Monday, August 25, 2014

နေပျော်တဲ့ မြို့ပြများဖြစ်ရေး ဒို့အရေး

အဆိုတော်အေးချမ်းမေက သီချင်းတစ်ပုဒ်ဆိုဖူးတယ်၊ တကယ်တော့ သူက သီချင်းတွေ အများကြီး ဆိုခဲ့တာပါ။ သူ့သီချင်းတစ်ပုဒ်ရဲ့ နာမည်က ပျော်ရွှင်ခြင်းနိုင်ငံတဲ့။ ကျွန်တော်တို့လည်း ပြီးခဲ့တဲ့တစ်ပတ် DVB ဒီဘိတ် (သြဂုတ် ၁၆၊ ၂၀၁၄) မှာ ``နေပျော်စရာ မြို့ပြ`` ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီဘိတ်တစ်ခု ဆွေးနွေး ခဲ့တယ်။ ပညာရှင်တွေ ဦးဆောင် ပါဝင်လို့ ဆွေးနွေးကြတဲ့ပွဲမို့ သိစရာ မှတ်စရာတွေ များခဲ့ပါတယ်။


ဦးဆောင်ပါဝင် ဆွေးနွေးသူတွေကတော့ မြို့ပြစီမံကိန်းပညာရှင်နဲ့ မန္တလေးနည်းပညာတက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာကျော်လတ်၊ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက အိမ်ရာစီမံကိန်းဌာန ဒုတိယ ညွှန်ကြားရေးမှူး (အငြိမ်းစား) စာရေးဆရာ ဆရာ မြင့်မိုရ်ဆွေ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ၀န်ကြီးဌာနရဲ့ တနင်္သာရီတိုင်း တာဝန်ခံ၊ အင်ဂျင်နီယာမှူးကြီး (အငြိမ်းစား) ဦးသက်ထွန်းဝင်းနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မီမီတင်တို့ ဖြစ်ပါတယ်။


ဆွေးနွေးပွဲ မစခင် ဒီဘိတ်

ဒီဘိတ်က စနေမနက်တိုင်း ၁၀ နာရီခွဲဝန်းကျင်မှာ စတင်လိုက်ဖို့ ကျွန်တော်တို့ ကြိုးစားတတ်ပါတယ်။ ဒါပေမဲ့ ဦးဆောင် ဆွေးနွေးသူ တစ်ဦးတစ်ယောက်က အကြောင်းကြောင်းကြောင့် နောက်ကျနေခဲ့ရင် မနက် ၁၁ နာရီလောက်မှ စဖြစ်ပါတယ်။ တစ်ခါတလေလည်း မနက် ၁၁ နာရီကျော်မှ စနိုင်ခဲ့ပါတယ်။ ဦးဆောင်ဆွေးနွေးသူ တစ်ဦဖြစ်တဲ့ ဒေါက်တာကျော်လတ်ကတော့ မနက် ၁၀ နာရီဝန်းကျင်မှာပဲ ဒီဘိတ်ကျင်းပရာ အောခစ်ဟိုတယ် စတူဒီယိုကို ရောက်ရှိနေခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်တို့ နှုတ်ဆက်ကြရင်း စကားပြန်လှန် ပြောဖြစ်ပါတယ်။

ဒေါက်တာကျော်လတ်က နေပျော်စရာ မြို့ပြတွေဖြစ်အောင် ဘယ်လို လုပ်မလဲ ဒီဘိတ်မှာ ရန်ကုန်တစ်မြို့တည်းကိုပဲ ကွက်မပြောဘဲ မြန်မာပြည် တနံတလျားက မြို့တွေအားလုံး ဖွံ့ဖြိုးရေး တစ်စုံလုံးကို ပြောရအောင်လို့ ပြောပါတယ်။ ကောင်းတဲ့အချက်မို့ ပြောကြတာပေါ့လို့ ဒီဘိတ်တင်ဆက်သူဖြစ်တဲ့ ကျွန်တော်က ပြန်ပြောလိုက်ပါတယ်။ ဆရာကြီးက မီဒီယာတွေကိုလည်း သိပ်ကြည်လင်ပုံ မရသလို ကွမ်းစား၊ ဆေးသောက် (ဆေးလိပ်သောက်) သူတွေကိုလည်း ဝေဖန်ပါတယ်။ သတင်းထောက်တစ်ယောက်က ကွမ်းစားထားပြီး သူ့ကို သတင်းအတွက် ကပ်မေးနေတော့ ဖြေပေးပေမယ့် မင်းက ကွမ်းစားတယ်၊ လည်ချောင်းမှာ ကင်ဆာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

DVB ဒီဘိတ်က တင်ဆက်သူမို့ ကျွန်တော့်ကို နော်ဝေကနေ လာသူလို့ ဆရာကြီးက ထင်နေပေမယ့် ကျွန်တော်က မဟုတ်တဲ့ အကြောင်းနဲ့ လန်ဒန်မှာသာ နေခဲ့ဖူးတဲ့အကြောင်း ပြောပြလိုက်တော့ မူလက စကားအပြောအဆို တင်းတင်းရင်းရင်း ရှိရာကနေ စကားပြောလို့ ပိုကောင်းလာပါတယ်။ ဒီတစ်ပတ် ကာတွန်းဆရာက ကာတွန်းကိုဥာဏ်ဖြစ်ပါတယ်။ စကားအပြောနဲ့ ပတ်သက်လို့ ကာတွန်းဆရာကလည်း ပွဲအပြီးမှာ ကျွန်တော့်ကို စောကြောပြန်ပါတယ်။ ခင်ဗျားက စကားကို တမင် မာမာထန်ထန် ပြောရတာလားလို့ သူက မေးလာပါတယ်။ ကျွန်တော်က ဒီကနေ့ ကျွန်တော် ကောင်းကောင်းမွန်မွန် ပြေပြေပြစ်ပြစ် ပြောပါတယ်လို့ ပြန်ပြောပြရပါတယ်။ ဒီဘိတ်မှာ ထိန်းရသူဆိုတော့ ပျော့တော့ မဟုတ်ရဘဲ တင်းတင်းရင်းရင်း ရှိနေဖို့ လိုပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကတော့ ဒီဘိတ်ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ဒီဘိတ်တင်ဆက်သူတွေ အနည်းငယ် ယဉ်ကျေးလာတာကို တွေ့ရတယ်လို့ တစ်ယောက်က ရေးသားထားပါတယ်။

ဒေါက်တာကျော်လတ်နဲ့ စကားပြောလို့ အဆင်ပြေပေမယ့် ဆရာက ပြောဆိုဆွေးနွေးမှု စတင်ဖို့ရာမှာ ဦးဆောင်ဆွေးနွေးသူတွေ ထိုင်ရမယ့်ခုံမှာ ထိုင်စေတဲ့အခါ မကြိုက်ကြောင်း ပြောခဲ့ပြခဲ့ပေမယ့် နောက်လည်း ခုံကိုနည်းနည်း နှိမ့်ထိုင်တာ၊ သူကြိုက်တဲ့နေရာ ထိုင်တာကလွဲလို့ ဒီဘိတ်ကို ပြီးဆုံးအောင် ရိုက်ကူးနိုင်ခဲ့ပါတယ်။ ပြောချင်တာက ဒီဘိတ်မတိုင်ခင်မှာပဲ ဆရာဒေါက်တာ ကျော်လတ်နဲ့က အချေအတင် စကားပြောဆို ဒီဘိတ်ဖြစ်နေခဲ့တာပါ။ ပညာရှင်တချို့ဟာ ဂျစ်တတ်ပါတယ်။ ကျွန်တော်က ပညာရှင်တွေနဲ့ တွေ့ဖူးကြုံဖူးနေတော့ ဒေါက်တာကျော်လတ်နဲ့လည်း အဆင်ပြေခဲ့ပါတယ်။

ရန်ကုန်ဟာ နေပျော်ပါရဲ့လား

လမ်းသွားရင်း ဈေးဝယ်ရင်း ဓာတ်ကြိုးပြတ်ကျလို့ သေတယ်၊ တစ်မြို့တစ်ရွာ ကူးလူးရင်း အဝေးပြေးလမ်းမှာ လမ်းမကောင်းလို့ ကားမှောက်သေတယ်၊ အခွင့်အရေးတွေ ဆုံးရှုံးလို့ ဆန္ဒပြရင်း အဖမ်းအဆီးခံရ၊ နောက်ဆုံးတော့ သေပြန်တယ်။ ဒီလိုတွေ အလွယ် သေနေရတဲ့ ဘ၀တွေကနေ နေပျော်စရာ ဘ၀တွေဖြစ်အောင် မြို့တွေဖြစ်အောင် ဘယ်လို လုပ်ကြမလဲလို့ မေးခွန်းထုတ်ရင်း ဒီဘိတ်ကို ဖွင့်ခဲ့ပါတယ်။ ဒေါက်တာကျော်လတ်က ရန်ကုန်တစ်မြို့တည်းကို ကွက်ပြောတာထက်စာရင် တစ်နိုင်ငံလုံးက မြို့ရွာတွေအားလုံးရဲ့ ဖွံ့ဖြိုးရေးမျိုးကို ပြောတာက ပိုကောင်းတယ်လို့ ထပ်မံဆိုလာတဲ့အခါမှာလည်း ကျွန်တော်တို့ မကန့်ကွက်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့ကို ပထမဆုံး မေးခဲ့တဲ့ မေးခွန်းမှာ ရန်ကုန်ကို ဥပမာထားလို့ မေးခဲ့ပါတယ်။ ရန်ကုန်ဟာ နေပျော်ပါရဲ့လား။

လက်ရှိအတိုင်းမှာတော့ မနေပျော်ဘူး၊ နေပျော်အောင် လုပ်ရမယ်လို့ ဒေါက်တာကျော်လတ်က ပြောပါတယ်။ လျှပ်စစ်မီးရဖို့၊ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းဖို့၊ တယ်လီဖုန်း ဆက်သွယ်ရေးတွေ အဆင်ပြေဖို့၊ ဒီနေ့ခေတ်မှာဆို အင်တာနက်ပါမြန်ဖို့ အများကြီး လုပ်စရာတွေ ရှိပါသေးတယ်။ ဒီဘိတ်မှာပဲ ရန်ကုန်ကနေ ကချင်ပြည်နယ်လိုင်ဇာအထိ မိုင် ၁၀၀၀ လမ်းလျှောက်ခဲ့တဲ့ တစ်ယောက်က ပါဝင်ဆွေးနွေးပါတယ်။ နေပျော်ဆိုတဲ့ နေရာမှာ ရုပ်ပိုင်းဆိုင်ရာ နေပျော်မှုတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကိုလည်း ထည့်တွက်ဖို့ လိုတယ်။ ဒီဘိတ်မှာ ဦးဆောင် ဆွေးနွေးသူတွေ အပါအ၀င် လူတိုင်းရဲ့မျက်နှာတွေဟာ နွမ်းလျနေပါတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

ဒေါက်တာကျော်လတ်ကတော့ မြို့တစ်မြို့ နေပျော်ဖို့ဆိုတာမှာ အဲဒီမြို့ဟာ သွားရေးလာရေး နေရေးထိုင်ရေး အလုပ်အကိုင်နဲ့ ရှာဖွေစားသောက်ရေးမှာ အဆင်ပြေရမယ်။ နောက်တစ်ချက်ကတော့ မြို့သူမြို့သားတွေဟာ ပျော်ရွှင်နေရမယ်လို့ ပြောပါတယ်။ ဒါဆို ကျွန်တော်တို့ ရန်ကုန်သူရန်ကုန်သားတွေ ပျော်နေပါရဲ့လား။ ကျွန်တော်တော့ ပျော်တာပေါ့ဗျာလို့ လုံးလုံးအဖြေ မပေးရဲပါဘူး။

ဆရာမြင့်မိုရ်ဆွေကတော့ လမ်းသွားရင်း ဓာတ်လိုက်သေတယ်၊ မြောင်းပေါက်ထဲ ချော်ကျတယ်၊ ကားတွေက ကျပ်တယ်၊ မိုးရွာတော့ ရေလျှံတယ်၊ တယ်လီဖုန်းက မကောင်းဘူး၊ မျှော်လင့်ချက် မဲ့တယ်၊ အခွင့်အလမ်းတွေ မရှိဘူး ဒီလိုဆိုရင် ဘယ်လိုပျော်မလဲလို့ ရက်ပင် (Rapping) ရွတ်သလို ဆက်တိုက်ကြီး ပြောချလိုက်လို့ ပရိသတ်တွေက သဘောကျပြီး ရယ်ကြပါတယ်။

ရန်ကုန်အပါအ၀င် မြန်မာနိုင်ငံရဲ့ မြို့တွေရဲ့ မြို့ပြစီမံကိန်းတွေကို ပြန်လည်ကောင်းမွန်အောင်လုပ်ဖို့က နောက်ကျနေပြီဖြစ်တယ်လို့ ဦးသက်ထွန်းဝင်းက ပြောပါတယ်။ ဒါပေမဲ့ လူထုရဲ့ပါဝင်မှုကလည်း အရေးကြီးတယ်လို့ သူက ထောက်ပြပါတယ်။ ကိုယ့်အိမ်ရှေ့အထိ လမ်းတွေခင်းထားမယ်ဆိုရင် အိမ်ဈေးတွေလည်း တက်လာမှာပဲလို့ ပြောပါတယ်။ မြို့ပြတွေ နေပျော်ဖို့အတွက် မြို့ပြစီမံကိန်းတွေဟာ အရေးကြီးတယ်၊ ဒီလိုပဲ အာဏာပိုင်တွေ အပါအ၀င် သက်ဆိုင်သူတွေရဲ့ ပါဝင် ဆောင်ရွက်မှုဟာ အရေးကြီးသလို ပြည်သူတွေ၊ မီဒီယာတွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း လိုအပ်တယ်လို့ ဦးသက်ထွန်းဝင်းက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ လူဦးရေ ၂၆ သန်း ရှိတာမှာ မြို့ပြစီမံကိန်းပညာရှင် ၂၅၀၀ ရှိပြီး၊ မြန်မာနိုင်ငံမှာ လူ သန်း ၆၀ ရှိတာမှာ ပညာရှင်က ၂၀ ကျော်လောက်ပဲ ရှိတယ်လို့ ဒေါ်မီမီတင်က ပြောပါတယ်။ သူတို့ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနကတော့ မြန်မာနိုင်ငံက မြို့ ၈၁ မြို့မှာ မြို့ပြစီမံကိန်းတွေကို ဒေသခံပြည်သူတွေနဲ့အတူ ဆောင်ရွက်ပေးခဲ့ပေမယ့် အဲဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့က ဆင်းရဲတဲ့ တိုင်းပြည်ဖြစ်တဲ့ မြန်မာနိုင်ငံအတွက်တော့ ငွေကြေး (ဘတ်ဂျက်) က အရေးကြီးတယ်လို့ ထောက်ပြပါတယ်။ ဒေါ်မီမီတင်ဟာ သူ့လုပ်ငန်းမှာ ကျွမ်းကျင်ပုံ ပေါ်လွင်နေပါတယ်။ ကိန်းဂဏန်းတွေနဲ့အတူ တိတိကျကျ ရှင်းလင်းပြောဆိုပါတယ်။

လူနဲ့ မြေအချိုး တွက်ကြည့်ရမယ်

အစိုးရအဆက်ဆက် ခေတ်အဆက်ဆက်မှာ အခုအစိုးရသစ်လက်ထက်မှာ ရန်ကုန်ဟာ လူအတိုးဆုံး ဖြစ်နေတယ်လို့ ဆရာမြင့်မိုရ်ဆွေက ပြောပါတယ်။ စစ်ပြီးစမှာလည်း ရန်ကုန်မှာ လူအတိုးဆုံးကာလ ဖြစ်ခဲ့ပါတယ်လို့ ဒေါက်တာကျော်လတ်က ၀င်ပြောပါတယ်။ ဒေါက်တာကျော်လတ်က ကျေးလက်မှာ လူဦးရေ တိုးသလောက်ကို မြေက ချဲ့လို့ မရတော့ဘူး။ ကျောင်းကောင်း၊ ဆေးခန်းနဲ့ ပျော်စရာတွေ ရှိနေလို့ ရန်ကုန်ကို တက်လာတာ မဟုတ်ဘူး။ လူဦးရေက တိုးပြီး လုပ်စားစရာက မြေမရှိလို့ မြို့တွေကို တက်လာကြတာလို့ ဒေါက်တာကျော်လတ်က ပြောပါတယ်။

ရန်ကုန်မှာတိုးလာတဲ့ လူတွေအတွက် အိမ်တွေတိုးဆောက်ရုံ၊ မြို့ကွက်တွေ ချဲ့ထွင်ရုံနဲ့ မပြေလည်နိုင်ပါဘူး။ လူနဲ့မြေအချိုး ဖြန့်ဝေမှုကို စီးပွားရေးတက္ကသိုလ်က ဆရာကြီး ဒေါက်တာလှမြင့်တို့လည်း ပြောခဲ့ဖူးတယ်။ အဲဒါက အရေးကြီးတယ်လို့ ဒေါက်တာကျော်လတ်က ပြောပြပါတယ်။ ရန်ကုန်အပြင် မော်လမြိုင်၊ မုံရွာ၊ မြစ်ကြီးနား၊ လားရှိုးလို မြို့တွေက လူတွေကို တိုးလက်ခံဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးဖို့ ဆောင်ရွက် ရမယ်လို့ ပြောပါတယ်။

မြို့ပြစီမံကိန်းတွေကို စဉ်းစားတဲ့နေရာမှာ ငြိမ်းချမ်းရေးကလည်း အရေးကြီးတယ်လို့ ဒေါက်တာကျော်လတ်က ပြောပါတယ်။ တောရွာတွေမှာ မငြိမ်းချမ်းလို့ လူတွေက မြို့ကို တက်လာကြတယ်လို့ ဒေါ်မီမီတင်ကလည်း ၀င်ထောက်ခံပါတယ်။ ဆရာမြင့်မိုရ်ဆွေကတော့ ရန်ကုန်ဟာ ရောဂါရနေသလို ကျန်တဲ့မြို့တွေကလည်း ရောဂါမကင်းကြပါဘူးလို့ ထောက်ပြပါတယ်။ ပရိသတ်ထဲက ဦးမြင့်သန်းကတော့ တောထဲမှာ သေနတ်အန္တရာယ် ရှိသလို မြို့ပြမှာလည်း နေအိမ်အဆောက်အအုံတွေ မခိုင်ခံ့တာ အပါအ၀င် အန္တရာယ်တွေ ရှိနေပါတယ်လို့ ၀င်ရောက်ဆွေးနွေးပါတယ်။

ဦးသက်ထွန်းဝင်းကတော့ မြို့ပြစီမံကိန်းတွေကို စဉ်းစားရာမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနဟာ အလွန် အရေးကြီးတယ်၊ အဲဒီကရတဲ့ အချက်အလက်တွေကို အခြေခံပြီး နောင် နှစ် ၃၀ အထိ အရှည်တွေးပြီး စီမံကိန်းကို ဆောင်ရွက်ရမယ်လို့ ထောက်ပြပါတယ်။ အကျဉ်းထောင်တွေထားဖို့နဲ့ ရဲစခန်းတွေ ချဲ့ဖို့အပါအ၀င် ကျောင်း၊ ဈေး၊ ဆေးရုံ၊ ပန်းခြံစသဖြင့် သေချာ ပြင်ဆင် ဆောင်ရွက်ဖို့ လိုတဲ့အကြောင်း ပြောပြပါတယ်။

တန်ဖိုးနည်း အိမ်ရာတွေ ဖော်ဆောင်ဖို့...

 ဒေါ်မီမီတင်ကတော့ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ဘဏ်ထောင်ထားတာအပြင် တန်ဖိုးနည်းအိမ်ရာတွေကို ရွှေလင်ပန်းမှာ စပြီး အကောင်အထည်ဖော်နေတယ်လို့ ပြောပါတယ်။ ဒေါက်တာ ကျော်လတ်ကတော့ မြန်မာနိုင်ငံမှာ အိမ်ထောင်စုတစ်စုမှာ ကျပ်သုံးသိန်းကနေ ၁၅ သိန်းကြား ၀င်ငွေရှိတာက တိုင်းပြည်လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းဝန်းကျင် ရှိတာမို့ သူတို့တတွေ ကိုယ်ပိုင်အိမ်ခန်းတွေ ရလာအောင် ဘဏ်ချေးငွေ အကူအညီနဲ့ ဆောင်ရွက်နိုင်တယ်လို့ ပြောပါတယ်။ ရန်ကုန်ကို အတင်းတိုးဝင်လာတဲ့ သူတွေနဲ့ ကျူးကျော်တွေ၊ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေ အတွက်တော့ ဘဏ်ချေးငွေနဲ့ အိမ်ခန်းတွေ ၀ယ်ဖို့က အဆင်မပြေနိုင်ဘူးလို့ ပြောပါတယ်။

ဘဏ်ချေးငွေစနစ်နဲ့ အိမ်ခန်းဝယ်ဖို့ ဆိုတာမှာ လက်ရှိစနစ်ဖြစ်တဲ့ ကျပ်သိန်း ၂၀၀ ရှိမှ သိန်း ၂၀၀ တန်ဖိုးရှိတဲ့ အခန်းကို ၀ယ်နိုင်တာမျိုး မဟုတ်ဘဲ ပထမဆုံးချငွေ သိန်း ၅၀၊ ၆၀ နဲ့ အိမ်ခန်းကို ရယူပြီး လစဉ် အနည်းငယ်သောငွေကြေးကို ပုံမှန် ပေးသွင်းရုံနဲ့ နှစ်ပေါင်း ၂၀၊ ၃၀ ကြာတဲ့အခါ လုံးဝပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဘဏ်အနေနဲ့လည်း လုံးဝဆုံးရှုံးစရာ မရှိဘဲ ဘဏ်ချေးငွေစနစ်နဲ့ အိမ်ခန်းဝယ်ယူထားသူက ဆက်လက် မပေးတော့ဘူးဆိုရင် ဘဏ်က အိမ်ခန်းကို သိမ်းယူရုံပဲ ရှိပါတယ်။ လစဉ်ငွေကြေး နည်းနည်းသာ ပေးရတာကြောင့် ဘဏ်တွေအနေနဲ့ ဆုံးရှုံးမှုကလည်း မရှိသလောက် နည်းပါးတယ်လို့ ဒေါက်တာကျော်လတ်က ပြောပါတယ်။ လူတွေ အိမ်ခန်းတွေ ပိုင်ဆိုင်ဖို့ ဘဏ်စနစ်နဲ့ ဆောင်ရွက်ပေးခြင်း လုပ်ငန်းစဉ်ဟာ မြို့ပြစီမံကိန်းတွေအတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တာမို့ ကြိုးပမ်း ကြံဆောင်သင့်တယ်လို့ သူက ပြောခဲ့ပါတယ်။

ဒေါ်မီမီတင်ကတော့ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနအနေနဲ့ ဆေးရုံ၊ ကျောင်း၊ အားကစားကွင်း၊ ပန်းခြံတွေ ပါဝင်တဲ့ ကျန်းမာပျော်ရွှင်တဲ့ လူမှုဝန်းကျင် တည်ဆောက်နိုင်ဖို့ကို ကြိုးပမ်း ဆောင်ရွက်နေတယ်။ အန္တရာယ်ကင်းပြီး လုံခြုံတဲ့ အိမ်ရာ အဆောက်အုံတွေ တည်ဆောက်ဖို့ မြန်မာနိုင်ငံ အဆောက်အအုံ တည်ဆောက်မှုဆိုင်ရာ စံချိန်စံညွှန်းတွေကို ပြဋ္ဌာန်းပြီးဖြစ်တယ်၊ မဖြစ်မနေ လိုက်နာကြအောင် တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ဖို့နဲ့ ပြည်သူတွေအပါအ၀င် ဆိုင်သူအားလုံးက လိုက်နာကြဖို့ကသာ အရေးကြီးတယ်လို့ ပြောဆိုပါတယ်။ ဦးသက်ထွန်းဝင်းလည်း ပြည်သူတွေအပါအ၀င် ဆိုင်သူအားလုံးကသာ ကိုယ့်မြို့ ကိုယ့်ရွာ ဖွံ့ဖြိုးရေးအတွက် ဘက်ညီညီနဲ့ ဆောင်ရွက်ကြမယ်ဆိုရင် နေပျော်ရုံတင်မဟုတ်ဘူး၊ သေပျော်တဲ့အထိ ဖြစ်သွားမယ်လို့
 ပြောဆိုခဲ့ပါတယ်။


သြဂုတ် ၁၉၊ ၂၀၁၄။
ရန်ကုန်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...