Sunday, August 24, 2014

``ရခိုင်ပြည်က အကူအညီ`` ဒီဘိတ်

 
ဒီတစ်ပတ် (သြဂုတ် ၂၃၊ ၂၀၁၄) မှာတော့ ``ရခိုင်ပြည်က အကူအညီ`` ဒီဘိတ်ကို ကိုသန်းဝင်းထွဋ်က တင်ဆက်ပါတယ်။ ပထမဆုံး အခက်အခဲတစ်ခုကတော့ အကဲဆတ်တဲ့ အကြောင်းအရာ ဖြစ်တာမို့ ဦးဆောင် ဆွေးနွေးဖို့နဲ့ ပါဝင် ဆွေးနွေးဖို့ကို ဖိတ်ကြားရာမှာ အစိုးရ၊ နိုင်ငံရေးပါတီ၊ ကုလသမဂ္ဂနဲ့ အစိုးရ မဟုတ်တဲ့ နိုင်ငံတကာက အကူအညီပေးရေး အဖွဲ့တွေက လက်ရှောင်ကြပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ မတက်ရောက်ကြတာမို့ အသံစုံကြားဖို့ အခွင့်အရေးမှာတော့ အားနည်းခဲ့ရပါတယ်။
ဦးဆောင်ဆွေးနွေးသူတွေအဖြစ် ရခိုင်အမျိုးသမီးကွန်ရက်ရဲ့ ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ညိုအေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ဥက္ကဋ္ဌ ဦးကျော်မင်း၊ ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် သိက္ခာတော်ရ ဆရာတော် ဦးကျော်ညွန့်နဲ့ ဘ၀မွန်မြတ် ကူညီ ကယ်ဆယ်ရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးဟန်ဇာမောင်တို့က ပါဝင် ဆွေးနွေးပါတယ်။

ဘေးကျပ်နံကျပ် ကျောကျပ်ရင်ကျပ်
ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဒုတိယအဆင်းရဲဆုံး ပြည်နယ် ဖြစ်တာမို့ အကူအညီတွေ လိုအပ်တာတော့ မှန်ပါတယ်၊ ဒါပေမဲ့ လာရောက် ကူညီပေးသူတွေရဲ့ လုပ်ဆောင်ချက်တွေဟာ ပွင့်လင်း မြင်သာဖို့ လိုပါတယ်လို့ ဒေါ်ညိုအေးက ဆွေးနွေးပါတယ်။ ရခိုင်တွေဟာ ဘေးကျပ်နံကျပ်သာ မဟုတ်ဘူး၊ ကျောကျပ်ရင်ကျပ်နဲ့  ကျပ်လေးကျပ် (အဖက်ဖက်က ကျပ်နေပါတယ်) လို့ သူက ပြောပါတယ်။
အကူအညီပေးသူတွေဟာ အကူအညီပေးရုံ မဟုတ်တဲ့အတွက် စောင့်ကြပ် စစ်ဆေးရတာတွေ လုပ်ရတယ်။ သပိတ်ကော်မတီ ဖွဲ့ပြီး မောင်းထုတ်ရတာတွေ ဖြစ်ခဲ့ရတယ်လို့ ဒေါ်ညိုအေးက ဒီဘိတ်မှာ ရှင်းပြပါတယ်။ သူက ပွင့်လင်း မြင်သာမှု ရှိဖို့လိုတယ်လို့ အကြိမ်ကြိမ် ပြောပါတယ်။ ရခိုင်မှာ အကူအညီ လာပေးလာသူတွေဟာ သက်စွန့်ဆံဖျား လုပ်ဆောင်ကြရတယ်၊ သူတို့ကို စောင့်ရှောက်ဖို့ တာဝန်ဟာ အစိုးရရဲ့တာဝန်၊ ဒေသအာဏာပိုင်တွေရဲ့ တာဝန်ဖြစ်တယ်လို့  သိက္ခာတော်ရ ဆရာတော် ဦးကျော်ညွန့်ကလည်း ပြောပါတယ်။

ရခိုင်မှာ အကူအညီပေးရေးတွေအဆင်ပြေပြေနဲ့ အောင်မြင်ဖို့၊ ပြဿနာမတက်ဘဲ အောင်မြင်ဖို့က လေးစုသောလူတန်းစားတွေ လိုအပ်တယ်လို့ ထောက်ပြသူက ဦးဟန်ဇာမောင်ပါ။ သူ့အဆိုကို ဘယ်သူကမှလည်း မကန့်ကွက်ကြပါဘူး။ လေးစုသော လူတန်းစားဆိုတာက နှစ်ဘက် လူ့အဖွဲ့အစည်းကို သူက နှစ်စုလို့ တွက်ပြီး၊ အစိုးရကို တစ်စုထားလို့ အကူအညီပေးသူတွေကို တစ်စုလို့ သတ်မှတ်ပါတယ်။ အဲဒီလေးစုသော အဖွဲ့အစည်းတွေဟာ ညီညွတ်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်မယ်ဆိုရင် အကူအညီပေးရေးတွေ အောင်မြင်လိမ့်မယ်လို့ ဦးဟန်ဇာမောင်က ထောက်ပြပါတယ်။
စစ်တွေကမ်းနားဟာ အခုလို မိုးတွင်းကာလမှာ မုန်တိုင်းတွေ ၀င်တယ်၊ ဒုက္ခသည်တွေဟာ အကူအညီတွေ လိုအပ်နေတယ်လို့ ဦးကျော်မင်းက ပြောပါတယ်။ အကူအညီပေးသူတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်သင့်ဘူးလို့လည်း သူက ဖြည့်စွက် ပြောပါတယ်။

အကူအညီပေးရေးကိုသာ ဆွေးနွေးခဲ့တယ်
ဒီဘိတ်ဟာ အချေအတင် ခုခံငြင်းဆန်ရတဲ့ ဆွေးနွေးမှုမျိုး ဖြစ်တာမို့ ကြုံလာနိုင်တဲ့ ပြဿနာတွေကို ကြိုတင် ရှောင်ရှားထားခဲ့ ပါတယ်။ ဒီနေရာမှာ ကိုသန်းဝင်းထွဋ်ရဲ့ ပါးနပ်မှုကို တွေ့ရပါတယ်။ ဒီဘိတ် မစခင်မှာပဲ ရခိုင်နဲ့ ပြဿနာတက်တဲ့ တစ်ဖက် လူ့အဖွဲ့အစည်းကို ဘယ်လို သုံးနှုန်းရင် အဆင်ပြေမလဲလို့ ကြိုတင် မေးမြန်းခဲ့တဲ့အခါ ရိုဟင်ဂျာဖြစ်ဖြစ်၊ ဘင်္ဂါလီဖြစ်ဖြစ် သုံးနှုန်းမယ်ဆိုရင် ပြဿနာရှိနေတဲ့အတွက် အကူအညီလိုအပ်နေသူများလို့သာ သုံးနှုန်းဖို့ ပွဲတက်လာတဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ နာမည်ကျော် စားဖိုမှူး အိုလီဗာ စိုးသက်က အကြံပြုတဲ့အတွက် အဲဒီအတိုင်းပဲ သုံးနှုန်းကြဖို့ သဘောတူခဲ့ကြပါတယ်။
ဒီလောက် ထိန်းထားတာတောင်မှာ နှစ်ဘက်လူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တစ်ဦးစီက ၀င်ရောက် ဆွေးနွေးကြတဲ့အခါ တစ်ယောက် တစ်လှည့်စီ အဲဒီလိုမျိုး နာမည်တွေကို တစ်ကြိမ်စီ ထည့်သွင်း ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။ အကူအညီပေးရေးတွေကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက အစိုးရနဲ့ သဘောတူလက်မှတ်ထိုးတုန်းက တစ်မျိုး၊ တကယ်တမ်း နယ်မြေတွင်း ကွင်းဆင်းဆောင်ရွက်တဲ့အခါ တစ်မျိုး၊ အမျိုးမျိုး မဆောင်ရွက်ဖို့ ဒေါ်ညိုအေးက ထောက်ပြပါတယ်။
တစ်ခါ ဒေသခံရခိုင်တွေအတွက် ခွဲခြားဆက်ဆံမှုလို့ ခေါ်နိုင်တဲ့ ရခိုင်တွေကို ကြောက်တဲ့ ပုံစံဖမ်းပြီး ဆေးရုံလာတာကိုပဲ ရှေ့နောက် လုံခြုံရေး ကားတွေနဲ့အတူ ကားတွေ တန်းစီပြီး လာတာမျိုးဟာ လုပ်ကောင်းတဲ့ ပုံစံ မဟုတ်ဘူးလို့ သူက ဆက်လက် ပြောဆိုပါတယ်။ အိုလီဗာ စိုးသက်က သူတို့ ဂျာမန် ဆရာဝန်တွေက ရခိုင်တွေ အများကြီးကို ဆေးဝါးကုသ ပေးသလို တစ်ဖက် လူ့အဖွဲ့အစည်းကို ဆေးဝါး ကုသပေးဖို့ ဆောင်ရွက်ရာမှာတော့ အနှောင့်အယှက် ပြုခံရတယ်၊ ဒါမျိုး မဖြစ်ဖို့ ဒေါ်ညိုအေးတို့ ကူညီနိုင်မလားလို့ မေးတာကို ဒေါ်ညိုအေးက သူတို့နဲ့ မဆိုင်ဘဲ အစိုးရနဲ့သာ ဆိုင်ပါတယ်လို့ ပြန်ပြောပါတယ်။

အကူအညီပေးရေးအတွက် အဖြေများ
ရခိုင်မှာ ဒုက္ခသည်တွေအတွက် အကူအညီလိုအပ်နေသူတွေ အတွက် နိုင်ငံတကာရဲ့ အကူအညီတွေကတော့ အမှန်တကယ် လိုအပ်နေပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာ သင်ကြားရေးနဲ့ဆိုင်တဲ့ အကူအညီတွေ အများကြီး လိုအပ်နေပါတယ်။ အကူအညီတွေရမှ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက် နိုင်မယ်လို့ ဦးကျော်မင်းက ထောက်ပြပါတယ်။ ဆရာ ဦးကျော်ညွှန့်ကတော့ အဲဒီဒေသမှာ ရှိနေတဲ့ လူတွေဟာ အနိမ့်ဆုံး ပညာရေးအနေနဲ့ လေးတန်းတော့ တက်မြောက်ထားသင့်တယ်၊ ကိုယ်နေထိုင်တဲ့ နိုင်ငံရဲ့ ဘာသာစကားကို ပြောတတ်ဆိုတတ်ဖို့ လိုတယ်၊ အဲဒီနိုင်ငံရဲ့ ဥပဒေတွေကို နားလည်ဖို့ စာတတ်ထားဖို့ လိုအပ်ပါတယ်လို့ ထောက်ပြပါတယ်။
ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးရုံးက မြန်မာနိုင်ငံရုံး အကြီးအကဲ မာ့ခ် ကာ့စ်ကလည်း ၀င်ဆွေးနွေးရာမှာ မြန်မာနိုင်ငံသားလို့လည်း အသိအမှတ်မပြု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလို့လည်း အသိအမှတ်မပြု၊ ဘယ်နိုင်ငံကမှလည်း သူတို့နိုင်ငံသားလို့ အသိအမှတ်မပြုတဲ့ တစ်သန်းကျော်တဲ့ နိုင်ငံမဲ့လူတွေရဲ့ ပြဿနာဟာ အရေးတကြီး ဖြေရှင်းရမယ့်ကိစ္စ ဖြစ်တယ်လို့ ထောက်ပြပါတယ်။ အစိုးရ၊ သူတို့ ကုလသမဂ္ဂနဲ့ ဆိုင်သူအားလုံးက ပြဿနာကို ပြေလည်အောင် ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ဦးဟန်ဇာမောင်ကတော့ ရိုးသားမှုစက်ဝိုင်း နောက်ပြန်လည်သွားလို့ အခုလို ပြဿနာတွေ ရခိုင်ပြည်နယ်မှာ ဖြစ်နေတာပါလို့ ထောက်ပြပါတယ်။ လေးစုသော အစုအဖွဲ့ထဲမှာ တစ်ဖွဲ့ဖွဲ့က စပြီး မရိုးသားမှုတွေ ရှိခဲ့လို့ ဒါမှမဟုတ် နှစ်စုနှစ်ဖွဲ့ ဒါမှမဟုတ် အစုအဖွဲ့တိုင်းက မရိုးမသားမှုတွေ ပြုခဲ့လို့ အပြန်အလှန် မယုံကြည်မှုတွေ ဖြစ်လာပြီး ပြဿနာတွေ ဖြစ်နေရတာပါလို့ ပြောပြပါတယ်။ ရိုးသားမှုကို မဖောက်မပြန် ဖြစ်စေခြင်းအားဖြင့် အကူအညီပေးရေး လုပ်ငန်းစဉ်တွေကို အကောင်းဆုံး ဆောင်ရွက်နိုင်မယ်လို့ ပြောပါတယ်။
စကားလုံး အပြင်းထန်ဆုံးနဲ့ ယုတ္တိအရှိတန်ဆုံး ဖြစ်ပုံရတဲ့ အဖြေတစ်ခုကို ထုဆစ်ပြသူက သိက္ခာတော်ရ ဆရာတော် ဦးကျော်ညွန့်ပါ။ သူ့တစ်ကိုယ်ရည် အတွေးပါလို့လည်း ဆရာတော်က မိန့်ပါတယ်။ ရခိုင်ပြဿနာဟာ စစ်တပ်လို ဖောက်ပြန်တတ်တဲ့ လူတန်းစားမျိုး မဟုတ်ဘဲ လူထုကို အမှန်တကယ် ကိုယ်စားပြုတဲ့ လူထုဘက်က ရပ်တည်တဲ့ အာဏာရှင် ပေါ်မှသာ ပြေလည်နိုင်မယ်လို့ တိတိလင်းလင်း ပြောပါတယ်။ အဲဒီမှာ ရခိုင်တွေက လက်ခုပ်တီးတာကို ကျွန်တော် သတိပြုမိပါတယ်။
ကျွန်တော် ဆက်စဉ်းစားမိတာကတော့ လက်ရှိ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟာ စစ်ဗိုလ်ချုပ်ဟောင်း ဖြစ်ပါတယ်။ ဆရာတော် ဦးကျော်ညွန့် ပြောသလို ဖောက်ပြန်တဲ့ လူတန်းစားလား၊ အာဏာရှင်လား၊ လူထုကို ကိုယ်စားပြုသူလား၊ ဒီဘိတ်ကတော့ ပြီးသွားခဲ့ပါပြီ။ ကျွန်တော့်မှာတော့ မေးခွန်းတွေနဲ့ ထွေးလုံး ရစ်ပတ်နေဆဲ...။
သြဂုတ် ၂၄၊ ၂၀၁၄။
ရန်ကုန်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...