ပရဟိတသမား နဲ့ ပတ်ဝန်းကျင်
ပရဟိတလုပ်တယ်ဆိုတာ တန်ပြန်မမျှော်လင့်တတ်ပါဘူးဆိုပေမဲ့ ပတ်ဝန်းကျင်ရဲ့ ချီးကျူးသံ သာဓုသံလေးတွေကိုတော့ ပရဟိတသမားအများစု လိုချင်တတ်ကြပါတယ်။ စိတ်ရောကိုယ်ပါ နှစ်မြုတ်ပြီး အပင်ပမ်းခံ လုပ်ထားခဲ့ပြီးမှ ရလာတဲ့အကျိုးဆက်က စိတ်ဆင်းရဲရတာမျိုးတော့ မဖြစ်ချင်ပါဘူး။ ၀မ်းပမ်းတသာနဲ့ပဲ ကြည်နူးနေချင်တာပါ။
ပရဟိတသမား အများစုဟာ တခါတခါ ပတ်ဝန်းကျင်ရဲ့ အမနာပ ကဲ့ရဲ့ရှုတ်ချသံအချို့ကို
မမျှော်လင့်ဘဲ ကြားသိလိုက်ရတဲ့အခါမှာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ
စိတ်ပျက်သွားစေတဲ့အထိ ယိုင်နဲ့သွားတတ်ကြပါတယ်။
ပရဟိတလုပ်နေကြတဲ့ လူငယ်မောင်မယ်လေးတွေကို ဘုန်း P ဆရာသမား မိန့်ဖူးတာလေး ဖောက်သယ်ချချင်ပါတယ်။ ပရဟိတရဲ့ အကျိုးပေးဆိုတာတဲ့။ ကိုယ်ပေးလိုက်တဲ့သူဆီကနေ တိုက်ရိုက်ကြီး ပြန်ရမှာတော့ မဟုတ်ဘူးတဲ့။ အခြားတစ်ယောက်ယောက်ဆီကနေ မလွဲမသွေ ပြန်ရတတ်တယ်တဲ့။ သတိထားပြီး စောင့်ကြည့်ပါတဲ့။
ဟုတ်တယ်ဗျ။ ခရီးသွားရင်း မူးအန်နေတဲ့ ခရီးသည်တစ်ယောက်ကို ကိုယ့်မှာပါလာတဲ့ ဆေးပြားလေးကို အမှတ်မထင် ပေးလိုက်တယ်။ ဟော ကိုယ်လဲ အဲလိုမျိုး ကျန်းမာရေးချူချာလာတဲ့အခါလဲကျရော့ ကိုယ့်ကိုယ် ကူညီမဲ့သူတွေ ပေါ်လာတတ်တယ်။ သတိထားပြီးသာ စောင့်ကြည့်ပါ။ တကယ့်လက်တွေမို့ ဘုန်းP တော့ ယုံပါတယ်။
ပတ်ဝန်းကျင်ကိုလဲ ပြောရအုံးမယ်ဗျ။ တမလွန်ဘ၀ရောက်နေတဲ့သူကို ကျန်ရစ်သူတွေက အလှူတစ်ခုကို ရည်စူးလုပ်တဲ့အခါ ကွယ်လွန်သူက သာဓု သာဓုဆိုပြီး ၀မ်းမြောက်ဝမ်းသာ ခေါ်ဆိုလိုက်တာနဲ့ ကောင်းရာဘုံဘ၀ကို ကူးပြောင်းသွားတတ်ကြတယ်ဆိုတာ ကြားဖူးကြမှာပါနော်။
တကယ့်တော့ အဲဒီ သာဓုဆိုတာ ကောင်းတယ် ကောင်းတယ်လို့ ချီးကျူးပေးလိုက်တာပါပဲ။ ဘာမှမဟုတ်ဘူးထင်ရပေမဲ့ ဘ၀တစ်ခုကို မုဟုတ်ချင်း ပြောင်းလဲပေးနိုင်တဲ့အထိ တာသွားပါတယ်နော်။ ခက်တာက လူတိုင်း သာဓုမခေါ်နိုင်ကြတာပါ။ အထုံပါအောင် အမြဲတစေ ကျင့်ယူပေးမှ ဖြစ်တာမျိုးပါ။
ဥပမာဗျာ။ ဘယ်လောက်ပဲ ကောင်းတာလုပ်လုပ် မကောင်းပဲပြောတတ်တဲ့ ဘေးထိုင်ဘုပြောသမားတွေပေါ့။ သူတို့သေရင် ကျန်ရစ်သူတွေက ဘယ်လောက်ပဲ ကုသိုလ်တွေလုပ်ပေး လုပ်ပေး။ သူ့အနေနဲ့ အကောင်းဘက်က ရှုမြင်ပေးဖို့ သာဓုခေါ်ပေးဖို့ဆိုတာ တော်တော်ကြီးကို ခက်လိမ့်မယ်ဗျ။
ငါရှိတုန်းကတော့ ငါ့အပေါ်မကောင်းခဲ့ဘဲနဲ့ အခုမှ လူမြင်ကောင်းအောင် လုပ်ပြနေကြတယ် ဘာညာနဲ့ အပြစ်ပဲ မြင်အုံးမှာပဲ။ လှူတာလှူရတယ်။ သူ့အတွက်တော့ ထူးလာမှာ မဟုတ်ဘူးပေါ့ဗျာ။ အဲတော့ အကောင်းမြင်ပေးဖို့ သာဓုခေါ်ပေးဖို့ဆိုတာ ဘယ်လောက်အရေးပါလဲဆိုတာ နားလည်ကြမယ်ထင်ပါရဲ့နော်။
ဆိုတော့ဗျာ... ပရဟိတသမားတွေကလဲ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုတ်ချသံတွေကို ဗွေမယူပဲ ကိုယ်လျှောက်လှမ်းနေတဲ့ လမ်းကို တည့်တည့်မတ်မတ်ပဲ လျှောက်ကြပါလို့။ ပတ်ဝန်းကျင်ကလဲ အတတ်နိုင်ဆုံး စိတ်ကောင်းနှလုံးကောင်းလေးတွေမွေးပြီး ဖေးမကူညီပေးကြပါလို့။ နော့...။

0 comments:
Post a Comment