Sunday, August 24, 2014

ကျွန်တော့် နှင်းဆီဝါမလေး

၁။

ဘ၀မှာ ပျော်လိုက် ပါးလိုက်ပါပဲ။ ပျော်ပါးရတာ ကောင်းပါတယ်။ ပျော်ပြီးရင် အိတ်ကပ်တွေက ပါးပါးသွားတာတော့ မကောင်းဘူးပေါ့။ ဟုတ်တယ်မလား။ ဒီခေတ်ကြီးမှာ ပျော်ဖို့အတွက် လူတွေ တစ်ရက်ထက် တစ်ရက် ရှင်သန်နေကြတယ်။
ပျော်စရာကို မသိစိတ်ကလည်း ရှာတယ်။ ပျော်စရာကို သိစိတ်နဲ့လည်း ရှာတယ်။

လူက သူ့မှာ ရှိသလောက် အသိဉာဏ်လေးနဲ့ ပျော်စရာကို နိစ္စဓူဝ ရှာဖွေကြတယ်။
အဲလိုနဲ့ တစ်ရက်မှာ အရမ်းပျော်နေတဲ့ မိန်းမတစ်ယောက်နဲ့ ကျွန်တော် သွားတွေ့တယ်။
“နေပါဦး .. မင်းက ဘာလို့ အဲလောက် ပျော်နေရတာလဲ”
သူမက ကျွန်တော့်ကို လှည့်မကြည့်ဘူး။ ပြီးတော့ “ခိ ခိ ခိ ခိ” နဲ့ ရယ်မောနေတယ်။
“ဒီမယ် ငါမေးနေတာ မင်း မကြားဘူးလား”
သူမက လှည့်မကြည့်သေးဘူး။ ရယ်နေတုန်းပဲ။
“ဟေ့ကောင်မလေး .. မင်းဘာလို့ အဲလောက်ပျော်နေတာလဲလို့ ငါမေးနေတယ်လေ”
ကျွန်တော့် အသံဟာ တင်းမာလာပြီ။ သူမက ဘာလို့ ကျွန်တော့်ကို အဖက်မလုပ်ရတာလဲပေါ့။ မဖြေချင်ရင်တောင် မဖြေချင်ဘူးလို့ ပြောလိုက်လေဗျာ။ ကျွန်တော် ဆက်မမေးတော့ဘူးပေါ့။ ခုကျ အဲလို မဟုတ်ဘဲ သူမတစ်ယောက်တည်း ပျော်နေတာ ကျွန်တော် စိတ်တိုလာတယ်။
ဒီလိုနဲ့ပေါ့။
အဲဒီနေ့မှာ ကျွန်တော် မပျော်လိုက်ရဘူး။ ပျော်နေတဲ့ မိန်းမတစ်ယောက်နဲ့ တွေ့ရခြင်းမှာ ကျွန်တော် မပျော်လိုက်ရဘူး။
ဘေးနားက လူအုပ်ကြီးကတော့ ကျွန်တော်တို့ နှစ်ယောက်ကို ၀ိုင်းဝန်း မှတ်ချက်ပေးကြပါတယ်။
“ကောင်မလေးက လူရည်လူသန့်လေးတော့
အရူးတွေချည်းပေမယ့် မလိုက်ဖက်ပါဘူးတော်
အရူးကောင်လေးက ရုပ်ဆိုးတယ်ဟဲ့”
တောက် ….။
လူတွေဟာ ပျော်စရာကို သူတပါး အပြစ်ပြောရင်းလည်း ရှာတတ်ကြပါသလား။

၂။

“ရှင် ကျမကို ကြိုက်နေတာလား”
“ဆိုပါတော့”
“အို .. ကျမက အရူးမလေ”
“ကိုယ်လည်း အရူးပဲလေ”
“မဖြစ်နိုင်ပါဘူး လုံးဝ မဖြစ်နိုင်ဘူး
ရှင်ပုံစံဟာ အရူးတစ်ယောက်နဲ့ လုံးဝ မတူဘူး သိလား”
“……..
ဘာလို့ ………..”
သူမက မဖြေတော့ပြန်ဘူး။ သူမခြေထောက်ထက် ကြီးမားနေတဲ့ ယောက်ျားစီး ဖိနပ်အကြီးကြီးကို စီးပြီး ထွက်သွားတယ်။ ကျွန်တော် သူမနောက်ကို လိုက်ရမလား။ ကျွန်တော် အရူးနဲ့ တူအောင် ကျွန်တော့်ခြေထောက်ထက် သေးတဲ့ မိန်းမစီး ဖိနပ်တစ်ရံကို စီးရမလား။ ခင်ဗျား ဘယ်လိုထင်လဲ။

၃။

တစ်ညမှာပေါ့။ လရောင်ဟာ ဖြူဖြူဖွေးဖွေး လင်းလင်းပပကြီး။ လေပြေဟာ ညင်ညင်သာသာ အေးအေးမြမြကြီး။ ခေါင်ရမ်းပန်းတွေရဲ့ ရနံ့ဟာ တလောကလုံးကို လွှမ်းခြုံထားတဲ့ ညပေါ့။ သူမဟာ မြေပြင်ပေါ်က ကျောက်ခဲတုံးလေးတွေနဲ့ ဇယ်တောက်တမ်း ကစားနေတယ်။
ကျွန်တော် သူမကို ဘေးကနေ ထိုင်ကြည့်နေဖြစ်တယ်။
အကြာကြီး။
အမှတ်တမဲ့ သူမက ကစားနေတဲ့ကျောက်ခဲတစ်လုံးနဲ့ ကျွန်တော့်ဆီ ပစ်ပေါက်လိုက်တယ်။ အားကြီးနဲ့။
ကျွန်တော် မရှောင်လိုက်ပါဘူး။ မျက်လုံးတွေတော့ မှိတ်ပစ်ထားလိုက်တယ်။ ခင်ဗျားသိလိုက်လား။ အဲဒီအချိန်ဟာ အကြာကြီးလို့ ခံစားရတယ်။ ကျွန်တော့် မျက်နှာနဲ့ ခေါင်းတစ်ခုလုံး ယားယံလာတယ်။ ကျောက်ခဲဟာ ဘယ်နေရာကို လာမလဲ။ ကျွန်တော့် နဖူးကို ထိမှန်လာမှာလား။ ကျွန်တော့် ခေါင်းကို ထိမှန်လာမှာလား။ ကျွန်တော် မသိဘူး။
ခေါင်ရမ်းပန်းရနံတွေက မွှေးလိုက်တာ။
လေပြေဟာ အေးမြစွာ ကျွန်တော့် ဆံနွယ်တွေကို နမ်းရှိုက်လို့။
ဟိုး … ခပ်ဝေးဝေးက လေတိုးလို့ အသံထွက်လာတဲ့ သစ်ရွက်တွေက တရှဲရှဲနဲ့။ တိမ်တွေ ကင်းစင်လွန်းပြီး လရောင်ကြောင့် လင်းမြနေတဲ့ ညတစ်ညပါပဲ။
ကျွန်တော် သတိပြန်ရလာတော့ ကျွန်တော့်နားကို သူမ ရောက်နေတယ်။ ကျွန်တော့်ကို အထက်စီးဆန်စွာ သူမက အုပ်မိုးကြည့်နေတယ်။ ကျောက်ခဲရော။ ငါ့ကိုလည်း မထိမှန်ပါလား။ ဘယ်ရောက်သွားလဲ။ ကျွန်တော် မမေးဖြစ်လိုက်ခင် သူမက မေးတယ်။
“ရှင် ဘာလို့ မရှောင်တာလဲ”
“အရူးတွေက မရှောင်တတ်ဘူးလေ”
အဲလို ပြန်ပြောတော့ သူမက ဒေါကန်သွားတယ်။
“ဟင့် … အရူးပါးကြီး” တဲ့။

၎။

“ရူးတာကို mad လို့ သုံးကြတယ်လေ”
အဲ .. ဒီအရူးမက အင်္ဂလိပ်လိုလည်း ရသားဟ လို့ ကျွန်တော် ပြုံးဖြစ်သေးတယ်။ ကျွန်တော် ပြုံးတာ သူမ မြင်သွားပြီး ကျောက်သင်ပုန်းကြီးကို ဘေးက ကြိမ်တုတ်နဲ့ ဖျောင်းခနဲ ရိုက်လိုက်တယ်။
အမယ်လေးဗျာ တယ်လည်း ဒေါသကြီးတဲ့ အရူးမလေးပဲ။
“ရှေ့ဆုံးက ကလေး မတ်တပ်ရပ်စမ်း” တဲ့။ သူမက ဆရာမကြီးလေသံ အပြည့်နဲ့။ နောက်လှည့်ကြည့်တော့လည်း အနောက်မှာ ဘယ်သူမှ မရှိ။ အရှေ့ဆုံးက ကလေးဆိုတာ ကိုယ်ပဲ ဖြစ်ရမယ်။ ကျွန်တော်လည်း မတ်တပ်ရပ်ပြီး လက်ပိုက်ထားမိတယ်။
“ပြောစမ်း
Mad ဆိုတာ ဘာလဲ”
“mad ဆိုတာ စိတ်မနှံ့ခြင်းလို့ ဆိုပါတယ် ဆရာမ
ဒါပေမယ့် mad ကို အရူးအမူး ဖြစ်တယ် .. တမ်းတမ်းစွဲ ဖြစ်တယ်လို့လည်း
သုံးလို့ရပါတယ်
တစ်ခုခုကို စိတ်အားအရမ်းထက်သန်နေရင်လည်း mad ကို အသုံးပြုကြတယ် ဆရာမ”
သူမ မျက်နှာက အရူးမနဲ့ မတူတော့ဘူး။ အနည်းငယ် ပျက်ယွင်းသွားတယ်။
ကျွန်တော်ကလည်း ကျွန်တော်ပါ ဆက်ပြောလိုက်တယ်။
“တစ်ခုခုကို တယူသန်တွေးတယ်လို့လည်း အသုံးပြုနိုင်တယ်
အဲ … mad ကို noun အဖြစ်နဲ့ madness လို့ အသုံးပြုလိုက်ရင်တော့ မိုက်မဲမှု
လို့ ဘာသာပြန်နိုင်ပါတယ်
English အသုံးမှာ mad ဆိုတဲ့ အရူးနဲ့ am ဆိုတဲ့ ဖြစ်ခြင်းကို ပေါင်းလိုက်ရင်တော့
madam ဆိုတဲ့ အမျိုးသမီးလို့ အဓိပ္ပါယ် ထွက်လာပါတယ်”
ကျွန်တော့် စကားဆုံးတော့ သူမက ကျွန်တော့် ရှေ့ကထွက်ပြေးသွားပါပြီ။

၅။

အရောင်တောက်တောက် အင်္ကျီကြီးကို ဖယိုဖရဲ ၀တ်ထားသူကို လူတွေက အရူးဟု သတ်မှတ်ကြတယ်။ ဖိနပ်မပါဘဲ လျှောက်သွားသူကို လူတွေက အရူးဟု သတ်မှတ်ကြတယ်။ ရည်ရွယ်ချက်မရှိဘဲ လျှောက်လုပ်နေသူကို လူတွေဟာ အရူးဟု သတ်မှတ်ကြတယ်။ သေသွားတဲ့သူကို မသေသေးဘူးဟု ထင်နေသူကို လူတွေက အရူးဟု သတ်မှတ်ကြတယ်။
သူမကတော့ အဲဒီ အရာအားလုံးနဲ့ ကင်းလွတ်နေတဲ့ အရူးမလေး တစ်ယောက်ပါပဲ။
လူတွေဟာ အဝေးကြီးမှာ တစ်စုံတစ်ခုတိုင်းကို တစ်စုံတစ်ခုသော ရည်ရွယ်ချက်တွေနဲ့ လုပ်နေကြတယ်။ သူတို့ အပြုအမူတွေက လူကောင်းပကတိ ဖြစ်ဖို့ ရည်ရွယ်ချက်ရှိရှိ နေထိုင်နေကြတဲ့ ပုံစံတွေပဲ။ အရူးတစ်ယောက်မှာ ဘာလိုအပ်လဲ။ ကိုယ့်ကို အရူးလို့ ပြောရင် စိတ်နာရမယ့် ခံစားချက်တွေရော အရူးတစ်ယောက်မှာ ရှိသေးလို့လား။ အရူးကို အရူးလို့ ပြောရင် အရူးတွေဟာ ဒေါသထွက်တတ်ကြသလား။
သေချာပါတယ်။
သူမကတော့ သူမကို အရူးမဟုတ်ဘူးလို့ ပြောမှ ဒေါသထွက်တတ်တဲ့ အရူးမလေး တစ်ယောက်ပါ။

၆။

တစ်ခုသော ညမှာ အိပ်မက်မက်ဖြစ်တယ်။ အိပ်မက်ထဲမှာ မရူးတဲ့ လူတစ်ယောက်နဲ့တွေ့တယ်။
“မင်းဟာ ရူးချင်ယောင်ဆောင်နေတဲ့ကောင်ပဲ” လို့ ကျွန်တော့်ကို သူပြောတယ်။
ကျွန်တော် မငြင်းဖြစ်လိုက်ဘူး။ လူတွေ အသုံးပြုတဲ့ ရူးချင်ယောင်ဆောင်နေတယ်ဆိုတဲ့ စကားဟာ တစ်စုံတစ်ခုဆီက ထွက်ပြေးလွှတ်မြောက်ချင်လို့ ရူးချင်ယောင်ဆောင်နေတဲ့ အဓိပ္ပါယ်။
အင်း။ ကျွန်တော်လည်း ရူးချင်ယောင်ဆောင်နေတာပဲဗျ။
ဒါပေမယ့် ကျွန်တော်ကတော့ တစ်စုံတစ်ခုကို လွှတ်မြောက်မှု ပေးချင်လို့ပါ။

၇။

“ဘုရားသခင်ဟာ အရူးကို ဘာလို့ ဖန်ဆင်းခဲ့တာလဲ မသိဘူးနော်”
သူမကျွန်တော့် နားမှာ ထိုင်ပြီး  တိုးဖွဖွနဲ့ မေးတယ်။
“ကိုယ်တွေးမိတာ ပြောပြမယ်နော်”
“အင်း .. ပြော” ဆိုပြီး သူမ ကျွန်တော့်နား ထပ်တိုးလာတယ်။ ပြီးတော့ ကျွန်တော့် ပခုံးပေါ် မှီပြီး ထိုင်တယ်။ ကျွန်တော် စကားကို ဆက်လိုက်တယ်။
“လွတ်လပ်ခွင့် ပေးလိုက်တာလို့ မြင်တယ်
ဒါဟာ လူသားရဲ့ တစ်ခုတည်းသော အားသာချက်ပဲလေ
ဘယ် တိရိစ္ဆာန်မှ ရူးချင်တိုင်း ရူးလို့ မရဘူး ထင်တယ်
လူသားဘ၀မှာ လူသားဆန်ဆန် ပြုမှုနေထိုင်ရတာတွေ
လူသားဘ၀မှာ လောဘကြီးရတာတွေ
လူသားဘ၀မှာ ပျော်ရွှင်ရတာတွေရော ၀မ်းနည်း ပူဆွေးခဲ့ရတာရော
အဲဒါတွေအားလုံးဆီက လွတ်လပ်ခွင့် ပေးလိုက်တာ
ကိုယ်ကတော့ အဲလိုပဲ မြင်တယ်”
သူမ တိတ်ဆိတ်နေပြန်တယ်။ တော်တော်ကြာမှ သူမဆီက စကားသံပြန်ကြားရတယ်။
“ရှင် တစ်ယောက်တည်း အထီးကျန်လာချိန်ဆို
ဘာကို သတိရလဲ”
“အချစ်ပဲ
အချစ်ဟာ အထီးကျန်မှုကို အလုံးစုံ ဖျောက်ပစ်နိုင်တယ်လေ”
သူမက ငြင်းတယ်။
“အို.. အရူးဟာ အချစ်ကို သိလို့လား”
“အင်း … သိတယ်ထင်တယ်
ဒါပေမယ့် အရူးတစ်ယောက်အတွက်တော့
အချစ်ဟာ နာမည်တစ်မျိုး ဖြစ်ရင် ဖြစ်နေမယ်
ဥပမာ မုန်းတယ်တို့ အမြင်ကပ်တယ်တို့ ကြည့်မရဘူးတို့လည်း ဖြစ်နိုင်တာပဲ”
“အွန်.. အဲလိုကြီးလား”
“အေးပေါ့
ကိုယ်မင်းကို ချစ်ရင် ချစ်တယ်လို့ မပြောဘဲ အမြင်ကပ်တယ်လို့ ပြောချင် ပြောမှာပေါ့
အရူးတွေပဲလေ”
ကျွန်တော့် စကားဆုံးတော့ သူမက တဟားဟားနဲ့ ရယ်ပြီး ပြောနေကျ စကားကိုပဲ ထပ်ပြောပြန်တယ်။
“အရူးပါးကြီး” တဲ့။

၈။

နေသာသော တစ်ရက်မှာ သူမ ပန်ချင်တယ်ဆိုလို့ သူများခြံဝန်း ထဲက နှင်းဆီပန်း အ၀ါရောင်ကို ကျွန်တော် ၀င်ခိုးခဲ့ဖူးပါတယ်။
သူမကို ဘယ်သူက သနပ်ခါးလိမ်းပေးလိုက်လဲ မသိဘူး။ အဲဒီနေ့က သနပ်ခါးတွေ သူမလိမ်းလာတယ်။ မျက်နှာ တစ်ခုလုံး ပွထ နေအောင်ကို လိမ်းလာရုံမက နှုတ်ခမ်းနီ နီနီရဲရဲကြီးကို နှုတ်ခမ်းတွေ ပေပွအောင်လည်း ဆိုးလာသေးတယ်။
ခုတော့ ကျွန်တော် ပေးတဲ့ နှင်းဆီဝါတစ်ပွင့်ကို သူမ ပန်ထားလေရဲ့။
အဲဒီ နေသာတဲ့ တစ်ရက်မှာ သူမဆိုတဲ့ အရူးမလေး ရှက်ကိုး ရှက်ကန်းနဲ့ ကျွန်တော့်ကို မေးလာတယ်။
“ဟရောင် ..
ငါ … လှ လား ..” တဲ့။
သေချာပါတယ်။ တာရာမင်းဝေရဲ့ ဧဒင်ကချေသည်ထဲက ကောင်မလေးလိုပဲ။
သူမ မရူးပါဘူး။

- ရင်နင့်အောင် -

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...