Wednesday, August 20, 2014

မေးကြည့်ကြဦး။


ဟိုးရှေးခေတ်က အဆောက်အဦး အဟောင်းတွေ ဖျက်ရတာ လောဘစိတ် မဟုတ်ပေမယ့် တကယ် ရင်ခုန်ဖို့ ကောင်းပါတယ်။
သူငယ်ချင်း တစ်ယောက်ကတော့ မြေတူးရင်း အထဲမှာ ဂျပန် ပိုက်ဆံ အထုပ်လိုက် မြှုပ်ထားတာ ရဖူးသတဲ့။ အခုခေတ်မှတော့ သုံးလို့တော့ မရတော့ဘူးပေါ့။

၃ လမ်းက နှစ်ထပ် အိမ်တစ်လုံးမှာ ကျတော့ ဟိုးအရင် အင်္ဂလိပ်ခေတ်က စိန် ရွှေ ချစ်တီး ကုလားတွေ ပိုင်ခဲ့တဲ့ အိမ် ဆိုရမယ်။ သူတို့လည်း ဂျပန်ဝင်တော့ ဘယ်ပြေးလို့ ပြေးမှန်း မသိတော့ပါဘူး။ ဒါကို အခုခေတ်မှ ဝယ်သူက တိုက်ကို ပြင်တော့ အုတ်နံရံက ကွာကျတာမှာ ပြန်ပြင်ဖို့ ခွာတော့ နံရံမှာ ရွံအုတ် အစား ရွှေတွေကို အုတ်ပုံစံ လုပ်ပြီး ထည့်ထားခဲ့တယ် ဆိုပဲ။ အဲဒီ့ခေတ်က ဓားပြက သောင်းကျန်းလေတော့ သူလည်း ဖွတ်ထားရတာလေ။ စစ်ဖြစ်တော့ ပြန်မတူး အားဘဲ ပြေးရလေတော့ ကျန်ခဲ့တာပေါ့။ ကံထူးသူက ရသွားတာပါ။
အရင်က ကြာတော့ ကြာပါပြီ။ ကျနော်တို့ ငယ်ငယ်တုန်းကပေါ့။ ဦးထွန်းမြတ်လမ်းမှာ ရှေးဟောင်း အိမ်ကို တစ်ယောက်က ဝယ်လိုက်တယ် အဲ့ဒီမှာ အိမ်ရဲ့ လှေကားက မင်းတက် လှေကားလို့ ခေါ်တဲ့ လှေကား ပြောင်းပြန်ကြီး။ ဒီတော့ သာမာန် လူတွေ တက်ရင် ခိုက်သတဲ့။ ဒါနဲ့ပဲ ဘယ်သူမှ မဝယ်ကြဘူး။ ဒါကို ခပ်ရွတ်ရွတ် တစ်ယောက်က အကုန်ဖြိုပြီး ဆောက်မယ်ကွာ ဆိုပြီး ဝယ်လိုက်တယ်။ ပြီးတော့ သူ အိမ်တောင် မပြင်ရသေးဘူး။ ဒီလှေကား အလှည့်အုတ်ခုံကြီးကို ကြည့်မရတာနဲ့ တူယူပြီး ထုလိုက်တာမှာ ရွှေငွေ ရတနာအိုး ၃ လုံး ရဖူးသတဲ့။ သူ့ကံပေါ့လေ။
အခု မြင်နေရတဲ့ ပုံက ၂၁ လမ်းမှာ Beam လိုင်းအတွက် မြေတူးတော့ အလယ် အုတ်ရိုးမှာ ပေါ်လာတဲ့ ကျင်းလေးပါ။ ဘေးကနေ တူးလိုက်သလို ဖြစ်သွားတယ်။ အဲ . . . အထဲမှာ ဘာမှ မရှိတော့ပါဘူးဗျ။ တကယ်ပါ . . . . အဟုတ် . . . . အမှန်ပါ။ အရင်က လူတွေ တူးယူသွားပြီးပြီ ထင်ပါတယ်။ အဲဒီ့ မြေကို တူးပြီးတော့ အထဲကို သေချာ အိုးပုံစံလေး ဖြစ်အောင် ချောထားတယ်လို့ ဆိုတယ်။ ( ကျနော်တောင် မရောက်သေးလို့ မမြင်ရသေးဘူး။ ညနေမှ သွားကြည့်ဦးမယ်။ ) အထဲကို သေချာ ချောပြီးမှ ထည့်ချင်တာ ထည့် ရွှေ ငွေ စိန် ရတနာ ဘာညာပေါ့။ ပြီးမှ အပေါ်ကနေ ထပ်လောင်းထားပုံရတယ်။ နောက်တော့ လိုချင်မှ အပေါ်ကနေ တူးထုတ်ပြီး ပစ္စည်းတွေ ယူ ပြီးမှ ပြန်ဖုံးလောင်းသွားတယ် ထင်ပါတယ်။ အခု လက်ရှိ ပိုင်ရှင်က ၃ ဦးမြောက်လောက် ဆိုတော့ ပထမလူက တူးယူပြီးမှ ပြောင်းသွား။ ဒုတိယ လူကလည်း ဒီအတိုင်းပဲ နေ ။ အခုနောက်ဆုံး လူက အိမ်ပြင်ဆောက်မယ် ဆိုမှ သိရတာပေါ့။ ဒါကတော့ အရင်လူက ထုတ်ယူသွားလို့ ထုတ်ယူခွင့် မရဘဲ ၊ သားသမီးတွေကို ပြောခွင့် မရဘဲ ရုတ်တရက် သေဆုံးသွားမယ် ဆိုရင်တော့ အိမ်မဆောက် မခြင်း ဒီလိုတွင်းထဲမှာ ရတနာတွေက ရှိနေတော့မှာပါပဲ။ ကံပါသူ ရကြမှာပေါ့လေ။
အဟဲ . . . . ကျနော်တို့ မောင်နှမတွေ အိမ်မှာ အဘွားကို စနေကျ စကား တစ်ခွန်း ရှိတယ်။ အဘွားကို " အမေကြီး " လို့ ခေါ်ကြတယ်။
" အမေကြီး . . . အမေကြီးတို့ မြေကြီးထဲမှာ ဓားပြရန် ကြောက်လို့ ဝှက်မယ် ဆိုပြီး မြှုပ်ထားတဲ့ ရတနာတွေကို ဘယ်မှာ မြှုပ်ထားလဲ။ သေချာ ပြောခဲ့ဦးနော်။ မေ့ပြီး မပြောဖြစ်ခဲ့ဘူး ဖြစ်မှာ စိုးလို့ " ဆိုပြီး စလေ့ရှိတယ်။
အင်းးးးး သူငယ်ချင်းတို့လည်း ကိုယ့် အဘိုးအဘွားတွေကို ကျနော်တို့လို မေးကြည့်ကြဦး။ သူတို့ ပြောဖို့ မေ့နေတာတွေ ဘာတွေ ဖြစ်နေမှာ စိုးလို့ . . .

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...