Saturday, August 30, 2014

“ဘယ်သွားလုပ်လုပ် ဒီလောက်တော့ ရတာပါပဲ..။”

“ဘယ်သွားလုပ်လုပ် ဒီလောက်တော့ ရတာပါပဲ..။”
ဒီနေ့ Labor Market ထဲက စကားပါ..။ အလုပ်အကိုင်ဈေးကွက်လို့ ဘာသာပြန်တာထက် စာရင် လေဘာမားကက် လို့ တိုက်ရိုက်မွေးစားလိုက်တာက ပိုပြီး ဆွေးနွေးလို့ ကောင်းပါတယ်..။ အလုပ်ရှင်အတော်များများဟာ ကိုယ့်လုပ်ငန်း.. ကိုယ့်အုပ်စု.. ကိုယ့်ကုမ္ပဏီကို နိုင်ငံတကာ စံချိန်မီ ဖြစ်ချင်လာကြပါပြီ..။ သိပ်ကောင်းပါတယ်..။ ဒါပေမယ့် ခက်နေတာက အဲဒီနိုင်ငံတကာ စံချိန်စံညွှန်း ဆိုတာကိုပဲ တိုင်းတာတဲ့ ပေတံတွေ အမျိုးမျိုး ရှိနေကြတာပါပဲ..။ အဲဒီလို ပေတံ အမျိုးမျိုး ရှိနေတဲ့ အထဲက တူတာလေးတွေ ဆွဲထုတ်ပြရရင်..
ကိုယ့်ဝန်ထမ်းတွေ တူညီဝတ်စုံလေးတွေနဲ့ သပ်သပ်ယပ်ယပ် ဖြစ်ချင်ကြတယ်..။
(ဒါပေမယ့် ကိုင်တွယ်ပုံထိန်းသိမ်းပုံ မတတ်တော့ တူညီဝတ်စုံသာ ရှိတယ် .. တယောက်နဲ့ တယောက် မတူကြဘူး..။)
ကိုယ့်ဝန်ထမ်းတွေကို အလုပ်ကောင်းကောင်း လုပ်စေချင်ကြတယ်..။

(ဒါပေမယ့် ပေးနိုင်တဲ့ လစာကနည်းတော့ ၀န်ထမ်းတွေဟာ တခြား အပိုဝင်ငွေရမယ့် အလုပ်တွေကိုပါ ရှာဖွေလုပ်ကိုင်ကြရတယ်..။)
ဝန်ထမ်းတွေ အလုပ်ချိန် ပုံမှန် လာစေချင်ပြီး လုပ်ခွင်စည်းကမ်း လိုက်နာစေချင်ကြတယ်..။
(ဒါပေမယ့် အလုပ်ရှင်နဲ့ ရင်းနှီးတဲ့ ၀န်ထမ်းက ဘာလုပ်နေနေရနေပြန်တယ်..။)
ကုန်ထုတ်စွမ်းအားကို မြှင့်တင် ချင်တယ်..။
(ဒါပေမယ့် ကုန်ကြမ်း အလုံအလောက်မရှိဘူး.)
ဝန်ထမ်းတွေ ကိုယ့်ဆီမှာ မြဲစေချင်ကြတယ်..။
(ဒါပေမယ့် ခိုင်မာတဲ့ Retention Policy မရှိဘူး)
အရည်အချင်းရှိသူကို ဆွဲဆောင်ချင်ကြတယ်..။
(ဒါပေမယ့် ငွေကုန်မှာ နှမြောတယ်..။ )
တစ်ချက်ချင်း ပြန်ဆွေးနွေးရရင် Pros and Cons ဆိုတာတွေကို တွေ့ရမှာပါ..။
ကုမ္ပဏီတစ်ခုထူထောင်ပြီးရင် ကိုယ့်အဖွဲ့အစည်း ကိုယ့်ကုမ္ပဏီကို လူသိစေချင်ကြတာပါပဲ..။ မူးယစ်ဆေးဝါးရောင်းတဲ့ ကုမ္ပဏီတို့ လက်နက် မှောင်ခိုသွင်းတဲ့ ကုမ္ပဏီတို့စတဲ့ တရားမ၀င်အလုပ်တွေ လုပ်တဲ့ ကုမ္ပဏီ ဆိုရင်သာ သူတို့ အလုပ်ကို လူများများနဲ့ လုပ်နေပေမယ့်. လူမသိစေချင်တာပါ..။
ကိုယ့်အဖွဲ့အစည်းကို လူသိလောက်လုပ်နည်း မျိုးစုံထဲမှာ ၀န်ထမ်းဝတ်စုံလဲ ပါပါတယ်..။ ၀တ်စုံရဲ့ အရောင်အသွေး.. အဆင်ပုံစံ..။ ချုပ်လုပ်ပုံဒီဇိုင်း စတာတွေက ကုမ္ပဏီရဲ့ ပုံရိပ်ကို သိပ်ကို ထင်ဟပ် သက်ရောက်စေပါတယ်..။ ဒါကြောင့် ၀န်ထမ်းဝတ်စုံက အရေးကြီးပါတယ်..။ ၀တ်စုံကို ဖြစ်သလို ပြီးပြီးရော သတ်မှတ်ပြီး ချုပ်ပေးတဲ့ ကုမ္ပဏီတွေရှိသလို သေသေချာချာ တန်ဖိုးထားပြီး အဆင့်မြင့်မြင့် ချုပ်လုပ်ဆင်ယင်ပေးတဲ့ ကုမ္ပဏီတွေလဲ ရှိပါတယ်..။ သတိထားရမယ့် အချက်က ၀တ်စုံကို ဘယ်လိုထိန်း သိမ်းသလဲ ဆိုတာပါပဲ..။ အ၀တ်အထည်မှာလဲ သက်တမ်းရှိပါတယ်..။ အ၀တ်အထည်ရဲ့ သက်တမ်းကို ဘယ်နှစ်ကြိမ်လျှော်ပြီးပြီလဲ ဆိုတဲ့ ပေတံနဲ့ တိုင်းပါတယ်..။ အကောင်းစား အခိုင်စား အ၀တ်အထည်ရဲ့ အများဆုံး အလျှော်ခံနိုင်တဲ့ သက်တမ်းဟာ အကြိမ်၂၀၀ ပါ..။ ဒါဟာ အကြမ်းခံတဲ့ အသားကောင်းကို ဆိုလိုတာပါ..။ ၀န်ထမ်းတစ်ယောက်ကို အဲဒီအ၀တ်အထည်မျိုး ဘယ်နှစ်စုံ ချုပ်ပေးထားပါသလဲ..။ သုံးစုံမှ မရှိရင် မလည်ပတ် နိုင်ပါဘူး..။ တစ်စုံက ၀တ်ထားမယ်.. နောက်တစ်စုံက လျှော်ထားမယ်.. တတိယတစ်စုံက အသင့်ဖြစ်နေမယ်..။ အဲဒီဝတ်စုံတွေကို လျှော်ရာမှာလဲ သက်ဆိုင်ရာ ကုမ္ပဏီ အဖွဲ့အစည်းက တာဝန်ယူပြီး လျှော်ပေးနိုင်ရင် အကောင်းဆုံးပါပဲ..။ ၀န်ထမ်းဝတ်စုံကို အိမ်ယူသွားခွင့်ပေးပြီး ကိုယ့်ဟာကိုယ်လျှော် ဆိုရင် အ၀တ်အထည်ရဲ့ သက်တမ်းနဲ့ လျှော်ဖွပ်သန့်စင်မှု အရည်အသွေးဟာ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်တော့ပါဘူး..။ လုပ်ငန်းခွင် ၀တ်စုံဟာ အိမ်နေရင်း ၀တ်ဖို့မဟုတ်ပါဘူး..။ အလုပ်ခွင်မှာ တူညီတဲ့ အရည်အသွေးရှိတဲ့ ၀တ်စုံကိုယ်စီဟာ အဖွဲ့အစည်း စိတ်ဓါတ် Uniformity ကို ဖေါ်ဆောင်ပေးပါတယ်..။
ဒုတိယဆွေးနွေးရမယ့်အချက်ကတော့ လုပ်ငန်းရှင်တွေဟာ ကိုယ့်ဝန်ထမ်းကို အလုပ်ကောင်းကောင်း လုပ်စေချင်ကြတယ်..။ သူများထက် သာစေချင်ကြတယ်..။ ဒါပေမယ့် ကိုယ်ပေးနိုင်တဲ့ လစာကျတော့ သူများတန်းတူထက် မပိုချင်ဘူး..။ သူများထက်သာအောင် တခြားသူတွေ သွားရည်ယိုပြီး ကိုယ့်ဆီမှာ ပြုံတိုးချင်စိတ်ပေါ်လာအောင် အထိမပေးချင်ကြဘူး..။ ပေးကြည့်ပါ..။ ကိုယ့်လက်ရှိဝန်ထမ်းကို လက်ရှိရနေတာရဲ့ နှစ်ဆပေးရဲတဲ့ အလုပ်ရှင် ရှိလာရင်.. ဒီလိုအလားတူ လုပ်တဲ့ အလုပ်မျိုးတွေ ဆီက အရည်အချင်းရှိတဲ့ ၀န်ထမ်းတွေ ကိုယ့်ဆီ လာတန်းစီကြမှာပါပဲ..။ အဲဒီလို ရောက်လာပြီဆိုရင် ကိုယ့်ဝန်ထမ်းကလည်း မကြိုးစားလို့ မရတော့ပါဘူး..။ သူတို့မကြိုးစားရင် ဖယ်ရှားခံရတော့မယ်.. အစားထိုးခံရတော့မယ်ဆိုတာ သိပြီလေ..။ ဒါကြောင့် မြဲစေချင်ရင် ကောင်းစေချင်ရင် ပေးပါ..။ ဒီလောက်လစာကတော့ ဘယ်နေရာသွားလုပ်လုပ်ရတယ် ဆိုတဲ့ အတွေး ကိုယ့်ဝန်ထမ်းတွေထဲမှာ ရှိနေသမျှ ကိုယ့်လုပ်ငန်း တိုးတက်မှာ မဟုတ်ပါဘူး..။ ဒီလိုလစာမျိုး ဘယ်မှာမှ မရဘူး.. ဆိုတဲ့ အတွေးမျိုးကသာ သူတို့ကို ကိုယ့်ဆီမှာ မြဲစေမှာဖြစ်ပါတယ်..။
တတိယဆွေးနွေးချင်တာက ၀န်ထမ်းတွေ အလုပ်ချိန်မမှန်တဲ့ကိစ္စ.. အလုပ်ကို လေးလေးစားစား မရှိတဲ့ ကိစ္စပါ..။ ကိုယ့်လုပ်ငန်းထဲမှာ ဘယ်လောက်ပဲ စည်းကမ်းတွေ ချမှတ်ထားပါစေ.. သူဌေးက မျက်စိကျတဲ့ ၀န်ထမ်း.. ဒါမှမဟုတ် သူဌေး တို့ သူဌေးကတော် တို့ရဲ့ အမျိုးတွေ လုပ်ငန်းတိုင်းမှာ ရှိနေတတ်ပါတယ်..။ သူဌေးက ခိုင်းကောင်းလို့ အလိုက်သိတတ်လို့ မျက်စိကျခံရတဲ့ ၀န်ထမ်းကလည်း နောက်တော့ တဖြည်းဖြည်းနဲ့ (သူဌေးအားကိုးနဲ့) အကျင့်ပျက်လာတတ်တယ်..။ အလုပ်ကို အချိန်မီမရောက်တာတို့.. ကိုယ်ပြီးရမယ့် အလုပ်ကို အချိန်မီမပြီးတာတို့ ဖြစ်လာတဲ့အခါ သူဌေးရဲ့ ဝေယျာဝစ္စ တွေနဲ့ ရောထွေးပြီး ပုံချတတ်လာတယ်..။ အမျိုးတော်တဲ့ ဝန်ထမ်းကျပြန်တော့လဲ.. သူဌေးရဲ့ လူယုံလိုလို ဘာလိုလိုနဲ့ အခွင့်အရေးယူတတ်ပြန်တယ်..။ တကယ်တော့ ဘာမှမဟုတ်ဘူး..။ ဘယ်သူကမှလဲ သူဌေးကို သွားပြီး ထောက်ပြဝေဖန်မနေဘူး..။ ဒါနဲ့ပဲ အဲဒီလိုလူစားတွေ အနေချောင် အစားချောင် ဖြစ်နေပြီး ကျန်တဲ့ ဝန်ထမ်းတွေပါ အကျင့်ပျက်ဖို့ လမ်းစ ရနေတာ..။
စတုတ္ထအချက်က အသေးစား အလတ်စား စက်မှုလက်မှုလုပ်ငန်းတွေမှာ ဖြစ်လေ့ရှိတဲ့ ကုန်ကြမ်းပြတ်လပ်မှု ပါ..။ အလုပ်လုပ်မယ့်လူလဲရှိတယ်..။ အလုပ်လဲရှိတယ်..။ ဒါပေမယ့် အဲဒီအလုပ်ကို ပြီးမြောက်စေဖို့ အခြေခံဖြစ်တဲ့ ကုန်ကြမ်းမရှိဘူး..။ အဲဒီကုန်ကြမ်းကလဲ ကိုယ့်အိမ်နီးချင်း တိုင်းပြည်ကို မှာရတယ်..။ သူတို့ ပို့မပေးနိုင်ရင် မရဘူး..။ အဲဒီကုန်ကြမ်းမရောက်မချင်း ပစ္စည်း ထုတ်လုပ်တဲ့ Process က ရာနှုန်းပြည့်ပြီးပြီလို့ မပြောနိုင်ဘူး.။ တပိုင်းတစ နဲ့တင် ရပ်ထားရတယ်..။ အဲဒီလိုဖြစ်တော့ ကုန်ထုတ်စွမ်းအား ကျဆင်းပြီပေါ့..။ ဒါက လုပ်ငန်းရှင်နဲ့ ရာနှုန်းပြည့် ဆိုင်တယ်..။ ဒီလိုမဖြစ်အောင် လုပ်ငန်းရှင်က ကြိုတင် စီစဉ်ထားရမှာပါ..။
ပဉ္စမအချက်ကတော့ ၀န်ထမ်းမမြဲတဲ့ကိစ္စပါ..။ ၀န်ထမ်းမမြဲတာကို ညည်းညူနေမယ့်အစား မြဲစေမယ့် နည်းလမ်း များ စဉ်းစားကြည့်ပါလား..။ ကိုယ့်ကုမ္ပဏီမှာ ၀န်ထမ်းမြဲစေချင်ရင် Retention Policy ရှိရပါမယ်..။ လုပ်သက် နှစ်နှစ်ဆယ်ပြည့်ရင် အငြိမ်းစားလစာပေးမယ်တို့.. တိုက်ခန်းတစ်ခန်းပေးမယ် တို့ဆိုတဲ့ ပေါ်လစီ တစ်ခုလုပ်ထားကြည့်ပါလား.. ကုတ်နဲ့ ကော်ထုတ်တောင် သွားမှာမဟုတ်ပါဘူး..။ အဲဒီပေါ်လစီဟာ လူတိုင်းအတွက် တော့ ဟုတ်ချင်မှ ဟုတ်မယ်..။ ပေးမယ့် တိုက်ခန်းကလဲ မြို့ထဲမှာ ဖြစ်ချင်မှဖြစ်မယ်..။ ကွန်ဒိုမီနီယံ က တိုက်ခန်းတွေလောက်ကောင်းချင်မှကောင်းမယ်..။မြို့ပြင် ခပ်လှမ်းလှမ်း ဈေးသက်သာတဲ့ နေရာမှာ မြေဝယ်ပြီး ကုမ္ပဏီပိုင် တိုက်ခန်း ဆောက်ထားတာတို့..။ အရေးပါတဲ့ ဝန်ထမ်းတွေကို ကုမ္ပဏီပိုင်တိုက်ခန်းမှာ နေခွင့်ပေးတာတို့.. ကုမ္ပဏီပိုင်တိုက်ခန်းကို လစဉ် အရစ်ကျ ငွေသွင်းစံနစ်နဲ့ နှစ်ရှည်ပေးချေခွင့်ပြုတာတို့ ဆိုတာတွေဟာ ဝန်ထမ်းမြဲစေတဲ့ နည်းတွေပဲလေ..။ ဒီကိစ္စတွေဟာ လုပ်ငန်းကြီးလာလေလေ လိုအပ်လာလေလေ ဖြစ်မှာပါ..။
ဆဌမမြောက် ဆွေးနွေးရမှာက အရည်အချင်းရှိတဲ့သူတွေကို ဆွဲဆောင်ဖို့ကိစ္စ..။ ပြောရမှာက တစ်ချက်ထဲပါပဲ..။ အရည်အချင်းနဲ့ ထိုက်တန်တဲ့ လစာ ပေးလိုက်ပါ..။ တကယ့်ကို ထိုက်ထိုက်တန်တန် ပေးရင် အရည်အချင်းပြည့်ဝသူတွေ ရလာမှာပါ..။ ဘယ်လိုအရည်အချင်းမျိုးရှိရမယ် ဆိုတာ သာ တိတိကျကျ သတ်မှတ်ပြီး အဲဒီ ကိုယ်လိုချင်တဲ့အရည်အချင်းမျိုး ရှိသူကို ဘယ်လောက်ပေးမယ် ဆိုတဲ့ တိကျတဲ့ နှုန်း (ကောင်းကောင်း ) သတ်မှတ်ပေးလိုက်ရင် တကယ်အရည်အချင်းရှိတဲ့သူတွေ ရောက်လာမှာပါ..။ ဒါဟာ အလျော်အစားပါပဲ..။ Professional တွေအလုပ်လုပ်ကြတဲ့ အခါ ပြောလေ့ရှိတဲ့ လက်သုံးစကား တစ်ခုရှိပါတယ်..။ အဲဒါကတော့ Hire or Fire ပါပဲ..။ လုပ်နိုင်ရင် Hire မလုပ်နိုင်ရင် Fire ပါပဲ..။ ကိုယ့်ဆီရောက်မှ သင်ပေးတာတို့ အဲဒီလို သင်ပေးလိုက်ရတဲ့ အတွက် ကျေးဇူးရှိသွားပြီး အပြန်အလှန် ကျေးဇူးသိသောအားဖြင့် လုပ်ခလစာလျှော့ယူတာတို့.. ဒါတွေဟာ Professionalism အတွက် အဟန့်အတားတွေဖြစ်ပါတယ်..။ နှစ်ဦးနှစ်ဖက် ပြတ်ပြတ်သားသား ကြိုတင် ညှိနှိုင်းရပါမယ်။ ပြီးတော့ သဘောတူထားတဲ့ အတိုင်း တိတိကျကျ ပေးကြယူကြဖို့ လိုပါတယ်..။ အရည်အချင်းကို ငွေနဲ့ တန်ဖိုးဖြတ်ပြီး ဝယ်ယူရမှာပါပဲ..။ “ဘယ်သွားလုပ်လုပ် ဒီလောက်တော့ ရတယ်” ဆိုတဲ့ အတွေးကို ပယ်ဖျက် ပစ်ရမှာပါ..။ “ဘယ်မှာမှ ဒီလောက်မရဘူး..” ဆိုတဲ့ အတွေးဝင်သွားဖို့ လိုပါတယ်..။
ချစ်ခင်စွာဖြင့်
ကောင်းလွန်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...