"တန်ခိုးကြီးသော အကုသိုလ်ကံ"
အရှင်ဘုရား၊ နဂါး ဂဠုန်စတဲ့ တိရစ္ဆာန်တို့သည် အကုသိုလ်ကံကြောင့် ဖြစ်သည်။ အပါယ်လေးဘုံတွင်လည်း တိရစ္ဆာန်အဝင်
ဆိုကြသည်။ ထိုနဂါး ဂဠုန်တို့ ဖန်ဆင်းသည့်ပြည်တို့သည်လည်း
နတ်ပြည်တို့ကဲ့သို့ ပင် ဖြစ်ခဲ့လေသည်။ ကိုယ်ကာယသည်လည်း သိကြားမင်းနတ်မျှမက
ဘုရားသဏ္ဍာန်ကိုပင် ဖန်ဆင်းနိုင်ပြန် သည်။ အလွန်လည်း တန်ခိုးကြီးသည်။
ထို့ကြောင့် တန်ခိုးကြီးရာသော အကုသိုလ်ကံသည် ရှိသလော၊
ဆရာတော်။ ပရမတ္ထသဘောဖြစ်၍ သိခက်လှသည်။ ခြားနား၍ သိသာအောင် အမိန့်တော်မြတ်ရှိပါ ဆရာတော်။

အကုသိုလ်စိတ်တစ်ဆယ့်နှစ်ခုတို့တွင် ဥဒ္ဓစ္စစိတ်ကိုကြဉ်၍
အကုသိုလ်စိတ်တစ်ဆယ့်တစ်ခုဖြင့် ဒုစရိုက် ကမ္မပထသို့ရောက်အောင် ပြုသော
အကုသိုလ်ကံသည် အပါယ်လေးဘုံတို့၌ ပဋိသန္ဓေကို ဖြစ်စေနိုင်၏။ အပါယ်လေးဘုံဟု
ဆိုသည်ကား ငရဲဟုဆိုသော နိရယဘုံ၊ ကျွဲ၊ နွား၊ ဆင်၊ နဂါး၊ ဂဠုန်၊
တိရစ္ဆာန်ပိုးမွှား၊ ဘီလူး နတ်သရဲတို့၏ ဖြစ်ရာအရပ်သည် တိရစ္ဆာန်ဘုံမည်၏။
ကာလကိဉ္စိကစသော ငတ်မွတ်ပူပန်ခြင်းနှင့် တကွဖြစ်သော ပြိတ္တာတို့၏
ဖြစ်ရာအရပ်သည် ပြိတ္တာဘုံမည်၏။ နေ့ကိုဆင်းရဲခံ၍ ညဥ့်ကို နတ်စည်းစိမ် ရသောသူ၊
ညဥ့်ကို ဆင်းရဲခံ၍ နေ့ကို နတ်စည်းစိမ်စံရသောသူ၊ နေရာအရပ်၌သာ
နတ်စည်းစိမ်ကိုရ၍ အစာစားချိန်ရောက်လျှင် မိမိကိုယ် အသားကိုဖြတ်၍ စားရသောသူ၊
ထိုသူတို့ကား အသူရကာယ်မည်၏။ ထိုသူတို့ဖြစ်ရာ တော၊ တောင်၊ သမုဒ္ဒရာ၊
ကျွန်းအစရှိသော အရပ်တို့သည်ကား အသူရကာယ်ဘုံမည်၏။ ဤလေးပါသည်ကား
အကုသိုလ်ကံတို့၏ ဖြစ်ရာ အပါယ်လေးဘုံ ဆိုသည်ဟု မှတ်တော်မူရမည်။
နတ်တို့၏ စည်းစိမ်တစ်စိတ်ကိုခံစားရသော နဂါး၊ ဂဠုန်တို့သည် အပါယ်လေးဘုံတွင် တိရစ္ဆာန်ဘုံ အဝင်ဖြစ်သည်။ အကုသိုလ်ကံ အကျိုးကြောင့်ပင် ပဋိသန္ဓေနေသည်မှန်၏။ တန်ခိုးကြီး၍ အထွေထွေ ဖန်ဆင်းတတ်သည်ကား ဝိပါကဇိဒ္ဓိတန်ခိုးဖြစ်သည်။ ဗီဇနိယာမ၊ ဥတုနိယာမ၊ ဇာတိနိယာမ သုံးပါးတွင်လည်း နဂါး၊ ဂဠုန်တို့၏ တန်ခိုးသည် ဇာတိနိယာမဖြစ်သည်။အနီ၊ အစိမ်း၊ အညို၊ ဝတ်ပန်း၊ ပွင့်ချပ်နှင့်တကွ ပွင့်သောပန်းကိုလည်း ထိုသစ်ပင်၏ ကံကြောင့် ဖြစ်သည်ဟူ၍ မယူရ၊ တန်ခိုးကြီးသော သူတို့ဖန်ဆင်းလေသည်ဟူ၍ မယူရ၊ လက်တတ်၍ လုပ်ထားလေသည်ဟူ၍လည်း မယူရ၊ ဖြစ်မြဲ ဓမ္မတာ မျိုးစေ့ဖြစ်၍ အကြောင်းညီညွတ်လျောက်ပတ်သော ဥတုကို ရလျှင်ပင် ဖြစ်လေသည်ဟု ယူအပ်သကဲ့သို့၊ ထို့အတူ နဂါး၊ ဂဠုန်တို့သည်လည်း အကုသိုလ်ကံ အကျိုးကြောင့်ကားဖြစ်၏။ ဝိပါက ဇာတိနိယာမအားဖြင့် လျှင် နတ်စည်းစိမ်ကဲ့သို့ ဖန်ဆင်းနိုင်သော တန်ခိုးနှင့်ပြည့်စုံလေသည်ဟု မှတ်တော်မူရမည်။ မျက်လှည့်သည်တို့သည် အစိမ်း၊ အနီ၊ အဝါ၊ သားရဲရုပ်၊ ငှက်ရုပ်၊ နတ်ရုပ် အစရှိသည်ဖြင့် ပြနိုင်သည်ကား ဝိဇ္ဇာမယတန်ခိုးဖြစ်သည်ဟု မှတ်ရမည်။ နဂါး၊ ဂဠုန်၊ ဖုတ်၊ ပြိတ္တာတို့၏ အထွေထွေဖန်ဆင်းနိုင်သည်လည်း ဝိပါကဇိဒ္ဓိ ဇာတိမယတန်ခိုးဖြစ်သည်ဟူ၍ မှတ်ရမည်။
သီရိဓမ္မာသောကမင်းကြီးသည် အလိုမဲ့နေစဉ် ငါသည် အထက်တစ်ယူဇနာ၊ အောက်တစ်ယူဇနာပိုင်၏။ မြေကြီးအထဲ၌ နဂါးပြည်ရှိ၏။ နဂါးပင်ဖြစ်သော်လည်း ငါ့ နိုင်ငံအတွင်းကျလျှင် ငါ့ကို အခွန်မဆက်ဘဲ နေရမည်မဟုတ်ဟု အောက်မေ့၍ အနီးတွင်ရှိသော သံခြေကျဉ်းကို စေလိုက်၏။ ထိုသို့စေလိုက်လျှင် သံခြေချင်းသည် ကာလနဂါးမင်းမှာ စွပ်လျက်ရှိ၏။ နဂါးမင်းသည် သီရိဓမ္မာသောကမင်းသည် ငါ့ကို အခွန်ဆက်သရန် ချချေသည်ဟု နှလုံးသွင်း၍ အခွန်ဆက်ရန်၊ ရွှေ ငွေရတနာများနှင့်လာ၏။ မင်းကြီးက ငါ့ ရွှေ၊ ငွေ ရတနာအခွန်ကို မလိုမရှိ၊ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမဘုရားရှင် လေးဆူတို့ကို နဂါးမင်း မှီလိုက်သည်ဖြစ်သောကြောင့် ဘုရားလေးဆူတို့၏ သဏ္ဍာန်တော်ကို ဖန်ဆင်း၍ ပြပါ။ ထိုသို့ပြလျှင် အခွန်ဖြစ်ပါစေတော့ဟု မင်းကြီးက ဆိုလျှင် နဂါးမင်းက ဘုရားလေးဆူတို့၏ သဏ္ဍာန်တော်ကို ရောင်ခြည်တော် ခြောက်သွယ်နှင့်တကွ ဖန်ဆင်း၍ ပြ၏။
သီရိဓမ္မာသောကမင်းကြီး၏ သံခြေကျဉ်းတမန်ပြု၍စေလျှင် သွားသောတန်ခိုးသည်ကား ရှေးကောင်းမှု၊ ပုညမယအကျိုးဖြစ်သည်ဟု မှတ်ရမည်။ ရသေ့၊ ရဟန်း၊ ဈာန်ရသော အရှင်မြတ်တို့သည် ဈာန်ဝင်စား၍ တော၊ တောင်၊ ချောက်ကမ်း၊ ကုန်း၊ ကျင်း၊ ဆင်၊ မြင်း အစရှိသော သဏ္ဍာန်တို့ပိုပြသော တန်ခိုးသည်ကား ဈာနမယိဒ္ဓိတန်ခိုးဟု မှတ်ရမည်။
(တစ်နည်း) ကုသိုလ်ကံအကျိုးပေး၍ မြတ်သော လူမျိုးတို့၌ ဖြစ်သောသူတို့သည်ကား နဂါး၊ ဂဠုန်တို့ကဲ့သို့ မဖန်ဆင်းနိုင်၊ အကုသိုလ်အကျိုးပေး ပဋိသန္ဓေနေသော နဂါး၊ ဂဠုန်တို့သည် အဘယ့်ကြောင့် ဖန်ဆင်းနိုင်လေသနည်းဟု ဆိုအံ့။ နွားချေး၊ မြေဆွေး၊ မစင်တို့မှကင်းသော သန့်ရှင်းသောမြေ၌ လုပ်ဆောင်သော စပါး၊ ပန်း၊ သစ်ပင်တို့သည်ကား မဖွံ့မသန်၊ စီးပွားမဖြစ်၊ နွားချေး၊ မြေဆွေး၊ စည်ပင်ပြန့်ပွား၍ စီးပွားဖြစ်သကဲ့သို့ ဟူသော လောကူပမာကို ဆောင်တော်မူရမည်ဖြစ်၏။ (ရာဇဂုရုမဟာအတုလဆရာတော်- နန်းစဉ်ပုစ္ဆာအမေးအဖြေကျမ်း)
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

0 comments:
Post a Comment