Tuesday, August 19, 2014

ဓမ္မစေတီမင်း ၊ ငဇင်ကာ နှင့် ခေါင်းလောင်းတော်


Written by တက္ကသိုလ်မောင်သုလှိုင် Thursday, August 14 2014 
မကြာသေးမီရက်ပိုင်းကစလို့ ကမ္ဘာပေါ်မှာ အကြီးဆုံးလို့ အများကယုံကြည်လက်ခံထား တဲ့ ‪#‎ဓမ္မစေတီ‬ မင်းခေါင်းလောင်းတော် ကြီးကို ဦးစံလင်းခေါင်းဆောင်တဲ့ ခေါင်းလောင်းတော်ဆယ်ယူ ရေးအဖွဲ့ က ဆယ်ယူနိုင်ရေးအတွက် ရှာဖွေရေး လုပ်ငန်း တွေ ဆောင် ရွက်နေပြီဖြစ်ပါတယ်။
ခေါင်းလောင်းတော် ရှာဖွေဆယ်ယူရေးနဲ့ပတ်သက် လို့ ပြည်သူအများကလည်း စိတ်ဝင်တစားနားစွင့်လို့နေ ပါတယ်။ တချို့က ဓမ္မစေတီမင်းခေါင်းလောင်းတော် ရေ ထဲပြုတ်ကျသွားတာရော ဟုတ်ရဲ့ လား။ ပြုတ်ကျသွားတယ် ဆိုရင် ဘယ်လိုသယ်သွားလို့လဲ၊ ရှာဖွေနေတဲ့နေရာကရော မှန်ရဲ့လား စတာတွေအပြင် ငဇင်ကာ ဓမ္မစေတီခေါင်း လောင်းကို ရွှေတိဂုံရင်ပြင်တော်ပေါ်က သယ် ဆောင် သွား တဲ့ကာလနဲ့ပတ်သက်လို့လဲ တချို့က ကိုလိုနီခေတ်က ဖြစ်တယ်။ တချို့ကလဲ သယ်ယူသွားတဲ့ကာလ အတိအကျ မသိနိုင်ဘူး စတဲ့မေးခွန်းတွေ၊ စူးစမ်းမေးမြန်းမှုတွေ အမျိုးမျိုး ထွက်ပေါ်ခဲ့ ပါတယ်။
ဒီနေရာမှာ ခေါင်းလောင်းတော် ရေထဲပြုတ်ကျသွား တာ မှန်ရဲ့လား၊ ရှာဖွေတဲ့နေရာကရောမှန်ရဲ့လားဆိုတာ နဲ့ပတ်သက်ပြီး ဘယ်သူမှလဲ တိတိကျကျမပြောနိုင်သလို ခေါင်းလောင်းတော် ရေထဲ ပြုတ်ကျသွား တဲ့နေရာနဲ့ ပတ် သက်လို့ ရှေးဟောင်း သမိုင်းမှတ်တမ်းတွေမှာလဲ နေရာ အတိအကျမတွေ့ရတာမို့ သေချာတာကတော့ ယခုဦးစံ လင်းခေါင်းဆောင်တဲ့အဖွဲ့ လုပ်ငန်း ဆောင် ရွ က် မှုပြီးတဲ့ အခါမှာတော့ ဒီအဖြေဟာ အတိအကျပေါ်ထွက်လာမှာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ရှေးဟောင်းသမိုင်းမှတ်တမ်းတွေအရ တစ် နည်းအားဖြင့် မြန်မာ့သမိုင်းမှာ ရှေးအကျဆုံးလို့ပြောနိုင် တဲ့ မှန်နန်းရာဇဝင်လို အထောက်အထားတွေအရ ခေါင်း လောင်းတော် ကိုသွန်း လောင်းတဲ့ကာလ၊ ခေါင်းလောင်း တော်ကို ငဇင်ကာ ဖြုတ်ယူ သယ်ဆောင် သွားတဲ့ကာလကို တော့ အနီးစပ်ဆုံး အသေအချာပြောလို့ရပါတယ်။ သေ ချာတာကတော့ ကိုလိုနီခေတ်ကာလ မဟုတ် ဘူး ဆိုတာ ပါပဲ။
ပြောရရင် မွန်ဘုရင် ဓမ္မစေတီမင်း ဟံသာဝတီမှာ ထီးနန်းစိုက်တဲ့ကာလဟာ ဘုရင့်နောင်မင်းတရားကြီး ဒုတိယမြန်မာနိုင် ငံတော်ခေတ် မတိုင်မီကဖြစ်သလို ခေါင်း လောင်းတော်ကို ငဇင်ကာ ရေမြှုပ်ပစ် တဲ့ကာလဟာ ဒုတိ ယမြန်မာနိုင်ငံတော်နောက် ပိုင်းကာလမှာပဲဖြစ်ပါတယ်။
ခေါင်းလောင်းတော်နဲ့ပတ်သက်လို့ သမိုင်းကြောင်း ကို ပြန်တူးဖော်ရရင် ဒီနေရာမှာ ဇာတ်ကောင်တွေအဖြစ် မွန်ဘုရင် ဓမ္မစေတီမင်း၊ ဖိလစ်ဒီဗရစ်တို (Philip de Brito) လို့ခေါ်တဲ့ ငဇင်ကာနဲ့ ဘုရင့်နောင် မင်းတရားကြီးရဲ့မြေး တော် ဓာတုကလျာမင်းသမီးရဲ့ ဒုတိယမြောက်ကြင်ယာ တော် နတ်သျှင်နောင်တို့လည်း ပါဝင်လာမှာဖြစ်ပါတယ်။
ဓမ္မစေတီမင်းဟာ ဟံသာဝတီ ဘုရင်မ ရှင်စောပုရဲ့ အရိုက်အရာကို သက္ကရာဇ် ၈၃၃ခုနှစ်မှာ ဆက်ခံခဲ့တဲ့ မွန်ဘုရင်တစ်ပါးဖြစ် ပါတယ်။ ဘုရင်မဖြစ်မီက ရဟန်းဝတ် နဲ့ဖြစ်ပြီး ဘွဲ့တော် အနေနဲ့ ဓမ္မဓရလို့တွင်ပါတယ်။ သက္ကရာဇ် ၈၁၄ခုနှစ်မှာ ရှင်စောပုဟာ ဗညားကျန်းတော အမည်နဲ့ ဟံသာဝတီဘုရင်မဖြစ်လာတဲ့အခါ ကျေးဇူးရှိ ခဲ့ဖူးတဲ့ ဓမ္မဓရ ရဟန်းကို လူဝတ်လဲ စေပြီး သမီးတော်နဲ့ ထိမ်း မြားစေခဲ့ပြီးတဲ့နောက် အိမ်ရှေ့မင်းအရာကို အပ်နှင်းခဲ့ တယ်လို့ သမိုင်းက ဆိုပါတယ်။
ပေါ်တူဂီဘုရားကျောင်းဟောင်းအတွင်းထားရှိသော ငဇင်ကာအုတ်ဂူကို သန်လျင်မြို့နယ်ရှိ
သန်လျင်တံတားအနီးတွင် တွေ့ရစဉ်။ ဓာတ်ပုံ-ငယ်ထွေး(ကလေး)
မြန်မာသက္ကရာဇ် ၈၂၁ ခုနှစ်မှာ သမက်တော်ဓမ္မစေ တီမင်းကို ထီးနန်းအပ်ပြီးတဲ့နောက် ရှင်စောပုဟာ ဒဂုံမှာ သွားရောက်နေ ထိုင်ရင်း မြန်မာသက္ကရာဇ် ၈၃၃ခုနှစ်မှာ အနိစ္စရော က်ခဲ့ပါတယ်။ ပြောရရင် သက္ကရာဇ် ၈၃၃ခုနှစ် ကျမှ ဓမ္မစေတီမင်းဟာ ဟံသာဝတီ ဘုရင်ဖြစ်ခဲ့ပါတယ်။ ဓမ္မစေတီမင်းဟာ ဘာသာ သာသနာတော်ကို ကိုင်းရှိုင်း တဲ့ မင်းတစ်ပါး ဖြစ်တာနဲ့အညီ ၄င်းလက်ထက်မှာ ဘုရား၊ ပုထိုးများစွာ တည်ခဲ့တယ်။
စာပေကျမ်းဂန်တွေ တတ် မြောက်သူဖြစ်တာနဲ့အညီ ဝတ်ဖြူလဲပြီး သံဃာတော်တွေ ကို စာပေပို့ချလေ့ရှိတယ်။ သက္ကရာဇ် ၈၃၇ ခုနှစ်မှာ ဟံသာ ဝတီသား မထေရ်မြတ်တွေကို တောင်းပန်ပြီး သီဟိုဠ်ကျွန်း ကိုစေလွှတ်ကာ သိက္ခာထပ်စေခဲ့တယ်။ သက္ကရာဇ် ၈၃၈ ခုနှစ်မှာ မထေရ်မြတ်တွေ ဟံသာဝတီကို ပြန်ရောက်လာ တဲ့အခါ ကလျာဏီသိမ်တော်ကြီးကိုတည်ခဲ့တယ်။ အဲဒီ ကလျာဏီ သိမ်တော်ကြီးကို ယနေ့တိုင် ပဲခူးအနောက် ဘက် ရွှေသာလျောင်းသွားရာလမ်းမှာ တွေ့နိုင်ပါတယ်။ အဲဒီကလျာဏီသိမ်တော်ကြီး မှာပဲ မထေရ်မြတ်တွေကို ရဟန်းအဖြစ် ထပ်မံသိက္ခာထပ်ပေးခဲ့ပါတယ်။ ဆိုချင်တာ ကတော့ ဓမ္မစေတီမင်းဟာ ဘုရား၊ တရား အလွန်ကြည်ညို ပြီး အလှူဒါန အလွန်ရက်ရောသူဖြစ်တယ်ဆိုတာပါပဲ။ ဘုရားပုထိုးများစွာတည်ခဲ့တဲ့ ဓမ္မစေတီမင်းဟာ ထိုစဉ် ကတည်းက တန်ခိုးကြီးမားထင်ရှားခဲ့တဲ့ ရွှေတိဂုံစေတီ တော်မြတ်ကြီးမှာ ၄င်းရဲ့သံသရာဘဝအတွက် ထူးခြား ကြီးမား တဲ့ခေါင်းလောင်းကြီး လှူခဲ့တယ်ဆိုတာ ဖြစ်နိုင် ခြေ ရှိတဲ့ကိစ္စပါပဲ။ ဒါပေမဲ့ ဘယ်နှစ်၊ ဘယ်နေ့ကလှူခဲ့ တယ်၊ ပိဿာ အချိန် ဘယ်လောက်ရှိတယ်၊ ဘာအတွက် ရည်စူးလှူခဲ့တယ်ဆိုတာကတော့ ဆယ်ယူဖို့ကြိုးစားနေ တဲ့ ခေါင်းလောင်း တော်ကြီး ရေပေါ်ပေါ် လာခဲ့လို့ အဲဒီခေါင်း လောင်းတော်ကြီးမှာ ကမ္ပည်းရေးထိုးထားမယ်၊ အဲဒီ ကမ္ပည်းစာတွေဟာ လည်း အထင်အရှားဖတ်လို့ရဦးမယ် ဆိုရင်တော့ အဲဒီ အချက်တွေကို အသေအချာသိလို့ရ မှာပဲဖြစ်ပါတယ်။
အဲ . .ဓမ္မစေတီမင်းအတွက် ထူးခြားတဲ့အချက် ကတော့ ဒီလောက်ကောင်းမှုကုသိုလ်တွေပြုနေတဲ့ မင်းတရားကြီးကို သားတော်ဗညားရံက သက္ကရာဇ် ၈၅၄ ခုနှစ်တွင် လုပ်ကြံလိုက်တယ် ဆိုတာပါပဲ။ ဓမ္မစေတီခေါင်းလောင်းတော် သွန်းလုပ်တဲ့ ကာလနဲ့ ပတ်သက်လို့ တွက်ကြည့်ရင် သက္ကရာဇ် ၈၃၃ခုနှစ်နဲ့ ၈၅၄ ခုနှစ်ကြားကာလပဲဆိုတာ မလွဲမသွေ အတိအကျတွက် ချက်လို့ ရပါ တယ်။
ဒီအခါ ခေါင်းလောင်းတော်ကြီး ကို ဖြုတ်ယူသယ် ဆောင်ခဲ့တဲ့ ဒီဗရစ်တို(ခေါ်) ငဇင်ကာအကြောင်းဖော်ပြ ချင်ပါတယ်။ ငဇင်ကာဟာ ပေါ်တူဂီလူမျိုးပါ။ ပေါ်တူဂီ လူမျိုးစစ်သားတွေဟာ ငဇင်ကာ မရောက်ခင် ကတည်းက ဟံသာဝတီ ကို ရောက်နေကြတာတွေရှိပါတယ်။ ဟံသာ ဝတီက ယိုးဒယားကို စစ်ဆင်ဖို့သွားတဲ့အခါမှာ ဟံသာဝတီ တပ်တွေနဲ့ အတူ သေနတ်ကိုင်၊ အမြောက်ကိုင် ပေါ်တူဂီ စစ်သားတွေပါဝင်ခဲ့တယ်ဆိုတာ သမိုင်းမှာ ဖော်ပြခဲ့ပါ တယ်။ ငဇင်ကာကတော့ ရခိုင်ဘက်က နောက်မှရောက် လာတဲ့ ပေါ်တူဂီလူမျိုးပါ။
ရခိုင်ဘုရင် မင်းရာဇာကြီး(သက္ကရာဇ် ၉၅၅-၉၇၄) လက်ထက်မှာ ငဇင်ကာဟာ သင်္ဘ࿿ောအစေခံအဖြစ်နဲ့ ရခိုင်ကို စရောက်ခဲ့တယ် လို့ဆိုပါတယ်။ ရခိုင်ဘုရင်မင်း ရာဇာကြီးဆီမှာ ဝင်ရောက် အမှုထမ်းရာက အဆင့်ဆင့် ရာထူးတိုး ထင်ရှားလာခဲ့သူဖြစ်ပါတယ်။
ဘုရင့်နောင်မင်းတရားကြီး နတ်ရွာ စံပြီးတဲ့နောက် သက္ကရာဇ် ၉၄၃ခုနှစ်မှာ သားတော်နန္ဒ ဘုရင်မင်းဖြစ်လာ ပါတယ်။ ဒါပေမဲ့ နန္ဒဘုရင်ဟာ တိုင်းပြည်အုပ်ချုပ်ရာမှာ အလွန်ညံ့ဖျင်း လွန်းတဲ့အတွက် ယိုးဒယား၊ သရေခေတ္တရာ၊ မော်လမြိုင် စတဲ့ လက်အောက်ခံနိုင်ငံတွေဟာ ပုန်ကန် ခြားနားလာခဲ့ပါတယ်။ အဲဒီတော့ တောင်ငူဘုရင် မင်းရဲ သီဟသူ(နတ်သျှင်နောင်ရဲ့ ခမည်း တော်)ဟာ ရခိုင်ဘုရင် မင်းရာဇာကြီးကို မဟာမိတ်ပြုလို့ တောင်ငူကို တိုက်ပါ လေတော့တယ်။ အဲဒီအခါမှာ ဟံသာဝတီမင်း နန္ဒဘုရင် ဟာ တောင်ငူတပ်ကို ခိုဝင်အညံ့ခံလိုက်ပါတယ်။
သက္ကရာဇ် ၉၆ဝပြည့်နှစ်မှာ ဟံသာဝတီပျက်ပြီးတဲ့ နောက် ရခိုင်ဘုရင်နဲ့ တောင်ငူဘုရင်တို့ဟာ ရွှေလမ်းငွေ လမ်းဖောက်ပြီး သံတမန်ဆက်သွယ်ကြပါတယ်။ ဒါပေမဲ့ ရခိုင်နဲ့ တောင်ငူ အကြား ခရီးလမ်း ပန်းဝေးတာက တစ် ကြောင်း၊ သံတမန်တွေကို လမ်းခရီးမှာ သူပုန်သူကန်တွေ က အန္တရာယ်ပြုတာက တစ်ကြောင်းတို့ကြောင့် သံတမန် အဆက် အသွယ်ကောင်းဖို့နဲ့ အရောင်း အဝယ်အဖောက် အကား လွယ်ကူစေဖို့အတွက် သန်လျင်မှာ ရခိုင်တပ် တချို့ စခန်းချခွင့်ကို ရခိုင်ဘုရင်ဘက် က တောင်းဆိုလာခဲ့ ပါတယ်။ တောင်ငူ ဘုရင်က လည်း သဘောတူ တာကြောင့် ဒီဗရစ်တို(ခေါ်) ငဇင်ကာဟာ သင်္ဘ࿿ောသုံးစင်း၊ လွန်းကြင် လှေ ၁ဝဝကျော်၊ လူ ၂ဝဝဝခန့်နဲ့ သန်လျင်မှာ အခိုင်အလုံတပ်စွဲဖို့ ရောက်ရှိလာပါတော့တယ်။
အစမှာတော့ ငဇင်ကာဟာ တောင်ငူဘုရင်နဲ့ ရခိုင် ဘုရင်ကို လက်ဆောင်ပဏ္ဏာဆက်သပြီး ကျိုးကျိုးနွံနွံ ဆက်ဆံ ပါသေးတယ်။ နောက်တော့ မုတ္တမစား ဗညား ဒလနဲ့ မဟာမိတ်ဖွဲ့၊ ဗညား ဒလရဲ့သား ဗညားနွယ်ကို ゞင်းရဲ့သမီးနဲ့ ထိမ်းမြားပေး၊ သန်လျင်မှာ အစောင့် ချထားတဲ့ ရခိုင်သားတွေကို မောင်းထုတ်၊ တောင်ငူနဲ့ ရခိုင် အပြန်အလှန်ကုန်သွယ်နေသူ များကိုလည်း ဖမ်းဆီး ချုပ်နှောင် စတာတွေ ကြံစည်လုပ်ဆောင်လာပြီး ရခိုင်ဘုရင်နဲ့ တောင်ငူဘုရင်ထံကိုလည်း လက်ဆောင် ပဏ္ဏာတွေမဆက်သတော့ဘဲ သန်လျင် ကို ပေါ်တူဂီပိုင်နယ်တစ်ခုအဖြစ် ပြောင်း လဲလိုက် ပါတော့ တယ်။
ငဇင်ကာဟာ အင်အားတောင့်တင်းလာတဲ့အခါ အိန္ဒိယမှာရှိတဲ့ ပေါ်တူဂီဘုရင်ခံချုပ်နဲ့ ဆက်သွယ်ပြီး သန်လျင်မြို့နဲ့ ဝန်းကျင် ကို ပေါ်တူဂီပိုင် ကိုလိုနီနယ်အ ဖြစ် အသိအမှတ်ပြုဖို့နဲ့ ၄င်းကို လည်း သန်လျင်ဘုရင်ခံ အဖြစ် အသိအမှတ်ပြုဖို့ တောင်း ဆိုလိုက်ပါတယ်။ ဘုရင် ခံချုပ်ကလည်း ငဇင်ကာရဲ့ တောင်းဆိုချက်ကို အားရဝမ်း သာ လက်ခံလိုက်တဲ့အပြင် ၄င်းရဲ့တူမဖြစ်သူ ဒိုနာလူဝီ ဇာဒီဆာလ ဒါနာနှင့်ပင် ပေးစားလိုက်ပါသေးတယ်။
သက္ကရာဇ် ၉၇၁ခုနှစ်မှာ တောင်ငူ(မြို့သစ်ကေတု မတီ)တွင် မင်းရဲသီဟသူ၏သားတော် နတ်သျှင်နောင် မင်းအဖြစ် ဆက်စိုးစံပါ တယ်။ အဲဒီအချိန်မှာ တောင်ငူ ဟာ အင်းဝဘုရင် မဟာဓမ္မရာဇာ(အနောက်ဘက်လွန် မင်း)ရဲ့ လက်အောက် ခံနိုင်ငံဖြစ်နေပါပြီ။ လက်အောက်ခံ အဖြစ်မနေလိုတဲ့ နတ်သျှင်နောင်ဟာ ငဇင်ကာနဲ့ပေါင်း ပြီး အနောက်ဘက်လွန်မင်းကိုတော်လှန်ဖို့ ကြံပါတော့ တယ်။ ဒါကြောင့် ကြက်ရိုးပင်စားကိုစေလွှတ်ပြီး မိမိကို လာပင့်ဖို့ ငဇင်ကာထံ အကြောင်းကြားလိုက်ပါတယ်။ ဒါကြောင့် သက္ကရာဇ် ၉၇၄ခုနှစ်မှာ ငဇင်ကာဟာ မုတ္တမ က ဗညားဒလ နဲ့ပေါင်းပြီး တောင်ငူကို ချီတက်လာပါတော့ တယ်။ ငဇင်ကာ ဟာ တောင်ငူမှာ ၁ဝရက်ခန့်နေပြီး နန်း တော်ကို မီးတိုက်ဖျက်ဆီးလိုက်ပါတယ်။ အဲဒီနောက် တောင်ငူဘုရင် နတ်သျှင်နောင် ကိုလည်း သန်လျင်ကို တစ်ပါတည်းဖမ်းဆီးခေါ်ဆောင်သွားပါတော့တယ်။
ဒါကို အင်းဝအနောက်ဘက်လွန်မင်းကကြားတော့ သက္ကရာဇ် ၉၇၄ခုနှစ်မှာပဲ သန်လျင်ကို ရေအား၊ ကြည်း အားနဲ့ချီတက်ပြီး ငဇင်ကာနဲ့တကွ သန်လျင်တစ်မြို့လုံးကို သိမ်းလိုက်ပါတော့တယ်။ အဲဒီနောက် ငဇင်ကာနဲ့ နတ်သျှင် နောင်တို့ကိုလည်း ဖမ်းဆီးလိုက်ပြီး ゞင်းတို့နှစ်ဦးကို ပုန်ကန် ဖို့ ကြံစည်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အနောက်ဘက်လွန်မင်း တရားကြီးက စစ်မေးခဲ့ပါတယ်။
မှန်နန်းရာဇဝင် တတိယတွဲမှာ... ''ဘဝရှင် မင်းတရားကြီးဘုရား လည်း သန်လျင်မြို့ကို အလိုတော်ပြည့်၍ ငါးရက်ရှိလျှင် သန်လျင်စား ငဇင်ကာ ကို ရုံးသို့ခေါ်ဆောင်တော်မူ၍ နင် ငါ့နိုင်ငံ တော် ဖြစ်သော ကေတုမတီတိုင်အောင် ချီ၍ ဖျက်ဆီးသည်။ နင် ပသို့ လျှောက်မည်နည်းဟူ၍ ဝန့်ရှင်တော် စည်သူကျော်ထင် နှင့် သင်္ခ࿿ယာကို အမိန့်တော်ရှိ၍ မေးစစ်ရသည်။ သန်လျင် စားငဇင်ကာကလည်း ဘုရာ့ နိုင်ငံတော်ကို ဖျက်ဆီးလို၍ ချီရသည်မဟုတ်၊ တောင်ငူမင်းက ယူလာပါလှည့် စေ သောကြောင့် ယူပါသည် လျှောက်လျှင် ဘဝရှင်မင်းတရား ကြီးဘုရား က တစ်ယောက်ကိုမေးဘိဦး အမိန့်တော်ရှိ၍ တောင်ငူမင်းကိုမေးသော် ကျွန်ုပ် သည်အတိုင်းမစေလျှောက် သည်။ သန်လျင်စား ငဇင်ကာကို ပြန်၍မေးစစ်သော် တောင်ငူမင်းက စေသသူ ကြက်ရိုးပင်စားရှိတော့သည်။ စစ်တော်မူတော့ လျှောက်လျှင် ကြက်ရိုးပင်စားကိုခေါ်၍ စစ်မေးသည်။ ကြက်ရိုးပင်စားက ကျွန်ုပ်ကို စေသည်မှန် ပေ၏။ အကြောင်းမှာမူကား စာကို သက္ကလတ်အိတ်တွင် သွတ်၍ တံဆိပ်လက်ရာနှင့် ဖြစ်သောကြောင့် မည်သို့ စာတွင်ပါကြောင်းကို မလျှောက်နိုင်ပါဟူ၍ လျှောက်လျှင် စေသည်မှန်ချေပြီ၊ တောင်ငူကို အလိုတော် ပြည့်လျှင် မြို့ကိုမျှ သိမ်းယူတော်မမူ၊ မိမိကိုယ်ပင်ပေးတော်မူ၍ ချမ်းသာစွာနေစေသည်။ ငါ့ကျေးဇူးတော်ကိုမသိ ကုလားကျွန်ကို ခံချင်သည်။ မစောင့်မဟုတ်လော၊ လူ သွမ်းကို မြို့လယ် တွင်ကွပ်လေ၊ ငဇင်ကာငယ်လည်း နိယတမိစ္ဆာဒိဋ္ဌဌိဖြစ်၍ ဘုရားပုထိုးကို ဖျက်ဆီးသသူဖြစ် သည်။ သင့်အိမ်ရှေ့မြို့လယ်မှာ တံကျင်တင်လေ၊ သန် လျင်မြို့သူမြို့သား ယောကျာ်း၊ မိန်းမအပေါင်း ကိုလည်း ကြည့်စေ အမိန့်တော်ရှိ၍ အမိန့်တော်အတိုင်း တန်ခူးလ ပြည့်ကျော် ၃ရက်၊ စနေနေ့ ကွပ်မျက်တော်မူသည်။ ယင်း သို့ တောင်ငူမင်းရဲကျော်ထင်ကို သဂြုØဟ်စေ မိန့်တော် ရှိ၍ သဂြုØဟ်ရသည်''လို့ ဖော်ပြထားပါတယ်။
ငဇင်ကာကို သက္ကရာဇ် ၉၇၄ခုနှစ်(တချို့က သက္က ရာဇ် ၉၇၅ဟုဖော်ပြထား)မှာ သန်လျင်မြို့လယ်မှာရှိတဲ့ ရှင်မွေ့နွန်းကုန်းပေါ်က ၄င်းရဲ့အိမ်ရှေ့မှာပဲ တံကျင်တင် ပြီး ကွပ် မျက် လိုက်ပါတယ်။ နတ်သျှင်နောင်ကိုလည်း တိုင်းတစ်ပါးသားနဲ့ပူးပေါင်းပြီး အင်းဝကို ပုန်ကန်ဖို့ကြံ တဲ့အတွက် ငဇင်ကာကို ကွပ်မျက်တဲ့တစ်နေ့တည်းမှာပဲ ゞင်းကို ကွပ်မျက်လိုက် တယ်လို့ ဆိုပါ တယ်။ (တချို့က တော့ ငဇင်ကာကွပ်မျက်ပြီးနောက်တစ်ရက်မှ ကွပ်မျက် လိုက်တယ်လို့ ဆိုပါတယ်)။
ငဇင်ကာ အုတ်ဂူကို တွေ့ရစဉ်။ ဓာတ်ပုံ ငယ်ထွေး (ကလေး)
ဟံသာဝတီမြို့ဝန်းကျင်မှာရှိတဲ့ ဘုရားပုထိုးတွေ၊ ဌာပနာတိုက်တွေ တူးဖောက်ယူသူ၊ ဘုရားပုထိုးကျောင်း ကန်တွေမှာလှူဒါန်း ထားတဲ့ ကြေးခေါင်းလောင်းတွေကို ယူပြီး အမြောက်သွန်း လုပ်သူ လူဆိုးလူမိုက် ငဇင်ကာ လည်း ဇီဝိန်ချုပ်သွားပါပြီ။ မြန်မာ့ သမိုင်းမှာ မင်ကောင်း မင်းမြတ်အဖြစ်၊ ဘာသာသာသနာကို ကိုင်းရှိုင်းသူအဖြစ် သမိုင်းတွင်ခဲ့တဲ့ ဓမ္မစေတီမင်းကြီး သွန်း လုပ် ခဲ့တဲ့ ခေါင်း လောင်းတော်ကို အကုသိုလ်အလုပ်တွေမှာ အသုံးချဖို့ သယ်ယူရေမြှုပ်ပစ်လိုက်တဲ့ လူဆိုးလူမိုက်ငဇင်ကာဟာ လူဘုံအလယ်မှာ ကွပ်မျက်ခံလိုက်ရပါပြီ။
ငဇင်ကာသေဆုံးချိန်မှာ သူရဲ့အသက်ဟာ ၄ဝပါ။ ဒါကို ခိုင်လုံတဲ့အထောက်အထားတစ်ခုအနေနဲ့ သန်လျင် မြို့မှာမြှုပ်နှံခဲ့တဲ့ သူ့အုတ်ဂူရဲ့ ကဗ္ပည်းစာတမ်းမှာ ယနေ့ တိုင် အထင် အရှား တွေ့ရမှာဖြစ်ပါတယ်။ နတ်သျှင် နောင်ရဲ့အသက်က ၃၅နှစ်ပဲရှိပါသေး တယ်။
ဆောင်းပါးရဲ့အစ ကို ပြန်ကောက်ရရင် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ငဇင်ကာဖြုတ်သယ်သွားတဲ့ ကာလဟာ မြန်မာပြည် သန်လျင်မြို့ကို ゞင်းရောက်ခဲ့တဲ့ သက္ကရာဇ် ၉၆ဝခုနှစ်ကနေ သက္ကရာဇ် ၉၇၄ခုနှစ်အတွင်း ပဲဆိုတာ သေချာလှပါတယ်။
ဒါ့ကြောင့် ခေါင်းလောင်းတော်ကြီးကို ငဇင်ကာသယ် ယူသွားတဲ့နှစ်ဟာ ကိုလိုနီခေတ်ကမဟုတ်ဘူးဆိုတာရယ်၊ ပြီးတော့ ခေါင်းလောင်းကြီး သွန်းလုပ်တဲ့ကာလဟာ(သက္က ရာဇ် ၈၃၃ခုနှစ်)နဲ့ (သက္ကရာဇ် ၈၅၄ခုနှစ်)အတွင်းမှာဖြစ် တယ်ဆိုတာ ရယ်၊ ခေါင်းလောင်းတော်ကြီး ရေထဲနစ်မြုပ် ခဲ့တဲ့ကာလဟာ (သက္ကရာဇ် ၉၆၀)နဲ့ (သက္ကရာဇ် ၉၇၄ ခုနှစ်)အတွင်းမှာ ဖြစ်တယ် ဆိုတာ ရယ် ခေါင်းလောင်း တော်ကြီးအကြောင်း စိတ်ဝင်တစားရှိကြသူတွေ သိရှိ နိုင်စေဖို့ ရေးသားတင်ပြလိုက်ရပါတယ်။
တက္ကသိုလ်မောင်သုလှိုင်
ကိုးကားမှတ်တမ်းများ
- မှန်နန်းရာဇဝင်တော်ကြီး တတိယတွဲ
- မြန်မာ့စွယ်စုံကြမ်း အတွဲ(၅)
- ကျိုက်ခေါက်စေတီတော်မြတ်ကြီးသမိုင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...