Tuesday, August 26, 2014

လူငယ်တိုင်းသိထားသင့်သော ကိုယ်တွင်းလူသတ်သမား


တကယ်လို့များ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်တဲ့အခါ ကြေကွဲပြီးငိုခဲ့မယ်ဆိုရင်၊
ကိုယ့်ရည်းစားက အဆက်အသွယ်ဖြတ်သွားလို့ ရင်ထဲမှာ ခံစားနေရပြီး နေ့စဉ် ငိုကြွေးနေခဲ့မယ်ဆို
ရင် သင့်မှာ စိတ်ကျရောဂါအဆင့်နှစ် စွဲကပ်နေပါပြီ။


ကိုယ်ကသာ စိတ်ကျရောဂါအကြောင်းကို မသိပဲ ဒီအတိုင်းဆက်ပြီးငိုကျွေးနေခဲ့မယ်ဆိုရင် စိတ်ကျ
ရောဂါဆိုတဲ့ကိုယ်တွင်းလူသတ်သမားဟာ မိမိရဲ့အသက်ကို ခြိမ်းခြောက်လာနိုင်ပါတယ်။ဘာလို့လဲ
ဆိုတော့ စိတ်ကျရောဂါဝေဒနာကို တာရှည်စွာခံစားနေသူတစ်ယောက်ဟာ မိမိကိုယ်ကို သတ်သေနိုင်
တဲ့အတွက်ကြောင့်ပါ။ဒါ့ကြောင့် စိတ်ကျရောဂါအကြောင်းသိထားပါက အသိရဲ့နောက်မှာ သတိ
လေးကပ်လိုက်ပြီး မိမိတို့၏ အဖိုးတန်သောလူ့ အသက်ကို ဉာဏ်ဖြင့်စောင့်ရှောက်နိုင်ရန်
အလို့ငှာ ရေးသားတင်ပြလိုက်ရပါသည်။

စိတ်ကျ ရောဂါ ဖြစ်လာပြီဆိုလျှင် အောက်ပါအဆင့်တွေကို ဖြတ်ကျော်ရတယ်။


( ၁) အဆင့်တစ်
ဒီအဆင့်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေကို  လက်မခံနိုင်ဘဲ ပေါက်ကွဲနေတတ်တယ်။
ဘယ်ဟာကိုမှစိတ်တိုင်းမကျပဲ အမြဲတမ်းလိုလို ဒေါသထွက်နေတတ်တယ်။
 

( ၂) အဆင့်နှစ်
ဒီအဆင့်မှာ ဝမ်းနည်းပြီး ငိုကျွေးနေလိမ့်မယ်။ မိမိကိုယ်ကို မိမိပြန်သနားကာ နေ့စဉ်
ရက်ဆက် ငိုကျွေးနေလိမ့်မယ်။ ဒီအဆင့်မှာ မိမိကိုယ်ကို သတ်သေတတ်ကြတယ်။
 

( ၃) အဆင့်သုံး
ဒီအဆင့်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေကို လက်ခံလိုက်ပြီ။ ဒေါသလည်းမထွက်တော့
သလို ငိုလည်းမငိုတော့ဘူး။ ဆေးပညာဝေါဟာရဖြင့် ပြောရရင် အသဲကွဲနေတာကို
ပြန်ချုပ်လိုက်ပြီ။
 

( ၄) အဆင့်လေး
ဒီအဆင့်မှာ ရှေ့ဆက်မယ့်ခရီးအတွက် အားအင်သစ်တွေ မွေးလာပြီ။ နလန်ထစ ပြုလာပြီ။ ပုံမှန် လေ့ကျင့်ခန်းလုပ်လာပြီ။ ပြုံးရယ်တတ်လာပြီ။

စိတ်ကျရောဂါအကြောင်း သိထားပြီးပြီဆိုတော့ စိတ်ကျရောဂါကုစားနည်းကို သိဖို့လိုပြီ။
စိတ်ကျရောဂါ Depression ဆိုတာ စိတ်ကြောင့်ဖြစ်တဲ့ရောဂါမို့လို့ စိတ်နဲ့ကုစားမှ
သက်သာပျောက်ကင်းနိုင်တယ်။ စိတ်ရောဂါကုဆရာဝန်နဲ့လည်း တိုင်ပင်ဆွေးနွေးနိုင်တယ်။
စိတ်နဲ့ကုစားရာမှာ နည်းနှစ်နည်းရှိတယ်။

တစ်နည်းကဆင်ခြင်တဲ့နည်းနဲ့နောက်တစ်နည်းက ကျသွားတဲ့စိတ်ကို သတိနဲ့ပြန်ကောက်တဲ့နည်း။
တကယ်လို့များ သင်ဟာ ကိုယ်ချစ်တဲ့သူကြောင့် စိတ်ကျရောဂါခံစားနေရတယ်ဆိုရင်
ကိုယ်ချစ်တဲ့သူဟာ တစ်လတိတိ ရေမချိုးဘူးလို့ မိမိစိတ်ထဲမှာ သဘောထားကြည့်လိုက်ပါ။
သင်ချစ်ပါတယ်ဆိုတဲ့ သင့်ချစ်သူအနား သင်ကပ်နိုင်ပါ့မလား။ နံစော်နေမှာနော်။
ဒါ့ကြောင့် မြတ်စွာဘုရားက လူတွေကို အပုပ်ကောင်လို့ပြောတာ။ မိုးပျံအောင် လှနေတဲ့သူဖြစ်
စေဦးတော့၊ သူဟာတစ်နှစ်လောက် ရေမချိုးရင် သူ့နားကို ဘယ်သူမှကပ်မှာ မဟုတ်ဘူး။ ဒီလို
ဆင်ခြင်လိုက်ရင် ခံစားနေရတာတွေ ပေါ့သွားလိမ့်မယ်။

အော်....လူတွေစားသမျှ အစာအားလုံးဟာ မစင်အနေနဲ့ ဝမ်းဗိုက်ထဲမှာ စုနေကြပါလား။
အရေပြားနဲ့ မစင်ကိုဖုံးပြီး သွားလာနေကြတယ်။ မစင်နဲ့အတူ တစ်ညလုံးအိပ်ကြရတယ်။ ငါ့ချစ်သူ
ရဲ့ ဝမ်းဗိုက်ထဲမှာလည်း မစင်တွေနဲ့ပြည့်နေပါလားလို့ ဆင်ခြင်ပေးရမယ်။ ဒီလိုတွေးတာ ယုတ်မာ
တာမဟုတ်ဘူးနော်။မိမိမှာများနေတဲ့ ကိလေသာတွေကို လျော့ပါးလာအောင် ဆင်ခြင်တဲ့နည်း
လို့မှတ်ရမယ်။
သင်ဟာ သင်ချစ်တဲ့သူကြောင့် ငိုကျွေးနေခဲ့မယ်ဆိုရင် သင့်ရဲ့အတွေးထဲမှာ သင့်ချစ်သူ
နဲ့ ဖြစ်ပျက်ခဲ့တာတွေပဲ မြင်နေလိမ့်မယ်။ တကယ်လို့များ သင်ဟာ သင့်ချစ်သူဆီရောက်နေတဲ့
အတွေးကိုမတွေးပဲ သင့်ချစ်သူကြောင့် သင့်ရဲ့ခန္ဓာကိုယ်ထဲမှာ ဖြစ်နေတဲ့ ဒေါသ၊ လောဘ၊
ဝမ်းနည်းမှု၊ ငိုကျွေးမှု၊ စိတ်တိုမှု၊ နှလုံးခုန်မှု၊ တစ်ကိုယ်လုံးတင်းနေမှု၊ အသက်ရှူကျပ်နေတာ
တွေကို သိပေးနေမယ်ဆိုရင် မကြာခင်မှာ ငြိမ်းချမ်းလာပါလိမ့်မယ်။

စာရေးသူ အာကျယ်တယ်လို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါလေးသိရုံနဲ့ အေးချမ်းမှာလားလို့
ထင်ကောင်းထင်လိမ့်မယ်။ မယုံရင် အခုလက်တွေ့လုပ်ကြည့်နိုင်တယ်။
စာဖတ်သူ အခုအချိန်မှာ ဖြစ်နေတဲ့စိတ်ကလေးကို မျက်စိခဏမှိတ်ပြီး ကြည့်လိုက်ပါ။
နှလုံးခုန်နှုန်း စည်းချက်မှန်ကန်စွာနဲ့ စာဖတ်သူရဲ့စိတ်ဟာ တည်ငြိမ်နေလိမ့်မယ်။ တဖန် စာဖတ်သူ
ရဲ့ စိတ်ကို ထိခိုက်နာကျင်စေတဲ့ သူတစ်ယောက်အကြောင်းကို မျက်စိခဏမှိတ်ပြီး တွေးကြည့်
လိုက်ပါ။ တည်ငြိမ်နေတဲ့စိတ်က ပြောင်းလဲလာမယ်။စောစောက ပုံမှန်ခုန်နေတဲ့နှလုံးဟာ
မြန်လာမယ်။ တစ်ကိုယ်လုံး ပူလာမယ်။ ဟိုလူ့အကြောင်း မတွေးတော့ပဲ မိမိခန္ဓာကိုယ်ထဲမှာ
ပြောင်းလဲနေတဲ့ အခြေအနေကို စိတ်နဲ့ကြည့်ပေးနေလိုက်။ အချိန်ကြာကြာလေး စိတ်နဲ့သိပေးနေ
လိုက်။အဲလိုသိပေးနေရင် စိတ်ဟာ တဖန်ပြန်၍ တည်ငြိမ်လိမ့်မယ်။ရှေးဘဝက အကျင့်ရှိသူဆိုရင်
ချက်ချင်းသဘောပေါက် ဘဝင်ခိုက်လိမ့်မယ်။

အကျင့်မရှိဖူးသူကတော့ ပြောင်းလဲသွားတဲ့စိတ်ကို မကြာခဏကြည့်ပေးရင် နောက်ပိုင်း အိုကေ
သွားလိမ့်မယ်။အဲဒီလို သိပေးတာကို ဝိပဿနာလို့ခေါ်တယ်။ တစ်နည်းအားဖြင့် ကျနေတဲ့စိတ်ကို
သတိနဲ့ပြန်ကောက်ပေးတာပါပဲ။
သတိနဲ့ပြန်ကောက်တဲ့အကျင့်ကို လေ့ကျင့်သူဟာ ဉာဏ်ရည်နည်းနည်းမြင့်လာရင် စိတ်ကျ
ရောဂါ အဆင့်နှစ်ကို ကျော်(Skip) သွားနိုင်တယ်။
တီဗွီကြည့်တဲ့ဝေါဟာရနဲ့ပြောရရင် အဆင့်နှစ်ကို Next လုပ်နိုင်ပြီ။ ဒီထက်ပိုပြီး ဉာဏ်ရည်မြင့်
လာရင် အဆင့်တစ်ရော၊ အဆင့်နှစ်ပါ Skip လုပ်လုပ်နိုင်ပြီ။ ဉာဏ်ရည်အမြင့်ဆုံးကို ရောက်သွားပြီ
ဆိုရင်တော့ အဆင့်လေးခုစလုံး ဖြစ်မလာတော့ဘူး။ Skip လုပ်စရာလည်းမလိုတော့ဘူး။

ဦးတိုးအောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...