Thursday, August 21, 2014

ခေါင်းလောင်းတစ်လုံးဟာ ဘာကြောင့် အသံမမြည်တာလဲ


ခေါင်းလောင်းတစ်လုံးဟာ ဘာကြောင့် အသံမမြည်တာလဲ
အထက်ပါ မေးခွန်းကိုဖြေပေးသူကတော့ မန္တလေးတမ္ပဝတီ ကြေးသွန်းရပ်မှ ပြူခေတ်သမိုင်း သုတေသီ၊ မြန်မာမှု ပညာရှင်၊ လက်ရှိ ကြေးသွန်းလုပ်ငန်းကို လုပ်ကိုင်နေသူ ဆရာကြီး တမ္ပဝတီဦးဝင်းမောင် ပဲဖြစ်ပါတယ်။

ဝမ်းနည်းစရာကောင်းလောက်အောင် ကြေးသွန်းပညာဟာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာမှ မန္တလေးတမ္ပဝတီရပ်၊ တမ္ပဝတီရပ်မှာမှ ဦးဝင်းမောင်အပါအဝင် ကြေးသွန်းလုပ်ငန်း လုပ်ကိုင်သူ မိသားစု သုံးစု၊ ဆရာကြီးသုံးဦးသာ ကျန်ပါတော့တယ်။ အဲဒီဆရာကြီး သုံးဦးသာ မရှိလျှင် မြန်မာနိုင်ငံမှာ ကြေးသွန်းပညာ တိမ်ကော သွားနိုင်ပါပြီ။
ဒါတွေထားလို့ မူလ မေးခွန်းဖြစ်တဲ့ ခေါင်းလောင်းတစ်လုံးဟာ ဘာကြောင့် အသံမမြည်တာလဲ ဆိုတာကို ဆရာဦးဝင်းမောင်က ဒီလိုဖြေပါတယ်။
" ခေါင်းလောင်း တစ်လုံးကို သွန်းလုပ်တဲ့အခါ မို ( mould ) ထဲကို ကြေးရည်တွေ လောင်းထည့်တဲ့အချိန် သတ်မှတ်ချိန် အတွင်း အလျင်မီအောင် လောင်းထည့်ရပါတယ်။ ပထမလောင်းထည့်လိုက်တဲ့ ကြေးရည်တွေ အေးပြီး မခဲမီ၊ နောက်ကြေးရည်တွေကို အချိန်ကိုက် လောင်းထည့်ရပါတယ်။ ရှေ့ ကြေးရည်တွေ အေးပြီး ခဲ သွားခဲ့ရင် နောက်လောင်းထည့်တဲ့ ကြေးရည်နဲ့ အတွင်းထဲမှာ မဆက်တော့ပါဘူး။ အဲဒီလို မဆက်တော့တဲ့အခါ အတွင်းမှာအက်ကြောင်းဖြစ်ပြီး ခေါင်းလောင်းက အသံမမြည်တော့ ပါဘူး။
နောက်တစ်ချက်ကတော့ ခေါင်းလောင်းသွန်းပြီး သွားတဲ့အခါမှာ စိတ်ချရတဲ့ အချိန်တစ်ခုရောက်မှ မိုလုပ်စဉ် မံထားတဲ့ ရွှံတွေကို ခွာရပါတယ်။ အညီအမျှ မအေးမီ ခွာလိုက်ရင် ခွာလိုက်တဲ့ နေရာက အေးပြီး အပူ အအေးမျှပဲ အက်သွားပါတယ်။ အဲဒီအခါ ခေါင်းလောင်း အသံမမြည်တော့ပါဘူး။ "
အဲဒီလို ခေါင်းလောင်းသွန်းတဲ့ အထာမှ မသိပဲ ရုရှားက ဇာကိုလိုကိုး (Tsar Kolokol) ခေါင်းလောင်းကြီးဟာ တစ်ချိန်က အရှင်းလင်း အကြည်မြဆုံးသော သံစဉ်ထွက် ခေါင်းလောင်းကြီးဖြစ်ခဲ့သည် လို့ မှားယွင်းရေးနေ ပြောနေကြတာတွေ တွေ့ရတယ်။ wiki က ခေါင်းလောင်းနဲ့ ပတ်သက်တဲ့ ခေါင်းစဉ် အချို့အောက်မှာ ရောပေါ့။
အကျဉ်းဆုံး ချုံးပြောရရင် ဇာကိုလိုကိုး ခေါင်းလောင်းကြီးကို Ivanovsky Square မှာ မြေကျင်းအကြီးကြီး တူးပြီး 1734 မှာ ခေါင်းလောင်း စသွန်းတယ်။
1735 သြဂုတ်လမှာ ခဏရပ်နားပြီး နောက်သုံးလ အကြာ နိုဝင်ဘာမှာ ထပ်သွန်းတယ်။
အလှအပ အချယ်အလှယ်လုပ်နေလို့ မပြီးသေးခင် 1737 မှာ သစ်သားထောက်တိုင်ကြီးတွေအထိ မီးလောင်တယ်။
ရေတွေနဲ့ ဝိုင်းပက်လို့ အပူအအေး မမျှတပဲ အခုမြင်နေရတဲ့ ၁၁တန်ကျော်လေးတဲ့ အပဲ့ကြီး ပဲ့ထွက်သွားတယ်။
နောင် နှစ်တရာကျော် 1836 ကျမှ တွင်းထဲက ထုတ်နိုင်ပြီး အောက်ခံခုံပေါ် တင်နိုင်တယ်။
(မိုက ရွှံ့လေး ခွာလိုက်ရင်တောင် ခွာတဲ့နေရာက အေးပြီး အက်၊ အသံမထွက်နိုင်တာ အကြိမ်ကြိမ် သွန်းရတဲ့ ဒီဟာကြီး ဘယ်တုန်းကမှ အသံမထွက်တာ ထင်ရှားပြီ။)
တကယ်မရှိတဲ့ ကောဠဟလ ထဲက အကြီးဆုံးဆိုတဲ့ ခေါင်းလောင်းကိုလည်း မတွေ့၊ သက္ကရာဇ် ၂၀၀၀ အထိ ချိတ်ဆွဲနိုင်တဲ့ ခေါင်းလောင်းလောင်းတွေထဲမှာ အသံမြည်တဲ့ အကြီးဆုံးဖြစ်တဲ့ မင်းကွန်းခေါင်းလောင်းကြီးကို မနာလိုတဲ့သူတွေက အွန်လိုင်းပေါ်မှာ ဇာကိုလိုကိုးကို တစ်ချိန်က အသံသာဆုံး သံစုံခေါင်းလောင်း လုပ်ပစ်ကြတာ တချို့လည်း ယုံကုန်ကြပါတယ်။
ခေါင်းလောင်းသွန်းတဲ့အချိန်မှာ အထက်ကပြောသလို တစ်စုံတစ်ရာမှားယွင်းလို့ အသံမထွက်တာကို ဇာတာခွင်မှ မပြနိုင်၊ မူလ ဘယ်အချိန်သွန်းတယ်ဆိုတာ ဘယ်သူမှ မသိပဲ မိချောင်းနက္ခတ်မိလို့ အသံမမြည်ဘူးဆို လျှောက်ရွှီးတာလည်း ယုံကြတာပဲ။
တမ္ပဝတီဦးဝင်းမောင်ကြီးကို မမေးမီက ကြေးသွန်းရပ်ထဲက လူတွေကလွဲရင် အခြားသူတွေက ခေါင်းလောင်းဘာကြောင့် အသံမထွက်လဲဆိုတာ သိမှ မသိ တာကိုး။
အချုပ်ပြောရရင်တော့ ဇာကိုလိုကိုးဟာ ဘယ်တုန်းကမှ အသံမမြည်သလို၊ ခေါင်းလောင်း တစ်လုံး အသံမမြည်တာ မိချောင်း နက္ခတ် မိတာ၊ မိချောင်းမှာ လျှာမရှိလို့ အသံမမြည်တာ မဟုတ်ပဲ ပြောခဲ့သလို သွန်းတဲ့အလုပ် လုံးဝ မပြီးခင်မှာ အမှားတစ်စုံတစ်ရာ ဖြစ်ခဲ့လို့ အသံမမြည်တာသာ ဖြစ်ကြောင်း ပြောရင်း နိဂုံးချုပ်ပါတယ်။
(စာကြွင်း။ ။ အဲ့ဒါကြောင့် မင်းကွန်းခေါင်းလောင်းကြီးသွန်းပြီးတော့ ပန်းတဉ်းဝန်က ခေါင်းလောင်းသွန်း လုပ်ငန်းမှာ ပါဝင်သူ အားလုံးကို ထောင်ထဲ ပိတ်ထည့်ထားလိုက်တာ။ တစ်ယောက်ယောက်က လက်ကမြင်းပြီး ရွှံ့လေးသွားခွာရင် အက်ပြီး အသံမထွက်တော့မှာစိုးလို့။ သတ်မှတ်ချိန်ရောက်လို့ ပြန်လည်း လွှတ်ပေးရော သားမယားထံ ဘယ်သူမှ အိမ်မပြန်ပဲ ခေါင်းလောင်းကြီးရှိရာသွား တီးကြည့်ထိုးကြည့်နဲ့ ဝမ်းသာအားရ အောင်ပွဲ ခံခဲ့ကြတယ်တဲ့ ခင်ဗျာ)
ကျမ်းကိုး။ ။ တမ္ပဝတီဦးဝင်းမောင်၏ ခေါင်းလောင်းသွန်းပညာ ဟောပြောချက်၊ ဇာကိုလိုကိုး အတွက် Moscow Local Time၊ အရှင်ပဏ္ဍိတာနန္ဒရဲ့ ဓမ္မစေတီခေါင်းလောင်းကြီး တကယ်ရှိမရှိနဲ့၊ မင်းကွန်းခေါင်းလောင်းကြီး သမိုင်း တို့ပဲဖြစ်ပါတယ်။
ဓာတ်ပုံကို Happy Angel ထံကယူလို့ ဓာတ်ပုံအတွက် သူ့ကို ကျေးဇူးတင်တယ်။

 (ကိုသာဝ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...