Wednesday, August 20, 2014

“မင်းမဲ့တိုင်းပြည် ဖြစ်နေပြီလား"

“မင်းမဲ့တိုင်းပြည် ဖြစ်နေပြီလား"
======================================
ကျော်ကြီး(MDY)

တစ်ခါတစ်လေ သတင်းစာ ဂျာနယ်မဖတ်၊ အင်တာနက် မသုံးပဲ နေတော့မယ်လို့ တောင်
စိတ်ကူးမိတယ်။ သတင်းတွေ ဖတ်ကြည့်မိတိုင်း စိတ်ချမ်းသာစရာ တစ်ခုမှ မတွေ့ရတာ။ ကျွန်တော်တို့ပြည်သူတွေမှာလည်း မြန်မာပြည်မှာအသက်ရှင်နေထိုင်ရတာ တကယ်
မလွယ်ဘူးဗျ။ အရည်အသွေးမပြည်တဲ့ အစာတဲ့ အစားအသောက်တွေ စားသုံးပြီးရောဂါ
ဘယမျိုးစုံခံစားပြီး စံချိန်စံညွန်းအရေးအသွေး မပြည့်ဝတဲ့ ပတ်ဝန်းကျင်မှာ အသက်
ရှင်နေထိုင်နေကြရတာဗျ။ အပြင်သွားရင်တောင် ဓာတ်ကြိုးပျက်ကျမှာ ကြောက်နေရ
တဲ့ဘ၀။ ဒီကြားထဲ စိတ်အပမ်းဖြေမှုရအောင် အသိဥာဏ်ဗဟုသုတတိုးအောင်ဆိုပြီး သတင်းစာဂျာနယ်ဖတ်၊ အင်တာနတ်သုံးတော့လည်း နေ့စဉ်မြင်တွေ့ကြားနေရတဲ့
သတင်းတွေက စိတ်ချမ်းသာစရာတစ်ကွက်မှမရှိဘူး။ စိတ်ဆင်းရဲစရာ၊ ဒေါသဖြစ်စရာ၊ မကျေနပ်စရာတွေချည်းပဲ မြင်တွေ့ကြားနေရတယ်။ ကြာရင် သွေးတိုး၊ နှလုံးရောဂါတို့ 
ဖြစ်ပြီး မြန်မြန်သေလိမ့်မယ်ထင်တယ်။

ခုလည်းကြည့်အုံးလေ ညနေဆိုင်သိမ်းပြီးအိမ်ရောက်တော့ အင်တာနက်လေးဖွင့်ကြည့်
လိုက်ပါတယ် ပထမဆုံးဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်က စစ်အစိုးရလက်ထက်က အဓမ္မသိမ်းယူထားတဲ့ မြေအသိမ်းခံ မိကျောင်းကန် ပြည်သူတွေက မိမိပိုင်မြေ ပြန်လည်
ရရှိရေးအတွက် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုနေတဲ့ ဆန္ဒပြအဖွဲ့ထဲမှ အဖွဲ့ဝင် ဒေါ်သောင်းညွန့် (၇၆)နှစ် ဟာ မိမိပိုင်မြေ ပြန်လည်ရရှိရေးအတွက် ဆန္ဒပြ
တောင်းဆိုရင်းသေဆုံးသွားပါတယ်တဲ့။ စိတ်ထဲမှာ အတော်လေး နာကျင်ခံစားသွား
ရတယ်။

၇၆ နှစ်ဆိုတဲ့အရွယ်ဆိုတာ လူ့ဘ၀သက်တမ်းနဲ့ကြည့်ရင် နောက်ဆုံးအချိန်အပိုင်း
အခြားကို ရောက်နေပါပြီ။ ဒီလိုအရွယ်ဆိုတာ တရားဘ၀နာရှာနေရမယ့်အချိန်၊ အခုလို
ဝါတွင်းမှာ ဥပုဒ်သီလဆောက်တည်နေရမယ့်အရွယ်ပါ။ ခုတော့ မိမိပိုင်မြေ စစ်တပ်က
သိမ်းထားလို့နေစရာမရှိဖြစ်နေပြီး မြေပြန်ရရေးအတွက် ဆန္ဒပြတောင်းဆိုနေရင်း
သေဆုံးခဲ့ရတယ်ဗျာ။ ဒီလိုဖြစ်နေတာတွေကို သမ္မတကြီးနဲ့ အစိုးရမင်းများက ဘာလို့ မသိချင်ယောင်ဆောင်နေရတာလဲ။ အခုသေဆုံးသွားတဲ့ အဖွား ဒေါ်သောင်းညွန့်ဆိုတာ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ အဖွားအရွယ် အမေရွယ်တွေပါ။ ဘယ်လိုစိတ်ထားမျိုးနဲ့များ မျက်နှာလွဲခဲပစ် နေ၀ံ့နေကြသလဲဆိုတာ မတွေးတက်အောင်ပါပဲ။

နောက်သတင်းတပုဒ်ကလည်း မန္တလေးတိုင်း မတ္တရာဒေသ၊ညောင်ဝန်းရွာမှာ ဂရိတ်ဝေါ
ကုမ္ပဏီက သိမ်းထားတဲ့ လယ်မြေများ ပြန်လည်ရရှိရေးအတွက် ဆန္ဒပြကြသူတောင်သူ
များကို ရဲများမှ သေနတ်ဖြင့်ပစ်ခတ်ပြီး အကြမ်းဖတ်ပြီးနှိမ်နှင်းခဲ့လို့ အမျိုးသမီးတစ်ဦး 
သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး တောင်သူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ပစ်တဲ့
ကျည်ဆံတွေက ကျည်ဆံအစစ်တွေပါတဲ့။ ကိုယ့်ပြည်သူတွေကို ရန်သူလိုများ သဘောထား
နေကြပြီလားလို့တောင် တွေးမိပါတယ်။

ဒီလို မြေအသိမ်းခံရလို့ ဆန္ဒပြတောင်းဆိုနေမှုတွေဟာ အမြို့မြို့အနယ်နယ်မှာ ဖြစ်ပွား
နေပြီး နေ့စဉ်နဲ့အမျှ မြင်တွေ့ကြားနေရတယ်။ တောင်းဆိုနေကြလို့လည်း ပြန်ပေးလား
ဆိုတော့ ပြန်မပေးတဲ့အပြင် ကိုယ့်မြေကိုယ်ပြန်တောင်းဆိုတဲ့ တောင်သူတွေကိုတောင် မတရားဖမ်းဆီးတရားစွဲကာ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်နေကြပါတယ်။ အဲ့ဒီလို 
ပြည်သူတွေမတရားခံနေရလို့လည်း နိုင်ငံခေါင်းဆောင်များ က ၀င်ရောက်ဖြေရှင်း ကူညီဆောင်ရွက်ပေးတာ လုံးဝမတွေ့ရပါဘူး။ တစ်ခါတလေ ကျွန်တော်စဉ်းစားကြည့်
မိတယ် ကျွန်တော်တို့တိုင်းပြည် မင်းမဲ့တိုင်းပြည်များ ဖြစ်နေပြီလားလို့။ ပြည်သူတွေ 
ခမျာမှာ ဒီလောက် ဒုက္ခဆင်းရဲတွေ့ကြုံနေရပြီး မတရားလုပ်တာခံစနေရတာတောင် 
အုပ်ချုပ်သူ အစိုးရမင်းများက မသိကျိုးကျွုံ့ပြုနေကြတာဟာ မိမိတို့ကို ရွေးကောက်
တင်မြှောက်လိုက်တဲ့ ပြည်သူတွေကို ကောင်းကောင်းကြီးစော်ကားနေသလိုပါပဲ။ ပြည်သူ
တွေခမျာမှာ အားကိုးရာမဲ့ဖြစ်နေကြပြီး တစ်ကယ့်စစ်မှန်တဲ့ တရားဥပဒေရဲ့အကာ
အကွယ်ကို ပြည်သူ သန်း ၆၀ဟာ ဒီနေ့အထိမရသေးတာက ဦးသိန်းစိန်အစိုးရရဲ့ 
အရည်အချင်း စွမ်းဆောင်နိုင်မှုကို ဖော်ထုတ်ပြသနေသလိုပါပဲ။

သမ္မတကြီး ဦးသိန်းစိန်ကတော့ ရှေ့ကနေ မိဘပြည်သူများခင်ဗျားဆိုပြီး ပြောဆို
နေပေမဲ့ သူ့လက်အောက်က လူတွေကတော့ အာဏာရှင်စိတ်ဓာတ်မပျောက်တွေ
မပျောက်ဘဲ ထမင်းကြွေးတဲ့လက်ကို ပြန်ကိုက်တဲ့ လုပ်ရပ်တွေ တောက်လျှောက် 
လုပ်နေတာ ဒီနေ့ထိတွေ့မြင်နေရပါတယ်။ ကျေးဇူးရှင်တောင်သူဦးကြီးများလို့ သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံမှာ လယ်မြေတွေသိမ်း၊ တောင်သူတွေကို ဖမ်းဆီး
ထောင်ချလုပ်နေကြတာဟာ အင်မတန် အကြည်းတန်တဲ့ လုပ်ရပ်တွေပါ။ လယ်စိုက်တဲ့
လက်ကို လက်ထိပ်ခတ်တာဟာ ထမင်းကျွေးသောလက်ကို ပြန်ကိုက်လိုက်တာပါပဲ။

သမ္မတကြီး ဦးသိန်းစိန်အပါအ၀င် အစိုးရခေါင်းဆောင်များဟာ ပြည်သူတွေက 
ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေပါ။ ပြည်သူတွေက ပေးအပ်
ထားတဲ့ လစာ ရိက္ခာ တွေရယူခံစားနေသူတွေဖြစ်ကြပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အကာအကွယ်ပေး စောင့်ရှောက်ပေးဖို့ ပြည်သူတွေ ကိုယ်စိတ်နှစ်ပါး စိတ်ချမ်းသာစွာနေထိုင်နိုင်ရေးအတွက် အပြည့်အ၀ဖော်ဆောင်ပေးဖို့ တာဝန်အပြည့်ရှိပါတယ်။ ဒါပေမယ့် ဦးသိန်းစိန်ရဲ့အစိုးရသစ် သက်တမ်း ၄ နှစ်ပြည့်
ခါနီးပေမယ့် ဒီနေ့ထိ ပြည်သူတွေတွေကို ဦးထိပ်ထားပြီးလုပ်ဆောင်တာ မတွေ့မြင်ရဘဲ အာဏာရှင်နဲ့အပေါင်းပါ ခရိုနီတွေရဲ့ အကျိုးစီးပွားကိုပဲ ကာကွယ်စောင့်ရှောက်ပေးနေ
တာ တွေ့မြင်နေရပါတယ်။

ဒီနေရာမှာ သမ္မတကြီးကို မေးချင်တာက အုပ်ချုပ်ရေး၊ တရားစီရင်ရေးအပိုင်းတွေက အကျင့်ပျက်ချစားတာတွေ၊ အာဏာအလွဲသုံးစားလုပ်ပြီး ပြည်သူတွေကို အနိုင်ကျင့်
စော်ကားနေတာတွေ၊ တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုလုပ်ငန်းတွေကို အလကားနီးပါးရယူထား
ပြီး တိုင်းပြည်အတွက် ကျသင့်တဲ့ အခွန်ငွေပေးဆောင်ဖို့တွက်ကြတော့ နည်းမျိုးစုံနဲ့
ရှောင်ရှားနေတဲ့ ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေကိုကြတော့ မီဒီယာတွေနဲ့ ပြည်သူ
တွေက ထိရောက်စွာ ရေးသားဖော်ထုတ်တိုင်းကြားနေပေမဲ့ ဘာလို့ ထိရောက်စွာ အရေးယူဆောင်ရွက်မှုမပြုလုပ်လဲဆိုတာ သိချင်ပါတယ်။ သမ္မတကြီးကိုယ်တိုင် အလိုတူအလိုပါဖြစ်သွားပြီးလားဆို တဲ့အတွေးဝင်စေပါတယ်။ ပြည်သူတွေခမျာမှာ ထမင်းတလုပ်စားရရေးအတွက် ပင်ပန်းကြီးစွားရုန်းကန်နေရချိန်မှာ ခရိုနီစီးပွားရေး
လုပ်ငန်းရှင်တွေက တိုင်းပြည်ကိုပေးရမယ့် အခွန်ငွေ ကျပ်ငွေဘီလျံပေါင်းများစွာကို နည်းမျိုးစုံးနဲ့ကျော်ခွရှောင်ရှားနေကြတယ်။ အစိုးရ ၀န်ကြီးဌာန ၁၉ ခုကလည်း တိုင်းပြည်ကိုပြန်လည်ပေးအပ်ရန်အကြွေးကျန် ကျပ်ဘီလျံ ပေါင်း (၁၀၀၀)ထောင်ကျော်
ရှိပါတယ်တဲ့။ နိုင်ငံခြားဘဏ်တွေမှာ မြန်မာနိုင်ငံက အပ်ထားပါတယ်ဆိုတဲ့ ဒေါ်လာ 
၁၁ ဘီလျှံကိစ္စကလည်း ခုချိန်အထိ ပိုင်ရှင်မပေါ်ပဲ ဝေ့လည်ကြောင်ပတ်နဲ့ဖြေရှင်း
နေကြပါတယ်။ ဒါတွေကို သမ္မတကြီးဦးသိန်းစိန်အစိုးရက မသိတာလား။ မသိချင်
ဟန်ဆောင်နေတာလား။

ဒီလိုတိုင်းပြည်နဲ့ ပြည်သူအပေါ်မတရားလုပ်နေတဲ့ လူတွေကျတော့ အရေးယူ
ဆောင်ရွက်မှုမရှိဘဲ၊ ဆင်းရဲသားကျောမွဲ ပြည်သူတွေရဲ့ မြေတွေကြမှ ဘာလို့မတရား
ရယူနေချင်ကြတာလဲ။ ပါးစပ်ကတော့ ဆင်းရဲသားပပျောက်ရေးဆိုပြီး တိုင်းပြည်ရဲ့ ၇၅ ရာခိုင်နှုန်းသော ဆင်းရဲသားတောင်သူတွေရဲ့ မြေယာတွေကို သိမ်းနေကြတာက စစ်တပ်အပါအ၀င် ခရိုနီလူတန်းစားတွေနဲ့ ပြည်ထောင်စုဝန်ကြီးတွေပါပဲ။ သမ္မတ
အကြံပေးကိုယ်တိုင်က တောင်သူတွေရဲ့ လယ်ယာမြေတွေသိမ်းတဲ့အထဲမှာ ပါနေ
ပါတယ်ဆိုမှတော့ ဘာမှကို ပြောစရာမကျန်တော့ပါဘူး။

ဒီနေ့တိုင်းပြည်မှာ ဆန္ဒပြတောင်းဆိုနေသူတွေဟာ သူများပစ္စည်းကို မတရားရယူ
ချင်လို့ တောင်းဆိုနေကြတာမဟုတ်ပါဘူး။ တိုင်းပြည်ပျက်ဆီးအောင် ဆူပူမှုဖြစ်အောင် လုပ်နေကြတဲ့သူတွေလည်းမဟုတ်ပါဘူး။ မိမိပိုင်ဆိုင်တဲ့ မြေကို မတရားသိမ်းထား
လို့ ပြန်ရရှိရေးအတွက် တောင်းဆိုနေကြတာပါ။ ဒီနေ့အချိန်အခါမှာဆို တောင်သူ
တွေဟာ ရာသီဥတုဖောက်ပြန်လို့ စိုက်ပျိုးသမျှအရာမထင်ပဲ ဒုက္ခဆင်းရဲ တွေ့ကြုံ
နေကြရပါတယ်။ ဒီလိုဆင်းရဲဒုက္ခတွေ့ကြုံနေရတဲ့ ပြည်သူတွေကို ကူညီစောင့်ရှောက်မှု
မပေးတဲ့အပြင် မြေတွေသိမ်း ယာတွေအသိမ်းခံရလို့ ဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်ဖက်နှိမ်းနှင်း၊ မတရားဖမ်းဆီးထောင်ချနေတဲ့ လုပ်ရပ်တွေဟာ အင်မတန် 
ဆိုးဝါးတဲ့ လုပ်ရပ်တွေပဲဖြစ်ပါတယ်။ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ အစိုးသစ်အတွက်
လည်း သမိုင်းမှာ အမည်းစက်စွန်းထင်စေခဲ့ပါတယ်။

ဒီနေ့တိုင်းပြည်မှာ ပြည်သူလူထုဟာ ဒုက္ခဆင်းရဲမျိုးစုံတွေ့ကြုံနေရပြီး ကယ်ပါယူပါ တစာစာအော်နေကြချိန်မှာ အုပ်ချုပ်သူအစိုးရက တာဝန်ယူမဖြေရှင်းပေးသလို 
ပြည်သူ့အသံလွှတ်တော်အသံ ဆိုပြီးဆောင်ရွက်နေတဲ့ လွှတ်တော်နဲ့ အတိုက်အခံ 
နိုင်ငံရေးသမားများကလည်း မျက်နှာလွှဲခဲပစ်လုပ်နေကြပါတယ်။ ရွေးကောက်ပွဲ
မဲဆွယ်တုန်းက ပြည်သူ့အတွက် ဘာလုပ်ပေးမယ်ညာလုပ်ပေးမယ်ဆိုပြီး လေတစ်လုံး
မိုးတစ်လုံးနဲ့ မဲဆွယ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကလည်း မသိကျိုး
ကျွံပြုနေကြပါတယ်။ နိုင်ငံရေးအဖွဲ့အစည်းအားလုံးကိုပြောချင်တာက ပြည်သူတွေက ကစားကွက်လှတာကို လိုချင်တာမဟုတ်ပါဘူး ဂိုးဝင်တာပဲ မြင်ချင်တွေ့ချင်ကြတာပါ။ အလှကစားပြနေရတော့မယ့်အချိန်မဟုတ်တော့ပါဘူး။ ခေါင်းဆောင်များက ခေါင်း
ရှောင်နေကြတော့ ဒီနေ့အချိန်အခါမှာ ပြည်သူတွေဟာ အားကိုးရာမဲ့ မျော်လင့်ချက်
မဲ့ဖြစ်လာပြီး သံသယတွေ၊ အာဃာတတွေဟာ အရင်အတိုင်းပြန်ဖြစ်လာပါတယ်။ လူငယ်တွေဟာဟာလည်း အနာဂတ်မဲ့လာပြီး လူငယ်သုံးယောက်မှာ တစ်ယောက်
ဟာ စိတ်ကျရောဂါခံစားနေရတယ်လို့ သိရှိရပါတယ်။

သမ္မတကြီးဦးသိန်းစိန်ရဲ့ ဒီမိုကရေစီအစိုးရသစ်ရဲ့ သက်တမ်း ၄ နှစ်ပြည့်ခါနီးအချိန်ထိ တိုင်းပြည်ဟာ တိုးတက်ပြောင်းလဲမှုဘာမှမရှိသေးပါဘူး။ ပြည်သူတွေဟာ ဆင်းရဲမွဲ
တေမှု၊ သဘာဝဘေးအန္တရာယ်တွေ၊ ဘာသာရေး၊လူမျိုးရေးအကြောင်းပြ ပဋိပက္ခ
အကြမ်းဖတ်မှုတွေအပါအ၀င် ဒုက္ခပေါင်းစုံကို ခါးဆီးခံနေရပါတယ်။ ဒီလိုအချိန်အခါမှာ မိမိအစိုးရကို ယုံကြည်မှုအပြည့်နဲ့ ရွေးကောက်တင်မြှောက်ပေးခဲ့တဲ့ ပြည်သူတွေကို 
ကျေးစွတ်တဲ့ လုပ်ရပ်တွေမလုပ်ကြပါနဲ့တော့။ တိုင်းပြည်ကို ဖွတ်သထက်ညစ်အောင် ထပ်မလုပ်ကြပါနဲ့တော့လို့ ပြောချင်ပါတယ်။ လက်ကျန်သက်တမ်းလေးမှာတော့ တိုင်းပြည်အတွက်ကောင်းတာလေးတွေ လုပ်သွားကြပါအုံးလို့ မေတ္တာရပ်ခံချင်
ပါတယ်။

နောက်ဆုံးအနေနဲ့ နိုင်ငံရေးအဖွဲ့အစည်းအားလုံးကို ပြောကြားလိုတာက ပြည်သူတွေ ယနေ့တွေ့ကြုံခံစားနေရတဲ့ ဒုက္ခဆင်းရဲတွေကို ကူညီမှု၊ ကာကွယ်စောင့်ရှောက်မှုမပေးပဲ လစ်လျူရူနေကြအုံးမယ်ဆိုရင်တော့ ပြည်သူတွေဒဏ်ခတ်တာကို တစ်နေ့ခံရမယ်လို့ အသိပေးပြောကြားလိုပါတယ် . . .

ကျော်ကြီး(MDY)
( Tomorrow သတင်းဂျာနယ်အမှတ်(၂၅)ပါ ဆောင်းပါး )

တစ်ခါတစ်လေ သတင်းစာ ဂျာနယ်မဖတ်၊ အင်တာနက် မသုံးပဲ နေတော့မယ်လို့ တောင်
စိတ်ကူးမိတယ်။ သတင်းတွေ ဖတ်ကြည့်မိတိုင်း စိတ်ချမ်းသာစရာ တစ်ခုမှ မတွေ့ရတာ။ ကျွန်တော်တို့ပြည်သူတွေမှာလည်း မြန်မာပြည်မှာအသက်ရှင်နေထိုင်ရတာ တကယ်
မလွယ်ဘူးဗျ။
အရည်အသွေးမပြည်တဲ့ အစာတဲ့ အစားအသောက်တွေ စားသုံးပြီးရောဂါ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...