အလျောက် ကာကွယ်နိုင်ပေလိမ့်မည်။”
(ဋ) ကားသူခိုးများ
ကားသူခိုးများသည်၊ သူခိုးများထဲတွင်တော့ အနည်းငယ် အဆင့်မြင့်သည်ဟု ပြောရမည်ဖြစ်ပြီး၊ အချို့မှာ ငွေကြေး သိန်းပေါင်းမြောက်များစွာ ရင်းရသည့် ကားဝယ်/ရောင်းလောကနှင့်၊ ကားပစ္စည်းအရောင်းဆိုင်လောကတို့တွင်လည်း၊ ဝင်ရောက်လုပ်ကိုင် ပါဝင် ပတ်သက်နေတတ်၍၊ ဂိုဏ်းဆန်သည်ဟု ပြော၍ ရသည်။
ကား ဝယ်/ရောင်းလောကတွင် ရုပ်ဖျက်ဝင်ရောက်နေသော သိက္ခာရှိသူ ယောင်ဆောင်ထားသည့် ကားသူခိုးများသည်၊ ၎င်းတို့ လက်ဝယ်တွင်၊ ကိုင်ထားသော ကားများ၏ သော့များကို၊ မိတ္ထူ ပွားထားတတ်ကြပြီး၊ အဆင့်ဆင့်ရောင်းချပြီးသော်လည်း၊ အစိုးရအား အခွန်ရှောင်လိုသောကြောင့်၊ နံမည် မပြောင်းလိုသော သူများကြောင့်ဖြစ်စေ၊ ကညနရုံးတွင် စုံစမ်း၍ ဖြစ်စေ၊ ပွဲစားအချင်းချင်း မေးမြန်း၍ ဖြစ်စေ၊ ကိုယ့်လက်ဝယ်မှ လွတ်သွားသောကား၊ မည်သည့်နေရာတွင် ရောက်ရှိနေကြောင်း သိထားကြပြီးလည်း ဖြစ်သည့်အပြင်၊ ခိုး၍ ရနိုင်/မရနိုင်ဆိုတာကို လက်ရှိကားပိုင်ရှင်၏ အနေအထားအပေါ်ကိုလည်း စောင့်ကြည့် သုံးသပ်ထားပြီးသားလည်း ဖြစ်သည်။
မိတ်ဆွေ၏ ကားသည်၊ အကြောင်းတခုခုကြောင့်၊ ကွဲ/ပျက်ပြီး၊ ကားပစ္စည်းရောင်းဝယ်သည့်ဆိုင်တွင် ပစ္စည်းရှာရသည်ဆိုပါစို့။ မည်သည့်ဆိုင်မှ ရှာမတွေ့သည့်အခါ၊ ဆိုင်ပိုင်ရှင်က ဘန်ကောက်သို့ မှာပေးမည်၊ ဂျပန်မှ မှာပေးမည် လုပ်သည်။ ဘယ်တော့လောက်ရောက်မည်ဟု ဆိုမည်။ ထို့နောက် ကားဝယ်/ရောင်း လုပ်နေသည့် သူခိုးဂိုဏ်းအား အော်ဒါပေးလိုက်သည်။ ဝယ်ရောင်းသူဟန် ဆောင်ထားသော သူခိုးက၊ ဒီလို အမျိုးအစားတူ၊ မော်ဒယ်မျိုး ဘယ်သူထံတွင် ရောက်နေသည်ကို သိသည်။
ကားသူခိုးအဖွဲ့သည် ပစ်မှတ်ကား၏ နိုက်ကလပ်တက်ချိန်၊ စင်တာများတွင် ပစ္စည်းဝယ်ချိန်ကို နောက်ယောင်ခံလိုက်၍၊ မလှမ်းမကမ်းတွင်၊ ၎င်းတို့၏ကားကို ရပ်ကာ၊ နိုက်ကလပ်/စင်တာများထဲသို့၊ လိုက်ပါဝင်ရောက်၍၊ အဆိုပါ လက်ရှိကားပိုင်ရှင်၊ အထဲတွင် ကြာနိုင်/မကြာနိုင် အကဲခတ်၏။ ကြာနိုင်ပါက အခြေအနေကို စောင့်ကြည့်ရန် အစောင့်တယောက်ထားပြီး၊ ခပ်တည်တည်နှင့်၊ ပစ်မှတ်၏ကားကို၊ ကိုယ့်ကားလိုလို ခပ်တည်တည် တံခါးဖွင့်ကာ တက်ရောက်၍၊ သော့ဖွင့်မောင်း၍သော်၎င်း၊ အီလက်ထရောနစ်Key ကားများတွင်၊ ဝါယာဂျွိုင်းကာ မောင်း၍သော်၎င်း၊ ခိုးယူကာ၊ ချိန်းဆိုထားသော နေရာရှိ ပစ္စည်းဖြုတ်ရန်အသင့်ဖြစ်နေသည့် ကွန်တိန်နာအတွင်းသို့ မောင်းဝင်၏။ (ဆိုင်ကယ်သူခိုးများ၏ အမူအကျင့်သည်လည်း ထိုနည်းအတိုင်းပင်။)
နောက်တနာရီခွဲခန့်အကြာတွင်၊ ကွန်တိန်နာထဲတွင် ကားဟူ၍ မရှိတော့ပဲ အင်ဂျင်တုံး သပ်သပ်၊ လေကာမှန်၊ ကားတံခါး၊ ဘော်ဒီသပ်သပ်ဖြစ်ကာ၊ ကားပစ္စည်းရောင်းဝယ်သည့်ဆိုင်များသို့၊ ပြည်ပမှ ရောက်လာသည့် ဆိပ်ကမ်းမှ ပစ္စည်းများကဲ့သို့ ခပ်တည်တည် တင်ချ ရောင်းချကြလေသည်။
လွန်ခဲ့သော နှစ် ၃၀နီးပါးက မြေနီကုန်းကားပစ္စည်းအရောင်းဆိုင်များတွင်၊ ကားတစီး တစ်သိန်းပေါက်သောခေတ်၌၊ တစစီဖြုတ်ထားသော ခိုးကား၏ ဈေးမှာ လေးသောင်းပေါက်၏။ ထို့နောက် ဘုရင့်နောင်ကားပစ္စည်းဈေးကွက်၊ ထိုမှတဖန် ယခုခေတ် ကိုယ်ပိုင် ကားပစ္စည်းအရောင်းဆိုင်များဈေးကွက်တို့ တိုးတက်ဖြစ်ထွန်းလာရာ၊ ကားခိုးမှုများလည်း ပိုမို တွင်ကျယ်ကာ မကြာခဏ ဖြစ်နေသည်ကို တွေ့ရပေမည်။ တချို့ ကိုယ်ပိုင်ကားပစ္စည်းအရောင်းဆိုင်များမှာ၊ ရဲ၊ ထောက်လှမ်းရေး ရန်များမှ ကင်းဝေးရန်၊ အာဏာပိုင်အဖွဲ့အစည်းများအား၊ ကပ်၍သော်၎င်း၊ လှူဒါန်း၍သော်၎င်း၊ လိုအပ်သမျှ ဖြည့်ဆည်းကာ လက်ဆောင်ပဏ္ဍာ ဆက်သ၍သော်၎င်း၊ ဟိတ်ဟန်လုပ်၊ ကာဗာယူထားတတ်၍ ရိုးသားမှု ရှိ/ မရှိကိုလည်း အာဏာပိုင်အဖွဲ့အစည်းများ သတိပြုသင့်ပေသည်။။
လွန်ခဲ့သော ၁၅နှစ်ခန့်က၊ ဗဟန်းမြို့နယ်ရဲစခန်းတွင်၊ ကားသူခိုးတဦးကို ဖမ်းမိ၍၊ စစ်ဆေးရန် အချုပ်ခန်းတွင်းသို့ ထည့်ထား၏။ အမေဟန်ဆောင်ထားသော ကားသူခိုးနှင့် ပတ်သက်သည့် အသိုင်းအဝိုင်းမှ ညနေတွင် ထမင်းထုတ်လာပို့သည်။ အချုပ်ခန်းစောင့် ရဲသားတယောက်က၊ ယူ၍၊ မြည်းကြည့်ပြီး၊ အချုပ်သားကို ပို့ပေးလိုက်သည်။
ထိုထမင်းထုတ်စားပြီး၊ မကြာမီ အချုပ်ခန်းအတွင်းမှ ကားသူခိုး သေ၏။ မြည်းကြည့်သော ရဲသားသည်ပင် ဆေးရုံရောက်၏။ ညဘက်ရောက်သောအခါ မြေနီကုန်းမှ ကုလားတသိုက် လူစုလူဝေးဖြင့် ရောက်ရှိလာပြီး၊ ရဲမှ မခံရပ်နိုင်အောင် စစ်ဆေးမေးမြန်းသဖြင့် မသေသင့်ပဲ၊ အပြစ်မရှိသည့် လူကောင်းတယောက်၊ အကောင်းပကတိမှ သေဆုံးရသည်ဟု ခေါင်းစဉ်တပ်ကာ၊ ဆန္ဒပြခဲ့၍၊ ရဲများ အဆင့်ဆင့် အတော်အလုပ်ရှုပ်သွားခဲ့ရသည်အထိ၊ ကားသူခိုးဂိုဏ်းက လက်စွမ်းထက်၊ ကစားနိုင်စွမ်းရှိသည်။
တချို့ကားပိုင်ရှင်များက၊ ကားသူခိုးရန်ကို၊ ကာကွယ်နိုင်ရန် အသံမြည်ကရိယာများ တပ်ဆင်ထားကြရာ၊ ကားသူခိုးများသည် ထိုသို့သော ကား၏ တံခါးကို၊ အုတ်နီခဲဖြင့်၊ တချက်တည်း ပြင်းထန်စွာ ထုလိုက်ခြင်းအားဖြင့်၊ သာမာန် Vibration လှိုင်းဖမ်းသော အသံမြည်ကရိယာမှာ၊ ပြင်းထန်သော အရှိန်အဟုန်ကြောင့်၊ တချက်သာ အော်မြည်ဟန်ပြုပြီး၊ ဆက်လက် အလုပ်မလုပ်နိုင်တော့ပေ။ ထိုအခါကျမှ ခိုး၏။ ယနေ့တွင်တော့ ထိုကရိယာများ အဆင့်မြင့်ကောင်း မြင့်လာပေမည်။
မြန်မာနိုင်ငံ၏ အိမ်ယာတချို့တွင်၊ လုံခြုံမှုအတွက် ဝန်းများ ခတ်ထားကာ၊ Security Guard ဝန်ထမ်းများထားကြသည်ကို တွေ့နိုင်ပေသည်။ သို့သော် အိမ်ယာကော်မတီ၏ စီမံခန့်ခွဲမှု အားနည်းခြင်းနှင့်၊ လက္ဘက်ရည်ဘိုးသာ မျှော်မြင်တတ်၍၊ ဗဟုသုတအတွေ့အကြုံနည်းသော၊ (ရဲဝန်ထမ်းဟောင်း မဟုတ်သည့်) အရပ်သား Security Guard များကြောင့်၊ ကားခိုးခံရမှုများလည်း ရှိသည်။
ကြည့်မြင်တိုင်မြို့နယ်ရှိ၊ ဝန်းခတ်ထားသော အိမ်ယာတွင် နေထိုင်သော၊ ပစ်မှတ်ကား၏ နောက်မှ၊ နောက်ယောင်ခံ လိုက်လာသော ကားသူခိုးသည်လည်း ထိုဝန်းအတွင်းသို့ အရက်ဆိုင်၊ ဘားများမှ ပြန်လာသည့်၊ ထိုအိမ်ယာတွင် နေထိုင်သည့်သူတဦးကဲ့သို့ အသွင်ဆောင်ကာ၊ လုံခြုံရေးအား လက္ဘက်ရည်ဖိုးပေး ခပ်တည်တည် မောင်းဝင်ပြီး၊ ခိုးမည့်ကားပိုင်ရှင် နေသည့် တိုက်လှေကားသို့၊ အထက်ထပ်ဘက်ရှိ အခန်းမှ လူကဲ့သို့၊ အယောင်ဆောင်ကာ ထိုလှေကားအတိုင်း၊ လိုက်တက်သည်။ နောက် ၁၅မိနစ်လောက်အကြာတွင် ကိစ္စတခုရှိ၍ အပြင်ပြန်ထွက်မည့်အလား၊ ခိုးမည့်ကားအား၊ သူ့ကားလိုလိုဖြင့်၊ ခပ်တည်တည် သော့ဖွင့်တက်ရောက်တော့သည်။ ကားသော့မှာ Electronic Keyဖြစ်၍၊ မောင်းနှင်မရသောကြောင့်၊ ဝန်းအပြင်သို့ ရောက်အောင် Battery Downချင်ဟန်ဆောင်၍၊ တွန်းရာ၊ ဗဟုသုတနှင့် မှတ်ဉာဏ်နည်းပါးသော လုံခြုံရေးဝန်ထမ်းသည်၊ လက္ဘက်ရည်ဘိုးပေးခဲ့သည့်မျက်နှာကြောင့်၊ ဝင်ရောက်ကူတွန်းပေးခဲ့သည်ဟု သိရသည်။
ဤသို့ဖြင့် ကားသူခိုးသည် လုံခြုံရေးမမြင်နိုင်သည့် ဝန်းအပြင်တွင်၊ သော့ဝါယာဂျွိုင်းကာ ကားခိုးလေတော့သည်။ ကျန်ရစ်ခဲ့သော သူတို့ကားပေါ်ရှိ အဖွဲ့ဝင်တဦးက ကားသူခိုးကျန်ရစ်ခဲ့သော ကားကို၊ မောင်းယူပြန်လာပေလိမ့်မည်။ မနက်မိုးလင်း ကားပိုင်ရှင် အပြင်ထွက်ရန် ကားရှာမှ၊ ကားလည်းမတွေ့၊ သဲလွန်စလည်း မရှိဖြစ်ကာ၊ ကားခိုးခံထိသည်ဟု သိရသည်တမုံ့။
“ အိမ်ယာများအနေဖြင့်၊ ကားလေဘာမှန်တွင် ကပ်ရန် ကိုယ်ပိုင်တံဆိပ်များ တီထွင် ထုတ်ပေးခြင်း၊ ကားပိုင်ရှင်နှင့် ကားအား၊ မှတ်တမ်းပြုထားပြီး၊ လုံခြုံရေးဝန်ထမ်း (ဂိတ်စောင့်)အား အလွတ်ရနေသည်အထိ၊ ကျက်မှတ်စေခြင်း၊ ဝန်ထမ်းစိစစ်ရွေးချယ်ခန့်ထားခြင်းများ ပြုလုပ်သင့်ပြီး၊ စည်းကမ်းပိုင်းနှင့်ပတ်သက်၍၊ လျော့ရဲစွာ စီမံကိုင်တွယ်မှုမျိုး၊ အလုပ်ကို၊ အဖြစ်သဘောမျိုး မလုပ်သင့်ပေ။”
(မှတ်ချက်။ ။ ကားနှင့် ကားပစ္စည်းရောင်းဝယ်ရေးတွင်၊ အရောင်းအဝယ်ကျွမ်းကျင်မှုဖြင့် တိုးတက်လာသည့်၊ ရိုးသားသည့် ကောင်းရောင်း ကောင်းဝယ်လုပ်သူများကို မဆိုလိုပါ။ အရေခြုံ၍ ဂွင်ရှာ ဝင်ရောက်နေသူများကိုသာ ရည်ညွှန်းပါသည်။)
+++++++++++++++++
သမီးရေ….
လူလောကရဲ့ အဖြစ်အပျက် သဘောသဘာဝတွေအကြောင်း ပြောရမယ်ဆိုရင်၊ နောင် နှစ်(၅၀)တောင် ကုန်နိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံတကာ အတွေ့အကြုံတွေ၊ Theory, Philosophy တွေ၊ ပြုကျင့် ဖြည့်ကျင့်ရမယ့်အရာတွေ၊ နေနည်း ထိုင်နည်းနဲ့၊ ဖြစ်တတ်တဲ့ လူ့သဘောသဘာဝတွေ၊ လားရာတွေ၊ Psy-Warတွေ၊ ကြောင်းကျိုးဆင်ခြင် မျှော်မြင်တတ်မှုတွေ၊ ဝေဒနာ ရသ ခံစားမှုများနဲ့ Knowledgeတွေ၊ လူနဲ့ ပတ်ဝန်းကျင် သက်ရောက်မှုတွေ၊ ယုံကြည်မှုတွေအကြောင်း… ပြောရမယ်ဆိုရင်၊ မကုန်နိုင်ဘူးပေါ့။ အမေရိကမှာ ဖေဖေလည်း အချိန်ရှားပါးတာကြောင့်၊ ဒီလောက်ပဲ ရေးတော့မယ်။
မမေ့မလျော့ မပေါ့သော သတိဖြင့်၊ နေထိုင်ပြီး၊ ကိုယ့်ရဲ့ တနေ့တာ ဖြတ်သန်းတွေ့ကြုံမှုကို ညအိပ်ယာဝင်တိုင်း၊ ပြန်လည်ဆင်ခြင်သုံးသပ်တတ်တဲ့ အကျင့် ရှိမယ်ဆိုရင်၊ ဝိပဿနာ ဆိုတာကို ပွားများပြီးသားလည်း ဖြစ်တာပေါ့။ နှစ်ရှည်ပြုကျင့်လာတဲ့အလျောက်၊ အကျိုးဆက်အားဖြင့် ရေရှည်မှာ၊ ရှေ့ဖြစ်နောက်ဖြစ်တွေကို ကြိုမသိနိုင်ပေမယ့်၊ လူတယောက်ကို ကြည့်လိုက်ရင် (သို့)၊ အဲဒီလူရဲ့ လုပ်ပုံကိုင်ပုံ အရိပ်အကဲကို ဖမ်းကြည့်လိုက်ရင်၊ စကားပြောကြည့်လိုက်ရင်၊ ဒီလူဟာ ဘယ်လိုလူစားလည်းဆိုတာ၊ သမီးရဲ့ ဆဌအာရုံထဲမှာ အလိုလိုနေရင်း သိနေလာပါလိမ့်မယ်။
တော်သေးပြီ။
သမီးကို ချစ်တဲ့ ဖေကြီး
ဦးအောင်မြတ်(ခေတ္တ အမေရိကန်ပြည်ထောင်စု)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...