အနုပညာရှင်သန်ခြင်း
မြန်မာပြည်မှာ
ကိုငှက်သေတယ်၊ ကိုသားကြီးသေတယ်
ရွှေဘုန်းလူသေတယ်၊ အယ်ဖြူသေတယ်
ဒိုးလုံးသေတယ်၊ စိုးလွင်လွင်သေတယ်
လွှမ်းမိုးသေတယ်၊ စိုင်းထီးစိုင်သေတယ်
ကိုငှက်သေတယ်၊ ကိုသားကြီးသေတယ်
ရွှေဘုန်းလူသေတယ်၊ အယ်ဖြူသေတယ်
ဒိုးလုံးသေတယ်၊ စိုးလွင်လွင်သေတယ်
လွှမ်းမိုးသေတယ်၊ စိုင်းထီးစိုင်သေတယ်
ခင်မောင်တိုးသေတယ်၊ ပေါ်ဦးသက်သေတယ်
ခင်ဝမ်းသေတယ်၊ မောင်ချောနွယ်သေတယ်
သူတို့ အနုပညာတွေ ကောင်းကင်ပေါ် ပျံဝဲ
ဆွတ်ပျံ့ဖွယ် အတွေးတွေနဲ့ လွမ်းမောတသ
အိပ်မရတဲ့ ညတွေဆို သူတို့တွေ အသက်ရှင်လာကြ
ကောင်းကင်က ကြယ်တွေလေ…
အဲဒီ့အခါ တ၀ုန်းဝုန်းရုန်းထလို့ပါပဲ။
ထားပါတော့
ဘယ်သူမဆို
ကိုယ့်အတ္တနဲ့ ကိုယ်တော့ လင်းနေကြတာပဲ
အမှောင်ဟာ သန်းခေါင်ထက် ညဉ့်မနက်တော့ကြောင်း သံချောင်းခေါက်
မီးခလုတ်တွေဟာ ဂျောက်ခနဲ ပိန်းပိန်းပိတ်အောင် မှောင်ခဲ့ပြီလေ။
မြန်မာပြည်မှာ
ငါတို့ အနုပညာသမားတွေ
ငါတို့ အနုပညာသမားတွေ … ထုဆစ် ထွင်းထုလို့ နေကြတဲ့
ကောက်ကြောင်းတွေ … လက်ရာတွေ …
အရည်အသွေးနှိမ့် ပစ္စည်းတွေ သုံးရတာ ခေါင်းအရမ်းကိုက်တာပဲတဲ့။
ကြော်ငြာတစ်ခု
ဘယ်သူ့ကို ပြောနေတာလဲ။
ဘယ်သူ့ကို ပြောနေတယ်လို့ ထင်လဲ ကိုငှက်။
ထလော့ ကိုငှက်
ငှက်
ငှက်ဟာ အတောင်ပံတွေနဲ့ ပျံသန်းခဲ့ပါဦး
ကောင်းကင်တစ်နေရာမှာလား
ထလော့ အယ်ဖြူ
ရော့ခ်သီချင်းတစ်ပုဒ်နဲ့
ခေတ်ကြီးကို ခပ်ကြမ်းကြမ်း ထ၍ ဆဲဆိုပါဦး
ခင်ဗျားဟာ လူကြိုက်နည်းတဲ့ကောင်ပါ မောင်ချောနွယ်
ဟောဒီမှာ လူကြိုက်များတဲ့ အနုပညာမှာ
အပေါ်ယံ သကာတွေနဲ့ အဆိပ်တွေ .. အဆိပ်တွေ
သူတို့ထဲက တစ်ချို့က စက်ရုပ်
သူတို့ထဲ့ တစ်ချို့က Sex ရုပ်
ထလော့ .. ထလော့
ကျောင်းတက်ခေါင်းလောင်းတွေ ထ၍ ထိုးပါဦးတော့ ကိုရွှေဘုန်းလူ
ဟောဒီမှာ .. အနုပညာခုတုံးလှုပ် .. ရေလွှာလျှောစီး လူတန်းစားတွေ
ဗောလောကြီး .. ရေပေါ်မှာ ပေါလောကြီး။
မြန်မာပြည်မှာ
ဟိုမရောက်ဒီမရောက် အနုပညာတွေ ရှိတယ်
ဘာအစ်ဇင် ညာအစ်ဇင်တွေနဲ့ တစ်ဖက်ကမ်းခပ် ဘူးခံငြင်းသူတွေ ပေါတယ်
မြန်မာပြည်မှာ
ကလိထိုးရယ်ခိုင်းကြတဲ့ ဟာသကားတွေ ရုံတင်ပြသတယ်
ပြီးတော့ ငါတို့ ကလိထိုးအနုပညာကို ဟားလုံးထုတ်ရယ်မောတယ်
မြန်မာပြည်မှာ
အရှေ့မြို့ရိုးက မိုးရေစက်တွေ မိုးခေါင်ခဲ့ပြီလား
မြန်မာပြည်မှာ
ခေါင်းလောင်းလေးတွေ မမြည်နိုင်တော့ဘူးလား
မြန်မာပြည်မှာ
ဆယ်လမွန်ငါးတို့ မပြန်လာကြတော့ဘူးလား
မြန်မာပြည်မှာ
ဟင်္သာတို့ရဲ့ နန်းတော်ရှေ့မှာ တံခါးမှူး မရှိတော့ဘူးလား။
မြန်မာပြည်မှာ…
ကိုငှက်မသေဘူး၊ ကိုသားကြီး မသေဘူး
ရွှေဘုန်းလူမသေဘူး၊ အယ်ဖြူမသေဘူး
ဒိုးလုံးမသေဘူး၊ စိုးလွင်လွင် မသေဘူး
လွှမ်းမိုးမသေဘူး၊ စိုင်းထီးစိုင်မသေဘူး
ခင်မောင်တိုးမသေဘူး၊ ပေါ်ဦးသက်မသေဘူး
ခင်ဝမ်းမသေဘူး၊ မောင်ချောနွယ်မသေဘူး။
ငါတို့အားလုံးသာ သေနေကြတာ
မြန်မာပြည်မှာ။
========= ရင်နင့်အောင် ==============

0 comments:
Post a Comment