Saturday, August 30, 2014

လွဲလိုက်လေ၊မောင်ပဉ္ဇင်း”


Min Din's photo.
(တစ်)
တခါတုန်းက အောက်ပြည်အောက်ရွာတွင် အထက်အညာသားများကို အထင်အမြင်သေး၍ ဘာမျှမသိနားမလည်သူများဟု ယူဆထား သောဆရာတော်တစ်ပါးရှိလေသည်။ ထိုသတင်းကိုအထက်အညာမှ ဦးပဉ္ဇင်းတစ်ပါးကြားသိရလျှင် မခံချင်လှ၍ ထိုဆရာတော် အား ချေပ ပြောဆိုရန် အကြံထုတ်ပြီး သွားရောက်တွေ့ဆုံလေသည်။
တွေ့လျှင်ဆရာတော်က ဦးပဉ္ဇင်းအား နေရပ်ဇာတိတို့ကိုမေးလေ၏။ထိုအခါ ဦးပဉ္ဇင်းက အထက်အညာမှဖြစ်ကြောင်းလျှောက်ထားလေ ၏။ဆရာတော်မှာ ထုံးစံအတိုင်းအထင်သေးသည့်အမူအရာပြလျက် မိမိသိလိုသော အထက်အညာဒေသအကြောင်းများကို ဆက်လက်၍ မေးမြန်းလေတော့သည်။
ဦးပဉ္ဇင်းမှာဆရာတော်၏အကြောင်းကို သိရှိပြီးသူဖြစ်သည့်အတိုင်း မသိနားမလည်ဟန်ဆောင်၍ တောင်မေးမြောက်ဖြေပြုလုပ်နေလေ သည်။ဆရာတော်ကမူ အဟုတ်ထင်မှတ်၍ အထက်အညာသားတို့၏အပုံကိုသဘောကျပြီး တဟဲဟဲနှင့်ရယ်မောရင်း ဆက်လက်မေးမြန်း နေလေသည်။
“မောင်ပဉ္ဇင်းတို့ အညာဒေသမှာ သီတင်းကျွတ်လဆိုရင် ဘာပွဲတွေများ လုပ်တတ်ကြသတုန်းကွဲ့”
“မှန်လှပါ။ရေလောင်းပွဲများပြုလုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် ရေနဲ့လောင်းကြပက်ကြပါတယ်ဘုရား”
“ဟင်…၊တယ်လွဲပါလား။ဒါလဲ တို့ဆီနဲ့မတူဘူးဟ”
“ကိုင်း ဒီလိုဆို တန်ခူးလရောက်တော့ကော ဘာပွဲတွေများ ပြုလုပ်ကြသေးသလဲကွဲ့”
“မှန်လှပါ၊ဆီမီးထွန်းပွဲတော်များပြုလုပ်ကြတယ်ဘုရား”
“ဟင်၊ဒါလည်းမတူဘူးဟ။တယ်လွဲပါလား”
ထိုအခိုက်ကျောင်းပေါ်သို့ သီလရှင်တစ်ပါးတက်လာသည်ကိုမြင်ရာ၊ဦးပဉ္ဇင်းက မသိဟန်ဆောင်၍ “မှန်လှပါ။ဒီတကာမက အရှင်ဘုရား ရဲ့ မိန်းမလားဘုရာ့” ဟု ရွဲ့မေးလိုက်လေသည်။
ထိုအခါဆရာတော်သည် တကယ်မသိရှာ၍ဦးပဉ္ဇင်းက မေးသည်ထင်မှတ်ပြီး ပြန်ဖြေလိုက်ပုံမှာ……၊
“လွဲလိုက်လေမောင်ပဉ္ဇင်း” ဟူသတည်း။
(လူထုဦးလှ၏ကျောင်းကန်အနီးမှပုံပြင်များ)
(နှစ်)
ကွယ်လွန်သူ သတင်းစာဆရာကြီးလူထုဦးလှ၏ ကျောင်းကန်အနီးမှ ပုံပြင်များစာအုပ်မှ အထက်ဖော်ပြပါ ပုံပြင်တစ်ပုဒ်ကို ကျနော် သတိရမိခြင်းမှာ အောက်ပါသတင်းတစ်ပုဒ်ကြောင့်ဖြစ်လေသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စီးပွားရေးအဆောက်အအုံများ တည်ဆောက်ရန် တင်ဒါခေါ်ယူရာ အားနည်းချက်များရှိနေသောကြောင့် (Sun Mon Star) ကုမ္ပဏီကို ရွေးချယ်ခြင်းမရှိဘဲ ဂမုန်းပွင့်ကုမ္ပဏီကိုသာ ရွေးချယ်ရ ခြင်းဖြစ်ကြောင်း အင်ဂျင်နီယာနှင့်အဆောက်အအုံဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။
‘‘သူတို့ရဲ့တင်ပြချက်က ကောင်းပါတယ်။ ဒါပေမဲ့ တင်ဒါမူဝါဒပိုင်းရဲ့ စည်းကမ်းပိုင်းအချို့မှာငြိနေတာတွေရှိတယ်။ လုပ်ကိုင်ခွင့်ရှိမဲ့ ကုမ္ပဏီကို ရွေးချယ်ပြီးတဲ့အချိန်ပြီးမှ သူတို့က ရင်းနှီးမြှုပ်နှံမဲ့ငွေပမာဏကို တိုးပေးတယ်။ ဒါကြောင့် သူတို့ကို မရွေးချယ်ရတာပါ’’ ဟု အထက်ပါအရာရှိကဆိုသည်”အဆိုပါတင်ဒါရွေးချယ်ခြင်းကို ရန်ကုန်မြို့တော်ဝန်ဦးဆောင်သည့် တင်ဒါစိစစ်ရေးအဖွဲ့က မျှတစွာရွေးချယ် ခြင်းဖြစ်သည်ဟုလည်းဆိုသည်။
ရွေးချယ်ရာတွင် နောက်ဆုံးဆန်ခါတင်ရွေးချယ်မှုအဖြစ် (Sun Mon Star) ကုမ္ပဏီနှင့် ဂမုန်းပွင့်ကုမ္ပဏီတို့ကို ရွေးချယ်ခဲ့ရာ တင်ဒါစိစစ်ရေး အဖွဲ့က ဂမုန်းပွင့်ကုမ္ပဏီအား ရွေးချယ်ခဲ့သည်။တိုင်းဒေသကြီးအဖွဲ့နှင့် စည်ပင်သာယာရေးကော်မတီတို့သည် ရွေးချယ်မှုအပိုင်းတွင် မသမာမှုအချို့ရှိကြောင်း (Sun Mon Star) ကုမ္ပဏီမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက စွပ်စွဲပြောဆို သည်။
‘‘ကုမ္ပဏီအနေနဲ့ ကျွန်တော်တို့ စည်ပင်ကိုတရားဝင် လာမေးစေချင်ပါတယ်။ ဘာကြောင့် မရွေးချယ်ရတယ်ဆိုတာတွေကို ပြောပြပေးမှာ ပါ။အပြင်ကနေ အဓိပ္ပာယ်မရှိတာတွေကို မပြောစေချင်ပါဘူး’’ဟု အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း၂၅၀ ဖြင့် ဆန်ခါတင်ပထမဆင့်ဝင်ထားသည့် Sun Mon Star ကုမ္ပဏီမှ ထိုင်းနှင့် မြန်မာလုပ်ငန်းရှင်များ၊ ပညာရှင်များပူးပေါင်းပြီး အဆိုပြုလွှာတင်သွင်းခဲ့သော်လည်း ပြည်တွင်းပညာရှင်များဖြင့် ပူးပေါင်းဖွဲ့စည်းထား သည့် ဂမုန်းပွင့်ဆောက်လုပ်ရေးကုမ္ပဏီက အမေရိကန်ဒေါ်လာ (၉၃) သန်း ရင်းနှီးမြှုပ်နှံရန်၊အဆိုပြုထားသည့်တင်ဒါဖြင့် ယှဉ်ပြိုင်ခဲ့ရာ ငွေကြေးရင်းနှီးမြှုပ်နှံသည့် ပမာဏနည်းသည့်ကုမ္ပဏီကို ရွေးချယ်ခဲ့ခြင်းမှာ ပွင့်လင်းမြင်သာမှုမရှိကြောင်း အဆိုပါ (Sun Mon Star) ကုမ္ပဏီက စွပ်စွဲပြောဆိုထားသည်။
(၁၈။၀၈။၂၀၁၄နေ့ထုတ် ဆဲဗင်းဒေးသတင်းစာမှ)
(၃)
အမှန်အတိုင်းပြောရလျှင် အဆိုပါသတင်းသည် လွန်ခဲ့သောတစ်ပတ်ကျော်ခန့်က စာရေးသူ၏ဖေ့စ်ဘွတ်စာမျက်နှာတွင် တင်ခဲ့သော ဖွင့်ဟချက်တစ်ခုမှ မြစ်ဖျားခံခဲ့သည်။ သူ့ရှင်းလင်းချက်ထဲတွင်”လုပ်ကိုင်ခွင့်ရှိမဲ့ကုမ္ပဏီကို ရွေးချယ်ပြီးတဲ့အချိန်ပြီးမှ သူတို့ကရင်းနှီးမြှုပ်နှံ မဲ့ငွေပမာဏကို တိုးပေးတယ်။ဒါကြောင့် သူတို့ကိုမရွေးချယ်ရတာပါ’’ဟုဖော်ပြထားရာ အဆိုပါချေပပြောဆိုချက်မှာ တက်တက်စင်အောင် လွဲမှားသည်။
စီမံကိန်းတစ်ခု၏တင်ဒါကို တင်သွင်းရာတွင် စီမံကိန်းတန်ဖိုး တိကျစွာဖော်ပြရလေရာ၊စီမံကိန်းတန်ဖိုး မဖော်ပြသောအဖွဲ့ အနေဖြင့် ဇကာတင်စာရင်းအဆင့်တစ်ဝင်ရန်မဖြစ်နိုင်သောကြောင့် သူ၏တုန့်ပြန်ချက် ယုတ္တိတန်မတန် လူသာမန်ပင်လျှင် သိနိုင်သည်။ ယင်းတင်ဒါနှင့်ပတ်သက်၍အကြောင်းစုံသိသူ တစ်ဦးအနေဖြင့် တိကျစွာဖော်ပြရလျှင် ….၊
(Sun Moon Star)မှတင်ပြသော စီမံကိန်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၂၃၅)သန်းဖြစ်ပြီး တင်ဒါစည်းကမ်း အရထည့်သွင်းဖော်ပြရမည့်၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ပြုပြင်ထိန်းသိမ်းရေး၊ဘဏ္ဍာရေးစီမံချက်အစရှိသည့် ပညာရှင်များ ကိုယ်တိုင်ရေးဆွဲသည့် စာရွက်စာတမ်းအထောက်အထား ပြည့်စုံစွာပါရှိသည်။အဆိုပါစီမံကိန်းမြေနေရာအတွက် မြေငှားရမ်းခကို စည်ပင်သာယာရေးကော်မီတီမှ သတ်မှတ်ချက်အတိုင်း ပေးသွင်းပါမည်ဟု ဖော်ပြထားခဲ့သည်။
ဂမုန်းပွင့်ကုမ္ပဏီတင်ပြသော စီမံကိန်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၉၃)သန်းဖြစ်ပြီး တင်ဒါစည်းကမ်းအရထည့် သွင်းဖော်ပြရမည့်၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ပြုပြင်ထိန်းသိမ်းရေး၊ဘဏ္ဍာရေးစီမံချက်အစရှိသည့် စာရွက်စာတမ်း အထောက် အထားပြည့်စုံစွာမပါရှိချေ။မြေငှားရမ်းခကိုမူ တစ်စတုရန်းမီတာလျှင် ဆယ့်ရှစ်ဒေါ်လာနှုန်းပေးသွင်းမည်ဟုဖော်ပြထားသည်။
အထက်ပါနှိုင်းယှဉ်ချက်ကိုလေ့လာလျှင် ဂမုန်းပွင့်ကုမ္ပဏီတင်ပြသော မြေငှားခနှုန်းထား ထက်ပိုမို၍(Sun Moon Star)ထံမှ တောင်းခံခြင်းဖြင့် ဌာနအတွက်ရောတိုင်းပြည်အတွက်ပါ သားရွှေအိုးထမ်းမည့်ကိန်းဖြစ်သည်။သို့သော် ရန်ကုန်စည်ပင်နှင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရုံးသည် ရင်းနှီးမြှုပ်နှံမှုပမာဏ၊၂၀၀ရာခိုင်နှုန်းလျော့နည်းနေသော၊ဂမုန်းပွင့်ကိုသာ ရွေးချယ်ခဲ့သည်။ဤအချက်မှာ အဆိုပါ စီမံကိန်းအတွက် ရိုးသားမှုမရှိကြောင်း များစွာသံသယပွားဖွယ်ဖြစ်၏။
သက်ဆိုင်ရာစည်ပင်တာဝန်ရှိအဆင့်မြင့်အရာရှိကြီးကမူ အဆိုပါတင်ဒါရွေးချယ်ခြင်းကို ရန်ကုန်မြို့တော်ဝန်ဦးဆောင်သည့် တင်ဒါစိစစ် ရေးအဖွဲ့က မျှတစွာရွေးချယ်ခြင်းဖြစ်သည်ဟုဆိုသည်။ယင်းအဆိုမှန်မမှန် သေချာစွာစိစစ်ကြည့်သင့်လှပေသည်။
(၄)
စီမံကိန်းပမာဏကြီးမားလှသည့် အဆိုပါတင်ဒါအတွက် သက်ဆိုင်ရာတို့သည် တင်ဒါပိတ်ရမည့်ရက်တွင်မပိတ်ခြင်း၊တင်ဒါဖွင့်သင့်သည့် ကာလအပိုင်းအခြားအတွင်းမဖွင့်ခြင်း၊အစည်းအဝေးအချိန်တို့ကို သတ်မှတ်ချက်ထက် သုံးနာရီမျှကွာဟပြီးမှကျင်းပခြင်းအပါအဝင် ပေါ့ပျက်ပျက်ကိုင်တွယ်ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိခဲ့ရသည်။
စင်စစ် ၎င်းတင်ဒါရွေးချယ်ရာ၌ ကျင့်သုံးသင့်သောမူမှာ အဆိုပါစီမံကိန်းတွင်ပါဝင်သည့် အခန်းကဏ္ဍအသီးသီးနှင့်သက်ဆိုင်သော ပညာ ရှင်များကိုဖိတ်ခေါ်ကာ အဆိုပါပညာရှင်တစ်ဦးချင်း၏ သဘောထားမှတ်ချက်တို့အပေါ်အခြေခံ၍ တာဝန်ရှိသူတို့က မည်သည့်အဖွဲ့အား ရွေးချယ်ကြောင်း အဂတိတရားကင်းရှင်းစွာ ဆုံးဖြတ်ရန်သာဖြစ်လေသည်။
ယခုမူ တင်ဒါတင်သွင်းသော အဖွဲ့တစ်ဖွဲ့ချင်းစီ၏ ရှင်းလင်းတင်ပြချက်များကို ဗီဒီယိုမှတ်တမ်းအစရှိသည်ဖြင့် စနစ်တကျမှတ်တမ်း မထားရှိခြင်း၊ပညာရှင်တို့၏သဘောထားသုံးသပ်ချက်ကိုတန်ဖိုးမထားခြင်း၊ပွင့်လင်းမြင်သာမှုမရှိခြင်းတို့ကြောင့် လက်ရှိနောက်ဆက်တွဲ ပြဿနာတို့ကို ကြုံတွေ့လာရခြင်းဖြစ်ကြောင်း ထင်ရှားမြင်သာ၏။
အဆိုးဆုံးမှာ ပြည်ပပညာရှင်များက အဆိုပါစီမံကိန်းပရိုပိုဆယ်ကို အင်္ဂလိပ်ဘာသာစကားဖြင့် စတင်ရှင်းလင်းခဲ့ရာ စည်ပင်နှင့်ရန်ကုန်တိုင်းဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူများက မြန်မာဘာသာဖြင့် ရှင်းလင်း တင်ပြရန် တောင်းဆိုခဲ့သဖြင့်ကြားလူတစ်ဦးက ဗမာစကားဖြင့်ရှင်းလင်းခဲ့ရသည်ဟူ၏။
ပညာရပ်ဆိုင်ရာအသုံးအနှုံးများမှာ ဘာသာစကားဖလှယ်ရာတွင် ခက်ခဲလှသည်ဖြစ်ရာ အဆိုပါတင်ဒါနှင့်ပတ်သက်၍ နကန်းတစ်လုံးမှ မသိသူများက တင်ဒါရွေးချယ်ရေးတွင် အဓိကနေရာမှပါဝင်နေခြင်းမှာ အကျည်းတန်လှသည်။
(၅)
အဆိုပါစည်ပင်အဆင့်မြင့်တာဝန်ရှိသူကပင် ‘‘ကုမ္ပဏီအနေနဲ့ ကျွန်တော်တို့စည်ပင်ကို တရားဝင်လာမေးစေချင်ပါတယ်။ ဘာကြောင့် မရွေးချယ်ရတယ်ဆိုတာတွေကို ပြောပြပေးမှာပါ။အပြင်ကနေ အဓိပ္ပာယ်မရှိတာတွေကို မပြောစေချင်ပါဘူး’’ဟုဆိုပြန်ရာ သူ့စကား အသွားအလာအရ အရွေးမခံရသောကုမ္ပဏီအနေဖြင့် မျက်ကန်းစွပ်စွဲနေသည်၊မိမိနှင့်ရင်းနှီးကျွမ်းဝင်သောအဖွဲ့ ရစေလိုခြင်းကြောင့် ဖွင့်ဟရေးသားနေသည် ဟုဆိုလိုချင်ဟန်ရှိ၏။
အကယ်၍သာ ယင်းသို့ဆိုလိုချင်ခဲ့ပါလျှင် နံရံတွင်ရှိလေသော နားများမှတစ်ဆင့်စာရေးသူသိရှိထားသည့် ဂျပန်သံအမတ်ကြီးဟောင်း မြို့တော်ဝန်မဖြစ်မီ ကျပ်သိန်းခြောက်ဆယ်ကျော်ကို အတိုးရင်းပွားပေးစားရန်ကြံရွယ်ခဲ့သည်မှ၊ သမ္မတကြီး၏စောင်မကြည့်ရှုမှုကြောင့် မြို့တော်ဝန်ဖြစ်လာကာ၊ယခုလက်ရှိအချိန်တွင် ထားစရာမရှိအောင်ကြွယ်ဝနေသည့်အဖြစ်တို့ကို ဖွင့်ချမည်ဖြစ်၏။
ထို့နောက် မြို့တော် ဝန်နှင့်ပတ်သက်သော စောင်ရေသောင်းချီသည့်တိုင်စာများ သမ္မတရုံးသို့ရောက်နေသဖြင့် ကိုယ်ရှိန်သတ်သည့်အနေဖြင့်လက်ရှိတင်ဒါကို ရန်ကုန်တိုင်းဝန်ကြီး ချုပ်ရုံးသို့ ခွဲတမ်းအဖြစ်ပေးပို့ရသည့်အဖြစ်ကိုလည်းကောင်း၊မြို့တော်ဝန်နှင့်စစ်တက္ကသိုလ်ဆင်းဖက် အကျိုးတော် ဆောင်အငြိမ်းစား ဗိုလ်မှူးကြီး၏ တင်ဒါစားပွဲအောက်ကြေးကမ်းလှမ်းချက်ကိုလည်းကောင်း အမည်နှင့်တကွဖော်ပြမည်ဖြစ်၏။
ထို့ပြင် ယခုတင်ဒါအောင်သွားပြီဆိုလေသည့် အဖွဲ့ရရှိကြောင်း တရားဝင်တင်ဒါအောင်စာရင်းမထုတ်ပြန်မီ ၊လွန်ခဲ့သော ရက်သတ္တသုံး ပတ်ခန့်ကပင် ကြိုတင်သတင်းရရှိနေခဲ့ကြောင်းထောက်ပြမည်ဖြစ်၏။မြန်မာ့စီးပွားရေးလောကသို့တစ်ကျော့ပြန် ခြေချလာမည့် (ဗိုလ်ချုပ်မှူးကြီးဟောင်း၏မြေးဖြစ်သူအားမူးယစ်ဆေးဝါးဖြန့်ဝေခဲ့သည်ဟုစွပ်စွဲဖမ်းဆီးထောင်ချခံခဲ့ရလေသော) နာမည်ကြီး လူငယ် လုပ်ငန်းရှင်တစ်ဦးအား မြို့တော်ဝန်နှင့်ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေဖြင့် မင်းတရားကြီး၏မမှေးမှိန်သေးသော အာဏာစက်ကို ကြောက်ရွံ့လျက် လက်ကမ်း၍မကြိုသာသည့် အဖြစ်တို့ကို ထည့်သွင်းရေးသားမည်ဖြစ်၏။
သတင်းစာတွင် အဆင့်မြင့်စည်ပင်တာဝန်ရှိ သူ၏အမည်ရင်းကို ဖော်ပြကာ ယခုအခါ ၎င်းတင်ဒါအားမည်သည့်အဖွဲ့သို့မျှ တရားဝင်စာအားဖြင့် မပေးအပ်ရသေးကြောင်း နောက်ဆုံး ပြောကြားချက်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရုံးအနေဖြင့် အဆိုပါတင်ဒါသည် ရှုပ်ထွေးနေသဖြင့် စည်ပင်သို့ပြန်ချပေးထားကြောင်း ထမင်း ရည်ပူလျှာလွှဲသည့် လုပ်ရပ်တို့ကိုဖော် ထုတ်မည်ဖြစ်၏။
(၆)
သို့သော် စာရေးသူ၏ဖွင့်ဟချက်တွင် ထိုထိုသော အပြစ်အနာအဆာများကို မဖော်ပြခဲ့ပဲ၊မြင်သာသည့်လွဲမှားချက်ကိုသာ လိုတိုရှင်းဖော်ပြ ခဲ့သည်။စာရေးသူအထူးရည်ညွန်းလိုသည်ကား ယခုကဲ့သို့ခေတ်ပြောင်းချိန်တွင် အာဏာရှင်စစ်အစိုးရလက်ထက်က စရိုက်ဟောင်း၊ အကျင့်ဟောင်း၊တိုင်းပြည်နှင့်လူမျိုးအကျိုးစီးပွားကို စဉ်းငယ်မျှပင် ထည့်သွင်းမစဉ်းစားနိုင်ကြသေးသည့် အာဏာရှင်လက်ကျန်တို့၏ အရိုးစွဲနေသည့်လုပ်ရပ်တို့ကိုသာ မီးမောင်းထိုးပြလိုခြင်းဖြစ်၏။
အဖြစ်သင့်ဆုံးလုပ်ရပ်ကား အဆိုပါတင်ဒါကို အသစ်ထပ်မံခေါ်ယူခြင်း သာဖြစ်ကြောင်း နားရှင်းအောင်ဒဲ့တိုးပြောလိုသည်။
အစိုးရကသာ တင်ဒါရွေးပွဲများကို ပွင့်လင်းမြင်သာမှုရှိစွာဖြင့် လာဘ်ပေးလာဘ်ယူကင်းလျက်မျှတစွာ ဆောင်ရွက်လိုစိတ်ရှိပါက လုပ်ကိုင် ရမည့်လုပ်ငန်းစဉ်များမှာ ခက်ခဲလှသည်မဟုတ်ချေ။သန့်ရှင်းသောအစိုးရ၊ကောင်းမွန်သောအုပ်ချုပ်ရေးဟုကြွေးကြော်နေသော်ငြား တိုင်း ပြည်ထူထောင်ရေးအတွက်ခေါ်ယူသည့်တင်ဒါရွေးပွဲများတွင် လာဘ်ပေးလာဘ်ယူမှုများကိုထိရောက်စွာ မတိုက်ဖျက်နိုင်ပါက တရားမျှတ မှုဟူသည် ခါးတမာချိုလေသည်အထိစောင့်ဆိုင်းကြရပေဦးမည်။
ထို့အတူ နိုင်ငံဘဏ္ဍာများ အတိုင်းအဆမရှိဆုံးရှုံးလျက် လူထုအနေဖြင့် ဆင်းရဲတွင်းနက်နေဦးမည်သာဖြစ်၏။
ထို့ကြောင့်ပင် အရွေးမခံရ၍ပွဲဆူအောင်လုပ်လေဟန်တုန့်ပြန်ကာ၊ မှားနေသည်သိပါလျက် ဆင်သေကိုဆိတ်သားရေဖြင့် ဖုံးရန်ဆက် လက်ကြိုးစား နေသည့် စည်ပင်အဆင့်မြင့်အရာရှိကြီးသို့ ရည်ညွန်းလျက်“လွဲလိုက်လေမောင်ပဉ္ဇင်း”ဟု ကျနော် ညည်းချင်းချမိခြင်းဖြစ် လေသည်။

၂၉သြဂုတ်၊၂၀၁၄နေ့ထုတ် သည်လေးဒီးစ်အပတ်စဉ်ဂျာနယ်မှ။

(မင်းဒင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...