Sunday, August 24, 2014

"သီချင်းတွေမှာ သမိုင်းရှိတယ် ..."


"တစ်ခုပဲပြောချင်တယ် ... အစ်ကို ဘဝနဲ့ရင်းပြီး၊ နှလုံးသားနဲ့ရင်းပြီး ရေးစပ်ခဲ့၊ သီဆိုခဲ့တဲ့ သီချင်းတွေကို ပါးစပ်ဖျားလေးတွေနဲ့ လူကြားကောင်းရုံမဆိုကြပါနဲ့ နှလုံးသားနဲ့ နက်နက်ရှိုင်းရှိုင်းခံစား သီဆိုကြပါလို့ ...
နောက်တစ်ခု ထပ်ပြောဦးမယ် ... အချို့သီချင်းတွေမှာ သမိုင်းရှိတယ်။ အဲဒီ့သမိုင်းကို မသိရင် ခံစားမှု ထပ်တူမကျနိုင်သလို ပြင်းအားလဲလျှော့တယ်။ အဲဒါကြောင့် အစ်ကို့သီချင်းတွေကို မဆိုခင် အဲဒီ့သီချင်းတွေရဲ့ သန္ဓေတည်ရာ သမိုင်းကြောင်းကို လေ့လာစေချင်ပါတယ်။ ဒီလောက်ပါပဲ ..."


ကိုငှက်လို့ ချစ်စနိုးခေါ်ကြတဲ့ အဆိုတော်ထူးအိမ်သင် ကွယ်လွန်ခြင်း ၁၀နှစ်ပြည့်မှာ အမှတ်တရ ရှိုးပွဲတစ်ခုလုပ်မယ်ဆိုတဲ့သတင်းနဲ့ ပါဝင်သီဆိုကြမယ့် အဆိုတော်တွေနဲ့ပတ်သက်ပြီး အငြင်းပွားနေကြတာကို တွေ့ရတဲ့အချိန်မှာ ဖေ့စ်ဘွတ်စာမျက်နှာပေါ် ကျနော်ရေးဖြစ်ခဲ့တဲ့စာသားလေးပါ။ ကျနော့်ရဲ့ ကိုယ်ပိုင်အမြင်ကို ပြောရမယ်ဆိုရင် အစ်ကို့ရဲ့သီချင်းတွေကို ဘယ်သူမှ ပြန်မဆိုကြပဲ နောင်လာနောင်သားတွေ နားဆင်ခွင့်မရတော့မှာ ထက်စာရင် ပြန်ဆိုတာကို အားပေးပါတယ်။ ဒါပေမယ့် ကျနော်သိပ်ကြိုက် သိပ်နှစ်သက်ခဲ့ရတဲ့ အစ်ကို့သီချင်းတွေကို အလုပ်သဘောနဲ့ပေါ့ပျက်ပျက်ဆိုကြမှာကိုတော့ ကျနော်လဲ မလိုလားပါဘူး။ အနုပညာဆိုတာ နှလုံးသားမပါပဲ၊ ခံစားချက်မပါပဲနဲ့ အနုပညာမဖြစ်ပါဘူး။ အစ်ကိုဟာ သီချင်းတွေကို ဆိုရုံဆိုခဲ့တာမဟုတ်ပါဘူး၊ စကားလုံးတွေ၊ ဂီတသံစဉ်တွေကို သူ့ရင်ခုန်သံတွေ၊ သူ့ခံစားချက်တွေနဲ့ သူကိုယ်တိုင်အသက်သွင်းပြီး အနုပညာအဖြစ် ဖန်ဆင်းခဲ့တာပါ။ အစ်ကို့ရဲ့အနုပညာလက်ရာတွေကို နှလုံးသားမပါပဲ ... ပါးစပ်ဖျားလေးနဲ့ ဆိုရုံလေး ဆိုသွားကြမှာ၊ အနှစ်မပါတဲ့ အကအခုန်တွေ၊ သောက်ပို ပါဖောမန့်တွေလုပ်ပြပြီး အစ်ကို့အနုပညာကို ဖျက်ဆီးပစ်ကြမှာကို တကယ်ပဲစိုးရိမ်မိပါတယ်။ ဒါကြောင့်လဲ အဲဒီ့စာသားလေးကို ရေးဖြစ်ခဲ့တာပါ။ တကယ်တမ်းကျတော့ ထူးအိမ်သင်ဟာ အဆိုတော်သက်သက်မဟုတ်ပါဘူး ... နုညံ့သောနှလုံးသားနဲ့ ပြင်းရှသောခံစားမှုတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်သလို၊ နိုင်ငံရေးပိုးရှိပြီး တိုင်းပြည်နဲ့လူမျိုးအပေါ် စေတနာတရားသိပ်ကြီးတဲ့ သူတစ်ယောက်ပါ။ ပြီးတော့ အစ်ကိုရေးစပ် သီဆိုခဲ့တဲ့ သီချင်းအချို့ကိုကြည့်မယ်ဆိုရင်လဲ နိုင်ငံရေးအသိ၊ နိုင်ငံရေးသရုပ်တွေ ပေါင်းစပ်ပါဝင်နေတယ်ဆိုတာ အသေအချာပါပဲ။ ဂျက်ဆင်ထိပ်ကလရိပ်ပြာသီချင်းဟာ အချစ်သီချင်းသက်သက်မဟုတ်ပါဘူး၊ ညီလေးရေ သီချင်းဟာ ဆုံးမစာသက်သက်မဟုတ်ပါဘူး၊ ရာဇဝင်များရဲ့သတို့သမီးဟာ ပေါ်လစီသီချင်းမဟုတ်ပါဘူး။ သီချင်းတွေမှာ သမိုင်းရှိပါတယ်။ အဲဒီ့သမိုင်းကိုသိပြီး ... နားလည်ခံစားပြီးမှ အဲဒီ့သီချင်းတွေကို သီဆိုစေချင်တာ အစ်ကို့ကိုချစ်တဲ့၊ အစ်ကိုအနုပညာကိုချစ်တဲ့ ညီငယ်တစ်ယောက်ရဲ့ အရိုးရှင်းဆုံးအာသီသပါ။ နောက်ပြီး သူကိုယ်တိုင်ရေးစပ်ခဲ့ပေမယ့် သူကိုယ်တိုင်သီဆိုခွင့် မရခဲ့တဲ့ ... အရေးကြီးပြီ ညီနောင်အပေါင်းတို့ အစချီတဲ့ "သွေးသစ္စာ" သီချင်းကိုရော ဘယ်သူကဆိုမှာလဲ။ အစ်ကိုကွယ်လွန်ခြင်း ၁၀နှစ်ပြည့်ရှိုးပွဲလုပ်မယ်ဆိုတော့ ... အနုပညာအသိုင်းအဝိုင်းနဲ့ နိုင်ငံရေးအသိုင်းအဝိုင်း ပူးပေါင်းပြီးလုပ်ကြရင်ကောင်းမယ်လို့ ကျနော်စဉ်းစားမိပါ သေးတယ်။
ထူးအိမ်သင်ဟာ ဂီတလောကအတွက် အရေးပါတဲ့သူတစ်ယောက်ဖြစ်သလိုပဲ ... နိုင်ငံရေးလောကမှာလဲ အရေးကြီးတဲ့ သူတစ်ယောက်ပါပဲ။ " အို ညီလေးရေ ... မှန်တာလုပ်ပေါ့ဟုတ်တာပြောလိုက်မကြောက်နဲ့ကွာ၊ ရှင်သန်ခြင်းရဲ့ ပြည့်ဝတဲ့ အနက်အဓိပ္ပါယ်ကို မင်းသိပါ၊ အမှန်တရားအတွက်ကာကွယ် အမှားအယွင်းတွေကိုတိုက်ခိုက်ရတဲ့အခါ မင်းအသက်နဲ့ ဘဝကို စွန့်လွှတ်ထားနိုင်မှ ..." ဆိုတဲ့ စာသားတွေပါဝင်တဲ့ ညီလေးရေ ... သီချင်းဟာ ကျနော်တို့လိုလူငယ်တွေကို နိုင်ငံရေးသမား ကောင်းတွေဖြစ်ဖို့ တွန်းအားပေးခဲ့ပါတယ်။ "လောကမှာ ကိုယ်အသက်ဆက်ဖို့အတွက် အခြားဘဝတွေ ဆုံးရှုံးမသွားဖို့ပဲ နှလုံးသားမှာအသိရှိနေ အိုး စွန့်လွှတ်ဖို့အသင့်ပဲ ရှင်သန်ချိန်တွေတိုတောင်းလွန်းတယ် မကောင်းမှုလုပ်ဖို့ အချိန်တွေနှမြောပါတယ်" ဆိုတဲ့စာသားတွေကလည်း ဘဝကို အကျိုးရှိရှိရှင်သန်နေထိုင်တတ်ဖို့ ကျနော်တို့ကို သင်ကြားပေးခဲ့ပါတယ်။ ထောင်ထဲမှာ ၄ နှစ်တာ ဖြတ်သန်းခဲ့ရတဲ့ခရီးကြမ်းမှာ အစ်ကို့ရဲ့သီချင်းတွေက ကျနော့်အတွက် အားဆေးပါပဲ။ အစ်ကို့ရဲ့သီချင်းတွေကိုသာဖယ်ထုတ်လိုက်ရင် ကျနော့်ရဲ့ဖြစ်တည်မှုတစ်ဝက်လောက် လျှော့သွားမှာ သေချာပါတယ်။ ကွယ်လွန်ပြီးသော အိပ်မက်များ ထာဝစဉ်လဲလျောင်းအိပ်စက်ရာ ... အခမ်းနားဆုံးသော သက်ရှိကဗျာ အစ်ကို ဖွဲ့သီခဲ့တဲ့ ဧရာဝတီက ကျနော့်နှလုံးသားထဲ အခါခါဝင်စီးပြီး ကျနော့်စိတ်ဝိဥာဉ်ကို အားသစ်တွေ လောင်းပေးခဲ့တာ အခါခါပါ။ အင်းစိန်ထောင်ထဲက အခန်းကျဉ်းလေးထဲကနေ ရထားဥသြသံလှမ်းကြားလိုက်ရတဲ့အခါတိုင်းမှာ ... အစ်ကို့ရဲ့ အမေ့အိမ်ဟာ ကျနော်တို့ရဲ့ အမေ့အိမ်ဖြစ်ခဲ့ရပါတယ်။ အခန်းကျဉ်းတွေထဲကနေ အပြင်မထွက်ရပဲ တစ်ယောက်တည်း ရုန်းကန်ရတဲ့အချိန်တွေမှာ "သက်ငြိမ်" ကို ပိုပြီးခံစားနားလည်တတ်ခဲ့ပါတယ်။ "ငါလေ နားလည်ပြီ ... ကမ္ဘာကိုပိုင်သမျှအကုန်ပေးပြီး တစ်သက်တာ ဒုက္ခချည်းယူသွားရှာတယ် ဒါဟာ ပါရမီတစ်ခုလေလား လူတွေအတွက် ဘဝကို ပေးလို့ စတေးရှာသလား ဒီည ... ငါငိုနေပြီ" ... အစ်ကို့ကြောင့် ဗင်းဆင့်ဗန်ဂိုးနဲ့ သူ့ရဲ့အနုပညာ၊ သူ့ရဲ့စွှန့်လွှတ်မှုတွေကို သိလာခဲ့တယ်။ ကျနော်ကရော ဘာကြောင့် မစွန့်လွှတ်နိုင်ရမှာလဲ ... အစ်ကို့သီချင်းတွေထဲကနေ ကျနော် သတ္တိရသကို ရခဲ့တယ်။ ကျနော့်အတွက်တော့ ထူးအိမ်သင်ဟာ အဆိုတော် တစ်ယောက်ဆိုတာထက်ပိုပါတယ်။
"တစ်ခုပဲတောင်းဆိုချင်ပါတယ် ... အစ်ကို့သီချင်းကိုပြန်ဆိုမယ့်သူတွေ အစ်ကိုဘယ်လိုလူမျိုးလဲဆိုတာ သူရဲ့ဖြတ်သန်းမှုတွေထဲမှာ အစ်ကိုဘယ်လို ခံယူခံစားခဲ့သလဲဆိုတာတွေကို လေ့လာကြပြီးမှ အစ်ကို့သီချင်းတွေကို ဆိုပါ" လို့ ...

နေဘုန်းလတ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...