Friday, August 29, 2014

Burundanga ပဒိုင်းပွင့်ဆေး

 
 
 
Tint Swe added 2 new photos.

1. ဆရာ တို့ဆေးဆိုတာလဲ သိချင်ပါတယ်။ ဗန်ကောက်မှာ မြန်မာတွေကို အဲလိုလုပ်ပြီး ဒေါ်လာတွေ ယူသွားတယ်လို့ သတင်းကြားရလို့ပါ။
2. Burundanga ဆိုတဲ့အရာဟာ တို့ဆေးများလား။ မဟုတ်ဘူးဆိုရင် အဘယ်ကဲ့သို့သော အရာမျိုးပါလဲ။ ဆေးဝါး ရောင်းချတဲ့ဆိုင်တွေများ မေးမြန်းဝယ်လို့ရပါသလား။ ရခဲ့ရင် အဘယ်ကဲ့သို့ အသုံးပြုရပါသလဲ။ လူကို အန္တရာယ် ဖြစ်စေပါသလား။

တွဲပြီးတင်ထားတဲ့ပုံကိုသုံးပြီး သတင်းရေးကြတာဖတ်ရတယ်။ ပုံကိုအသားပေးပေမဲ့ အရေးအသား မပြည့်စုံတာလဲ သတိထားမိတယ်။ နာမည်ကပ် (ဘစ်ဇနက် ကပ်) မှာ ဒီလိုဆေးကိုသုတ်ပြီး မကောင်းတာ ကြံစည်တယ်ဆိုတဲ့ သတင်းမျိုးလဲ (ဂူဂယ်လ်) မှာတွေ့ပါမယ်။ ရေးထားတာတွေက ပညာပေးနဲ့မတူပါ။
(ဘူရူဒန်းဂါ) ဆေးဟာ Brugmansia plant အပင်ကနေရတယ်။ Angel's Trumpet ပဒိုင်းပင်ဟာလဲ ရုက္ခဗေဒအလိုအရ Brugmansia genus အနွယ်ဝင်ဖြစ်တယ်။ ပဒိုင်းသီးစားရင် ရူးတာကို မစားဘူးပေမဲ့ ကြားဘူးကြမယ်။ Alkaloids အမျိုးအစား Scopolomine, Hyoscyamine နဲ့ Atropine တွေက အဲဒီအပင်မျိုးတွေကနေ ရတယ်။ ဓါတ်ခွဲခန်းမှာလဲ ထုတ်တယ်။ Anticholinergic medicine အနေနဲ့ ရောဂါတွေ ကုစားဘို့ အများကြီး သုံးပါတယ်။ မှတ်ဥာဏ်ကို သက်ရောက်စေပြီး၊ ခုခံမှု မလုပ်နိုင်တဲ့ အခြေအနေကို ဖြစ်စေတယ်။ ဒါကြောင့် ရည်ရွယ်ချက် မကောင်းတာအတွက် တမင်တကာ သုံးကြတာလဲ ရှိသေးတယ်။
တောင်အမေရိကားမှာ Ritualistic hallucinogen ဆိုပြီး ကွယ်လွန်သွားသူတွေနဲ့ အဆက်အသွယ်လုပ်ဘို့ဆိုပြီး သုံးတယ်။ ထိန်းမနိုင်သိမ်းမရဖြစ်တဲ့ ကလေးတွေ သွားလေသူတွေ ပူးနေသလားဆိုပြီး ဆေးကုဘို့အတွက်လဲ သုံးသေးတယ်။ အရှင်သခင်သေတဲ့အခါ ဇနီးတွေ ကျွန်တွေကို အရှင်လတ်လတ် မြေမမြှုတ်ခင် ခေါင်ရည်၊ ဆေးရွက်တွေနဲ့ရောပြီး တိုက်တယ်။ အစေ့ နဲ့ အရွက်တွေက ပိုပြီးအဆိပ်ပြင်းတယ်။
ဆေးဝါးဗေဒ အလိုအရ Scopolamine ဟာ Anticholinergic alkaloid ဖြစ်တယ်။ Hyoscine လို့လဲ ခေါ်တယ်။ မျက်စိ သူငယ်အိမ်ကို ကျယ်စေတယ်။ အစာအိမ်နဲ့ အူတွေအလုပ်နှေးစေတယ်။ ထွက်စရာအရည်တွေ နည်းစေတယ်။ စားဆေး၊ ငုံဆေး၊ ထိုးဆေး၊ အရေပြား ကပ်ခွါအနေနဲ့ ရတယ်။
• Atropine အအန်ပျောက်ဆေး၊ မေ့ဆေးနဲ့တွဲပေးတဲ့ ထိုးဆေး အနေနဲ့ သုံးတယ်။
• ၁-၁၂ နှစ်အရွယ် ကလေးတွေ အန်တာအတွက် 6 mcg/kg (maximum 0.3 mg/dose) IV, IM or SC every 6 to 8 hours ပေးရတယ်။
• နာတာကိုက်တာ၊ အရေပြားနာ၊ ကျားအကြောနာ၊ အဆစ်နာ၊ လေးဘက်နာ၊ ခေါင်းကိုက် နဲ့ ပိုးဝင်တာတွေမှာလဲ သုံးတယ်။ ခါးတာ-ခေါင်းကိုက်ကပ်တဲ့ (ပလာစတာ) လုပ်တယ်။
• Mydriatic and cycloplegic မျက်စဉ်းတွေမှာ သုံးတယ်။
• ဒေါင့်ကျဉ်း-ရေတိမ်၊ ပန်းနာ၊ မျက်ခွံအောက်ကျတာ၊ အစာလမ်းကြောင်း ပိတ်နေတာတွေမှာ လုံးဝမသုံးရဘူး။
• ကားမူးလို့ ပျို့ချင်၊ အန်ချင်တာအတွက် Transderm Scop ကပ်ခွါဆေးသုံးရတယ်။ 1.5 mg ခရီးမသွားခင် ၄ နာရီကြိုကပ်ပါ။ ၃ ရက်အထိ ခံတယ်။
• ဗိုက် (အူ) ရစ်နာတာအတွက် သုံးတယ်။
• နှာရည်၊ ချွဲ၊ သလိပ်၊ အစာခြေရည် စတာတွေ အထွက်သက်သာအောင်လဲ သုံးတယ်။
• (ပါကင်ဆိုနဇင်) ရောဂါ အတွက်လဲ ရှားရှားပါးပါးသုံးတယ်။
• အရင်တုံးက ဘိန်းဖြူနဲ့ ကိုကိန်း ဆေးဖြတ်တာမှာသုံးတယ်။
• အိပ်ဆေးအဖြစ်လဲ အလွယ်ဝယ်လို့ရတယ်။ ဘိန်းပါတဲ့ အနာသက်သာဆေးနဲ့ရောပြီး စိတ်ငြိမ်ဆေးအနေနဲ့သုံးတယ်။ ဥပမာ (မောဖိန်း)။
• သားဖွါးခန်းမှာလဲ ငြိမ်ဆေးအဖြစ် သုံးကြတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင် မသုံးသင့်ဘူး။ အထဲကကလေးကို ထိခိုက်စေနိုင်တယ်။
• Transderm Scop ဆိုတာ အအန်ပျောက်ဆေးကပ်ခွါဖြစ်တယ်။ ခရီးသွားလို့အန်ချင်တာ၊ မေ့ဆေး ပျယ်ချိန်မှာ အန်ချင်တာသက်သာဘို့သုံးတယ်။ ကိုယ်မွှေးမရှိတဲ့နေရာ ဥပမာ နားနောက်မှာ ကပ်ထားရတယ်။ မတိုင်ခင် ၄ နာရီ ကြိုတင်သင့်တယ်။ ၃ ရက်အထိခံတယ်။
ဘေးထွက်-ဆိုးကျိုးတွေကတော့ သူငယ်အိမ်ကျယ်သွားလို့ မျက်စိဝေဝါးနေမယ်၊ နှလုံးခုန်မြန်မယ်၊ အာခေါင်ခြောက်မယ်၊ ချွေးထွက်နည်းမယ်။ ရေငတ်မယ်။ ဝမ်းချုပ်မယ်။ ဆီးသွားရခက်မယ်။ များသွားရင်၊ ကိုယ်ပူမယ်။ ဂနာမငြိမ်ဖြစ်မယ်။ စိတ်ရှုတ်ထွေးစေမယ်၊ ဒေါသကြီးစေမယ်၊ စကားပြောတာ လုံးထွေးနေမယ်၊ သူများမမြင်-မကြားတာတွေ မြင်ရ-ကြားရမယ်၊ တောင်စဉ်ရေမရ ဖြစ်မယ်၊ အမှားတွေလုပ်နေမယ်။ Diazepam လိုဘဲ မှတ်ဥာဏ် လျော့နည်းစေတယ်။
၉-၇-၂ဝ၁ဝ နေ့သတင်းမှာ အမေရိကား၊ တောင်-ကယ်ရိုလိုင်းနားမယ် လူငယ်တွေ ပန်းပွင့်ကို ပြုတ်-ကြို သောက်ရာကနေ ဆေးရုံတက်ကြရတယ်လို့ပါတယ်။ အဲလိုသောက်တော့ အစမှာ (ဟယ်လူစီနေးရှင်း) ခေါ်တဲ့ သူများ မမြင်တာတွေကိုမြင်၊ သူများ မကြားတာတွေကို နားထဲမှာကြားဆိုတဲ့ မူမှန်မဟုတ်တဲ့ ခံစားမှုတွေ ဖြစ်စေတယ်။ ဒါ့ပြင် နှလုံးခုန် တအား မြန်လာပြီး၊ သေလောက်အောင် ဆိုးတဲ့ နှလုံးခုန် မမှန်တာနဲ့ ပန်းနာထသလို အဆုပ်လေပြွန်တွေ ကျဉ်းတာတွေ ဖြစ်လာမယ်။ ရောဂါဗေဒ ဂျာနယ်မှာ ဒီဆေးရဲ့ (ဟယ်လူစီနေးရှင်း) သတ္တိဟာ စိတ်သာယာဘို့ထက် ကြောက်မက်ဖွယ် ဖြစ်စေတယ်လို့ ရေးထားတယ်။ အနည်းဆုံး ခဏတာ ရူးသွပ်စေတယ်။
ဒီဆေးမျိုးနဲ့ဖျော်စပ်ထားတဲ့ Tonga ကိုသောက်တဲ့ လူတယောက်ကို (ဆွစ်) သဘာဝ-သိပ္ပံပညာရှင် Johann von Tschudi ကနေ စေ့စေ့ငုငု လေ့လာတယ်။
• ဒီလူဟာ ဘာမှန်းမှ မသိသလို မြေကြီးကို စိုက်ကြည့်နေတယ်။ ပါးစပ်ကို စိနေအောင် ပိတ်ထားတယ်။ နှာခေါင်းက ပြားချပ်နေတယ်။ နဖူးမှာ ချွေးစီးတွေ ပျံလာတယ်။ လူသေလိုဘဲ အေးစက်နေတယ်။ လည်ပင်းသွေးကြောတွေ ထောင်နေတယ်။ အသက်ရှူတာလဲ ရင်ပတ်က ခပ်နှေးနှေး ဖေါင်းလိုက်-ပြားလိုက်နဲ့ တစီစီမည်နေတယ်။ လက်နှစ်ဖက်က တင်းပြီး ဘေးချထားတယ်။ မျက်လုံးက မျက်ရည်တွေ အများကြီး စီးကျလာတယ်။ နှုတ်ခမ်းက ရွစိရွစိ ဖြစ်လာတယ်။ အသက်ရှူမြန်လာတယ်။ ဒီလိုဖြစ်နေတာ ၁၅ မိနစ်ကြာတယ်။
• ဒိနောက် အဲလိုဖြစ်တာတွေက ပြင်းထံလာတယ်။ မျက်လုံးတွေ နီရဲပြီး ခြောက်လာ၊ လည်လာတယ်။ မျက်နှာ ကြွက်သားတွေ တွန့်လှုတ်လာတယ်။ တဝက်တပျက် ပွင့်နေတဲ့ ပါးစပ်က အမြှုတ်ဖြူတွေ ထွက်လာတယ်။ လည်ပင်းကြောတွေ လှုတ်တာမြန်လွန်းလို့ ရေလို့တောင်မရဘူး။ အသက်ရှူတာ တိုတောင်းပြီး မြန်လာတယ်။ ရင်ပတ် လှုတ်နေတယ် မထင်ရဘူး။ မြင်တော့နေရတယ်။ ချွေးစီးတွေ တကိုယ်လုံး စိုရွဲလာတယ်။ တက်နေသလိုဖြစ်လာတယ်။ ငြိမ်နေလိုက် အသံကျယ်ကြီးနဲ့ အော်လိုက်။ ဘာသံတွေလဲ ခွဲလို့မရဘူး။
(ကိုလမ်ဘီယာ) နိုင်ငံမှာ လမ်းဘေး-ဆေးဝါးအဖြစ် သုံးကြတယ်။ အမှုံ့ကိုသုံးတယ်။ ပုံမှန်စိတ်တွေ ပျောက်သွားစေမယ်။ သေချင်လဲ သေသွားမယ်။ စုန်း-မှော် အတတ်ပညာမှာလဲ သုံးတယ်လို့ သိရတယ်။ ဒါ့ကြောင့် Zombie drug လို့လဲ နာမည်ရတယ်။ ဖုတ်ကောင်တွေလို ဖြစ်စေလို့ပါ။
ဓါးပြတိုက်တာ၊ အဓမ္မပြုကျင့်တာ၊ လူသတ်တာတွေမှာလဲ သုံးတယ်လို့ သတင်းတွေမှာ ရေးတယ်။ ချဲ့ကား ရေးတာတွေလဲ ပါနိုင်ပါတယ်။ သေခြာတာက နာဇီမှာ Angel of death သေမင်းတမန်လို့ နာမည်ရထားတဲ့ Joseph Mengele ကလဲ စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ CIA နဲ့ Czechoslovak communist secret police ချက် ကွန်မြူနစ် လှို့ဝှက်ပုလိပ်တွေက သုံးတယ်။
ဒီပဲယင်း-အရေးအခင်းမှာ အာဏာပိုင်တွေက သုံးခဲ့တယ်လို့ ခံရ၊ မြင်ရသူတွေက တွေးထင်ကြတယ်။
Dr. တင့်ဆွေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...